"အက်ဖ်အေက သတင်းထွက်လာပြီဗျ... လာပေါ့တ် တစ်ယောက် အရွတ်စုတ်ပြဲဒဏ်ရာ ရသွားတဲ့အတွက် ဒီရာသီ တစ်ခုလုံး နားရတော့မှာ သေချာသလောက် ရှိသွားပါပြီ..."
"ကျွန်တော်လည်း ကစားသမားဘဝမှာ ကွင်းထဲကနေ ဒဏ်ရာနဲ့ ထွက်သွားရတဲ့ ခံစားချက်ကို ကိုယ်ချင်းစာဖူးပါတယ်... သူ မြန်မြန် ပြန်ကောင်းလာဖို့ပဲ ဆုတောင်းပေးပါတယ်..."
"ကဲ... ကျွန်တော်တို့ ပွဲဘက်ကို ပြန်လှည့်ကြရအောင်ဗျာ... ချူဖုန်းရဲ့ ပြောင်မြောက်လှတဲ့ သွင်းဂိုးနဲ့အတူ မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာစီးတီးကို (၂-၁) ဆိုတဲ့ ရလဒ်နဲ့ ယာယီ ဦးဆောင်ထားနိုင်ပါပြီ..."
ဂယ်ရီနဗီးလ်က ပွဲအခြေအနေကို အတိုချုံး သုံးသပ်လိုက်လေသည်။
သူသည်လည်း တစ်ချိန်က နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ရာ အခြေခံ နည်းစနစ်ပိုင်း အမြင်တော့ ရှိပေသည်။ ပထမပိုင်းတွင် မန်ယူအသင်း၏ တရစပ် ဖိအားပေး ကစားဟန်သည် ထင်သလောက် ခရီးမရောက်ခဲ့ပါက ဒုတိယပိုင်းတွင် အသေအချာကို ရုန်းကန်ရတော့မည် ဆိုတာ သူ ကောင်းကောင်း သဘောပေါက်ထား၏။
ကံကောင်းထောက်မစွာဖြင့် အခြေအနေများက ကောင်းမွန်သော လမ်းကြောင်းပေါ်တွင် ရှိနေဆဲပင်။
ကွင်းအတွင်း၌မူ...
ချူဖုန်း တစ်ယောက် ကွင်းဘေးသို့ လျှောက်လာရင်း အမောတကော အသက်ရှူနေရသည်။ သူ အတော်လေး ပင်ပန်းနွမ်းနယ်နေချေပြီ။
မန်ယူအသင်း၏ ကစားကွက်ထဲတွင် သူသည် ကွင်းလယ် ဖန်တီးရှင်အဖြစ် တာဝန်ယူရုံသာမက အသင်းတစ်ခုလုံးတွင် ပြေးအားအများဆုံး ကစားသမားလည်း ဖြစ်နေသည် မဟုတ်ပါလား။
ဒီလောက် ပြေးနေရမှတော့ ဘယ်လိုလုပ် မပင်ပန်းဘဲ နေမည်နည်း။
သို့သော်လည်း ကွင်းထဲတွင် သူ၏ တိုးတက်မှုက မြန်ဆန်လှသည်။ ဖာမီနို၏ ကစားကွက် ဗီဒီယိုများကို အချိန်ကုန်ခံ ကြည့်ခဲ့ရကျိုး နပ်သည်ဟု ဆိုရမည်။
"ဘော့စ်... မန်စီးတီးဘက်က ကစားကွက် ပြောင်းလာတာ သတိထားမိတယ်... ကွင်းလယ်ကနေ ဘယ်ညာ အဝေးဘောတွေ ဆက်တိုက် ပေးပြီး ကျွန်တော်တို့ရဲ့ ကွင်းလယ်ခံစစ်လူ သုံးယောက်ကို ဆွဲထုတ်နေတယ်... အဲဒီတော့ တောင်ပံတွေမှာ ဟာကွက်တွေ ပေါ်လာတော့တာပဲ..."
