"ကိုယ့်ဂိုးကိုယ် သွင်းမိသွားတာလား..."
နဗီးလ်က မယုံနိုင်စွာဖြင့် အော်ဟစ်လိုက်ပြီး အလွန်အမင်း စိတ်ပျက်သွားရသည်။ ထိပ်တန်း အစွန် နောက်ခံလူဟောင်း တစ်ဦး အနေဖြင့် ထိုအခြေအနေမျိုးတွင် လုခ်ရှော၌ လောင်းကြေးထပ်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ကြောင်း သူ ကောင်းကောင်း နားလည်ပါသည်။ ဘောလုံးကို ကွင်းပြင်သို့ ကန်ထုတ်နိုင်မည် ဟူ၍ သူ လောင်းကြေးထပ်ခဲ့ခြင်းပင်။
သို့သော် လူတွေက လောင်းကြေးများကို ထပ်သည့်အခါ အမြဲတမ်း ကံမကောင်းတတ်ကြပေ။ အနည်းဆုံးတော့ လုခ်ရှော တစ်ယောက် သူ၏ ကံကြမ္မာက အလွန် ဆိုးရွားလွန်းသည်ဟု တွေးလိုက်မိသည်။
ဘောလုံးက လမ်းကြောင်း လွဲသွားပြီး ညာဘက်တိုင် အနားကို ထိကာ ဂိုးပေါက်အတွင်းသို့ ခုန်ဝင်သွားလေသည်။ အကယ်၍ ထောင့်အနည်းငယ်လေး လွဲသွားခဲ့လျှင်တောင် ရလဒ်က လုံးဝ ကွာခြားသွားနိုင်ပေသည်။
လုခ်ရှောက မျက်နှာကို မြက်ခင်းပြင်ထဲ အပ်ထားလိုက်သည်။ ထွက်ကျလာသည်က ချွေးလား၊ မျက်ရည်လား ဆိုသည်ကိုတော့ သူ မခွဲခြားနိုင်တော့ချေ။
သူ ခြေထောက်ကျိုးသွားစဉ်ကတောင် ယခုလောက် စိတ်ပျက်အားငယ်ခြင်း မဖြစ်ခဲ့ဖူးပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူတစ်ယောက်တည်း၏ ပြဿနာသာ ဖြစ်သောကြောင့်တည်း။
ယခု ကိုယ့်ဂိုးကိုယ် သွင်းမိခြင်းကတော့ မန်ယူအသင်းသား အားလုံး၏ ကြိုးပမ်းအားထုတ်မှုများကို အဆုံးသတ်သွားစေခဲ့ပြီ ဖြစ်သည်။ ဒါက မန်ယူ၏ ပင်နယ်တီဧရိယာ အတွင်းတွင် ဖြစ်သည်။
တစ်ဖက်၏ ပျော်ရွှင်မှုက အခြားတစ်ဖက်၏ ဝမ်းနည်းကြေကွဲမှုကို ပိုမို ထင်ရှားစေပြီး လူသားတို့၏ စိတ်ခံစားချက် အစွန်းနှစ်ဖက်ကို အပြည့်အဝ ဖော်ပြနေလေသည်။
"ကိစ္စမရှိပါဘူး..."
