“ခင်ဗျား သဘောအတိုင်းပဲ လုပ်လိုက်ပါ...”
ချူဖုန်းက မန်ဒက်စ်၏ စွမ်းဆောင်ရည်ကို ယုံကြည်ပြီးနောက် ဖြည့်စွက် ပြောလိုက်သည်။ “ဒါနဲ့... လူငယ် လေ့ကျင့်ရေး ကစားသမား နေရာလေးတွေ နည်းနည်းလောက် ထပ်တောင်းပေးပါဦး...”
“စိတ်မပူပါနဲ့... အဲဒီကိစ္စကို တရုတ်ဘက်က တာဝန်ရှိသူတွေနဲ့ ငါ ဆွေးနွေးပြီးသွားပြီ... မကြာခင်မှာ ထူးချွန်တဲ့ ကလေးတွေ နည်းနည်းလောက် အစမ်းလာကစားဖို့ သူတို့ ပို့ပေးလိမ့်မယ်... နောက်နှစ်အနည်းငယ် နေရင် ပရီးမီးယားလိဂ်မှာ သူတို့ကို မင်း မြင်ရနိုင်ပါတယ်...”
မန်ဒက်စ်က ပြုံးကာ ပြောလိုက်သည်။
“အဲဒီလိုပဲ မျှော်လင့်ပါတယ်...”
ချူဖုန်း ခေါင်းညိတ်လိုက်သည်။ တရုတ် ဘောလုံးလောကက ပြဿနာများဖြင့် ဒုက္ခရောက်နေဆဲ ဖြစ်ပြီး ပြန်လည် တည်ဆောက်ရေး အဆင့်တွင်သာ ရှိနေသေးသည်။ ပြန်လည် ရှင်သန်လာအောင် လုပ်ရမည့် လုပ်ငန်းစဉ်က သေချာပေါက် အလွန် ရှည်လျားပေလိမ့်မည်။
“ခင်ဗျား အီတလီကို မသွားတော့ဘူးလား...”
ချူဖုန်းက သိပ်မစဉ်းစားဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ဂျူဗင်တပ်စ်က ချန်ပီယံလိဂ်ကနေ ထွက်လိုက်ရပြီ... ပြီးတော့ ခရစ္စရဲ့ တရားရေး ပြဿနာတွေလည်း ပြီးသွားပြီဆိုတော့... လောလောဆယ် ငါ ယူကေမှာပဲ နေဖြစ်မယ် ထင်တယ်...”
ရော်နယ်ဒို အကြောင်း တွေးမိလိုက်သောအခါ မန်ဒက်စ်၏ နားထင်များ ထပ်မံ တုန်ခါသွားပြန်သည်။
ချန်ပီယံလိဂ်မှ ထွက်ရခြင်း၊ ဂိုးသွင်းအများဆုံး စာရင်းတွင် အဆင့် (၄) နေရာသာ ရခြင်း...
အချက်အလက်တွေ တစ်ခုမှ မကောင်းချေ။ ဘာပဲဖြစ်ဖြစ် ရော်နယ်ဒိုက အသက် ၃၄ နှစ် ရှိနေပြီလေ။ ဘောလုံးသမား တစ်ယောက်ရဲ့ စံနှုန်းတွေအရ ဆိုရင် သူက ကစားသမားဘဝရဲ့ နေဝင်ချိန်ကို ရောက်နေပြီလို့ ဆိုလိုတာပဲ။
ဒီအချိန်မှာ အခုလောက် စွမ်းဆောင်နိုင်တာကကို တော်တော်လေး ကောင်းနေပါပြီ။ သို့သော် ဒီရာသီမှာ သူ ဘလွန်းဒီအောဆု ရဖို့တော့ လုံးဝ အခွင့်အရေး မရှိတော့ပေ။
ထို့ကြောင့် မန်ဒက်စ်က ထပ်မံ တွေဝေမနေတော့ဘဲ သူ့တွင် ရှိသမျှ အရင်းအမြစ် အားလုံးကို ချူဖုန်းထံသို့ ပုံအောပေးလိုက်ခြင်း ဖြစ်သည်။
“ချူ... လိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေကို ရဖို့ မင်း ယုံကြည်မှု ရှိလား...” မန်ဒက်စ်က ရုတ်တရက် မေးလိုက်သည်။
