ပွဲချိန် ၆၃ မိနစ်။
မန်ယူ၏ ဘယ်နောက်ခံလူ အက်ရှ်လေယန်း တစ်ယောက် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့နေရသည်ကို ဒီဘရိုင်းက ပါးနပ်စွာ သတိထားမိလိုက်သဖြင့် ထိုဘက်ခြမ်းသို့ တိုက်စစ် ပိုမို ပြုလုပ်ရန် စတင်လိုက်သည်။
ဘာနာဒိုဆေးလ်ဗားက ဘောလုံးလက်ခံရရှိသော်လည်း အသင်းဖော်များနှင့် ပူးပေါင်းခြင်း မပြုဘဲ အက်ရှလေယန်းထံသို့သာ တန်းတန်းမတ်မတ် ပြေးဝင်သွားလေသည်။ သူက သူ၏ တစ်ဦးချင်း စွမ်းရည်များကို အသုံးပြုပြီး မန်ယူ၏ ခံစစ်ကို ဖြိုခွဲတော့မည် ဖြစ်သည်။
ရှုပ်ထွေးသော လှည့်စားမှု သိပ်မများလှပေ။ စည်းချက် ပြောင်းလဲခြင်းနှင့် ရုတ်တရက် ရပ်တန့်ခြင်းများသာ ဖြစ်သည်။
အက်ရှ်လေယန်းက မက်ဂွိုင်းယားလောက်တော့ မအပါချေ။ သူက စကားတစ်ခွန်းမှ မဟဘဲ ဘာနာဒိုဆေးလ်ဗားဆီသို့ တန်းတန်းမတ်မတ် ဝင်သွားပြီး သူ့ကို ကျော်ဖြတ်ရန် အခွင့်အရေး လုံးဝ မပေးချေ။
'အဝါကတ် ပြခံရလည်း ကိစ္စမရှိဘူး... ခဏနေရင် လူစားလဲခံရတော့မှာပဲဟာကို...'
အဝေးမှ စောင့်ကြည့်နေသော ဆာနေးက စိတ်တိုတိုဖြင့် အော်လိုက်သည်။ "ခဏနေရင် မင်းတို့ကောင်တွေ ငါ့ကို သေချာ ဂရုစိုက်ပေးကြဦး... ငါ နေရာလွတ်ကို ရောက်နေတာတောင် မင်းတို့က ညာတောင်ပံကနေပဲ ဆက်တိုက် တိုက်စစ်ဆင်နေတယ်... အဲဒါက ထိရောက်မှုလည်း မရှိဘဲနဲ့..."
သူ အလွန် စိုးရိမ်နေပြီ ဖြစ်သည်။ အချိန်သိပ်မကျန်တော့သည် မဟုတ်ပါလား။
သူက တစ်ဂိုး နှစ်ဂိုးလောက် သွင်းရုံနှင့် ကျေနပ်မည် မဟုတ်ဘဲ လေးဂိုးလောက် သွင်းချင်နေ၏။ ထိုသို့မှ မဟုတ်လျှင် သူက ချူဖုန်းထက် ပိုသန်မာကြောင်းကို မည်သို့ သက်သေပြနိုင်မည်နည်း။
"အင်း..."
ဒီဘရိုင်းနားက သေချာ စဉ်းစားပြီးနောက် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ဆာနေး၏ အကြံပြုချက်က သေချာပေါက် စဉ်းစားသင့်ပေသည်။
အဘယ်ကြောင့်ဆိုသော် မန်ယူ၏ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာက အတော်လေး ငယ်ရွယ်သေးပြီး အက်ရှ်လေယန်းလောက် ပွဲအတွေ့အကြုံ မရှိသဖြင့် ဖိအားများအောက်တွင် အမှားလုပ်မိရန် လွယ်ကူသောကြောင့် ဖြစ်သည်။
ထို့ပြင် ဝမ်ဘစ်ဆာကာက ကြမ်းတမ်းသော ဝင်ရောက်ဖျက်ထုတ်မှုများကို နှစ်သက်တတ်ရာ အနီကတ် ပြခံရရန် အလွန် လွယ်ကူပေသည်။ ထိုအခြေအနေသို့ ရောက်သွားပါက မန်စီးတီးတို့ အောင်ပွဲကို အလွယ်တကူ ရယူနိုင်ပေလိမ့်မည်။
သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာမှုများက အနည်းငယ် မျှော်လင့်မထားသည်များ ဖြစ်ခဲ့သည်။
ဆာနေးက ဘောလုံးနှင့်အတူ အပြင်ဘက်မှ ဖောက်ထွက်ရန် ကြိုးစားခဲ့သော်လည်း ဝမ်ဘစ်ဆာကာက မယုံနိုင်လောက်အောင် တည်ငြိမ်နေခဲ့ပြီး ဆာနေး၏ အရှိန်ကို လျှော့ချရန် လက်ဆန့်တန်းကာ အရင်ဆုံး တားဆီးလိုက်သည်။ ထို့နောက် သူ၏ နေရာကို ပိတ်ဆို့ကာ အပြင်ဘက်သို့ အဆက်မပြတ် တွန်းထုတ်နေခဲ့သည်။
ဆာနေး အရှိန်တင်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ဘစ်ဆာကာက ခြေထောက်ကို ဆန့်ထုတ်ကာ ဘောလုံးကို ကွင်းပြင်သို့ ကန်ထုတ်လိုက်လေသည်။
"အစွန်ခံစစ်ပိုင်းမှာ တကယ့်ကို အတွေ့အကြုံ ရင့်ကျက်လွန်းပါတယ်ဗျာ..."