ဒီဂီယာက အားပေးစကား ပြောချင်သော်လည်း စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
ဘယ်လိုလုပ် ကိစ္စမရှိဘဲ နေမှာလဲ။ သူတို့ တစ်ရာသီလုံး စီးကျခဲ့သော ချွေးများ၊ ကြိုးစား အားထုတ်မှုများနှင့် မျှော်လင့်ချက်များ အားလုံးက ယခု အခိုက်အတန့်လေးအတွင်းမှာပင် ဖျက်ဆီးခံလိုက်ရပြီ မဟုတ်ပါလား…။ အကောင်းမြင်တတ်ဆုံး သူပင်လျှင် စိတ်ပျက်သွားရပေမည်။
ချူဖုန်းလည်း ချွင်းချက် မဟုတ်ပေ။ သူ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဘယ်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။
LED မျက်နှာပြင်ကြီးပေါ်တွင် ပွဲချိန် ၈၅ မိနစ်၊ ၂၆ စက္ကန့်နှင့် မန်ယူ ၃-၃ မန်စီးတီး ဟု ပြသနေသည်။
ဂိုးသွင်းဖို့ အခွင့်အရေး ရှိသေးလား။ ရှိသေးတယ်။ ဒါပေမဲ့ သူတို့က ဦးဆောင်ဂိုးတွေ သွင်းပြီးတိုင်း သုံးကြိမ်ဆက်တိုက် ချေပခံခဲ့ရပြီး အခုလို အံ့သြစရာကောင်းတဲ့ နည်းလမ်းနဲ့ အဆုံးသတ်သွားတာလေ။
သူ ယခင်က တစ်ခါမှ မကြုံဖူးလောက်အောင် ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရပြီး သူ၏ ခေါင်းထဲတွင် အတွေးတစ်ခုပင် ဖြတ်ပြေးသွားသည်။ 'ဒီအတိုင်းပဲ အဆုံးသတ်လိုက်ဖို့ ကောင်းမယ်ထင်တယ်... ဘာပဲဖြစ်ဖြစ် ငါ ငယ်ပါသေးတယ်... အနာဂတ်မှာ အခွင့်အရေးတွေ အများကြီး ရှိဦးမှာပဲ... ဒါမှမဟုတ် ဘယ်သူသိမှာလဲ... မန်စီးတီးက နောက်ဆုံး လိဂ်ပွဲစဉ် ၃ ပွဲမှာ ခြေချော်ပြီး ချန်ပီယံဆုကို မန်ယူဆီ ပြန်ပေးချင် ပေးမှာပေါ့...'
ထိုစဉ် သူ၏ အမြင်အာရုံထဲသို့ ပွဲကြည့်စင်ပေါ်ရှိ ကြေးရုပ်တုကြီးက ရုတ်တရက် ဝင်ရောက်လာသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချူဖုန်းက ဆံပင်များကို ဆွဲဖွလိုက်ပြီး သူ့ဘာသာ တီးတိုး ရေရွတ်လိုက်သည်။
"ဒီအထိ ရောက်လာမှတော့ အဆုံးထိ တောင့်ခံသွားတာပဲ ကောင်းပါတယ်လေ..."
သူ့တွင် အလွန်အမင်း စိတ်ခံစားမှု ပြင်းထန်သော အတွေးမျိုးတွေ မရှိပေ။ သူက ကိုယ့်ကိုယ်ကိုယ် နောင်တရစရာတွေ ချန်မထားခဲ့ချင်ရုံသာ။
မည်သို့ပင်ဆိုစေ သူ အနားယူသွားပြီးနောက် တစ်နေ့နေ့တွင် ယနေ့နေ့ကို ပြန်ပြောင်းတွေးမိပါက သေချာပေါက် အတွေးတစ်ခု ဝင်လာမည် မဟုတ်ပါလား…။
အကယ်၍များ 'ငါသာ အဆုံးထိ ဇွဲမလျှော့ဘဲ ကြိုးစားခဲ့ရင် အခြေအနေတွေက ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားနိုင်မလား...'
လောကကြီးမှာ အကြောက်ရဆုံး စကားလုံးက 'အကယ်၍' ဆိုတာပင်…။ ထို့ကြောင့် ချူဖုန်းက လုခ်ရှောကို အတင်း ဆွဲထူလိုက်ပြီး သူ၏ နားထဲသို့ အသံကုန် အော်ဟစ်လိုက်သည်။
"ကိုယ့်ဂိုးကိုယ် သွင်းမိတာက ဘာများ ကြောက်စရာကောင်းလို့လဲကွာ... မင်းက ခြေထောက် ကျိုးတာကိုတောင် ရှင်သန်နိုင်ခဲ့သေးတာပဲ..."
