ရက်ရှ်ဖို့ဒ် တစ်ယောက် ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသည်။ သူက လက်နှစ်ဖက်ကို ရမ်းကားစွာ ဝှေ့ယမ်းရင်း "အခု ငါက မန်ယူရဲ့ သူရဲကောင်းကြီး ဖြစ်သွားပြီလား..." ဟု တီးတိုး ရေရွတ်နေမိသည်။
"ဒါပေါ့ကွ... မင်းက သူရဲကောင်းပဲ..." ဟာရဲရားက အသံကျယ်ကြီးဖြင့် ရယ်မောကာ အဖြေပေးလိုက်သည်။
ဒုတိယပိုင်း ပွဲချိန် မိနစ် ၇၀ တွင် ဂိုးသွင်းယူပေးပြီး မန်ယူကို ပြန်လည် ဦးဆောင်နိုင်အောင် ကူညီပေးနိုင်ခဲ့သည့် ကစားသမားက သူရဲကောင်း မဟုတ်လျှင် မည်သူက သူရဲကောင်း ဖြစ်မည်နည်း။
"ဟေး... ငါ့ရဲ့ ကြိုးစားအားထုတ်မှုကိုလည်း မမေ့ကြနဲ့ဦး... ဂန်ဒိုဂန်နဲ့ စတုန်းစ်ကို ကျော်ဖြတ်ဖို့ဆိုတာ ဟယ်ရီ့ကို ကျော်ဖြတ်ရတာထက် အများကြီး ပိုခက်တယ်ကွ..." ဟု ချူဖုန်းက မကျေမနပ်ဖြစ်ဟန်ဖြင့် နောက်ပြောင်လိုက်သည်။
ထိုစကားကို ကြားသောအခါ မက်ဂွိုင်းယားက နားမလည်နိုင်သော အမူအရာဖြင့် "ခံစစ်စွမ်းရည် သက်သက်ကို ပြောရရင်... စတုန်းစ်က ငါ့လောက် သေချာပေါက် မကောင်းဘူးကွ... ငါသာ နေရာမှန် ယူထားနိုင်ရင် ချူဖုန်း ပေါင်ငါးဆယ်လောက် ထပ်တက်လာရင်တောင် ငါ့ကို တွန်းဖယ်နိုင်မှာ မဟုတ်ဘူး..." ဟု ပြန်လည် ချေပလေသည်။
"ချူဖုန်းက မင်းကို ဝင်တိုက်စရာမှ မလိုတာ... သူက မင်းဘေးကနေ အေးဆေး ပတ်ပြေးသွားမှာပေါ့... အဲဒီအချိန် မင်းက ကိုယ်တစ်ပိုင်းတောင် လှည့်လို့ ပြီးဦးမှာ မဟုတ်ဘူး..." ဟု မာရက်ဇ်က ဝင်ရောက် ထိုးနှက်လိုက်သည်။
မက်ဂွိုင်းယား နှုတ်ခမ်းတွန့်သွားသော်လည်း ပြန်လည် ချေပရန် အကြောင်းပြချက် မပေးနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် မာရက်ဇ် ပြောသည်က အမှန်ပင် ဖြစ်နေသောကြောင့်တည်း။
အသင်းဖော်များ အောင်ပွဲခံ၍ ပြီးဆုံးသွားသောအခါ ချူဖုန်းက လေးနက်သော လေသံဖြင့် "တစ်ဂိုးအသာ ဦးဆောင်နေတာက စိတ်မချရသေးဘူး... ငါတို့ အရှုံးမပေးသလို မန်စီးတီးကလည်း သေချာပေါက် အရှုံးပေးမှာ မဟုတ်ဘူး..." ဟု သတိပေးလိုက်သည်။
