"မန်ယူအတွက် ဖလားပဲဟေ့”
"မန်ချက်စတာမြို့က အနီရောင်ပဲဟေ့..."
"ငါတို့က ပရီးမီးယားလိဂ်မှာ တားဆီးလို့ မရတော့ဘူး... ငါတို့ကို ယှဉ်နိုင်မယ့် ပြိုင်ဘက် မရှိတော့ဘူး..."
မန်ယူ ပရိသတ်များ၏ ဟိန်းဟောက်သံများကို နားထောင်ရင်း ချူဖုန်းက မြက်ခင်းပြင်ပေါ်သို့ ပက်လက်လှန်ချလိုက်ပြီး ကျောပြင်မှ အေးစိမ့်သော ခံစားချက်ကို ခံစားရင်း နောက်ဆုံးတော့ အပြည့်အဝ အနားယူလိုက်လေသည်။
ပင်ပန်းလိုက်တာ...
အဒရီနယ်လင်ဟော်မုန်းတွေ ကျဆင်းသွားပြီးနောက် လွှမ်းမိုးလာသော ပင်ပန်းနွမ်းနယ်မှုကြီးက တစ်ကိုယ်လုံးကို ရိုက်ခတ်သွားတော့သည်။
"ငါတို့က ချန်ပီယံတွေဟေ့..." ဟာရဲရားက ဘေးတွင် မတ်တပ်ရပ်ကာ ရူးသွပ်စွာ လက်ဟန်ခြေဟန်များ လုပ်ပြနေသည်။
"ဟေး... လိဂ်မှာ နောက်ထပ် သုံးပွဲ ကျန်သေးတယ်နော်... ပွဲတစ်ဝက်မှာ ရှန်ပိန်ဖောက်ဖို့ မစနဲ့ဦး..." ဟု ပြောရင်း ချူဖုန်းက ဟာရဲရားကို ညင်သာစွာ ကန်လိုက်သည်။
မန်ယူ၏ နောက်ဆုံး သုံးပွဲနှင့် ယှဉ်လျှင် မန်စီးတီး၏ ပြိုင်ဘက်များက ပိုမို အားနည်းသော်ငြား သူတို့ လုံးဝ သတိလက်လွတ် ဖြစ်သွား၍ မရပေ။ မန်စီးတီးကို အခုလို အကြိတ်အနယ် ကစားပြီး အနိုင်ရခဲ့ပြီးမှ အခြားအသင်းကို ရှုံးနိမ့်သွားခြင်းမျိုးကို ချူဖုန်း လုံးဝ လက်မခံနိုင်ပေ။
အထူးသဖြင့် သူတို့သာ “၉-၂-၃-၀” လို အံ့ဖွယ်ဖြစ်ရပ်မျိုး ထပ်လုပ်ပြသွားမည်ဆိုလျှင် ပိုဆိုးမည် မဟုတ်ပါလား…။
အသင်းဖော်များ အောင်ပွဲခံ၍ ပြီးဆုံးသွားသောအခါ ချူဖုန်းက အားလုံးကို ခေါ်ယူလိုက်ပြီး လေးနက်စွာ အကြံပေးလိုက်သည်။
"ငါတို့က မန်စီးတီးကို တစ်မှတ်တည်း အသာရနေတာ... ဆိုလိုတာက ကျန်တဲ့ သုံးပွဲမှာ တစ်ပွဲ သရေကျတာ ဒါမှမဟုတ် ရှုံးတာနဲ့ လက်ထဲ ရောက်နေတဲ့ ချန်ပီယံဆုက လွတ်ထွက်သွားမှာပဲ... ငါ့ မွေးရပ်မြေမှာ စကားပုံ တစ်ခု ရှိတယ်... 'မိုင်တစ်ရာ ခရီးမှာ ကိုးဆယ်ဆိုတာ တစ်ဝက်ပဲ ရှိပါသေးတယ်' တဲ့... ဒါကြောင့် အားလုံးပဲ... ငါတို့ ပိုပြီး ကြိုးစားရမယ်... မန်စီးတီးနဲ့ လီဗာပူးကို ဘာအခွင့်အရေးမှ ပေးလို့ မဖြစ်ဘူး... မင်းတို့ အားလုံး အရမ်း ပင်ပန်းနေကြပြီလို့ ခံစားရနိုင်တယ်... ဒါပေမဲ့ ချန်ပီယံ ဖြစ်ချင်ရင်တော့ ပင်ပန်းတယ်လို့ ညည်းညူနေလို့ မရဘူး... ပြီးတော့ ချန်ပီယံဆုက ငါတို့ဆီ ရောက်မလာသေးဘူးလေ..."