လုခ်ရှော၏ အနည်းငယ် နီရဲနေသော မျက်လုံးများကို မြင်သောအခါ ချူဖုန်းက မက်ဂွိုင်းယားဘက်သို့ လက်ညှိုးထိုးပြကာ "မင်း စိတ်ပျက်နေတုန်းပဲဆိုရင် ဟယ်ရီ့ကို ကြည့်လိုက်... သူ ကိုယ့်ဂိုးကိုယ် သွင်းမိတုန်းက မင်း သူ့ကို အပြစ်တင်ခဲ့လား..." ဟု မေးလိုက်သည်။
"အင်း... နည်းနည်းတော့ အပြစ်တင်တယ်..." ဟု လုခ်ရှော၏ ဦးနှောက်က အနည်းငယ် ရှော့ခ်ဖြစ်သွားပုံဖြင့် ပြန်ဖြေလိုက်သည်။
ခေါင်းကြီး (မက်ဂွိုင်းယား) : "???"
ချူဖုန်း : "..."
အိုကေ... ငါ ပြောခဲ့သမျှ စကားတွေ အကုန် အလကား ဖြစ်သွားပြီ။ သို့သော် ဤကဲ့သို့ အပြန်အလှန် စကားပြောမှုလေးကြောင့် မန်ယူကစားသမားများ၏ ရင်ထဲမှ အုံ့မှိုင်းနေမှုများ သိသိသာသာ လွင့်စင်သွားခဲ့သည်။
ဒီဂီယာက ဂိုးပေါက်ထဲမှ ဘောလုံးကို ကောက်ယူလိုက်ပြီး ချူဖုန်း၏ ရင်ခွင်ထဲသို့ ထိုးထည့်လိုက်သည်။ "ချူ... ကွယ်ရာမှာ မင်းကို ငါတို့ ဘယ်လို ခေါ်ကြလဲ သိလား..."
"အံ့ဖွယ်ကောင်လေးလေကွာ..." မက်ဂွိုင်းယားက မျက်နှာပြောင်တိုက်ကာ အလျင်စလို ဝင်ပြောလိုက်သည်။
ချူဖုန်း တစ်ယောက် ထပ်ပြီး ဆွံ့အသွားပြန်သည်။ 'အံ့ဖွယ်ကောင်လေး' ဆိုတဲ့ နာမည်ပြောင်က သူ့အတွက် သိပ်မလိုက်ဖက်သလိုပဲဟု တွေးလိုက်မိသည်။
"ဒါကြောင့် မင်း ပိုပြီး ကြိုးစားရမယ်..." ဟု ဒီဂီယာက ထပ်လောင်း ပြောလိုက်သည်။
ချူဖုန်းက ဘောလုံးကို ယူကာ အားပေးစကား တစ်ခွန်းမှ ထပ်မပြောတော့ဘဲ ရှေ့သို့ လျှောက်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အသင်းဖော်များလည်း အရှုံးမပေးသေးကြောင်း သူ သိနေသောကြောင့်ပင်။
ကန်တေ၏ မျက်လုံးပေါက်စလေး နှစ်လုံးက ဟိုဒီ ရွေ့လျားသွားပြီး နောက်ဆုံးတော့ သူ နေရာမှန်ကို ရောက်လာခဲ့ပြီဟု သဘောပေါက်သွားသည်။ မန်ယူအသင်းတွင်းက လေထုကို ကြည့်လိုက်ပါ။ အကယ်၍သာ ချယ်လ်ဆီးမှာဆိုလျှင် အခုချိန်လောက်ဆို တစ်ယောက်နဲ့တစ်ယောက် အပြစ်တင် ဆဲဆိုနေကြလောက်ပြီ။
"မန်စီးတီးရဲ့ အစွန်ခံစစ် ကစားသမား နှစ်ယောက်လုံး သူတို့ရဲ့ အကန့်အသတ်ကို ရောက်နေပြီ... ငါတို့ တောင်ပံကနေပဲ သွားပြီး သူတို့ကို ထိုးဖောက်မယ်... အခွင့်အရေး ရတာနဲ့ ငါ့ခေါင်းပေါ်ကနေ ကျော်ပြီး ဖြတ်တင်ပေးလိုက်..." ချူဖုန်းက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