မှတ်သားထားရမည့် အချက်မှာ မက်ဆီသည် လာလီဂါ၊ ကိုပါဒယ်ရေးနှင့် စပိန်စူပါဖလားတို့ကို ရရှိထားပြီး လာလီဂါ ရွှေဖိနပ်ဆုကိုပါ ရယူထားခြင်းပင်။ အကယ်၍ သူသာ ကိုပါအမေရိက ဖလားကို ထပ်မံ ရယူနိုင်ခဲ့ပါက မည်သူက ဘလွန်းဒီအောဆုကို ရမည်အား ပြောရန် အလွန် ခက်ခဲသွားပေလိမ့်မည်။
သို့သော် အကယ်၍ ချူဖုန်းသာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နှင့် အက်ဖ်အေဖလားတို့ကို ထပ်မံ ရယူနိုင်ပါက သူသည် ပရီးမီးယားလိဂ်၌ ဖလားငါးလုံးကို တစ်ပြိုင်ထဲ ရယူနိုင်သော ပထမဦးဆုံး ကစားသမားများထဲမှ တစ်ဦး ဖြစ်လာပေလိမ့်မည်။
ထိုအခါ ဘလွန်းဒီအောဆုက သေချာပေါက် သူ၏ လက်ထဲသို့ ရောက်လာမည်သာ။
“ရိုးရိုးသားသား ပြောရရင် လိဂ်အတွက်တော့ ပိုပြီး ယုံကြည်မှု ရှိတယ်... ချယ်လ်ဆီး၊ ဟတ်ဒါဖီးလ်နဲ့ ကာဒစ်ဖ်စီးတီးတို့က အားနည်းတဲ့ အသင်းတွေမို့လို့ သိပ်ပြီး စိန်ခေါ်မှု မဖြစ်လောက်ဘူး...”
ချူဖုန်းက ဟန်ဆောင် နှိမ့်ချမနေဘဲ “ဒါပေမဲ့ ချန်ပီယံလိဂ် ရဖို့ကတော့ တကယ် ခက်တယ်... လီဗာပူးနဲ့ ကစားရမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ငါတို့ ကျော်ဖြတ်နိုင်မလား ဆိုတာကို ကြိုတင် ခန့်မှန်းရဲတဲ့သူ တစ်ယောက်မှ မရှိဘူးလေ...” ဟု ပြောလိုက်သည်။
“အဲ့ဒါတော့ ဟုတ်တယ်...” မန်ဒက်စ်က သဘောတူလိုက်သည်။
လီဗာပူးက ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အဆင့် (၃) နေရာ၌ ရှိနေပြီး ယင်းကပင် ၎င်းတို့အား လျှော့တွက်၍ မရကြောင်း သက်သေပြနေသည်။ ထို့အပြင် သူတို့၏ ရိုးရှင်းပြီး တိုက်ရိုက်ကျသော နည်းဗျူဟာများက ဖလားပြိုင်ပွဲများတွင် ပိုမို အစွမ်းပြလေ့ ရှိသည်။
မန်ချက်စတာ ယူနိုက်တက်က ယခုနှစ်ရာသီ၏ အင်္ဂလန်ဒါဘီပွဲ နှစ်ပွဲစလုံးကို အနိုင်ရခဲ့သော်လည်း အနိုင်ရရန် အလွန် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်ခဲ့ရသည် မဟုတ်ပါလား။
“ခရစ္စက နောက်နှစ်နှစ် သုံးနှစ်လောက်နေရင် မန်ယူကို ပြန်လာဖို့ စဉ်းစားကောင်း စဉ်းစားမယ်လို့ ငါ့ကို ပြောဖူးတယ်... ဒါဆို မင်းတို့ နှစ်ယောက် အသင်းဖော်တွေ ဖြစ်လာနိုင်တာပေါ့...”
စကားဝိုင်းက အနည်းငယ် ခြောက်သွေ့သွားသည်ကို မြင်သောအခါ မန်ဒက်စ်က နောက်ပြောင်လိုက်သည်။ သို့သော် ထိုစကားတွင် အမှန် ဘယ်လောက်၊ အမှား ဘယ်လောက် ပါသနည်းဆိုသည်ကိုတော့ မန်ဒက်စ် ကိုယ်တိုင်သာ သိပေလိမ့်မည်။
“ကျွန်တော်တို့ရဲ့ ကစားတဲ့ နေရာက ထပ်နေတယ်လေ...”