ချူဖုန်းက မော်ရင်ညိုထံမှ အများကြီး သင်ယူထားခဲ့ရာ သူ၏ ပြောစကားများက ခိုင်လုံပြီး အခြေအမြစ် ရှိလှသည်။ အပျော်လွန်နေကြသော မန်ယူ ကစားသမားများက လျင်မြန်စွာ တည်ငြိမ်မှုကို ပြန်လည် ရယူလိုက်ကြသည်။
ဟာရဲရားကလည်း ဝင်ပြောလိုက်သည်။ "ချူ ပြောတာ မှန်တယ်... အဆုံးသတ်နဲ့ နီးလာလေ ၊ အခြေအနေတွေက ပိုခက်ခဲလာလေပဲ... ဒါကြောင့် ငါတို့ အရမ်းကို အလေးအနက်ထားဖို့ လိုတယ်..."
"ကဲ... ပရိသတ်တွေကို သွားပြီး ကျေးဇူးတင်စကား ပြောကြစို့... သူတို့ရဲ့ အားပေးမှုတွေသာ မပါခဲ့ရင် ငါတို့ အခုလောက်အထိ တောင့်ခံနိုင်ဖို့ ခက်လိမ့်မယ်..." ချူဖုန်းက အသင်းဖော်များကို ပြုံးပြကာ ပြောလိုက်သည်။
သူက ပျော်ရွှင်နေသော လေထုကို မဖျက်ဆီးချင်ပေ။ အောင်ပွဲခံသင့်တာ သေချာပေမဲ့ သတိလက်လွတ်တော့ ဖြစ်မသွားဖို့ လိုအပ်သည်ပင်…။ သူက အသင်းဖော်တွေကို သတိပေးရုံ သက်သက်သာ ဖြစ်သည်။
ထို့နောက် သူက အသင်းဖော်များကို ဦးဆောင်ကာ သစ္စာခံ ပရိသတ်များ ရှိရာ ပွဲကြည့်စင်ဘက်သို့ သွားသောအခါ မန်ယူ ပရိသတ်များက စိတ်အားထက်သန်သော လက်ခုပ်သံများနှင့် ကစားသမားများ၏ နာမည်များကို ဟစ်ကြွေးကာ တုံ့ပြန်လိုက်ကြသည်။
"ဖေဖေ အရမ်း ဝမ်းနည်းနေတဲ့ပုံပဲ... ပြီးတော့ ငါတို့က မန်ယူ ပွဲကြည့်စင်မှာ ရောက်နေတာဆိုတော့... နည်းနည်း လွန်မနေဘူးလား..." ဗလင်တီးနာတွင် ကိုယ်ချင်းစာစိတ်လေး နည်းနည်းတော့ ကျန်နေသေးပုံရသည်။
"ဒါပေမဲ့ မန်ယူ ပရိသတ်တွေကြားထဲမှာ အရမ်း ပျော်ဖို့ကောင်းတာပဲ... ချူဖုန်း တစ်ဂိုးပြီးတစ်ဂိုး သွင်းတာကို ကြည့်ရင်း လူတိုင်းနဲ့အတူ သူ့နာမည်ကို အော်ရတဲ့ ခံစားချက်က... မန်စီးတီး ပရိသတ်တွေ ကြားထဲမှာ မရနိုင်တဲ့ ခံစားချက်မျိုးပဲ..."