ပြီးခဲ့သည့် ရာသီက လိဂ်ချန်ပီယံဆုကို လက်လွှတ်ခဲ့ရသောကြောင့်လားတော့ မသိ။ မန်စီးတီး ကစားသမားများ၏ ရုန်းကန်နိုင်စွမ်းက အလွန်အမင်း မြင့်တက်လာခဲ့သည်။
ထို့ပြင် မန်စီးတီး အတွက်က နောက်ထပ် တစ်ဂိုးသာ သွင်းနိုင်ပြီး သရေရလဒ်ကို ထိန်းထားနိုင်ပါက လုံလောက်နေပြီ ဖြစ်သည်။ အသင်းနှစ်သင်းကြား အမှတ်ကွာဟချက်က ပြောင်းလဲသွားမည် မဟုတ်သဖြင့် မန်စီးတီးသာ ကျန်ရှိနေသော ပွဲစဉ်များတွင် တည်တည်ငြိမ်ငြိမ် ကစားနိုင်ပါက လိဂ်ချန်ပီယံဆုကို သေချာပေါက် ရယူနိုင်ပြီး မန်ချက်စတာမြို့အထက်တွင် အပြာရောင်အလံကို လွှင့်ထူနိုင်မည် ဖြစ်သည်။
မျှော်လင့်ချက်က ခြေတစ်လှမ်း အလိုတွင်သာ ရှိနေသောအခါ လူတွေ ထုတ်လွှတ်နိုင်သော စွမ်းအင်က စိတ်ကူးယဉ်နိုင်စွမ်းထက်ပင် ကျော်လွန်နေတတ်သည်။
"ဒီနေ့ပွဲသာ ရှုံးနိမ့်မှုနဲ့ အဆုံးသတ်သွားရင်... မင်းတို့ ဘယ်လို တွေးကြမလဲ မသိဘူး..."
အဂူရိုက အဝေးကွင်း ပွဲကြည့်စင်ရှိ အပြာနုရောင် ဧရိယာလေးကို လက်ညှိုးထိုးပြကာ အက်ကွဲနေသော လေသံဖြင့် "ဘာပဲဖြစ်ဖြစ်... ငါကတော့ တစ်သက်လုံး နောင်တရနေတော့မှာပဲ..." ဟု ပြောလိုက်သည်။
ထို့နောက် သူက ဆက်၍ "ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် နောင်တရစရာတွေ အဖြစ်မခံကြနဲ့... မှတ်ထား... မန်ယူရဲ့ ခံစစ်က မင်းတို့ ထင်ထားသလောက် မမာကျောဘူး... မဟုတ်ရင် ငါတို့ အရင် နှစ်ဂိုး သွင်းနိုင်ခဲ့မှာ မဟုတ်ဘူး..."
ထိုစကားကို ပြောပြီးနောက် အဂူရိုက ကွင်းလယ်စက်ဝိုင်းဆီသို့ ပြန်သွားလေသည်။
ဒီဘရိုင်းက နောက်ပြန်လှည့်သွားသော ချူဖုန်း၏ ကျောပြင်ကို ခေတ္တမျှ ကြည့်နေပြီးနောက် သူ၏ နေရာသို့ တိတ်ဆိတ်စွာ ပြန်သွားလိုက်သည်။ ထို့နောက် ယခုလေးတင် ပေးလိုက်ရသော ဂိုးကို အကျိုးသင့်အကြောင်းသင့် ပြန်လည် ခွဲခြမ်းစိတ်ဖြာနေမိသည်။
"လာစမ်းပါ..."