"လူငယ်ကစားသမားတွေက ဒီလောက် တည်ငြိမ်တာမျိုး တွေ့ရခဲတယ်... ဝမ်ဘစ်ဆာကာက သိသိသာသာကို တိုးတက်လာတာပဲ..." နဗီးလ်က ချီးကျူးလိုက်သည်။
ဝမ်ဘစ်ဆာကာက ဆာနေးကို လှောင်ပြောင်လိုက်သည်။ "ငါ့ရဲ့ ပုံမှန် ခံစစ်လေ့ကျင့်ဖော်က ချူဖုန်းကွ... မင်း ငါ့ကို ပေးတဲ့ ဖိအားက သူ့ကို ယှဉ်လိုက်ရင် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ် ကွာသလိုပဲ..."
သေချာသည်မှာ သူက များစွာ ချဲ့ကားပြောဆိုထားခြင်း ဖြစ်သည်။ သို့သော် လှောင်ပြောင်ရန် ရည်ရွယ်ထားသည် ဖြစ်ရာ ထိရောက်မှု ရှိစေရန် အချက်အလက်များကို ချဲ့ကားရမည် မဟုတ်ပါလား…။
ဆာနေးက အမြဲတမ်း ဒေါသကြီးတတ်သူ တစ်ဦး ဖြစ်သည်။ ယခု ဝမ်ဘစ်ဆာကာက သူ့အနာကို လာဆွလိုက်သဖြင့် ဆာနေး တစ်ယောက် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့သည်။
"ငါက သူ့ထက် ဘာများ အားနည်းနေလို့လဲ။ ပြီးတော့ မင်းလို သောက်ချေးကောင် လူမည်းကများ အဲဒီလို လာပြောခွင့် မရှိဘူးကွ..."
ဝေါင်း...
လှောင်ပြောင်မှုကနေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုအဆင့်သို့ ရောက်သွားသောအခါ ပြဿနာ၏ သဘော သဘာဝက သိသိသာသာ ပြောင်းလဲသွားလေပြီ။
သူတို့နှစ်ဦး အပြန်အလှန် တွန်းထိုးကြတော့သည်။
တီ… တီ… တီ…
စူးရှသော ခရာမှုတ်သံ ချက်ချင်း ထွက်ပေါ်လာပြီး ဒိုင်လူကြီးက ပြဿနာ ပိုမို ကြီးထွားမလာစေရန် တားမြစ်သတိပေးရန် အပြေးရောက်လာသည်။
"သူ ကျွန်တော့်ကို ချေးလိုကောင် လူမည်းလို့ ခေါ်တယ်ဗျ... ဒါက ဗြောင်ကျကျ လူမျိုးရေးခွဲခြားတာပဲ..." ဝမ်ဘစ်ဆာကာက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဆာနေးက အခြေအနေ၏ လေးနက်မှုကို နားလည်သွားပြီး ကွင်းထဲတွင် အသံဖမ်းစက်များ မရှိသည် ဖြစ်ရာ ထိုစကားများကို သူ ဘယ်တုန်းကမှ မပြောခဲ့ကြောင်း အခိုင်အမာ ငြင်းဆိုတော့သည်။ သက်သေအထောက်အထား မရှိဘဲနဲ့ အပြစ်ပေးလို့ မရဘူး မဟုတ်ပါလား…။
ဒိုင်လူကြီး အက်ကင်ဆန်က တင်းမာသော လေသံဖြင့် သတိပေးလိုက်၏။ "မင်းတို့ ပွဲကိုပဲ အာရုံစိုက်တာ ပိုကောင်းမယ်... ထပ်ပြီး စည်းကမ်းဖောက်ရင် ငါ သေချာပေါက် ကတ်ပြမယ်..."
