အနက်ရောင် မြူခိုးများသည် ပယ်လာစီ၏ မှော်စွမ်းအားများဖြင့် စုစည်းထားခြင်း ဖြစ်ရာ ယခုအခါ မိစ္ဆာသန့်စင်အိုး၏ အကုန်အစင် စုပ်ယူခြင်းကို ခံလိုက်ရသဖြင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး မှော်စွမ်းအားများ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးသွားခဲ့လေပြီ။
ထိုအခါမှသာ ယဲ့ပုဖန်၏ လက်ထဲရှိ မိစ္ဆာသန့်စင်အိုးမှာ အလွန်အမင်း အစွမ်းထက်သော မှော်ဝင်ပစ္စည်း တစ်ခု ဖြစ်ကြောင်း သူမ သဘောပေါက်သွားတော့သည်။ သူမက "ကောင်လေး... မင်းလက်ထဲက အဲဒီအရာက ဘာကြီးလဲ..." ဟု အော်ဟစ် မေးလိုက်၏။
ယဲ့ပုဖန်က မိစ္ဆာသန့်စင်အိုးကို သိမ်းဆည်းလိုက်ရင်း "ဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ..." ဟု ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။
မိစ္ဆာသန့်စင်အိုးမှာ နတ်ဘုရားလက်နက်တစ်ခုပမာ ထူးခြားလှပြီး ဤကဲ့သို့သော မိစ္ဆာစုန်းမများကို နှိမ်နင်းရန် အကောင်းဆုံးပင် ဖြစ်ပေသည်။
ပယ်လာစီမှာ ဒေါသချောင်းချောင်း ထွက်နေသော်လည်း သူမ အစွမ်းထက်ဆုံး အချိန်မှာပင် တစ်ဖက်လူကို ဘာမှမတတ်နိုင်ခဲ့ရာ ယခုကဲ့သို့ မှော်စွမ်းအားများ ဆုံးရှုံးသွားချိန်တွင်မူ ပို၍ပင် ဘာမှမတတ်နိုင်တော့ချေ။
သူမက ခေါင်းလှည့်ကြည့်ကာ ဘေးရှိ ဆွဲဆောင်မှုရှိသော စုန်းမကြီးကို လှမ်းပြောလိုက်သည်။ "ခရစ္စတီးနား... ငါတို့နှစ်ယောက်လုံး ပိုက်ဆံယူထားကြတာနော်... ငါတစ်ယောက်တည်း အလုပ် လုပ်နေတာကို မင်းက ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား..."
ထိုအခါ ခရစ္စတီးနားက သာယာနာပျော်ဖွယ်ကောင်းသော ရယ်မောသံလေးဖြင့် "စိတ်မပူပါနဲ့ ပယ်လာစီ... အခု ငါ လှုပ်ရှားတော့မှာပါ..." ဟု ဆိုလေသည်။
စကားဆုံးသည်နှင့် သူမ၏ လက်ထဲတွင် အနက်ရောင် အရိုးဓားမြှောင်တစ်ချောင်း လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး ရွှပ်ခနဲ မြည်သံနှင့်အတူ ပယ်လာစီ၏ နောက်ကုတ်ဆီသို့ ထိုးစိုက်ချလိုက်တော့သည်။
"အား..."
ပယ်လာစီမှာ ယဲ့ပုဖန်ကိုသာ ဒေါသတကြီး စိုက်ကြည့်နေခဲ့ခြင်းဖြစ်ရာ သူမ၏ အဖော်က ယခုလို နောက်ကျောမှနေ၍ ဓားနှင့်ထိုးလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ပေ။
သို့သော် သူမမှာ ခုခံနိုင်စွမ်း လုံးဝ မရှိတော့ချေ။ အနက်ရောင် ဝတ်ရုံကြီးကို ခြုံထားသော သူမ၏ ခန္ဓာကိုယ်မှာ အနက်ရောင် ဓားမြှောင်၏ စုပ်ယူခြင်းကို ခံလိုက်ရသကဲ့သို့ တဖြည်းဖြည်း ကျုံ့ဝင်သွားပြီးနောက် နောက်ဆုံးတွင် အနက်ရောင် ဝတ်ရုံကြီးတစ်ခုသာ ကြမ်းပြင်ပေါ်တွင် ကျန်ရစ်တော့လေသည်။
အားလုံးမှာ ဆွံ့အမှင်တက်သွားကြတော့၏။
ဘာတွေ ဖြစ်ကုန်တာလဲ... ဘာလို့ အနောက်တိုင်း စုန်းမနှစ်ယောက်က အချင်းချင်း ပြန်သတ်နေကြတာလဲ...။
ထိုစဉ် ဆွဲဆောင်မှုရှိသော ခရစ္စတီးနားက အနက်ရောင် ဓားမြှောင်ကို သိမ်းဆည်းလိုက်ပြီး ယဲ့ပုဖန်ထံသို့ ယဉ်ကျေးသိမ်မွေ့စွာ လျှောက်လှမ်းလာခဲ့သည်။
"နည်းပြချုပ်... သတိထား..."
စီတုတျန့်မော့က ယဲ့ပုဖန်၏ ဘေးတွင် ကပ်ရပ်လိုက်သည်။ ဤစုန်းမကြီး ဘာလုပ်မည်ကို သူမ မသိသဖြင့် ဓားကို ဆွဲထုတ်ကာ အသင့်အနေအထားဖြင့် စိုးရိမ်တကြီး စောင့်ကြည့်နေ၏။
သို့သော် သူမ လုံးဝ မထင်မှတ်ထားသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာတော့သည်။ ဆွဲဆောင်မှု ရှိသော စုန်းမကြီးမှာ ယဲ့ပုဖန်၏ ရှေ့တွင် ရိုသေစွာ ဦးညွှတ်လိုက်ပြီး "ခရစ္စတီးနားက သခင်ကြီးကို ဂါရဝပြုပါတယ်..." ဟု ဆိုလိုက်လေသည်။
မှန်ပေသည်။ သူမမှာ ဇူးမားမျိုးနွယ်စု၏ မဟာစုန်းမကြီး တဖြစ်လဲ စုန်းမဘုရင်မ ခရစ္စတီးနားပင် ဖြစ်လေသည်။
အကယ်၍ ကာလို့စ်တစ်ယောက် သူ ပိုက်ဆံအမြောက်အမြားပေးပြီး ငှားရမ်းထားသော မဟာစုန်းမကြီးမှာ ယဲ့ပုဖန်၏ အစေခံ ဖြစ်နေမှန်း သိသွားလျှင် အိမ်သာထဲမှာ ထိုင်ငိုနေလောက်ပေပြီ။
ရောက်ရှိနေသူ အားလုံးလည်း အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။ ဤမျှ စွမ်းအားကြီးလှသော မဟာစုန်းမကြီးမှာ နည်းပြချုပ်၏ အစေခံ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
ဘာတွေ ဖြစ်နေတာလဲ...။
နည်းပြချုပ်ကတော့ တကယ်ကို ကောင်းကင်ကို အာခံနိုင်တဲ့သူပဲ...။
ပထမဦးဆုံး အစွမ်းထက်လှတဲ့ ယဲ့ထျန်းကို အစေခံအဖြစ် ပိုင်ဆိုင်ထားပြီး အခုလည်း ဆွဲဆောင်မှုရှိတဲ့ ခရစ္စတီးနားကိုပါ ပိုင်ဆိုင်ထားပြန်ပြီ...။ သူ့မှာ အစွမ်းထက်တဲ့ အစေခံတွေ ဘယ်လောက်တောင် ရှိနေဦးမှာလဲ...။
ယဲ့ပုဖန်က "မင်း အခု ထွက်သွားတော့... တခြားလူတွေ သိသွားရင် မင်းအတွက် ဒုက္ခများလိမ့်မယ်..." ဟု ဆိုလိုက်သည်။
ခရစ္စတီးနားက ရိုသေစွာဖြင့် "စိတ်မပူပါနဲ့ သခင်ကြီး... အနီးအနားက ကင်မရာတွေကို ကျွန်မ ဖျက်ဆီးပစ်လိုက်ပါပြီ... ပြီးတော့ အဲဒီလူတွေ သိသွားရင်တောင် ကျွန်မကို ဘာမှ မလုပ်ရဲပါဘူး... ဘာပဲဖြစ်ဖြစ် ဒါက အာဖရိက တိုက်ကြီးလေ... အမေရိကန် မဟုတ်ဘူး..." ဟု ပြန်ဖြေလေသည်။
ယဲ့ပုဖန် ခေါင်းညိတ်လိုက်၏။ ခရစ္စတီးနားမှာ ဇူးမားမျိုးနွယ်စု၏ မဟာစုန်းမကြီး ဖြစ်ရာ အမေရိကန် အနေဖြင့် စစ်တပ်အင်အား အလုံးအရင်းနှင့် လာမတိုက်ခိုက်သရွေ့ သူမကို ဘာမှလုပ်ရဲမည် မဟုတ်ပေ။ ထို့အပြင် သူမ၏ စုန်းမဘုရင်မအဆင့် စွမ်းအားနှင့်ဆိုလျှင် သူမကို လွယ်လွယ်နှင့် ရန်စရဲမည် မဟုတ်ချေ။
ခရစ္စတီးနားက "သခင်ကြီး... ကျွန်မကို ခိုင်းစရာ တခြားအလုပ် ရှိသေးရင် မိန့်ကြားပါဦး..." ဟု ထပ်မံ မေးမြန်းသည်။
ယဲ့ပုဖန်က လက်ကာပြလိုက်ပြီး "မလိုတော့ဘူး... မင်း ပြန်လို့ ရပြီ... ငါတို့လည်း တရုတ်ပြည်ကို ချက်ချင်း ပြန်ရမှာမို့လို့..." ဟု ဆိုလိုက်ရာ ခရစ္စတီးနားသည် အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ညအမှောင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
ခရစ္စတီးနား ထွက်သွားပြီးနောက် လိုင်ဖော်ကျွင်းက လက်မထောင်ပြလိုက်ပြီး "နည်းပြချုပ်... ခင်ဗျားမှာ ဒီလောက်တောင် အစွမ်းထက်တဲ့ အစေခံ ရှိနေတာပဲ... ကျုပ် လိုင်အိုကြီးတော့ တကယ်ကို လေးစားသွားပြီဗျာ..." ဟု ချီးကျူးလိုက်သည်။
ယဲ့ပုဖန်က "စကားများမနေနဲ့... မြန်မြန် သွားကြမယ်... ရှေ့မှာ ပြဿနာကြီးတွေ ရှိနေဦးမယ် ထင်တယ်..." ဟု သတိပေးလိုက်ပြီး ယွင်ချန်ရွှယ်ကို ဆွဲကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။
ယနေ့ဖြစ်ရပ်များမှာ ဤမျှနှင့် ရိုးရိုးရှင်းရှင်း ပြီးဆုံးသွားမည် မဟုတ်ကြောင်းနှင့် ကာလို့စ်တွင် အခြားသော အကွက်များ ရှိနေဦးမည် ဖြစ်ကြောင်း သူ အစဉ်အမြဲ ခံစားနေရသည်။
ဇိမ်ခံစံအိမ်အတွင်းရှိ ကာလို့စ်မှာမူ နံရံပေါ်မှ မျက်နှာပြင်ကြီးကို စိုက်ကြည့်နေ၏။ ကင်မရာအချို့မှာ ပျက်စီးသွားပြီ ဖြစ်သဖြင့် ဘာမှ မမြင်ရတော့ချေ။
"တောက်... အဲဒီ တရုတ်ကောင်လေး ငါ့မျက်စိရှေ့မှာတင် သေသွားတာကို ကိုယ်တိုင် မမြင်လိုက်ရတာ တကယ်ကို နှမြောစရာပဲ..."
ထိုစဉ် အခြားသော မျက်နှာပြင်တစ်ခုပေါ်၌ ပုံရိပ်အချို့ ပေါ်လာပြန်သည်။ ၎င်းမှာ ယဲ့ပုဖန်နှင့် အဖွဲ့သားများပင် ဖြစ်သည်။
"ခွေးမသားတွေ... အခုထိ မသေကြသေးဘူးလား... အဲဒီ အသုံးမကျတဲ့ စုန်းမနှစ်ယောက် ဘာတွေ လုပ်နေကြတာလဲ..."
ကာလို့စ်က ဒေါသတကြီး ဆဲရေးလိုက်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ "ဒါပေမဲ့လည်း မင်းတို့ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရုံနဲ့ ဘာမှ မထူးပါဘူး... ဒါတွေက အမြည်းတွေပဲ ရှိသေးတာ... တကယ့် ဟင်းလျာကြီးက ရှေ့မှာ စောင့်နေတာကွ..."
ယဲ့ပုဖန် ရှေ့သို့ လျှောက်လှမ်းရင်း စိတ်ဝိညာဉ်အာရုံကို အသုံးပြုကာ မိစ္ဆာသန့်စင်အိုးထဲသို့ စစ်ဆေးကြည့်လိုက်ရာ အနက်ရောင် ဆေးလုံးလေး သုံးလုံး ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ မိစ္ဆာမြူခိုး တစ္ဆေနယ်မြေ၊ ကြောင်နက်ကြီး၏ အနှစ်သာရနှင့် ပယ်လာစီ၏ မှော်စွမ်းအားများမှ ရရှိလာသော ဆေးလုံးများ ဖြစ်သည်။
ဒါတွေက အသုံးဝင်မလား ကြည့်ကြတာပေါ့... ဟု တွေးကာ ယဲ့ထျန်း၏ ပါးစပ်ထဲသို့ ထိုဆေးလုံးများကို တိုက်ကျွေးလိုက်လေသည်။
သိုလှောင်လက်စွပ်ထဲတွင် အသက်ရှိသတ္တဝါများကို ထည့်၍ မရသော်လည်း ယဲ့ထျန်းမှာ အလောင်းရုပ်သေး တစ်ကောင် ဖြစ်သဖြင့် အဆင်ပြေပြီး သိုလှောင်လက်စွပ် အတွင်းမှာပင် ဆေးလုံးများ၏ အစွမ်းဖြင့် အဆင့်တက်ခြင်းကို စတင်လိုက်သည်။
ဆေးလုံး သုံးလုံးကို စားသုံးပြီးနောက် ယဲ့ထျန်း၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြောင်းလဲလာပြီး ငွေရောင် အလင်းတန်းများ ပိုမို တောက်ပလာကာ နောက်ဆုံးတွင်တော့ အဆင့်နှစ် ငွေအလောင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့လေ၏။ တစ်နည်းဆိုရသော် သူ၏ စွမ်းအားမှာ မြေကမ္ဘာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းပင်။
ယဲ့ထျန်း၏ တိုးတက်မှုကို ခံစားမိလိုက်သောအခါ ယဲ့ပုဖန်၏ ရင်ထဲတွင် ဝမ်းသာပီတိ ဖြစ်သွားရသည်။ သို့သော် ထိုစဉ်မှာပင် ကြီးမားလှသော အန္တရာယ် အငွေ့အသက် တစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြန်သည်။
ရှေ့ရှိ တောင်ကုန်းငယ်လေးပေါ်တွင် ပုံရိပ်တစ်ခု မတ်တပ်ရပ်နေသည်ကို သူ မြင်လိုက်ရ၏။
ထိုသူမှာ ဂျပန်နိုင်ငံမှ ဝတ်ရုံဖြူ သိုင်းသမား ဝတ်စုံကို ဝတ်ဆင်ထားပြီး ညအမှောင်ထဲတွင် အလွန်ပင် ထင်ရှားနေသည်။ သူက သစ်သားဖိနပ်ကို စီးထားပြီး ခါးတွင်လည်း ဂျပန်ဓားရှည် တစ်ချောင်းကို ချိတ်ဆွဲထားသည်။
ယဲ့ပုဖန်ကို အံ့ဩသွားစေသည်မှာ ဂျပန်ဓားသမား၏ ကျင့်ကြံမှုမှာ မြေကမ္ဘာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အာကာသအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည့် အခြေအနေ ဖြစ်နေခြင်းပင်။
ဂျပန်ဓားသမားထံမှ ထွက်ပေါ်လာသော ဖိအားမှာ အလွန် ပြင်းထန်လွန်းလှသဖြင့် ယခုမှ အဆင့် တက်ထားသော ယဲ့ထျန်းကို ထုတ်သုံးလျှင်တောင် အနိုင်ရရန် မသေချာပေ။ မြေကမ္ဘာ အစောပိုင်း အဆင့်သာရှိသော သူဆိုလျှင်တော့ ဆိုဖွယ်ရာ မရှိတော့ချေ။
ကြည့်ရသည်မှာ ကာလို့စ်သည် ဤတစ်ကြိမ်တွင် အသေအချာ ပြင်ဆင်ထားပြီး ဤကဲ့သို့သော ထိပ်သီး သိုင်းပညာရှင်ကြီးကိုပါ ဖိတ်ခေါ်ထားခဲ့ခြင်း ဖြစ်ပေသည်။
ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် ယဲ့ပုဖန်၏ ဦးနှောက်မှာ အလျှင်အမြန် အလုပ်လုပ်လိုက်ပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ သူသည် မြန်နှုန်းမြင့် အင်းစာရွက် နှစ်ခုကို ထုတ်ယူကာ သူ၏ ခြေထောက်နှစ်ဖက်တွင် ကပ်လိုက်ပြီးနောက် ဘေးရှိ ယွင်ချန်ရွှယ်ကို ဆွဲယူကာ ကျောပိုးလိုက်လေသည်။ ထို့နောက် နဂါးနတ်ဘုရား ကောင်းကင်နင်းခြေလှမ်းကို အစွမ်းကုန် ထုတ်သုံးကာ အလင်းတန်းတစ်ခု အလား ညာဘက်သို့ လျှပ်တစ်ပြက် ထွက်ပြေးသွားတော့သည်။
အားလုံးမှာ မှင်တက်သွားကြတော့၏။
ဘာလို့ နည်းပြချုပ်က ရုတ်တရက်ကြီး ထွက်ပြေးသွားရတာလဲ... ပြီးတော့ ဓားစာခံ ယွင်ချန်ရွှယ်ကိုပါ ခေါ်သွားသေးတယ်... ဘာတွေ ဖြစ်ကုန်တာလဲ...
"တရုတ်ကောင်... ပြေးဖို့ဆိုတာ အဲဒီလောက် မလွယ်ပါဘူးကွ..."
တောင်ကုန်းပေါ်မှ ဂျပန်သိုင်းသမားက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး အဖြူရောင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ယဲ့ပုဖန် ပြေးသွားသော ဘက်သို့ ထပ်ကြပ်မကွာ လိုက်လံ ဖမ်းဆီးတော့သည်။ ဂျပန်သိုင်းသမား၏ အရှိန်မှာလည်း အလွန် လျင်မြန်လှပေသည်။
လိုင်ဖော်ကျွင်းက ဇဝေဇဝါဖြင့် "ဘာဖြစ်တာလဲ... နည်းပြချုပ်က ဘာလို့ ထွက်ပြေးသွားတာလဲ..." ဟု အော်ဟစ် မေးမြန်းလိုက်သည်။
စီတုတျန့်မော့က ထိတ်လန့်တကြား မျက်နှာထားဖြင့် "သူ့နောက်က လိုက်သွားတဲ့ ဂျပန်သိုင်းသမားက ဘယ်သူလဲ... အရှိန်ကလည်း အရမ်းမြန်သလို ကျင့်ကြံမှုကလည်း အရမ်း မြင့်တာပဲ..." ဟု ဆိုလေသည်။
ဟယ်ချင်းကျီက ညှိုးငယ်သော မျက်နှာထားဖြင့် "သူ ဘယ်သူလဲဆိုတာ ငါသိတယ်... သူက ဂျပန်ဓားဘုရင် လျိုချွမ်းရှီးဖုန်းရဲ့ တပည့်ကြီး ယာမာမိုတို ဆိုဂျီပဲ... မြေကမ္ဘာအဆင့် အထွတ်အထိပ် သိုင်းပညာရှင် တစ်ယောက်ပေါ့... ငါ့ရဲ့ လက်ကို ဖြတ်ပစ်ခဲ့တာလည်း သူပဲ..." ဟု ရှင်းပြလိုက်သည်။
လိုင်ဖော်ကျွင်းက ထပ်မံ၍ "ဒါဆို နည်းပြချုပ်က ထိပ်သီး သိုင်းပညာရှင်နဲ့ တွေ့တော့ စစ်မြေပြင်ကနေ ထွက်ပြေးသွားတာပေါ့ ဟုတ်လား..." ဟု မေးလိုက်လေတော့၏။
***