ထိုစကားကို ကြားသောအခါ မာရီးယပ်စ် ခေတ္တမျှ တွေဝေသွားသော်လည်း နောက်ဆုံးတွင် သူ၏ နှလုံးသား အလိုကျသာ ရွေးချယ်လိုက်သည်။ ထို့နောက် သူက မာရီယာကို ကြည့်ကာ "အစ်မ... အစ်မကော ဘယ်လို ထင်လဲ..." ဟု မေးလိုက်သည်။
မာရီယာက မန်စီးတီး နည်းပြခုံတန်းဘက်သို့ ကြည့်လိုက်ပြီး ခဏစဉ်းစားကာ "ဖေဖေ့ကို အရင် သွားနှစ်သိမ့်ပေးကြစို့... အခုချိန်မှာ ဖေဖေ ငါတို့ကို လိုအပ်နေမယ် ထင်တယ်..." ဟု ပြောလိုက်သည်။
ဖေဖေ့ရဲ့ ချည်သားဂျာကင်လေးက လေတွေ အများကြီး ယိုစိမ့်နေရင်တောင် ချည်သားဂျာကင်လေး ဖြစ်နေတုန်းပါပဲ။ (သမီးလေးတွေက ဖေဖေတွေ အတွက် အနွေးထွေးဆုံးဆိုတဲ့ တရုတ် အလင်္ကာ)
ဂွါဒီယိုလာက ဒီပွဲအတွက် ပြင်ဆင်ဖို့ ညပေါင်းများစွာ အိပ်ရေးပျက်ခံခဲ့ရပြီး နည်းဗျူဟာတွေကို အမြဲတမ်း လေ့လာနေခဲ့ကာ ကော်ဖီကို ရေလို သောက်ခဲ့ရသည်။ ထိုသည်ကို မာရီယာက အမြဲတမ်း စောင့်ကြည့်နေခဲ့သည် မဟုတ်ပါလား။
တချို့အချိန်တွေမှာ ဘယ်သူ့ကို ပွဲနိုင်စေချင်လဲလို့ သူမကိုယ်သူမ ပြန်မေးမိတတ်သည်။ အဖြေကတော့ 'မသိဘူး' ဆိုတာပါပဲ။
ကွင်း၏ အခြားတစ်ဖက်တွင် မန်စီးတီး ကစားသမားများမှာ စိတ်ပျက်အားငယ်နေကြသည်။ သူတို့က ချန်ပီယံဆုနှင့် ခြေတစ်လှမ်း အလိုတွင်သာ ရှိနေသော်လည်း ဘယ်လောက်ပင် ကြိုးစားကြိုးစား ရောက်မလာနိုင်ခဲ့ချေ။
တကယ်တမ်း ယခုရာသီတွင် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရမှုများမှတစ်ဆင့် မန်စီးတီးက မန်ယူကို အနိုင်မယူနိုင်ခဲ့သော်လည်း ပွဲရလဒ်များက ပို၍ ပို၍ နီးကပ်လာခဲ့သည်။ ယနေ့တွင် သူတို့ အောင်ပွဲ မျှော်လင့်ချက်ကို မြင်ခဲ့ရပြီး လက်တစ်ကမ်း အလိုတွင်ပင် ရှိနေခဲ့သည်။
သို့သော် ချူဖုန်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြန်သည်။ ထိုကဲ့သို့သော စိတ်ပျက်အားငယ်မှုမျိုးက သူတို့၏ ဝိညာဉ်အနက်ရှိုင်းဆုံး နေရာအထိ ထိုးဖောက်သွားပြီး ကိုယ့်ကိုယ်ကိုယ်ပင် သံသယ ဝင်လာကြတော့သည်။
ဂွါဒီယိုလာက ကစားသမားများထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ပေါ့ပါးသော လေသံဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"မင်းတို့ အရမ်း ဝမ်းနည်းနေကြတယ်... ငါ အပါအဝင် လူအများကြီးလည်း ဝမ်းနည်းနေကြတယ်... ဒါပေမဲ့ ပြိုင်ပွဲကြီးတိုင်း ၊ လိဂ်ပွဲစဉ်တိုင်းက ဘဝရဲ့ နေ့တစ်နေ့လိုပါပဲ... နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့အခါ တချို့က ပျော်ရွှင်ကြပြီး တချို့က ဝမ်းနည်းကြလိမ့်မယ်... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်း ပျော်ရွှင်နေသည် ဖြစ်စေ၊ ဝမ်းနည်းနေသည်ဖြစ်စေ... မနက်ဖြန်ဆိုတာ ရောက်လာဦးမှာပါပဲ... အခုကြည့်ရတာ ငါတို့က လုံလုံလောက်လောက် ပြီးပြည့်စုံမှု မရှိသေးဘူးပေါ့... ဒါကြောင့် ပြီးပြည့်စုံလာအောင် ငါတို့ အစွမ်းကုန် ကြိုးစားကြတာပေါ့... မင်းတို့ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ ဆိုမှတော့ နောင်တရစရာ ဘာမှ မရှိတော့ပါဘူး... ရှေ့ဆက်သွားကြစို့... အားလုံး အတူတူ ကြိုးစားကြတာပေါ့..."
