"မန်ယူတို့ ခံစစ်မှာ ကစားသမား သုံးယောက်ပဲ ချန်ထားခဲ့ပြီး ကျန်တဲ့သူတွေ အကုန်လုံး ရှေ့ကို ပြေးတက်သွားကြပြီဗျာ..."
"၂-၃-၅ တိုက်စစ် ကစားကွက်ကြီးဗျာ... မန်ယူတို့များ ရူးသွားကြပြီလား..."
"ဂွါဒီယိုလာနဲ့ မော်ရင်ညိုက လက်ရှိ ဘောလုံးလောကမှာ အကြီးကျယ်ဆုံး နည်းပြတွေဆိုတာ တကယ်ကို ထိုက်တန်ပါတယ်ဗျာ... ဒီပွဲမှာ သူတို့ ပြသသွားတဲ့ စိတ်ဓာတ်ခွန်အားကို ကြည့်လိုက်ပါဦး..."
"ကျွန်တော် ဘယ်လို ဖော်ပြရမှန်းတောင် မသိတော့ပါဘူးဗျာ..."
နဗီးလ် တစ်ယောက် စိတ်အားထက်သန်စွာဖြင့် ဟိန်းဟောက်လိုက်သည်။
ဟာရဲရားက အခွင့်အရေးကို ဆုပ်ကိုင်၍ ဝမ်ဘစ်ဆာကာထံသို့ ဘောလုံး ကန့်လန့်ဖြတ် ပေးပို့လိုက်ရာ ဝမ်ဘစ်ဆာကာက မာရက်ဇ်နှင့် တွဲကစားပြီး ဇင်ချန်ကို၏ ခံစစ်ကို ကျော်ဖြတ်သွားလေသည်။
"ငါ့ဆီ ကန့်လန့်ဖြတ် ပေးလိုက်..." ဝမ်ဘစ်ဆာကာ ဘာလုပ်ရမှန်း မသိဖြစ်နေသည်ကို ချူဖုန်း မြင်လိုက်သည်။
ဝမ်ဘစ်ဆာကာ၏ တိုက်စစ် စွမ်းရည်က အလွန် အားနည်းလွန်းရာ သူ့ကို တိုက်စစ်ဆင်ရန် မျှော်လင့်ခြင်းက လေထဲ၌ တိုက်အိမ်ဆောက်ခြင်းမျှသာ ဖြစ်ပေမည်။
ထိုစကားကို ကြားသောအခါ ဝမ်ဘစ်ဆာကာက နောက်ထပ် တွေဝေမနေတော့ချေ။
ဒုတ်...
ဘောလုံးက အလယ်သို့ လိမ့်လာသည်။
အချိန် အနည်းငယ် နှောင့်နှေးသွားမှုကြောင့် ချူဖုန်း ဘောလုံး လက်ခံရယူချိန်တွင် ဂန်ဒိုဂန်က နောက်ဆုတ်ကာ သူ၏ နေရာကို ပြန်လည် ယူထားပြီး ဖြစ်သည်။
သို့သော် သူ ရပ်မနေဘဲ ခန္ဓာကိုယ်ကို လှည့်ကာ မြေကြီးကို ကန်၍ အရှိန်တင်လိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးက မျက်တောင်တစ်ခတ်အတွင်း ပြီးဆုံးသွားခြင်းပင်။
သူ ဂန်ဒိုဂန်ကို ကောင်းကောင်း သိသည်။ သူတို့၏ ခံစစ်အသိက ကောင်းမွန်သော်လည်း သူ့တွင် အားနည်းချက် တစ်ခု ရှိသည်။ ယင်းက အရမ်း နှေးကွေးခြင်းပင်။ သူ့ကို တစ်ကြိမ် လှည့်စား ကျော်ဖြတ်လိုက်သည်နှင့် အခြေခံအားဖြင့် ပြန်လိုက်မီရန် မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် ချူဖုန်းက မည်သည့် လှည့်စားမှုမျှ သုံးစရာ မလိုဘဲ ညာဘက်မှနေ၍ အလျင်အမြန် ဖောက်ထွက်သွားတော့မည်မှာ ရှင်းလင်းနေသည်။
ဂန်ဒိုဂန်က နေရာလွတ်ကို ပိတ်ဆို့ရန်သာ ကြိုးစားနိုင်သည်။
ဘန်း...
ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ပြင်းထန်လာသည်နှင့်အမျှ ဂျာမန်သား၏ ဟန်ချက် ယိမ်းယိုင်သွားပြီး ထိန်းမရဘဲ ဘေးဘက်သို့ ရွေ့လျားသွားလေသည်။
ချူဖုန်းက အတင်း တိုးထွက်သွားသည်။
သို့သော် သူ နောက်ထပ် လှုပ်ရှားမှု မလုပ်နိုင်မီမှာပင် စတုန်းစ်က မယုံနိုင်လောက်အောင် ရက်စက် ကြမ်းကြုတ်စွာဖြင့် တိုက်ခိုက်လာလေပြီ။ သူ၏ အချိန်ကိုက်မှုနှင့် လှုပ်ရှားမှုများက အပြစ်ပြောစရာ မရှိအောင် ပြီးပြည့်စုံလွန်းလှသည်။
'မင်း အဲဒီလို လှုပ်ရှားလာမယ့် အချိန်ကိုပဲ ငါတို့ စောင့်နေခဲ့တာ...'
ချူဖုန်းက သူ၏ ညာခြေကို ပိုမို လျင်မြန်စွာ ဆန့်ထုတ်လိုက်ပြီး ဘယ်ဘက်သို့ ဘောလုံးကို ပြန်ဆွဲလိုက်သည်။
ဒုတ်…
စတုန်းစ်၏ ခြေထောက်က သူ့ညာခြေကို လာထိသည်။ FG ဘောကန်ဖိနပ် ဆူးများဖြင့် အနင်းခံလိုက်ရသော နာကျင်မှုက ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။
'ဒီနေရာကနေ ပြစ်ဒဏ်ဘော ကန်ရမယ်ဆိုရင် ရွေးချယ်စရာ တစ်ခုအနေနဲ့ သိပ်မဆိုးဘူး မဟုတ်လား...'
သို့သော် ချူဖုန်းက ခဲယဉ်းစွာ ရရှိထားသော ဤအခွင့်အရေးကို အလဟဿ မဖြစ်စေချင်သဖြင့် နာကျင်မှုကို ကြိတ်မှိတ်ခံကာ ပင်နယ်တီဧရိယာထဲသို့ ဆက်လက် လိမ်ခေါက် ဝင်ရောက်သွားပြီး သူ၏ နောက်ဆုံးကျန်ရှိနေသော ခွန်အားများကို အသုံးပြု၍ အဝေးတိုင်ဆီသို့ ဘောလုံး ကွေးတင်ပေးလိုက်လေသည်။
ဘောလုံးက ကွန်ပနီ၏ ခြေဖျားကို ပွတ်တိုက်သွားပြီး လှပသော စက်ဝန်းလေး တစ်ခုကို ပုံဖော်သွားလေသည်။
"နောက်ကို သတိထား..." ကွန်ပနီက ထိတ်လန့်တကြား သတိပေးလိုက်သည်။
သူ လှည့်ကြည့်လိုက်သောအခါ ရက်ရှ်ဖို့ဒ်နှင့် ဝေါ်ကာတို့ နှစ်ဦး အပြေးပြိုင်ပွဲ ဆင်နွှဲနေကြသည်ကို တွေ့လိုက်ရသည်။ သို့သော် ဝေါ်ကာက ၆၇ မိနစ် ပိုကစားထားရသဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ရက်ရှ်ဖို့ဒ်လောက် မကောင်းနိုင်သည်မှာ သေချာလှသည်။
နောက်ဆုံးတွင် မန်ယူပရိသတ်များ၏ စိုးရိမ်တကြီး စောင့်ကြည့်နေမှုအောက်တွင် ရက်ရှ်ဖို့ဒ်က လျှောထိုးကာ ဘောလုံးကို ဂိုးပေါက်ထဲသို့ သွင်းယူသွားလေတော့သည်။
၃-၂
မန်ယူတို့ ထပ်မံ ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
"ဂိုး....."