ချူဖုန်းက မော်ရင်ညိုဘေးမှ ယှဉ်လျှောက်လာရင်း စိုးရိမ်တကြီး ပြောလိုက်သည်။
မော်ရင်ညိုက ခေါင်းညိတ်ပြလိုက်သည်။ ဤအချက်ကို ချူဖုန်းထက်ပင် သူ အရင်သတိထားမိပြီးသား ဖြစ်၏။ "4-3-1-2 ကစားကွက်ရဲ့ မွေးရာပါ အားနည်းချက်ကို ပပ်က အသေအချာကို အသုံးချလာမှာပဲ... ဒါပေမဲ့ ဖြေရှင်းလို့ မရတဲ့ ပြဿနာတော့ မဟုတ်ပါဘူး..."
အဝတ်လဲခန်းထဲသို့ ရောက်သည်နှင့် မော်ရင်ညိုက ပရိုဂျက်တာကို ဖွင့်လိုက်လေသည်။
ထို့နောက် ကွင်းလယ်တိုက်စစ် နေရာကို လက်ညှိုးထိုးပြကာ ဆိုလိုက်၏။ "ငါတို့ ခံစစ်ကြောင်းကို တည်ဆောက်တဲ့အခါ တိုက်စစ်တန်းကနေ စတင်ရမယ်... ဒါပေမဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းက တိုက်စစ်တန်း မဟုတ်ဘူး... ကွင်းလယ်ခံစစ် နေရာတွေလည်း မဟုတ်ဘူး... ကွင်းလယ်တိုက်စစ် နေရာပဲ"
"ပေါလ်... မင်း နေရာယူပုံကို အမြဲတမ်း ပြောင်းလဲနေဖို့ လိုတယ်... အခြေအနေကို အကဲခတ်ပြီး မန်စီးတီးရဲ့ ပေးပို့မှု လမ်းကြောင်းတွေကို ကြားဖြတ် ဖြတ်တောက်ရမယ်..."
ပေါ့ဘာ ဆိုသည်မှာ အပြေးအလွှား ကစားရသည်ကို မနှစ်သက်ဆုံး သူမှန်း လူတိုင်း သိကြသည်။
ယခု ရာသီ ပရီးမီးယားလိဂ် ကွင်းလယ်လူ (၇၉) ယောက်ထဲတွင် ပေါ့ဘာ၏ ပြေးအားက အဆင့် (၁၆) နေရာ၌ ရှိနေသည်။
ကိန်းဂဏန်း အချက်အလက်များအရ ကြည့်လျှင် မဆိုးလှဟု ထင်ရသော်လည်း အမှန်တကယ် အရေးကြီးသည်မှာ အရှိန်တင် ပြေးလွှားရသော အကွာအဝေးသာဖြစ်ပြီး သာမန် ခြေလှမ်းဖြင့် ပြေးသော အကွာအဝေး မဟုတ်ပေ။ ပေါ့ဘာ ပြေးခဲ့သော အကွာအဝေး၏ ၆၄ ရာခိုင်နှုန်းက သာမန်အရှိန်ဖြင့် ပြေးထားခြင်း ဖြစ်ရာ ဤအချက်က သူသည် ပြေးရခြင်းကို မနှစ်သက်သူ ဖြစ်ကြောင်း သိသာစေလေသည်။
သို့သော် တစ်ဖက်၌ ယခုခေတ်တွင် ကစားသမားများသည် အချိန်ပြည့်နီးပါး အရှိန်တင်၍ ပြေးရတတ်၏။ ဤသည်ကပင် ခေတ်သစ် ဘောလုံးလောက၏ အနှစ်သာရ ဖြစ်ပေသည်။
အသင်းတစ်သင်းလုံး တက်ညီလက်ညီ ကစားခြင်း…