ချူဖုန်းက ဝမ်ဘစ်ဆာကာ၏ ပခုံးကို ပုတ်ကာ တည်တည်ငြိမ်ငြိမ် နေရန် အကြံပေးလိုက်သည်။ ပွဲကစားနေစဉ် စိတ်ခံစားချက် ရှိနိုင်သော်လည်း အခြေခံ အကျဆုံးသော ဆင်ခြင်တုံတရားများ ပျောက်ဆုံးသွား၍ လုံးဝ မဖြစ်ပေ။
ဘယ်သူက ထင်မှာလဲ... ဝမ်ဘစ်ဆာကာက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြကာ တီးတိုးဆိုလာ၏။ "အဲဒီ ငတုံးကို ကျွန်တော် တမင် ရန်စလိုက်တာ... ဒါမှ ခဏနေရင် ညာတောင်ပံမှာ ခံစစ်ကစားရတာ အများကြီး ပိုလွယ်သွားမှာလေ..."
ချူဖုန်း ခေတ္တမျှ ကြက်သေသေသွားပြီးနောက် တိတ်တဆိတ် ပြုံးလိုက်မိသည်။ ဒီကောင်လေးက တော်တော် ပါးနပ်တာပဲ။
"ဒီလောက်လေးနဲ့တော့ ဆာနေးကို အထင်မသေးလိုက်နဲ့... သူက တကယ်ကို စွမ်းဆောင်ရည် ရှိတယ်... အထူးသဖြင့် အရှိန်ပြင်းပြင်းနဲ့ လူလိမ်ခေါက်တဲ့ နေရာတွေမှာပေါ့..."
ချူဖုန်းက လေးနက်စွာ သတိပေးလိုက်သည်။
"စိတ်မပူပါနဲ့... ကျွန်တော် နားလည်ပါတယ်..." ဝမ်ဘစ်ဆာကာက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
ပွဲကို ပြန်လည် စတင်လိုက်သည်။
ဆာနေး တစ်ယောက် ဝမ်ဘစ်ဆာကာ အပေါ် အငြိုးထားနေပုံရပြီး ဘောလုံးရတိုင်း သူ၏ စွမ်းရည်ကို သက်သေပြရန်အတွက် ခံစစ်ကို ဖောက်ထွက်ရန်သာ ကြိုးစားနေတော့သည်။
ဝမ်ဘစ်ဆာကာနှင့် ဟာရဲရားတို့က ကြိုတင် ပြင်ဆင်ထားကြပြီး အချင်းချင်း ၆၀ ဒီဂရီ ထောင့်မှ နေရာ ယူထားကာ ရှေ့သို့ တက်မည့်လမ်းနှင့် အလယ်သို့ ချိုးဝင်မည့် လမ်းကြောင်းများကို ထိရောက်စွာ ပိတ်ဆို့ထားလိုက်ကြသည်။ ထို့ကြောင့် ဆာနေးက ဝမ်ဘစ်ဆာကာကို ကျော်ဖြတ်နိုင်ခဲ့လျှင်တောင် ဟာရဲရားက အကာအကွယ်ပေးရန် အသင့်ရှိနေမည် ဖြစ်သည်။
"သူက ပွဲမတိုင်ခင်က ချမှတ်ထားတဲ့ နည်းဗျူဟာတွေကို လုံးဝ မေ့သွားပြီး သူတစ်ယောက်တည်း တိုက်စစ်ဆင်ဖို့ကိုပဲ ဂရုစိုက်နေတော့တယ်... အဲဒီလိုဆိုရင် ငါတို့ ဘောလုံးပိုင်ဆိုင်မှု ကစားကွက် ကစားနေတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ..."