ချူဖုန်းက ပွင့်ပွင့်လင်းလင်း မပြောသော်လည်း အဓိပ္ပာယ်က အလွန် ရှင်းလင်းနေသည်။
သူက သူ၏ နေရာကို အလျှော့ပေးမည် မဟုတ်သလို ရော်နယ်ဒိုကလည်း သေချာပေါက် အလျှော့ပေးမည် မဟုတ်ရာ သူတို့နှစ်ယောက် ဘယ်လိုလုပ် အသင်းဖော်တွေ ဖြစ်လာနိုင်မည်နည်း။
“ဟားဟား... နောက်တာပါကွာ... မင်းတို့ နှစ်ယောက်က တကယ်ကို တွဲကစားဖို့ အဆင်မပြေပါဘူး...”
မန်ဒက်စ်က စကားဝိုင်းကို ပြန်လည် ချောမွေ့သွားစေရန် လုပ်လိုက်သည်။ ထို့နောက် သူတို့နှစ်ဦး စာချုပ် အသေးစိတ် အချက်အလက် တချို့ကို ဆွေးနွေးပြီးနောက် လက်ပြနှုတ်ဆက်ကာ ကော်ဖီဆိုင်မှ ထွက်ခွာသွားကြသည်။
ချယ်လ်ဆီးနှင့် ပွဲမတိုင်မီ တစ်ရက်အလို…
ချူဖုန်းက မန်ချက်စတာ တက္ကသိုလ်သို့ ရောက်လာပြီး သူ၏ နောက်ဆုံး စာမေးပွဲကို ဖြေဆိုခဲ့သည်။
ခေတ်သစ် ဘောလုံး စီးပွားရေးပညာ
အဓိက သီအိုရီမှာ အရေးအကြီးဆုံး ကုန်ပစ္စည်းသည် ကစားသမား ဖြစ်သည် ဟူသောအချက်ပင်။
တကယ်တမ်း မကြာသေးမီက သူ စာမေးပွဲကို သိပ်ဂရုမစိုက်နိုင်ခဲ့သော်လည်း ကံကောင်း ထောက်မစွာဖြင့် အစားထိုး ဆရာများ၏ အကူအညီကြောင့် စာမေးပွဲ ကျရှုံးခြင်း ကဲ့သို့သော ရှက်စရာကောင်းသည့် အခြေအနေများကို ရှောင်ရှားနိုင်ခဲ့သည်။
“မနက်ဖြန် စပိန်မှာ လုပ်မယ့် ကုန်စည်ပြပွဲကို ကျွန်မ သွားမှာ... လက်ဆောင် ဘာလိုချင်လဲ...”
မာရီယာနှင့် ချူဖုန်းတို့က ကျောင်းဝင်းအတွင်း ယှဉ်လျှောက်လာကြသည်။
“အင်း... စပိန် ဝက်ပေါင်ခြောက်လေး နည်းနည်းလောက် စားချင်တယ်... ပြီးခဲ့တဲ့ အခေါက်က အန်တီ ယူလာတာလေးက တော်တော် စားလို့ကောင်းတယ်...”
ချူဖုန်းက သီးသန့် လိုချင်တာတော့ သိပ်မရှိပေ။
“အဲဒီ ဝက်ပေါင်ခြောက်က ငါ့ဖေဖေရဲ့ ရတနာလေ... အိုင်ဘေးရီးယားမှာ တစ်နှစ်ကို အလုံး တစ်ထောင်ကျော်လေးပဲ ထုတ်တာ... နှစ်နဲ့ချီပြီး ကြိုမှာမထားရင် ဝယ်လို့တောင် မရဘူး...”
မာရီယာ၏ ငွေခေါင်းလောင်းလေး ကဲ့သို့သော ရယ်သံလေးက ထွက်ပေါ်လာသည်။ “အဲဒီနေ့က ရှင် တော်တော်များများ စားပစ်လိုက်တာလေ... ဖေဖေ တစ်ယောက် နောက်ပိုင်းကျတော့ နှမြောလွန်းလို့ ရင်ကျိုးနေတာ...”
“အဟမ်း... မနေ့က မင်း ပြန်သွားပြီးနောက်ပိုင်း... ဦးလေး အခြေအနေ ဘယ်လိုနေသေးလဲ...”