"မန်ယူရဲ့ အစွမ်းကုန် တိုက်စစ်ကြီးက မန်စီးတီးရဲ့ ဘောလုံးပေးပို့ထိန်းချုပ်တဲ့ ကစားကွက်ကို အပိုင်းပိုင် းအစစ ဆွဲဖြဲပစ်လိုက်ပြီး ဦးဆောင်ဂိုးကို ထပ်မံ ရယူသွားပြန်ပါပြီဗျာ..."
ဂယ်ရီနဗီးလ် တစ်ယောက် စကားပင် ဆက်မပြောနိုင်တော့ချေ။ အနီရောင်ဂျာစီ ဝတ်ဆင်ထားသော မန်ယူကစားသမားများက မန်စီးတီးကွင်းဘက်ခြမ်းဆီသို့ တုံ့ဆိုင်းမှု အလျဉ်းမရှိဘဲ ရဲရဲတောက် ပြေးဝင်သွားကြသည်ကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲမှပင် အပျော်လှိုင်းတို့ လှိုက်တက်လာ၏။
တကယ်တမ်း ခေတ်သစ် ဘောလုံးလောကတွင် လူအများစုက ကစားသမားများ၊ နည်းပြများနှင့် နည်းဗျူဟာပိုင်းများကိုသာ ပိုမို အာရုံစိုက်လာကြသည်။ သို့သော် နဗီးလ်ကတော့ ထိုအရာများကို သဘောမတူပေ။
ဘောလုံးလောကတွင် စိတ်ဝင်စားစရာ အကောင်းဆုံးသော အရာများမှာ စိတ်အားထက်သန်မှု၊ အသင်းလိုက် စည်းလုံးညီညွတ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုတို့သာ ဖြစ်သည်ဟု သူ အခိုင်အမာ ယုံကြည်ထား၏။ ဝေးကွာသော်လည်း တူညီသော ပန်းတိုင်တစ်ခုအတွက် အသင်းဖော်များက ပခုံးချင်းယှဉ်ကာ အတူတကွ တိုက်ပွဲဝင်ကြခြင်း...။ ဒါက ဘောလုံးသမားများ အမြတ်နိုးဆုံး ဖြစ်သင့်သည့် အရာပင်။
"ဆာအဲလက်စ် ဖာဂူဆန်က ကျွန်တော်တို့ကို တစ်ခါက ဒီလိုပြောဖူးတယ်... ပွဲပြီးရင် ဘယ်တော့မှ မငိုကြနဲ့... မင်းတို့ တစ်ခုခု လုပ်ချင်ရင် ကွင်းထဲမှာပဲ အစွမ်းကုန် လုပ်ပြလိုက်... ကစားသမားတွေ အနေနဲ့ရော၊ ယောက်ျားကောင်းတွေ အနေနဲ့ပါ... ကွင်းထဲကနေ မထွက်ခွာခင်မှာ ကိုယ်လုပ်နိုင်တာ အကုန်လုပ်ခဲ့ပြီလို့ လိပ်ပြာသန့်သန့်နဲ့ ရဲရဲကြီး ပြောနိုင်ရမယ်တဲ့..."
ထိုသို့ပြောပြီးနောက် နဗီးလ်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဟိန်းဟောက်လိုက်သည်။ "ဒါက သရဲနီ စိတ်ဓာတ်ရဲ့ အနှစ်သာရ အပြည့်ဝဆုံးနဲ့ အတိုက်ရိုက်ဆုံး သရုပ်ဖော်မှုပါပဲဗျာ..."