ကစားသမားတိုင်း စက်ရုပ်တစ်ရုပ်လို အမြဲတမ်း ပြေးလွှားလှုပ်ရှားနေရန် လိုအပ်သည်။ အထူးသဖြင့် မန်ယူအသင်း အသုံးပြုနေသော ဖိအားပေး ကစားကွက်တွင် ပို၍ပင် အရေးကြီးလှ၏။
ကစားသမားအားလုံး စည်းလုံး ညီညွတ်စွာဖြင့် တစ်ပြိုင်နက်တည်း ဖိအားပေးရမည် ဖြစ်သည်။ နောက်ကွယ်တွင် ခိုကပ်နေ၍ လုံးဝ မရပေ။
အဘယ်ကြောင့်ဆိုသော် ဖိအားပေး ကစားရာတွင် ကွင်းဆက် တစ်နေရာလေး လျော့ရဲသွားသည်နှင့် ပြိုင်ဘက်က ထိုဟာကွက်ကို အသုံးချပြီး ဖောက်ထွက်သွားနိုင်သောကြောင့်ပင်။
"မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ဒါက ပြဿနာ မရှိပါဘူးလို့ ငါ ယုံကြည်တယ်... မကြာသေးခင်က မင်းရဲ့ ပြေးအား ဒေတာတွေလည်း တက်လာတာပဲ..."
မော်ရင်ညိုက အပြစ်တင်မည့်အစား ချီးမွမ်းစကားကို အရင်ဆိုလိုက်သည်။
ပေါ့ဘာတွင် ကလေးဆန်သော အကျင့်စရိုက် ရှိသည်ကို သူ ကောင်းကောင်းသိသည်။ အတင်းအကျပ် ဖိအားပေးလျှင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုသာ ဖြစ်လာမည် မဟုတ်ပါလား။
ပေါ့ဘာက နည်းစနစ် သင်ပုန်းကို တစ်ချက် ကြည့်လိုက်ပြီး "ဘော့စ်... ဒုတိယပိုင်းကျရင် ကျွန်တော် သေချာ ဂရုစိုက်ပါ့မယ်..."
မော်ရင်ညို မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာ၏။ အရင်က ပေါ့ဘာကို ကွင်းလယ်တိုက်စစ် နေရာတွင် ထားကစားရန် သူ အတော်လေး စိုးရိမ်ခဲ့ဖူးသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာက အလွန် အရေးကြီးပြီး တိုက်စစ်ဆင်ရာတွင် ဘောလုံးကို ထိန်းထားနိုင်ရမည် ဖြစ်သလို ခံစစ်အတွက်လည်း မမောမပန်း ပြေးလွှားနိုင်သူ ဖြစ်ရန် လိုအပ်သောကြောင့်ပင်။
ပေါ့ဘာကတော့ စိတ်ခံစားချက် နောက်ကို အလွန် လိုက်လွန်းသူ ဖြစ်နေသည်။ သေချာသည်မှာ ယခုအချိန်ထိ သူ စိတ်မချရသေးသော်လည်း အရင်ကလောက်တော့ မဆိုးတော့ပေ။
"ဒုတိယပိုင်း စစချင်းမှာ မန်စီးတီးရဲ့ ဘောလုံးပေးပို့မှုနဲ့ ကစားကွက် အရှိန်ကို ဖျက်ဆီးပစ်ဖို့ ငါတို့ဘက်က ပြင်းပြင်းထန်ထန် ဖိအားပေးရမယ်... ဒါပေမဲ့ ပွဲချိန် မိနစ် (၆၀) ဝန်းကျင်လောက် ရောက်ရင် အန္တရာယ် အများဆုံး အချိန်ပဲ..."