ဂွါဒီယိုလာက ရေသန့်ဘူးကို ပြင်းပြင်းထန်ထန် ပေါက်ချလိုက်ရာ ရေများ အပြင်သို့ စင်ထွက်သွားလေသည်။ ထိုဖြစ်ရပ်ကို ကြည့်ခြင်းဖြင့် သူ အလွန် ဒေါသထွက်နေကြောင်း သိနိုင်ပေသည်။
မည်သို့ပင်ဆိုစေ သူ၏ ယခင် အစီအစဉ်က ပွဲချိန် ၆၀ မှ ၇၀ မိနစ် အတွင်း နောက်ထပ် တစ်ဂိုး ထပ်သွင်းပြီး မော်ရင်ညို၏ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်မည့် မျှော်လင့်ချက်များကို လုံးဝ ဖျက်ဆီးပစ်ရန် ဖြစ်သည်။
သို့သော် သောက်ရူး ဆာနေးက မန်ယူအတွက် အခက်ခဲဆုံး အချိန်ကာလကို ကျော်ဖြတ်နိုင်ရန် ကူညီပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ချေပြီ။
ဘောလုံး အသေဖြစ်သွားသည့် အချိန်တွင် ဂွါဒီယိုလာက ဆာနေးကို ကွင်းဘေးသို့ ခေါ်ကာ ဟိန်းဟောက်လိုက်သည်။ "မင်း နောက်တစ်ခါ အဲဒီလို ကစားရဲ ကစားကြည့်... အခုချိန်ကစပြီး အရန်ခုံမှာ သွားထိုင်နေရမယ်..."
ထိုအခါမှ ဆာနေး တစ်ယောက် အိပ်မက်မှ လန့်နိုးသွားသကဲ့သို့ အလျင်အမြန် ခေါင်းညိတ် သဘောတူလိုက်ရသည်။ မန်စီးတီးတွင် ဘယ်တောင်ပံ ကစားသမား တစ်ယောက်မက ရှိပြီး သူက ပွဲထွက်ခွင့် သေချာရန်အတွက် အလှမ်းဝေးနေဆဲပင်…။ ဂွါဒီယိုလာက ကြင်နာတတ်ပုံပေါ်သော်လည်း ကစားသမား တစ်ယောက်ကို လက်မလွှတ်မီ သတိပေးချက် ပေးလေ့ သိပ်မရှိချေ။
"ဒုတိယပိုင်း ပွဲချိန် ၆၇ မိနစ်မှာတော့ မန်ယူတို့ နောက်ဆုံးတော့ အပြောင်းအလဲ လုပ်လာပါပြီဗျာ... လူစားလဲခွင့် သုံးကြိမ်လုံးကို တစ်ပြိုင်နက်တည်း အသုံးပြုသွားတာပါ..."
"အက်ရှလေယန်း နေရာမှာ လုခ်ရှော... မာတစ် နေရာမှာ မက်တော်မီနေး... ပေါ့ဘာ နေရာမှာ ရက်ရှ်ဖို့ဒ် ဝင်လာပါပြီ..."
"မော်ရင်ညိုရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် ရုတ်တရက် နားမလည်နိုင်တော့ဘူးဗျာ..."
နဗီးလ် လုံးဝကို အံ့အားသင့်သွားသည်။
အဝေးမှ စောင့်ကြည့်နေသော ဖာဂူဆန်က ခံစားချက်ဖြင့် မှတ်ချက်ပေးလိုက်သည်။ "ဟိုဆေးက လက်တွေ့ကျတဲ့ ခံစစ်ကိုပဲ ပိုသဘောကျတယ်လို့ လူတွေက အမြဲ ပြောကြတယ်... ဒါပေမဲ့ တကယ့် တကယ်ကျတော့ သူ့ရဲ့ နှလုံးသားက တော်တော်လေး ရူးသွပ်တယ်ကွ... အင်တာမီလန်ရဲ့ ၂-၃-၅ တိုက်စစ် ကစားကွက်ကို မင်း မှတ်မိသေးလား..."
ဆိုးလ်ရှားက သေချာ ပြန်လည် တွေးတောလိုက်သည်။
မော်ရင်ညိုရဲ့ ၄-၃-၃ ကစားကွက်...