ဝန်ခံရမည်ဆိုလျှင် နည်းဗျူဟာပိုင်း၌ မန်စီးတီးက မန်ယူထက် ပိုမို သာလွန်နေသည်မှာ အမှန်ပင်ဖြစ်ပြီး ဂွါဒီယိုလာ၏ စွမ်းဆောင်ရည်ကို မည်သူကမျှ မငြင်းဆိုနိုင်ပေ။ ထို့ကြောင့် စက္ကူပေါ်ရှိ အင်အားချင်းက အကြမ်းဖျင်း တူညီနေမည်ဆိုပါက နည်းဗျူဟာပိုင်း ကွာဟချက်ကို ဘာနှင့် ပြန်လည် ဖြည့်ဆည်းကြမည်နည်း။
အဖြေမှာ စိတ်ဓာတ်ခွန်အားပင် ဖြစ်သည်။ နောက်ဆုံးစက္ကန့်အထိ ဘယ်သောအခါမှ အရှုံးမပေးခြင်းနှင့် အောင်ပွဲကို ရှာဖွေရန် ဘယ်သောအခါမှ ရပ်တန့်မပစ်ခြင်းတည်း။
ဥပမာအားဖြင့် ၁၉၅၈ ခုနှစ် မြူးနစ် လေယာဉ်ပျက်ကျမှု အပြီးတွင် မန်ယူတို့က စိတ်ဓာတ် ကျမသွားခဲ့သည့် အပြင် ရီးရဲလ်မက်ဒရစ် ကဲ့သို့သော အသင်းကြီးများ၏ ကူညီထောက်ပံ့မှုများကိုပင် ငြင်းပယ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ပေါ်ပေါက်လာသော သရဲနီတို့၏ သမိုင်းဝင် မော်ကွန်းက ဆက်လက် ရှင်းပြနေရန်ပင် မလိုအပ်တော့ချေ။
သမိုင်းတစ်လျှောက် မည်သည့်အသင်းမှ အလုံးစုံ ပျက်စီးသွားပြီးနောက် ပြန်လည် နလန်ထူနိုင်ခဲ့ခြင်း မရှိခဲ့ဖူးပေ။ သို့သော် သရဲနီတို့ကတော့ စိတ်ဓာတ်ကို အရင်းတည်၍ ပြန်လည် ရှင်သန်လာသည်။
ထို့ကြောင့်လည်း ဥရောပတွင် မန်ချက်စတာ ယူနိုက်တက်ကို လေးစားကြခြင်း ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် မန်ယူတွင် ကြေကွဲဖွယ်ကောင်းသော သမိုင်းကြောင်း ရှိခဲ့သလို သွေးစွန်းနေသကဲ့သို့ အနီရောင် ဂျာစီကို ဝတ်ဆင်လိုက်တိုင်း မည်သည့်အခါမှ အရှုံးမပေးတတ်သည့် စိတ်ဓာတ်ကို ခံစားရနိုင်သောကြောင့် ဖြစ်ပေသည်။
"ငါတို့ တောင်ပံတွေ ဖြန့်ကျက်ပြီး... ကောင်းကင်ယံအထိ မြင့်မြင့် ပျံသန်းကြမယ်... ငါတို့ရဲ့ တစ်ခုတည်းသော အကန့်အသတ်က ကောင်းကင်ဘုံပဲ... အောင်ပွဲတွေနဲ့ ကြေကွဲမှုတွေ ကြားထဲကနေ... တစ်ကမ္ဘာလုံး ငါတို့နာမည်ကို မသိမချင်း... ငါတို့ ဘယ်တော့မှ အနားယူမှာ မဟုတ်ဘူး..."