မော်ရင်ညို၏ လေသံက တည်ကြည်လေးနက်သွားသည်။ "ဘာဖြစ်လို့လဲဆိုတော့ မင်းတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အဲဒီအချိန်မှာ သိသိသာသာ ကျဆင်းသွားလိမ့်မယ်... မန်စီးတီးကလည်း ဒီအခွင့်အရေးကို လွတ်ခံမှာ မဟုတ်ဘူး... သူတို့ရဲ့ တိုက်စစ်ကို ဖြတ်တောက်ဖို့ ငါ လူစားလဲတာတွေ လုပ်မှာပါ... ဒါပေမဲ့ အဓိက သော့ချက်ကတော့ မင်းတို့ဆီမှာပဲ ရှိတယ်... ဘာပဲဖြစ်ဖြစ် အံကြိတ်ပြီး တောင့်ခံထားရမယ်..."
ဘောလုံးပွဲ တစ်ပွဲတွင် အပင်ပန်းဆုံး အချိန်သည် နောက်ဆုံး လက်ကျန် မိနစ်ပိုင်းလေးများ မဟုတ်ဘဲ ပွဲချိန် မိနစ် ၆၀ မှ ၇၀ ကြား အချိန်ပင် ဖြစ်သည်။
ယင်းကို ဘောလုံးပညာရပ်ပိုင်းအရ 'အင်အားကုန်ခန်းချိန်' ဟု ခေါ်ဝေါ်ကြ၏။
ချူဖုန်း တစ်ယောက် အဝတ်လဲခန်းထဲမှ ဘီရိုကို မှီကာ ငှက်ပျောသီး တစ်လုံးကို နည်းနည်းချင်း ကိုက်စားနေသည်။
စွမ်းအင်တွေကို ချက်ချင်း ပြန်လည်ပြည့်ဖြိုးစေမယ့် မှော်ဆေးရည်မျိုး စနစ်ထဲမှာ မရှိတာ တော်တော် နှမြောစရာကောင်းတာပဲ...။
အဲ့ဒါသာ ရှိနေရင် ငှက်ပျောသီးတွေ စားနေစရာ မလိုတော့ဘူးပေါ့...။
'ဒါပေမဲ့ အဲဒီလိုဆိုရင်တော့ ပြိုင်ပွဲရဲ့ တရားမျှတမှုကို ထိခိုက်စေသလိုများ ဖြစ်သွားမလား...'
သူ့ဘာသာ တီးတိုးရေရွတ်ရင်း နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်မိသည်။
တကယ်တမ်း အလေးအနက် တွေးကြည့်မည်ဆိုလျှင် သူ ယခု အသုံးပြုနေသော စနစ်ကြီးကရော တရားမျှတမှု ရှိပါရဲ့လား။
"နောက်ပိုင်း ဘယ်သူမဆို မခံနိုင်တော့ဘူး ဆိုရင် ချက်ချင်းသာ အော်ပြောလိုက်... အသင်းဖော်တွေ အချိန်မီ ကူညီပေးနိုင်အောင်လို့... အားနာမနေနဲ့..."
ချူဖုန်းက ပြောရင်း အက်ရှ်လေယန်းကို လှမ်းကြည့်လိုက်သည်။
အက်ရှ်လေယန်း တစ်ယောက် ချက်ချင်း မျက်နှာထား တင်းသွားပြီး ခါးထောက်ကာ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ဆိုလာ၏။ "ငါ့ကို လာမကြည့်နဲ့... ငါ ဒီနှစ် ၃၃ နှစ်ထဲ ရောက်နေပြီ ဆိုပေမဲ့ ၃၁ နှစ်အရွယ် မက်ဆီထက်တော့ အများကြီး ပိုပြေးနိုင်သေးတယ်ကွ..."
"ခုနက ခင်ဗျား အမောဆို့ပြီး သေမလို ဖြစ်နေတာကို ကျွန်တော် သေချာ မြင်လိုက်ပါသေးတယ်ဗျာ..." ဝမ်-ဘစ်ဆာကာက တိုးတိုးလေး ဝင်ပြောလိုက်သည်။
"အဲဒါတွေ ခဏဖယ်ထား... အနည်းဆုံးတော့ မိနစ် (၆၀) အထိ ငါ အေးဆေး တောင့်ခံနိုင်တယ်ကွ... မင်းတို့ဘာသာ မင်းတို့သာ ဂရုစိုက်ကြ..."