ချူဖုန်းက ချောင်းနှစ်ချက် ဟန့်ကာ မေးလိုက်သည်။ တနေ့က ပွဲအပြီးတွင် တစ်ဖက်လူက အထင်လွဲသွားမည် စိုးသဖြင့် ဂွါဒီယိုလာ အနီးသို့ သူမကပ်ရဲခဲ့ချေ။ မည်သို့ပင်ဆိုစေ သူတို့၏ ဆက်ဆံရေးက တော်တော်လေး ရှုပ်ထွေးနေသည် မဟုတ်ပါလား။
“သူက ပွဲအကြောင်းကိုပဲ ထပ်ခါတလဲလဲ ပြန်သုံးသပ်နေပြီး... ရှင့်ကို အပြတ်ရှင်းပစ်မယ်လို့ပဲ ပါးစပ်က အမြဲ ရေရွတ်နေတယ်...”
မာရီယာ၏ မျက်လုံးလေးများက အပြုံးကြောင့် ကွေးညွတ်သွားသည်။ ဂွါဒီယိုလာ အလွန် ဝမ်းနည်းနေမည်ဟု သူမ ထင်ထားခဲ့သော်လည်း တကယ့်တကယ်တွင်တော့ ထိုသို့ မဟုတ်ခဲ့ပေ။
ဂွါဒီယိုလာက အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ဘဲ မန်စီးတီး၌ အပြာရောင် ပြည်ထောင် တစ်ခု တည်ထောင်နိုင်ရန် ဦးဆောင်ချင်နေဆဲပင်။
သူ အရင်က ပြောခဲ့သလိုပေါ့။
ဘယ်သူကမှ ထာဝရ ကံကောင်းနေမှာ မဟုတ်ဘူး။ နောက်တစ်ကြိမ် ကံကောင်းမယ့်သူက မန်ယူ မဟုတ်ဘဲ မန်စီးတီး ဖြစ်လာနိုင်တာပဲလေ။
“အဲဒီနေ့ ရောက်လာမယ့် အချိန်ကို ငါလည်း စောင့်မျှော်နေပါတယ်...”
ချူဖုန်းက လေးနက်စွာ ပြောလိုက်သည်။
ပြိုင်ဘက်ကို လေးစားခြင်းက ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းပင်။ မန်စီးတီး ပိုမို သန်မာလာနေသည်ကို သူ မငြင်းဆိုသော်လည်း မန်ယူကလည်း ရပ်တန့်နေမည် မဟုတ်ပေ။
ဘောလုံးဆိုတာ နောက်ဆုံးမှာတော့ စွမ်းရည်နဲ့ပဲ စကားပြောရတဲ့ အားကစား တစ်ခုပဲလေ။
——
အသေးအဖွဲ ပြဿနာလေး အချို့ ပြီးသွားပြီးနောက် ဧပြီလ ၂၈ ရက်နေ့သို့ ရောက်ရှိလာခဲ့သည်။ ပရီးမီးယားလိဂ်၏ နောက်ဆုံးပွဲစဉ် မတိုင်မီ ပွဲစဉ်။
မန်ယူနှင့် ချယ်လ်ဆီး...
အိုးထရက်ဖို့ဒ်ကွင်းကြီး…
“ချယ်လ်ဆီးက ကွင်းလယ်ကို အမြန် ဖြတ်သန်းပြီး တိုက်စစ်မှူးတွေဆီကို တိုက်ရိုက် တိုက်စစ်ဆင်လေ့ ရှိတယ်... ဒါက ငါတို့နဲ့ တော်တော် ဆင်တူတယ်...”
မော်ရင်ညိုက နည်းဗျူဟာ ဘုတ်ပြားကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါပေမဲ့ သူတို့ရဲ့ မြန်ဆန်တဲ့ ကစားဟန်က ကြမ်းတမ်းတယ်... ကွင်းလယ်လူတွေရဲ့ ဘောလုံးပေးပို့မှုက မတိကျဘူး... ပြီးတော့ တိုက်စစ်မှူးတွေရဲ့ အခွင့်အရေး အသုံးချနိုင်စွမ်းကလည်း အကန့်အသတ် ရှိတယ်... ဒါကြောင့် ငါတို့ကို သိပ်ပြီး ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး...”
“ဒါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ တိုက်စစ်ကိုလည်း မြှင့်တင်လို့ မရသလို ခံစစ်ကိုလည်း နောက်ဆုတ်လို့ မရတာပဲ...”