'Lift It High' အမည်ရ အသင်းသီချင်းကို ပရိသတ်များက သံပြိုင် ဟစ်ကြွေးနေကြသည်။
ဤသီချင်းကို ၁၉၉၉ ခုနှစ် အက်ဖ်အေဖလား ဗိုလ်လုပွဲ မတိုင်မီက လက်ရှိ မန်ယူကစားသမားများ ကိုယ်တိုင် သီဆိုခဲ့ကြခြင်း ဖြစ်ပြီး ထိုသီချင်းကပင် နောက်ထပ် သီတင်းပတ် နှစ်ပတ်အကြာတွင် မန်ယူအတွက် တစ်ခါမှ မရဖူးသော ဖလားသုံးလုံး အောင်ပွဲကို ရယူနိုင်ရန် သတ္တိများ ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ယခု မန်ယူ ပရိသတ်များက ဤသီချင်းကို သီဆိုနေကြခြင်းမှာ ထိုကဲ့သို့သော အံ့ဖွယ်ဖြစ်ရပ်ကို ထပ်မံ ပုံတူကူးချင်၍သာ ဖြစ်မည်မှာ သဘာဝပင်။ သို့သော် မဟုတ်သေးပေ။ ချန်ပီယံဆု လေးလုံး သို့မဟုတ် ငါးလုံးနှင့်အတူ အံ့ဖွယ်ဖြစ်ရပ်တွေကိုပါ ကျော်လွန်သွားချင်ကြခြင်း ဖြစ်လေသည်။
ချူဖုန်းက ပွဲကြည့်စင်ပေါ်ရှိ ကြေးရုပ်တုကြီးကို မော့ကြည့်ရင်း သူ ကြည့်ခဲ့ဖူးသော ‘Manchester United Reborn’ ရုပ်ရှင်ကို ပြန်လည် အမှတ်ရလာမိသည်။ လူငယ်အကယ်ဒမီသို့ မဝင်ရောက်မီ ကစားသမားတိုင်း ထိုရုပ်ရှင်ကို မဖြစ်မနေ ကြည့်ရှုရသည်။
ထိုကားထဲတွင် ဆာဘော်ဘီချာလ်တန် တစ်ယောက် မြူးနစ် လေယာဉ်ပျက်ကျမှုမှ အသက်ရှင် လွတ်မြောက်လာခဲ့သည့် ဇာတ်ဝင်ခန်း တစ်ခု ပါဝင်သည်။ သို့သော် ၎င်းက ကောင်းချီးတစ်ခုလား သို့မဟုတ် ကျိန်စာတစ်ခုလား ဆိုသည်မှာ တွေးတောစရာပင်။
အဘယ်ကြောင့်ဆိုသော် သူနှင့် နေ့စဉ်အတူတကွ အချိန်ဖြုန်းခဲ့ပြီး မနေ့ကတင် နောက်ပြောင်နေခဲ့သော သူ၏ အသင်းဖော်များက လေယာဉ်အပျက်အစီးများနှင့် မီးတောက်များကြားတွင် သွေးသံရဲရဲဖြင့် သေဆုံးသွားသည်ကို သူ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။ ထို့ပြင် သူ၏ အချစ်ဆုံးသူငယ်ချင်း အက်ဒ်ဝပ်စ်မှာ ကျောက်ကပ်ပျက်စီးမှု ဝေဒနာကို ဆယ့်ငါးရက်တိုင်တိုင် ပြင်းပြင်းထန်ထန် ခံစားရပြီးနောက် တဖြည်းဖြည်း အသက်ငွေ့ ပျောက်ကွယ်သွားသည်ကိုပင် သူ လက်ပိုက် ကြည့်နေခဲ့ရသည်။ ထိုမျှ ကြေကွဲစရာတွေ ကြုံခဲ့ရတာတောင် ဆာဘော်ဘီချာလ်တန်က နောက်တစ်ကြိမ် ပြန်လည် မတ်တပ်ရပ်နိုင်ခဲ့သေးသည် မဟုတ်ပါလား…။ 'လူတွေက ငါ့ကို စိတ်ဓာတ်ခိုင်မာတယ်လို့ အမြဲ ပြောကြတယ်... ဒါပေမဲ့ ငါသာ ဆာဘော်ဘီ ချာလ်တန် နေရာမှာဆိုရင် ဘောလုံးကစားတာကို အစောကြီးကတည်းက စွန့်လွှတ်လိုက်မိလောက်ပြီ...'
ချူဖုန်းက ရှုပ်ထွေးနေသော အတွေးများကို ခါထုတ်လိုက်ပြီး အောင်ပွဲခံရန် အသင်းဖော်များထံသို့ ပြေးသွားလိုက်သည်။
***