အက်ရှ်လေယန်းက ဝမ်-ဘစ်ဆာကာကို လျစ်လျူရှုကာ ရင်ဘတ်ကို ပုတ်ပြီး အာမခံလိုက်သည်။
ချူဖုန်းက သူ့လက်မောင်းမှ အသင်းခေါင်းဆောင် လက်ပတ်ကို တိတ်တဆိတ် တင်းကျပ်လိုက်လေသည်။
ဘယ်အချိန်တည်းက စဖြစ်သွားမှန်း မသိသော်လည်း ကြီးမားသော ဖိအားများကို ခံစားရတိုင်း လက်ပတ်ကို တင်းကျပ်တတ်သည့် အကျင့်တစ်ခု သူ့တွင် ရနေချေပြီ။
တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုသည်မှာ စိတ်ကူးယဉ်ဆန်လွန်းသည်ဟု ထင်ရသော်လည်း ဤသည်က သူ၏ စစ်မှန်သော ခံစားချက်ပင် ဖြစ်သည်။
ချူဖုန်းနှင့် အသင်းဖော်များ ကွင်းထဲသို့ ပြန်လည် ဝင်ရောက်လာချိန်တွင် မန်စီးတီး ကစားသမားများ၏ မျက်နှာပေါ်၌ အလွန် စိတ်လှုပ်ရှား တက်ကြွနေသည့် အရိပ်အယောင်များကို သတိထားမိလိုက်ကြသည်။
'လာပေါ့တ်ရဲ့ ဒဏ်ရာရသွားတဲ့ ကိစ္စကို ဂွါဒီယိုလာက စိတ်ဓာတ်ခွန်အား ဖြစ်အောင် အသုံးချလိုက်တာ နေမှာ...'
ချူဖုန်းက စိတ်ထဲမှ မှန်းဆလိုက်သည်။
တိုက်ဆိုင်စွာပင် သူ ခန့်မှန်းချက် မှန်ကန်နေခဲ့၏။ လာပေါ့တ် တစ်ယောက် ဒဏ်ရာကြောင့် တစ်ရာသီလုံး နားရတော့မည်ဆိုပါက သူ၏ အသင်းဖော်များ မည်သို့ ခံစားရမည်နည်း။
"အခုချိန်မှာ အေမရစ်ခ်ဟာ ဆေးရုံကုတင်ပေါ်မှာ ကျိန်ဆဲချင်စရာကောင်းတဲ့ နာကျင်မှုတွေကို ခံစားနေရပြီ... မင်းတို့ကရော... ကွင်းထဲမှာ မတ်မတ်ရပ်ပြီး ဘောလုံး ကစားခွင့် ရနေသေးတယ်... မင်းတို့ကိုယ် မင်းတို့ ကံကောင်းတယ်လို့ မှတ်ကြ”
"ဒါပေမဲ့... ဒီပွဲကိုသာ မင်းတို့ မနိုင်ခဲ့ဘူးဆိုရင် အေမရစ်ခ်ရဲ့ ဒဏ်ရာရမှုက အလကား ဖြစ်သွားလိမ့်မယ်။ သေချာ မှတ်ထား... ဒီနေ့ ငါတို့က ကိုယ့်အတွက်ကိုယ် ကစားနေတာ မဟုတ်ဘူး... အေမရစ်ခ်ကို အနိုင်ရလဒ် လက်ဆောင်ပေးနိုင်ဖို့အတွက် ပိုပြီး တိုက်ပွဲဝင်ရမှာပဲ… ရှင်းလား…"
နေ့စဥ်နှင့်အမျှ အတူတကွ အချိန်ဖြတ်သန်းခဲ့ကြသော အသင်းဖော်များ ဖြစ်ရာ သူတို့အကြား သံယောဇဉ်များက နက်ရှိုင်းနေခဲ့ပြီ ဖြစ်သည်။