ဒီဘရိုင်းက အတွေးများကို ရပ်တန့်လိုက်ပြီး လက်သီးကို ဆုပ်ကာ သူ့ကိုယ်သူ အားပေးလိုက်သည်။
အိုးထရက်ဖို့ဒ်ကွင်း၏ ဒီရေလုံးလှိုင်းများကဲ့သို့ ကျယ်လောင်သော အားပေးသံများအောက်တွင် ပွဲကို ပြန်လည် စတင်လိုက်ချေပြီ။
မန်စီးတီး၏ နည်းဗျူဟာများက ထပ်မံ ပြောင်းလဲသွားပြီး တောင်ပံ ကစားသမား နှစ်ဦးက အလယ်ဗဟိုသို့ ချိုးဝင်လာကာ ကန်တေ၏ နောက်ကျောဘက်တွင် ပုန်းအောင်းနေကြသည်။ ရည်ရွယ်ချက်မှာ တောင်ပံနှစ်ဖက်ကြားရှိ နေရာလွတ်ကို ပိုမို ဆွဲဆန့်ရန်ပင်။
ဒီဘရိုင်းက လက်ရှိတွင် သူ၏ အထွတ်အထိပ် အချိန်သို့ ရောက်ရှိနေပြီး အနာဂတ်တွင် ဗိုက်ရွှဲလာမည့် အချိန်နှင့် လုံးဝ မတူသေးပေ။ သူက နည်းဗျူဟာပိုင်းဆိုင်ရာ တာဝန်များကို တဖြည်းဖြည်း ပိုမို ယူလာကာ မန်စီးတီး၏ ကွင်းလယ်နှင့် တိုက်စစ်ကို ချိတ်ဆက်ပေးပြီး တစ်သင်းလုံး၏ ဘောလုံးပေးပို့ထိန်းချုပ်မှုကို ပိုမို ချောမွေ့လာစေသည်။
သို့ရာတွင် ချူဖုန်းနှင့် အဖွဲ့က ဒီဘရိုင်းအား ပစ်မှတ်ထား၍ လူကပ်မှု စတင်လာသောအခါ ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေသည့် ပြဿနာကို သူတို့ တွေ့ရှိသွားကြသည်။ မန်စီးတီးက ကစားကွက် ဖန်တီးရှင် တစ်ဦးတည်းသာ ရှိသည့် အသင်း မဟုတ်ပေ။
ဖာနန်ဒင်ဟိုနှင့် မတူဘဲ ဂန်ဒိုဂန်တွင် စည်းချက်ကို ထိန်းချုပ်နိုင်သည့် အလွန် အားကောင်းသော စွမ်းရည် ရှိသည့်အပြင် ပင်နယ်တီဧရိယာထဲသို့ နောက်ချန် ပြေးဝင်လာပြီး စတိုင်ကျကျ ဂိုးသွင်းနိုင်စွမ်းလည်း ရှိသည်။ မန်ယူတို့ သူတို့၏ ပစ်မှတ်ကို မပြောင်းလဲမီမှာပင် သူက ဒေးဗစ်ဆေးလ်ဗားထံသို့ ဘောလုံး ပေးပို့လိုက်သည်။
ဒေးဗစ်ဆေးလ်ဗားက လက်ရှိတွင် အကူးအပြောင်း နေရာမှသာ တာဝန်ယူနေ၏။ ဘောလုံးကို ကြာကြာ ကိုင်ထားခြင်းနှင့် လိမ်ခေါက်ခြင်းတို့ကို ရှောင်ကြဉ်ခြင်းက စွမ်းအင် ကုန်ဆုံးမှုကို လျော့ကျစေသည့်အပြင် ဘောလုံး အလုခံရခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် ဒေးဗစ် ဆေးလ်ဗားက ယခုချိန်အထိ ကောင်းကောင်း ကစားနိုင်သေးလေသည်။
ဆေးလ်ဗားက ဘောလုံးကို ဂန်ဒိုဂန်ဆီ ပြန်ပို့လိုက်၏။ ဂန်ဒိုဂန်က ရှေ့သို့ ပြေးတက်သွားပြီး ဘောလုံးကို လက်ခံရယူကာ မန်ယူကွင်းဘက်ခြမ်းဆီသို့ ဆွဲတက်လာသည်။
သို့သော် မန်ယူ၏ ကစားသမားများကလည်း စိတ်ပိုင်းဖြတ်မှုများဖြင့် ကစားနေကြသည်။
"ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ကစား... လူချင်း ပူးထား... ပူးထား..."