ဂွါဒီယိုလာက မန်စီးတီး ကစားသမားတိုင်း၏ ပခုံးကို ပုတ်ပေးလိုက်ပြီး လူတိုင်း မတ်တပ်ရပ်ပြီးနောက် သူတို့ကို ဦးဆောင်ကာ ထွက်ခွာသွားလေသည်။
ဒီဘရိုင်းက ချူဖုန်းကို နောက်ထပ် အချိန်အတော်ကြာ လှမ်းကြည့်နေခဲ့သည်။
ပွဲအပြီးတွင် မော်ရင်ညိုက ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ မန်စီးတီးကို ချီးကျူးစကား ဆိုခဲ့သည်။
"သူတို့က တကယ့်ကို ကောင်းမွန်တဲ့ အသင်းတစ်သင်းပါ... ကျွန်တော်တို့ကို အခက်အခဲတွေ အများကြီး ပေးနိုင်ခဲ့တယ်... ပွဲရဲ့ ခက်ခဲကြမ်းတမ်းမှုက ဒါကို သက်သေပြနေပါတယ်... ဒီလို ပြိုင်ဘက်မျိုး ရှိနေလို့သာ ကျွန်တော်တို့ ပိုပြီး သန်မာလာနိုင်တာပါ... အခု မန်ယူအကြောင်း ပြောကြရအောင်... ရာသီအစမှာ ကျွန်တော်တို့ ခြေစွမ်း သိပ်မပြနိုင်ခဲ့ဘူး... ချူဖုန်း သုံးပွဲ ပယ်ခံလိုက်ရလို့ မရှုံးသင့်တဲ့ ပွဲတွေကို ရှုံးခဲ့ရတယ်... အဲဒီအချိန်တုန်းက လူအများစုက ကျွန်တော်တို့မှာ ချန်ပီယံဆုကို ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးလို့ ထင်ခဲ့ကြတယ်...”
“ဒါပေမဲ့ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ကျွန်တော်တို့ တဖြည်းဖြည်း သန်မာလာပြီး အမှတ်ပေး ဇယား အဆင့် (၇) ကနေ အဆင့် (၁) ကို ရောက်လာခဲ့ပြီ... ကျေးဇူးပြုပြီး နောက်ပိုင်း ကျွန်တော့်ကို မောက်မာတယ်လို့ မပြောကြပါနဲ့... ဘာလို့လဲဆိုတော့ မန်ယူမှာ ကမ္ဘာပေါ်က အကောင်းဆုံး နည်းပြတွေနဲ့ ကစားသမားတွေ ရှိနေတယ်ဆိုတာ ကျွန်တော် ခင်ဗျားတို့ကို ပြောချင်လို့ပါပဲ..."