တချို့သော အချိန်များတွင် အရိုးရှင်းဆုံးသော နည်းဗျူဟာများက အကောင်းဆုံး ရလဒ်များကို ရရှိစေတတ်သည်။ မန်စီးတီး၏ ဗဟိုနောက်ခံလူ နှစ်ဦးဖြစ်သော စတုန်းစ်နှင့် ကွန်ပနီတို့က မတူညီသော ရုပ်ပိုင်းဆိုင်ရာ အခြေအနေများတွင် ရှိနေကြသည်။
စတုန်းစ်က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု မကောင်းသလို ကွန်ပနီကလည်း သူ၏ ကစားသမားဘဝ အဆုံးသတ်ကာနီး အချိန်သို့ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ လေကြောင်းရန် ကာကွယ်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းက ကန့်သတ်ချက် ရှိနေပေသည်။
ချူဖုန်းက ဘောလုံးကို ကွင်းလယ်စက်ဝိုင်းပေါ်တွင် တင်လိုက်ပြီး ဒိုင်လူကြီး ခရာမှုတ်မည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ ထိုစဉ် သူ စာကြောင်းတစ်ကြောင်းကို ရုတ်တရက် အမှတ်ရလာသည်။
'လူတစ်ယောက်ရဲ့ ဘဝမှာ အတောက်ပဆုံးနေ့ ဆိုတာ အောင်မြင်ကျော်ကြားမှုတွေ ရရှိတဲ့နေ့ မဟုတ်ဘူး... ဝမ်းနည်းကြေကွဲမှုနဲ့ မျှော်လင့်ချက် ကင်းမဲ့မှုတွေ ကြားထဲကနေ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်တဲ့ ဆန္ဒတွေ ပေါ်ပေါက်လာပြီး အဲဒီ စိန်ခေါ်မှုဆီကို ရဲရဲဝံ့ဝံ့ ခြေလှမ်းလှမ်းလိုက်တဲ့ နေ့ပဲ...'
တီ…
ဒိုင်လူကြီး၏ ခရာမှုတ်သံနှင့်အတူ ချူဖုန်းက ကွန်တေထံသို့ ဘောလုံး နောက်ပြန်ပေးလိုက်ပြီးနောက် လှည့်ကာ မန်စီးတီးကွင်း၏ အသည်းနှလုံး ဧရိယာထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလေသည်။
"ခံစစ်... ခံစစ်... ခံစစ်..."
ဂွါဒီယိုလာက ကွင်းဘေးမှနေ၍ လက်များကို ရူးသွပ်စွာ ဝှေ့ယမ်းပြီး မန်စီးတီး ကစားသမားများကို နောက်ဆုတ်ရန် ညွှန်ကြားလိုက်သည်။ သူက ဦးနှောက်မရှိသူ မဟုတ်ပေ။ အသေအလဲ တိုက်စစ် ဆင်ရန် အတင်းအကျပ် မလုပ်တော့ချေ။
သရေရလဒ်က မန်စီးတီးအတွက် အလွန် အကျိုးရှိနေပြီ ဖြစ်ရာ တိုက်စစ်ဆင်၍ ကြီးမားသော စွန့်စားမှု လုပ်မည့်အစား သူတို့၏ "အောင်ပွဲ" အသီးအပွင့်များကို ထိန်းသိမ်းထားခြင်းက ပိုကောင်းပေမည်။ ဂွါဒီယိုလာက ယနေ့ပွဲကို သရေ ကစားနိုင်လျှင် ကျန်ရှိနေသော လိဂ်ပွဲစဉ် သုံးပွဲလုံး အနိုင်ရမည်ဟု ယုံကြည်မှု အပြည့် ရှိနေသည်။