မော်ရင်ညိုက ချယ်လ်ဆီးကို ပရီးမီးယားလိဂ်၌ ဗိုလ်စွဲအောင်၊ အင်တာမီလန်ကို ပထမဆုံးအကြိမ် ဖလားသုံးလုံး ရအောင် ထိုကစားကွက်ကို အသုံးပြုပြီး ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။
ဂွါဒီယိုလာ၏ ၄-၃-၃ က ဘောလုံးပေးပို့ခြင်းနှင့် ထိန်းချုပ်ခြင်းကို အဓိကထားလျှင် မော်ရင်ညို၏ ၄-၃-၃က ခံစစ်ရော တိုက်စစ်ပါ အစွန်းရောက်သော ကစားဟန် ဖြစ်သည်။
"သူက ဖိအားပေးတဲ့ စနစ်ကို စွန့်လွှတ်လိုက်တာလား..." ဆိုးလ်ရှား အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
"မင်း ဆက်ကြည့်နေလိုက်... ပြီးရင် နားလည်သွားလိမ့်မယ်..." ဖာဂူဆန်က ပြုံးကာ ပြောလိုက်သည်။
ဥရောပ ဘောလုံးလောကတွင် တိုက်စစ် အကောင်းဆုံးအသင်း ဖြစ်သော မန်စီးတီးနှင့် ထိပ်တိုက် ရင်ဆိုင်ချင်လောက်အောင် မော်ရင်ညို တစ်ယောက် ဤမျှအထိ ရူးသွပ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဒုတိယပိုင်း ပွဲချိန် ၇၁ မိနစ်။
ကန်တေနှင့် မက်တော်မီနေးတို့က ခံစစ်ကို ကူညီပေးရာ ဒီဘရိုင်းနား တစ်ယောက် အသင်းဖော်ထံ နောက်ပြန်ပေးလိုက်ရသည်။
ချူဖုန်းက ဂန်ဒိုဂန်ထံသို့ ပြင်းပြင်းထန်ထန် ခုန်ဝင်သွားလေသည်။
မန်စီးတီး၏ အကြီးမားဆုံး အားနည်းချက်က ကွင်းလယ်ခံစစ် ဖြစ်ပြီး ဖာနန်ဒင်ဟိုရော ဂန်ဒိုဂန်ပါ လုံလောက်သော ခံစစ်စွမ်းအားကို မပေးစွမ်းနိုင်ကြပေ။
ပွဲမစမီက ချူဖုန်း ပြောခဲ့သော စကားများက ဤအခိုက်အတန့်တွင် အမှန်တကယ် ဖြစ်လာခဲ့ချေပြီ။
ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုများ ကြားတွင် ဂန်ဒိုဂန်၏ ပေးပို့မှုက လမ်းကြောင်းလွဲသွားပြီး ဝမ်ဘစ်ဆာကာ၏ ကြားဖြတ် လုယူခြင်းကို ခံလိုက်ရသည်။ သူက ဆာနေး၏ ဝင်ရောက် လုယူမှုကို ရှောင်တိမ်းကာ ဟာရဲရားထံသို့ ကြိုတင်၍ ဘောလုံး ပေးပို့လိုက်သည်။
၄-၃-၃ ကစားကွက် အောင်မြင်ရန်အတွက် ထိပ်တန်း ကစားသမားများ အထူးသဖြင့် ဗဟိုတိုက်စစ်မှူး တစ်ဦးက မရှိမဖြစ် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ဗဟိုတိုက်စစ်မှူးက တိုက်စစ်တွင် ပိုမို တာဝန်ယူရပြီး ဘောလုံးကို အဆက်မပြတ် လက်ခံရယူကာ တောင်ပံရှိ အသင်းဖော်များ၏ တိုက်စစ်ကို ပံ့ပိုးပေးရပြီး ပြိုင်ဘက်၏ ခံစစ်ကို တစ်ယောက်တည်း တိုက်ခိုက်ရသောကြောင့် ဖြစ်သည်။
ချယ်လ်ဆီး၊ အင်တာမီလန်တို့နှင့် ယှဉ်လျှင် မန်ယူ၏ အခြေခံ ဖွဲ့စည်းပုံက အဆင့်မီမှု မရှိသေးဘဲ အထူးသဖြင့် အစွန် နောက်ခံလူ နှစ်ဦး နေရာတွင် ပို၍ သိသာသည်။ ထို့ကြောင့် ချူဖုန်းက ခံစစ်ကစားသမားများကို ပိုမို ဆွဲဆောင်ထားရန် လိုအပ်ပေသည်။
သူက ဂန်ဒိုဂန်၏ နောက်သို့ ရွေ့လျားသွားကာ အသင်းဖော်များကို အချိန်မရွေး ကူညီပေးရန် အသင့်ပြင်ထားလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကစားသမား သုံးဦးက သူတို့၏ အာရုံကို သူ့ထံသို့ စုစိုက်လိုက်ကြသည်။
***