"အလွယ်တကူ လျှောမထိုးနဲ့..."
"အန်ဂိုလို... မင်းနောက်ကို သတိထား..."
ကန်တေက ဂန်ဒိုဂန်၏ မျှောထိုးပေးပို့မှုကို ကြိုတင် ခန့်မှန်းရွေ့လျားပြီး ကြားဖြတ် ဖြတ်တောက်လိုက်သည်။ သူက ဟာရဲရားထံသို့ ဘောလုံး ပေးပို့လိုက်သည်နှင့် တစ်ပြိုင်နက် မန်စီးတီး ကစားသမားများက လျင်မြန်စွာ အပေါ်ဖိအား ပြန်ပေးလာကြရာ ဟာရဲရား တစ်ယောက် ချက်ချင်း ဝိုင်းရံခံလိုက်ရသည်။
ဟာရဲရားတွင် ပေါ့ဘာလောက် ခြေစွမ်းခြေစ သိပ်မရှိချေ။ သူ့ကို ဧရိယာကျဉ်းကျဉ်းလေးထဲမှ ရုန်းထွက်နိုင်ရန် မျှော်လင့်ခြင်းက မက်ဂွိုင်းယား အောင်မြင်အောင် လုပ်ပြနိုင်မည်ဟု မျှော်လင့်ခြင်းထက်ပင် ဖြစ်နိုင်ခြေ ပိုနည်းနေသေးသည်။ ချူဖုန်းက ဟာရဲရားကို ကူညီပေးရန် နောက်ဆုတ်လာသော်လည်း သူ၏ ရည်ရွယ်ချက်များက အလွန် သိသာလွန်းနေသည်။
"အရှိန်ကို ပိုတင်... အသုံးမကျတဲ့ ဘောလုံးပေးပို့တာတွေ၊ ထိန်းချုပ်နေတာတွေကို ရပ်လိုက်တော့..."
ဒီဘရိုင်းက သူ၏ ရှေ့တွင် နေရာယူထားပြီး ဘောလုံးကို ကြားဖြတ်လုယူကာ ဆာနေးထံသို့ ချက်ချင်း ပေးပို့လိုက်သည်။
"သောက်ကျိုးနည်းပဲ..." ချူဖုန်းက တိုးတိုးလေး ကျိန်ဆဲလိုက်ပြီးနောက် အမြန် ပြေးလိုက်လေသည်။
ယုတ္တိဗေဒအရ ပြောရလျှင် မန်စီးတီးက သုံးကြိမ်တိုင်တိုင် နောက်ကနေ လိုက်ကစားနေရသဖြင့် သူတို့ လုံးဝ ပြိုလဲမသွားလျှင်တောင် စိတ်ဓာတ်ခွန်အား အနည်းငယ်တော့ ကျဆင်းသွားသင့်သည် မဟုတ်ပါလား။ သို့သော် မန်စီးတီး ကစားသမားများ၏ စိတ်လှုပ်ရှား တက်ကြွနေသော အမူအရာများကို ကြည့်ရသည်မှာ မသိလျှင် သူတို့ကပဲ ဦးဆောင်နေသလား ထင်ရသည်။
ဂွါဒီယိုလာ၏ ဆူပူကြိမ်းမောင်းမှုကို ခံထားရသော ဆာနေးက ဝမ်ဘစ်ဆာကာကို တစ်ယောက်ချင်း ထိပ်တိုက် မရင်ဆိုင်တော့ဘဲ အဂူရိုနှင့် တွဲကစားရန် အလယ်သို့ ချိုးဝင်လာခဲ့သည်။ လီဗာပူး ဂန္ထဝင် ကစားသမား ဂရေဟမ် ဆောင်းနက်စ်က အဂူရိုနှင့် ပတ်သက်၍ တစ်ခါက ဤသို့ ပြောခဲ့ဖူးသည်။
"သူက ဘောလုံး ထိတွေ့မှု အကြိမ်ရေ နည်းတယ်... ဒါပေမဲ့ အဲဒီ အထိအတွေ့ အားလုံးက အန္တရာယ်ရှိတဲ့ ဧရိယာတွေမှာချည်းပဲ... တကယ့်ကို ပြိုင်ဘက်ကို ဖျက်ဆီးပစ်နိုင်တဲ့ အထိအတွေ့တွေပဲ..."