မော်ရင်ညိုကတော့ ထူးဆန်းစွာ တည်ငြိမ်နေပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ကာ အစိမ်းရောင် ကွင်းပြင်ကို အေးစက်စက် စိုက်ကြည့်နေသည်။ ချူဖုန်းက အကောင်းဆုံး ဆုံးဖြတ်ချက် ချနိုင်လိမ့်မည်ဟု သူ ယုံကြည်ထား၏။
မည်သို့ပင်ဆိုစေ ထိုကောင်လေးက သူ့ဘေးတွင် ရှိနေခဲ့ပြီး ပွဲစဉ်ပေါင်း မြောက်မြားစွာကို အတူတကွ သုံးသပ်လေ့လာခဲ့ဖူးသည် မဟုတ်ပါလား…။ နည်းဗျူဟာပိုင်းဆိုင်ရာ တွေးခေါ်နိုင်စွမ်း သက်သက်ကို ပြောရလျှင် လက်ရှိ ပရီးမီးယားလိဂ်ထဲတွင် ဘောလုံးသမားထဲ၌ ချူဖုန်းကို ယှဉ်နိုင်မည့်သူ မရှိပေ။ ၎င်းက ချူဖုန်းအပေါ် မော်ရင်ညို၏ အကဲဖြတ်မှုပင်။
"မန်ယူတို့ အစွမ်းကုန် တိုက်စစ်ဆင်နေသလို မန်စီးတီးကလည်း အစွမ်းကုန် ခံစစ်ကစားနေတယ်ဗျာ..."
"အသင်းနှစ်သင်းက နေရာတွေ ပြန်လည် ပြောင်းလဲသွားကြပြီလို့ ကျွန်တော် သံသယ ဝင်မိတယ်..."
"လုခ်ရှောက ဒီဘရိုင်းရဲ့ ခံစစ်ကို ဖောက်ထွက်သွားခဲ့ပြီ... ခုနက အမှားကြောင့် သူ လုံးဝ ထိခိုက်မှု မရှိတဲ့ပုံပဲ..."
"ရက်ရှ်ဖို့ဒ်ကို ထပ်ရှာပြန်ပြီ..."
ဂိုးသွင်းပြီးနောက် ရက်ရှ်ဖို့ဒ် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ပရီးမီးယားလိဂ်၏ အမြန်ဆုံး အစွန် နောက်ခံလူ ဝေါ်ကာနှင့် ရင်ဆိုင်ရချိန်တွင် အရှိန်တင်ကာ အားပါပါ ပြေးထွက်ရန် ရွေးချယ်လိုက်သည်။
ဘန်း...
ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှု အပြီးတွင် ရက်ရှ်ဖို့ဒ်က အတင်း တိုးထွက်သွားပြီး ဂိုးစည်းအနီးမှ နေ၍ ဖြတ်တင်ဘော တစ်ခု ပေးပို့လိုက်သည်။ ဘောလုံးက လည်ထွက်သွားပြီး ပင်နယ်တီဧရိယာထဲသို့ ကျဆင်းလာသည်။ ကွန်ပနီက ချူဖုန်း၏ နောက်သို့ ချက်ချင်း ရွေ့လျားသွားပြီး ချူဖုန်း ခုန်မတက်နိုင်စေရန် သူ၏ လက်ဖြင့် ဖိချထားလိုက်သည်။
"အဟွတ်..."
သို့သော် ချူဖုန်းက နောက်သို့ မှီချလိုက်ပြီး ကွန်ပနီကို နောက်ဆုတ်သွားအောင် တွန်းထုတ်လိုက်သည်။
ဘယ်လ်ဂျီယံ ဝါရင့်နောက်ခံလူကြီး၏ ရင်တဒိတ်ဒိတ် ခုန်သွားရသည်။ 'မင်းက ဘောလုံးသမားလား၊ ဘတ်စကက်ဘောသမားလား... ဘယ်လိုလုပ် ဘတ်စကက်ဘော ကစားကွက်မျိုးကိုတောင် သုံးနေရတာလဲ...'
ဟန်ချက်ကို ပြန်လည် ထိန်းပြီးနောက် ချူဖုန်းက လေထဲသို့ ခုန်တက်ကာ ဘောလုံးကို ညာဘက်သို့ ခေါင်းတိုက်ချလိုက်သည်။
***