“ဒါကြောင့် ငါတို့က ခံစစ်ကို တောင့်ခံထားပြီး သူတို့ အမှားလုပ်မယ့် အချိန်ကို စောင့်ပြီးမှ တန်ပြန်တိုက်စစ် ဆင်ဖို့ပဲ လိုတယ်...”
“ဟာဇက်ကိုတော့ သတိထားကြ...”
မော်ရင်ညို အများကြီး မပြောတော့ချေ။ သူ၏ အမြင်တွင် ချယ်လ်ဆီးက ခြိမ်းခြောက်မှု မရှိဟု ထင်မြင်ပြီး မန်ယူ ကစားသမားများ တည်တည်ငြိမ်ငြိမ် ကစားနိုင်သရွေ့ ဂိုးရရန်က အချိန်ပိုင်း ပြဿနာသာ ဖြစ်သည်။
“မင်းတို့ သိလား”
မက်ဂွိုင်းယားက အတင်းပြောတတ်သူ တစ်ဦး အဖြစ် ပြောင်းလဲသွားကာ “ဟာဇက်က နောက်ရာသီမှာ ရီးရဲလ်မက်ဒရစ် ကို ပြောင်းတော့မယ်တဲ့... သဘောတူညီမှုတောင် ရသွားပြီလို့ ငါ ကြားတယ်...” ဟု ပြောလိုက်သည်။
အဝတ်လဲခန်းက ချက်ချင်းပင် ဆူညံသွားတော့သည်။
မော်ရင်ညိုက စကားပြောခြင်းကို မတားမြစ်ခဲ့ပေ။ ပွဲမတိုင်မီ စကားစမြည် ပြောဆိုပြီး အနားယူခြင်းက သူတို့ကို ပိုမို ကောင်းမွန်သော အဆင့်တွင် ကစားနိုင်ရန် ကူညီပေးနိုင်ကောင်း ပေးနိုင်မည် မဟုတ်ပါလား။
“ပြီးတော့ ဘာစီလိုနာက ဝီလီယံကို မျက်စိကျနေတယ် ဆိုတော့... ချယ်လ်ဆီး တစ်သင်းလုံး ပြန်လည် တည်ဆောက်ရတော့မယ့် ပုံပဲနော်...”
မာရက်ဇ် တစ်ယောက် မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
ဟာရဲရားက မော်ရင်ညိုဘက် လှည့်ကာ မေးလိုက်သည်။ “ဘော့စ်... ချယ်လ်ဆီးက ဘော့စ်ကို ဆက်သွယ်လာသေးလား...”
အေဗရာမိုဗစ်၏ စရိုက်အရ ရာသီကုန်လျှင် ဆာရီကို သေချာပေါက် ထုတ်ပယ်ရမည် ဖြစ်ရာ ချယ်လ်ဆီး နည်းပြသစ် ရွေးချယ်ရေးက ဆူးငြောင့်ခလုတ် ပြဿနာ တစ်ခု ဖြစ်လာပေလိမ့်မည်။
“ငါ့ကိုလား... ငါကတော့ သေချာပေါက် ပြန်မသွားဘူး...”
မော်ရင်ညိုက ခေါင်းခါပြလိုက်သည်။
တကယ်တော့ သူ ဖိတ်ကြားစာ ရခဲ့သော်လည်း ဘာကြောင့် ပြန်သွားရမည်နည်း။ မည်သို့ပင်ဆိုစေ ချယ်လ်ဆီး နည်းပြ လုပ်ရခြင်းက လွယ်ကူသော အလုပ် မဟုတ်ပေ။
“လမ်းပတ် ပြန်လာမယ်လို့ ငါ ကြားတယ်...”
ဟာရဲရားက ရုတ်တရက် ဝင်ပြောလိုက်သည်။
ထိုအခါ ဗလင်စီယာက အားရပါးရ ပြုံးကာ “အဲဒီလိုဆိုရင် နောက်ရာသီ ချယ်လ်ဆီးတော့ သွားပြီပဲ... သူတို့ ဥရောပ ဝင်ခွင့်တောင် ရနိုင်မှာ မဟုတ်ဘူး...” ဟု ပြောလိုက်သည်။
ဝန်ထမ်းများက လာရောက် သတိပေးသောအခါ ချူဖုန်းက အားလုံး၏ စကားဝိုင်းကို ