"ဘာတွေ လျှောက်ပြောနေတာလဲ..."
ဟယ်ချင်းကျီက သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ "စစ်မြေပြင်ကနေ ထွက်ပြေးတဲ့သူက တခြားလူ တစ်ယောက်ကိုပါ တစ်ပါတည်း ခေါ်သွားတာ မင်း မြင်ဖူးလို့လား..." ဟု ငေါက်ငမ်းလိုက်သည်။
"တကယ်လို့ နည်းပြချုပ်ကသာ စစ်မြေပြင်ကနေ တကယ် ထွက်ပြေးတာဆိုရင် ယွင်ချန်ရွှယ်ကို ဘာလို့ ခေါ်သွားမှာလဲ... ဒါက ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာတာနဲ့ အတူတူပဲ မဟုတ်ဘူးလား..."
လိုင်ဖော်ကျွင်းလည်း သူ စကားမှားသွားမှန်း သတိထားမိသွားပြီး မျက်နှာကြီး နီမြန်းလျက် "ဒါပေမဲ့ နည်းပြချုပ်က..." ဟု စကားစလိုက်သည်။
ဟယ်ချင်းကျီက "နည်းပြချုပ်က ငါတို့အားလုံးရဲ့ အသက်ကို ကယ်ဖို့အတွက် အဲဒီလို လုပ်သွားတာ..." ဟု ပြတ်ပြတ်သားသား ဆိုလိုက်၏။
"ဘာကို ဆိုလိုတာလဲ..."
လိုင်ဖော်ကျွင်းက ဇဝေဇဝါဖြင့် မေးသည်။ "နည်းပြချုပ်သာ မထွက်သွားဘူးဆိုရင် ငါတို့အားလုံးရဲ့ အင်အားကို ပေါင်းစပ်ပြီးတောင် အဲဒီ ဂျပန်သိုင်းသမားကို မနိုင်ဘူးလို့ ခင်ဗျား ပြောချင်တာလား..."
ဟယ်ချင်းကျီက "မင်းက ယာမာမိုတို ဆိုဂျီကို အရမ်း အထင်သေးလွန်းနေပြီ... အဲဒီကောင်က မြေကမ္ဘာအဆင့် အထွတ်အထိပ်ကို ရောက်နေပြီလေ... ပြီးတော့ သူက ဂျပန်ဓားဘုရင်ဆီကနေ ဓားသိုင်းပညာကို အမွေ ဆက်ခံထားတာ... ဒါကြောင့်လည်း ဂျပန်နိုင်ငံမှာ သူ့ကို အာကာသအဆင့်အောက်မှာ အစွမ်းထက်ဆုံးသူလို့ တင်စားကြတယ်..."
"ကျင့်ကြံမှုက ဒီအဆင့်ကို ရောက်သွားပြီဆိုရင် လူအင်အားနဲ့ ဖိနှိပ်လို့ ရတဲ့ အခြေအနေ မဟုတ်တော့ဘူး... အရင်တုန်းက ငါတို့ရဲ့ အထူးတပ်ဖွဲ့ဝင် ဆယ်ယောက်ကျော်က ယာမာမိုတို ဆိုဂျီကို ဝိုင်းတိုက်ခဲ့ဖူးတယ်... အဲဒီထဲမှာ မြေကမ္ဘာ အလယ်အလတ်အဆင့် သိုင်းပညာရှင် လေးယောက်တောင် ပါသေးတယ်... ဒါပေမဲ့ ရလဒ်ကတော့ ငါတို့အဖွဲ့ပဲ အသေအပျောက်တွေ များခဲ့ပြီး ငါလည်း လက်တစ်ဖက် ဆုံးရှုံးခဲ့ရတာပဲ..."
ဤနေရာသို့ ရောက်သောအခါ သူက သက်ပြင်းချလိုက်ပြီး "တကယ်လို့ နည်းပြချုပ်သာ အဲဒီကောင်ကို အဝေးကို မြှားခေါ်မသွားဘူး ဆိုရင် ငါတို့ထဲက အနည်းဆုံး တစ်ဝက်လောက် သေကုန်ကြလိမ့်မယ်... ဒါက ထွက်ပြေးဖို့ ကြိုးစားခဲ့ရင်တောင်မှနော်... တကယ်လို့သာ ငါတို့က အသေအကြေ တိုက်ခိုက်ခဲ့မယ် ဆိုရင်တော့ တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး..." ဟု ရှင်းပြလေသည်။
ထိုစကားကို ကြားသောအခါ မူရုန်ဖိန်၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွားသည်။ "ဒါဆို ခင်ဗျား ပြောချင်တာက နည်းပြချုပ်က သူ့အသက်နဲ့ ငါတို့ အသက်တွေကို လဲသွားတယ်လို့ ဆိုလိုတာလား..."
ဟယ်ချင်းကျီက "ဟုတ်တယ်... တကယ်လို့ နည်းပြချုပ်က တစ်ယောက်တည်း ထွက်ပြေးချင်တာဆိုရင် ယွင်ချန်ရွှယ်ကို ခေါ်သွားစရာ အကြောင်း မရှိဘူး... ဓားစာခံကို ခေါ်သွားရတဲ့ ရည်ရွယ်ချက်က ယာမာမိုတို ဆိုဂျီ သူ့နောက်ကို လိုက်လာအောင် မြှားခေါ်လိုက်တာပဲ..." ဟု ဆိုသည်။
စီတုတျန့်မော့က "ဒါဆိုရင် နည်းပြချုပ်က အန္တရာယ်ကြီးထဲ ရောက်နေတာပေါ့... သူ့ကို သွားကူညီရအောင် မြန်မြန်လုပ်ကြ..." ဟု စိုးရိမ်တကြီး ပြောလိုက်သည်။
ဟယ်ချင်းကျီက "ငါတို့ သွားတော့ရော ဘာထူးမှာလဲ... နည်းပြချုပ်ရဲ့ ကြိုးစားမှုတွေကို အချည်းနှီး ဖြစ်အောင် လုပ်ချင်လို့လား..." ဟု ပြန်မေး၏။
စီတုတျန့်မော့က "ဒါဆို ဘာလုပ်ရမလဲ... ဒီအတိုင်း ရပ်ကြည့်နေရမှာလား..." ဟု ပျာပျာသလဲ မေးပြန်သည်။
"ဒါပေါ့ မဟုတ်ဘူးပေါ့... မြန်မြန် ဆုတ်ခွာကြမယ်... မဟုတ်ရင် ယာမာမိုတို ဆိုဂျီ ပြန်လာတဲ့အခါ ငါတို့အားလုံး သေကုန်ကြလိမ့်မယ်..."
ဟယ်ချင်းကျီ၏ မျက်လုံးများ နီမြန်းနေပြီး "နည်းပြချုပ်က သာမန်လူ မဟုတ်ဘူး... သူ့မှာ အသက်ရှင်ဖို့ လျို့ဝှက်နည်းလမ်းတွေ ရှိကောင်း ရှိလိမ့်မယ်... တကယ်လို့ သူသာ ယာမာမိုတို ဆိုဂျီရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရင်တောင် ငါတို့က ဆက်ပြီး အသက်ရှင်နေရမယ်... ပြီးတော့ နောင်တစ်ချိန်မှာ သူ့အတွက် ငါတို့ ကလဲ့စားချေပေးရမယ်..." ဟု ဆိုလိုက်လေသည်။
ခဏမျှ တိတ်ဆိတ်သွားကြပြီး မည်သူမျှ ဤရလဒ်ကို လက်မခံချင်ကြပေ။ ယခုအခိုက်အတန့်တွင် ရောက်ရှိနေသူ အားလုံးမှာ သူတို့၏ နည်းပြချုပ်အပေါ် လေးစားကြည်ညိုစိတ်များဖြင့် ပြည့်နှက်နေကြတော့သည်။
မူရုန်ဖိန်က စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေသော်လည်း သူ့ကိုယ်သူ ပြန်လည် မေးခွန်း ထုတ်နေမိ၏။ အရေးကြီးသော အချိန်တွင် သူကော အားလုံးအတွက် ဤကဲ့သို့ စွန့်စားမှုမျိုး လုပ်နိုင်ပါ့မလား ဆိုတာကိုပင်။
စီတုတျန့်မော့က သူမ၏ နှုတ်ခမ်းနီနီလေးကို တင်းကျပ်စွာ စေ့ထားမိသည်။ သူမက အမြဲတမ်း မာနကြီးပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်သူ ဖြစ်သော်လည်း ယခုအခိုက်အတန့်တွင်တော့ နည်းပြချုပ်သည် သူမ စိတ်ကူးယဉ်ခဲ့ဖူးသော ယောက်ျားကောင်း တစ်ယောက် ဖြစ်နေကြောင်း သိရှိသွားလေပြီ။
လိုင်ဖော်ကျွင်းက အသံကျယ်ကြီးဖြင့် "ဒီနေ့ကစပြီး နည်းပြချုပ်ဟာ ငါ လိုင်အိုကြီးရဲ့ ဆရာသမားပဲ... တကယ်လို့ ဆရာသမား တစ်ခုခု ဖြစ်သွားခဲ့ရင် ငါ့အသက်နဲ့လဲပြီး ကလဲ့စားချေပေးမယ်..." ဟု အော်ဟစ်လိုက်တော့သည်။
ဟယ်ချင်းကျီမှာလည်း များစွာ စိတ်လှုပ်ရှားနေသော်လည်း သူက အတွေ့အကြုံ ရင့်ကျက်ပြီး တည်ငြိမ်သူ ဖြစ်သဖြင့် "ကဲပါ... အခုတော့ ဒီနေရာကနေ အရင် ဆုတ်ခွာကြရအောင်... နောက်မှ ဘာဆက်လုပ်မလဲ ဆိုတာ ဆွေးနွေးကြတာပေါ့..." ဟု အားလုံးကို အမိန့်ပေးလိုက်သည်။
ထို့နောက် အဖွဲ့သားများ အားလုံး ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားကြပြီး ရွှမ်ယွမ်စံအိမ်၏ ယာယီ ခြေကုပ်စခန်းသို့ ပြန်လာခဲ့ကြလေသည်။
ယဲ့ပုဖန်ဘက်တွင်မူ အချိန်က တိုတောင်းလှသော်လည်း သူ အရာအားလုံးကို သေချာ စဉ်းစားခဲ့ပြီး ဖြစ်သည်။
ကာလို့စ်၏ ယခုတစ်ကြိမ် လှုပ်ရှားမှုမှာ သူ၏ မျှော်လင့်ချက်ကို လုံးဝ ကျော်လွန်နေခဲ့သည်။ သူက အမေရိကန်၏ ကိုယ်ပိုင် အင်အားကို အသုံးမပြုဘဲ ဤမျှ အစွမ်းထက်သော သိုင်းပညာရှင်များကို ငှားရမ်းခဲ့သည်။ ထိုသို့ ငှားရမ်းထားသဖြင့် နှစ်ဖက်ကြားတွင် သဘောတူညီချက် တစ်ခု ရှိနေရမည် ဖြစ်သည်။ ဂျပန်သိုင်းသမားကို ခေါ်ဆောင်လာရသည့် အကြောင်းရင်းမှာ ရွှမ်ယွမ်စံအိမ်မှ ဓားစာခံကို ကယ်တင်သွားခြင်းအား တားဆီးရန် ဖြစ်ပေလိမ့်မည်။
မဟုတ်ပါက ယခင်က ယွီဟိုင်ချွမ်းကို ဆုံးရှုံးခဲ့ပြီးနောက် ယခုတစ်ကြိမ် ယွင်ချန်ရွှယ်ကိုပါ ထပ်မံ ဆုံးရှုံးလိုက်ရလျှင် အမေရိကန် အထူးဌာန၏ မျက်နှာမှာ ဘယ်နား သွားထားရမှန်း မသိ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့်ပင် သူက စွန့်စားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဂျပန်သိုင်းသမားသည် သူနှင့် ဓားစာခံ၏ နောက်သို့ လိုက်လာလိမ့်မည်ဟု လောင်းကြေးထပ်ခဲ့ခြင်းပင်။
အကယ်၍ သူ လောင်းကြေးမှားသွားလျှင် ရွှမ်ယွမ် အဖွဲ့ဝင်များထဲမှ အနည်းငယ်မျှသာ အသက်ရှင်နိုင်ပေလိမ့်မည်။
ကောင်းကင်စစ်သည်တော် စီမံကိန်းမှ အဖွဲ့ဝင်များတွင် အမြင့်ဆုံး ကျင့်ကြံမှုမှာ မြေကမ္ဘာ အစောပိုင်း အဆင့်သာ ဖြစ်သည်။ သူတို့တွင် လူအင်အား အသာစီး ရထားသော်လည်း ကျင့်ကြံမှုအဆင့် ကွာဟချက်ကိုတော့ မဖြည့်ဆည်းနိုင်ချေ။
ထို့ကြောင့် သူ၏ ဘေးကင်းလုံခြုံရေးနှင့် ဓားစာခံ၏ အခြေအနေကိုတော့ သူ သိပ်ပြီး မစဉ်းစားနိုင်တော့ပေ။ ကံတရားအပေါ်မှာသာ ပုံအပ်ထားရုံ ရှိတော့၏။
အကယ်၍ သူတို့သာ ထိုနေရာတွင် ကျန်ရစ်ခဲ့လျှင် နှစ်ယောက်လုံး သေဆုံးရပေလိမ့်မည်။ အခုလို ထွက်ပြေးခြင်းကမှ မျှော်လင့်ချက် အလင်းတန်းလေး တစ်ခု ရှိနေသေးသည် မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် သူ့မှာ အစီအရင်တွေနဲ့ ယဲ့ထျန်းလိုမျိုး လျှို့ဝှက်ဖဲချပ်တွေ ရှိနေသေးသည်လေ။
ထို့ကြောင့်ပင် ယဲ့ပုဖန်သည် တုံ့ဆိုင်းမနေဘဲ ထွက်ပြေးခဲ့ခြင်း ဖြစ်ပြီး အရှိန်ကိုလည်း အစွမ်းကုန် မြှင့်တင်ထားခဲ့သည်။ နဂါးနတ်ဘုရား ကောင်းကင်နင်းခြေလှမ်းကို အစကတည်းက အပြည့်အဝ အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
နဂါးနတ်ဘုရား ကောင်းကင်နင်းခြေလှမ်းမှာ မူလကတည်းက အလွန် ထူးကဲလှသော ကိုယ်ဖော့သိုင်းပညာ တစ်ခု ဖြစ်သည့်အပြင် သူ၏ ခြေထောက်တွင် ကပ်ထားသော မြန်နှုန်းမြင့် အင်းစာရွက်များ၏ အစွမ်းကြောင့် သူ၏ အရှိန်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။ အကယ်၍ သူ့ကျောပေါ်မှာ လူတစ်ယောက် ပါမနေဘူးဆိုလျှင် သူ့အနေဖြင့် ယာမာမိုတို ဆိုဂျီ၏ လိုက်လံ ဖမ်းဆီးမှုကနေ လုံးဝ လွတ်မြောက်သွားနိုင်ပေသည်။
ယာမာမိုတို ဆိုဂျီမှာမူ ယဲ့ပုဖန် ခန့်မှန်းထားသည့်အတိုင်းပင် ထပ်ကြပ်မကွာ လိုက်လံ ဖမ်းဆီးနေ၏။ သူက အမေရိကန် အထူးဌာန၏ ငှားရမ်းမှုကို လက်ခံခဲ့ရာတွင် ပထမဆုံးသော စည်းကမ်းချက်မှာ ရွှမ်ယွမ်စံအိမ်ကို ဓားစာခံ ကယ်တင်ခွင့် မပေးရန်ပင် ဖြစ်သည်။
မဟုတ်ပါက တာဝန်မှာ ကျရှုံးပြီဟု သတ်မှတ်ခံရမည် ဖြစ်ပြီး အကျိုးအမြတ် မရရှိသည့်အပြင် သိက္ခာလည်း ကျဆင်းရပေလိမ့်မည်။
လက်ရှိ၌မူ ရှေ့မှ တရုတ်လူငယ်လေးက သူ မျှော်လင့်ထားသည်ထက် ပို၍ စွမ်းဆောင်နိုင်နေသည်။ ပြတ်ပြတ်သားသား ထွက်ပြေးရုံသာမက အရှိန်မှာလည်း အလွန် မြန်ဆန်လွန်းနေသည် မဟုတ်ပါလား။
"ကျိန်စာသင့်မယ့် တရုတ်ကောင်... ငါ့လက်ထဲကနေ မင်း လွတ်အောင် မပြေးနိုင်ပါဘူးကွ..."
ယာမာမိုတို ဆိုဂျီ၏ ကိုယ်ဖော့သိုင်းပညာမှာ ပျမ်းမျှအဆင့်သာ ရှိသော်လည်း သူ၏ ကျင့်ကြံမှုမှာ နက်နဲလှပြီး မြေကမ္ဘာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသဖြင့် ယဲ့ပုဖန်ထက် အဆင့်များစွာ သာလွန်နေသည်။
အချိန်ကြာလေလေ တစ်ယောက်က စွမ်းအား တိုးလာပြီး တစ်ယောက်က လျော့ကျသွားသဖြင့် နှစ်ယောက်လုံး၏ အရှိန်မှာ သိပ်ပြီး ကွာခြားမှု မရှိတော့ချေ။ တစ်ယောက်က ရှေ့ကပြေး၊ တစ်ယောက်က နောက်ကလိုက်ရင်း သူတို့နှစ်ဦးသည် ညကောင်းကင်ယံထဲတွင် လျင်မြန်စွာ ပျံသန်းနေသော ဥက္ကာခဲနှစ်လုံးအလား ဖြစ်နေတော့သည်။
ယွင်ချန်ရွှယ်မှာမူ ဘာတွေ ဖြစ်ကုန်မှန်း မသိဘဲ ထင်ယောင်ထင်မှား ဖြစ်နေဆဲပင်။ ယဲ့ပုဖန်က သူမကို ဘာလို့ ရုတ်တရက်ကြီး ဆွဲယူပြီး ထွက်ပြေးရတာလဲ ဆိုတာကို သူမ နားမလည်နိုင်သေးချေ။ သူမမှာ ယဲ့ပုဖန်၏ ကျောပေါ်တွင် ကပ်ပါသွားရင်း အရှိန်အဟုန်ဖြင့် ပြေးလွှားနေရခြင်း ဖြစ်သည်။
ယခုအခိုက်အတန့်တွင် သူမသည် ယဲ့ပုဖန်၏ ကျောပေါ်၌ လှဲလျောင်းနေသဖြင့် ပတ်ဝန်းကျင်မှ ရှုခင်းများမှာ သူမ၏ နားဘေးမှနေ၍ ဝှစ်ခနဲ မြည်သံနှင့်အတူ ဖြတ်သန်းသွားနေကြသည်။
ယဲ့ပုဖန်၏ ပြေးနှုန်းမှာ တကယ်ကို မြန်ဆန်လွန်းလှပြီး တစ်နာရီ မိုင် (၂၀၀) ကျော် အရှိန်နှင့် မောင်းနှင်နေသော ပြိုင်ကားတစ်စီးပေါ်တွင် ရောက်နေသကဲ့သို့ ခံစားရသည်။ သို့သော် သူမက ကားပေါ်မှာ ရှိနေခြင်း မဟုတ်ပေ။
လျင်မြန်စွာ ပြေးလွှားနေစဉ် လေထု၏ ရိုက်ခတ်မှုမှာ အလွန် ပြင်းထန်လွန်းလှပြီး တောင်လေများမှာ သူမ၏ မျက်နှာကို ဓားနှင့် လှီးနေသကဲ့သို့ ခံစားရစေသည်။
ဘာမှ မတတ်နိုင်သည့် အခြေအနေတွင် ယွင်ချန်ရွှယ်သည် သူမ၏ ပါးပြင်ကို ယဲ့ပုဖန်၏ လည်ပင်းနားတွင် ကပ်ထားလိုက်ပြီး လက်နှစ်ဖက်ကိုလည်း သူ၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားလိုက်ရုံသာ ရှိတော့သည်။ ထိုမှသာ လေတိုက်ခတ်မှု၏ ဒဏ်ကို လျော့နည်းစေမည် ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ဤမျှ မြန်ဆန်လှသော အရှိန်ကြောင့် သူမ အလွန်အမင်း ကြောက်လန့်နေမိပြီး ပြုတ်ကျသွားမှာကိုလည်း စိုးရိမ်နေမိသည်။ သူမ၏ ရှည်လျားလှသော ခြေတံနှစ်ဖက်ကလည်း ယဲ့ပုဖန်၏ ခါးကို တင်းကျပ်စွာ ပတ်ထားလိုက်၏။
သို့သော် အတန်ကြာပြီးနောက်တွင် သူမ၏ ခြေလက်များမှာ နာကျင် ထုံကျဉ်လာပြီး ဆက်လက်၍ မမြဲတော့ဘဲ သူမ၏ ခန္ဓာကိုယ်မှာ အောက်သို့ လျှောကျလာတော့သည်။
သူမ အလွန်အမင်း စိုးရိမ်ပူပန်နေစဉ်မှာပင် လက်တစ်ဖက်က သူမ၏ တင်ပါးကို နောက်မှနေ၍ ရုတ်တရက် ပင့်မပေးလိုက်သည်။
"အာ..."
ယွင်ချန်ရွှယ်က ခပ်တိုးတိုး အော်ဟစ်လိုက်မိ၏။ သူမ အရွယ်ရောက်လာကတည်းက ဤနေရာကို တစ်ခါမျှ အကိုင်ခံခဲ့ရဖူးခြင်း မရှိပေ။
သူမက အလွန် လှပသူ တစ်ဦး ဖြစ်သည့်အပြင် ပုံမှန် လေ့ကျင့်ခန်း လုပ်လေ့ရှိသူ ဖြစ်ရာ ထိုနေရာမှာ တင်းရင်းလှပပြီး အထိအတွေ့မှာလည်း ထူးခြားလှပေသည်။ သို့သော် ယဲ့ပုဖန်မှာမူ အသက်လု ထွက်ပြေးနေရသဖြင့် ထိုအထိအတွေ့ကို ခံစားနေရန် အချိန်မရှိပေ။
ယွင်ချန်ရွှယ်လည်း ယဲ့ပုဖန်၌ ရွေးချယ်စရာ မရှိလို့ လုပ်လိုက်မှန်း သိသော်ငြား သူမ၏ ပါးပြင်များမှာ နားရွက်အထိ နီမြန်းသွားရပြီး ယဲ့ပုဖန်ထံမှ ထွက်ပေါ်လာသော ယောက်ျားဆန်သည့် ရနံ့ကို ရှူရှိုက်မိလျှင် သူမ၏ ရင်ခုန်သံမှာ တဖြည်းဖြည်း မြန်ဆန်လာတော့သည်။
ယဲ့ပုဖန်၏ ကျောပေါ်တွင် လှဲလျောင်းနေရင်း စောစောက သူမကို ကယ်တင်ခဲ့သည့် မြင်ကွင်းက သူမ၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်လာတော့သည်။ သတ္တိရှိပြီး တာဝန်ယူလိုစိတ် အပြည့်ရှိကာ အရည်အချင်းလည်း ရှိသူ...။
ဟွာရှား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစု၏ စီအီးအို တစ်ဦးအနေဖြင့် သူမသည် နေရာအနှံ့ ရောက်ဖူးပြီး ဗဟုသုတ ကြွယ်ဝသူ ဖြစ်သော်လည်း ဤမျှ ပြည့်စုံလှသော အမျိုးသားမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ ဤသို့ တွေးမိသည်နှင့် သူမ၏ လက်နှစ်ဖက်မှာ ပို၍ တင်းကျပ်သွားပြီး ရင်ခုန်သံမှာလည်း ပို၍ မြန်ဆန်သွားလေတော့၏။
***