ဒေးဗစ်လူးဝစ်က လုံးဝ လျှော့မပေးရဲဘဲ အမြန် ကပ်သွားကာ နှောင့်ယှက်လိုက်သည်။ ကန်တေကလည်း လူညှပ် ကစားရန် ရောက်လာ၏။
သို့သော် အာဂျင်တီးနားသားများက သဘာဝ ပါရမီကို မွေးရာပါ ပါလာသကဲ့သို့ပင်။ အဂူရိုက ဘောလုံးကို ချက်ချင်း ဖနောင့်ဖြင့် ပြန်ပို့လိုက်ရာ ကန်တေနှင့် ဒေးဗစ်လူးဝစ်တို့ နှစ်ဦးစလုံးမှာ ဘောလုံးနှင့် လွဲချော်သွားတော့သည်။
"အဂူရိုက နောက်ပေါက်နဲ့ တိုက်ပေးလိုက်တယ်ဗျာ..."
"ဘာနာဒိုဆေးလ်ဗား..."
"သူ့ရဲ့ တစ္ဆေလို လှုပ်ရှားမှုက လုခ်ရှောကို ကိုယ်တစ်ခြမ်း အသာရသွားစေခဲ့ပြီ... ဒီဂီယာကလည်း အနီးတိုင်နဲ့ နည်းနည်း ကွာဝေးနေသေးတယ်... ဆေးလ်ဗားက ညင်ညင်သာသာလေး ထိလိုက်ရုံနဲ့..."
နဗီးလ်၏ အသံက ရုတ်တရက် ရပ်တန့်သွားပြီး မျက်လုံးပြူးကာ အောက်သို့ စိုက်ကြည့်လိုက်သည်။ လုခ်ရှောက ခန္ဓာကိုယ်ကို ပစ်၍ လျှောထိုးလိုက်ခြင်းပင်။
အလွန် အန္တရာယ်များသော လျှောထိုးဖျက်ထုတ်မှု ဖြစ်ပြီး ကစားသမားကို ထိပါက အနီကတ် ဖြစ်ကာ ဘောလုံးကို ထိပါကလည်း ကိုယ့်ဂိုးကိုယ် သွင်းမိနိုင်ခြေ အလွန်များသည်။ လုခ်ရှောက လျှောမထိုးမီ နောက်ဆက်တွဲ ဆိုးကျိုးများကို သေချာပေါက် စဉ်းစားခဲ့ပြီး ဖြစ်သော်လည်း သူ ဆက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဂိုးပေးလိုက်ရမည်ကို သူ ကြောက်ရွံ့သော်လည်း ဘာမှမလုပ်ဘဲ ဒီအတိုင်း ရပ်ကြည့်နေရမည်ကို ပို၍ ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ အလွန် ခက်ခဲပြီး အမှောင်မိုက်ဆုံး အချိန်ကာလများကို ဖြတ်သန်းခဲ့ရပြီးနောက် သူက ယခင်ကထက် အများကြီး ပိုသန်မာပြီး ပိုရဲရင့်လာခဲ့ပြီ ဖြစ်သည်။
ဘန်း...
လုခ်ရှော၏ ခြေဖျားက ဘောလုံးကို အရင်ဆုံး ထိသွားသော်လည်း နောက်တစ်စက္ကန့်တွင်တော့ နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်ရလေသည်။
***