လာပေါ့တ်၏ ဒဏ်ရာရမှုကို အလကား မဖြစ်စေချင်သည်မှာ အမှန်ပင်။
တစ်ခါတစ်ရံတွင် လူတစ်ယောက်၏ စိတ်ခံစားချက်များ ပေါက်ကွဲထွက်ရန်အတွက် မီးပွားလေး တစ်ခုသာ လိုအပ်ပြီး လာပေါ့တ်၏ ဒဏ်ရာရမှုက ထိုမီးပွားလေး ဖြစ်လာခဲ့လေပြီ။
အကယ်၍ မန်စီးတီးသာ နောက်တစ်ဂိုး သွင်းယူနိုင်ခဲ့လျှင် သူတို့၏ စိတ်ဓာတ်ခွန်အားသည် အမြင့်ဆုံးသို့ ရောက်ရှိသွားပေလိမ့်မည်။
"တချို့က ပြောကြတယ်... ဂွါဒီယိုလာက စိတ်ဓာတ်တက်ကြွစေမယ့် မိန့်ခွန်းတွေ မပြောတတ်ဘူးတဲ့... ငါ့အမြင်တော့ သူက တခြား ဘယ်နည်းပြထက်မဆို ပိုပြီး ကြမ်းတမ်း ပြင်းထန်တယ်ကွ"
မက်ဂွိုင်းယားက အတင်းပြုံးကာ ပြောလိုက်သည်။
မန်စီးတီးအသင်း၏ အလွန် ရူးသွပ် ကြမ်းတမ်းသော တိုက်စစ်အောက်တွင် အမှားအယွင်း အသေးအဖွဲလေးပင် လုပ်မိမည်ကို စိုးရိမ်သဖြင့် သူ၏ အာရုံကြောများ အစွမ်းကုန် တင်းမာနေခဲ့ရ၏။ ထိုသို့ တင်းမာနေရသည်မှာ တကယ်ကို ပင်ပန်းလှပေသည်။
"သူတို့မှာ မရှုံးရမယ့် အကြောင်းပြချက် ရှိသလို ငါတို့မှာရော မရှိဘူးလား..."
"မန်စီးတီးက တကယ်ကို အင်အားကြီးပါတယ်..."
"သူတို့ရဲ့ အင်အားကို ငါတို့ သိထားပြီးသားပါ... ဒါပေမဲ့ ပထမပိုင်းမှာ ငါတို့ ဦးဆောင်နိုင်ခဲ့တယ်လေ... ဒုတိယပိုင်းမှာလည်း ပွဲကို ငါတို့ရဲ့ အရှိန်အောက်မှာပဲ ဆက်ရှိနေအောင် လုပ်ကြမယ်..."
"ယုံကြည်ချက် အပြည့်နဲ့ တိုက်ပွဲဝင်မယ်... ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အပြည့်အဝ သုံးပြီး တိုက်ပွဲဝင်မယ်... ဒါက ငါတို့ရဲ့ ကစားဟန်ပဲ..."
"လာကြ... သွားကြစို့... ငါတို့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ပါတယ်"
မန်ယူ ကစားသမားများ စက်ဝိုင်းပုံစံ ဝိုင်းဖွဲ့လိုက်ကြပြီး ချူဖုန်း၏ အက်ကွဲကွဲ အသံကြီး ထွက်ပေါ်လာလေသည်။
ထို့နောက် သူက ညာဘက်လက်ကို ဆန့်ထုတ်လိုက်၏။
လက်တစ်ဖက်ပြီး တစ်ဖက် ထပ်တင်လာကြရင်း မန်ယူ ကစားသမားများ၏ ဟိန်းဟောက်သံကြီးက တစ်ခဲနက် ထွက်ပေါ်လာတော့သည်။ "သွားကြစို့ဟေ့"
***