အစည်းအဝေးခန်းထဲရှိ မည်သည့် သတင်းထောက်ကမျှ သူ့ကို ပြန်လည် ချေပခြင်း မပြုခဲ့ကြချေ။ မော်ရင်ညိုကို သူတို့ သဘောမကျသော်လည်း သူ ပြောသည်များက အမှန်တရားများသာ ဖြစ်နေသောကြောင့်တည်း။
ဂွါဒီယိုလာကတော့ အလွန် ရိုးရှင်းစွာပင် ပြောသွားခဲ့သည်။
"ပွဲစတင်တဲ့ ပထမစက္ကန့်ကနေ နောက်ဆုံးစက္ကန့်အထိ ကြာမြင့်ခဲ့တဲ့ နှစ်နာရီကျော် အချိန်ကာလက ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်တွေထဲမှာ ထာဝရ ရှိနေမယ့် ရတနာတစ်ခု ဖြစ်လာပါလိမ့်မယ်... ဒီနေ့ ရှုံးနိမ့်မှုကို ကျွန်တော်တို့ မှတ်သားထားပါမယ်... နောက်ဆုံး အနေနဲ့... လိဂ်က မပြီးသေးပါဘူး... မန်စီးတီး အနေနဲ့လည်း ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ပါဘူး..."
သတင်းစာရှင်းလင်းပွဲ ပြီးဆုံးပြီးနောက် ထိုပွဲနှင့် ပတ်သက်သည့် သတင်းများက အဓိက အားကစား ပလက်ဖောင်းများ အားလုံးတွင် လွှမ်းမိုးသွားတော့သည်။ မည်သို့ပင်ဆိုစေ ထိုကဲ့သို့ ပြဇာတ်ဆန်ပြီး ခန့်မှန်းရ ခက်သော ပွဲစဉ်က ပရိသတ်များအတွက် တကယ့်ကို မျက်စိပသာဒ ဖြစ်စေခဲ့သည် မဟုတ်ပါလား…။
- 【ဂွါဒီယိုလာရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က အမှားတစ်ခုပဲ... သူသာ ကွင်းလယ်ကို ထိန်းချုပ်ပြီး ဘောလုံး ဆက်လက် ပိုင်ဆိုင်ထားမယ် ဆိုရင် မန်ယူရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ပွဲနိုင်ဖို့ လုံလောက်မှာ မဟုတ်ဘူး...】
- 【ဒါက သေချာပေါက် အမှန်ပဲ… ဒါပေမဲ့ ကွင်းထဲမှာ ချက်ချင်း တိကျတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ဆိုတာက စိတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အဆင့်မြင့်မြင့် လိုအပ်တယ်လေ...】
- 【ညာတောင်ပံ တိုက်စစ်တွေ၊ လေကြောင်း ဗုံးကြဲမှုတွေ၊ ရှေ့တက် ဖိအားပေးမှုတွေ... မော်ရင်ညိုရဲ့ နည်းဗျူဟာတွေက တကယ့်ကို ပစ်မှတ်ကို ထိထိမိမိ ရှိလှပါတယ်... မန်စီးတီး ရှုံးတာ တန်ပါတယ်လို့ ကျွန်တော် ထင်တယ်...】
- 【မန်စီးတီးရဲ့ လူစာရင်းက လာမယ့်ရာသီမှာ ကွင်းလယ်ခံစစ် တစ်ယောက်နဲ့ ဘယ်နောက်ခံလူ တစ်ယောက် ရမှသာ တကယ်ကို ပြီးပြည့်စုံသွားမှာပါ...】
- 【နောက် သုံးရက်နေရင် ကစားမယ့် လိဂ်ပွဲစဉ်ကို စောင့်ကြည့်ကြတာပေါ့... အပြောင်းအလဲတွေ ဖြစ်လာဖို့ အခွင့်အရေး ရှိသေးတယ်လို့ ကျွန်တော် ထင်တယ်... ချယ်လ်ဆီးက မော်ရင်ညိုကို သိပ်မုန်းတာ... မန်ယူကို တားဆီးဖို့ သူတို့ လုပ်နိုင်တာ အကုန် လုပ်မယ် မဟုတ်ဘူးလား...】
***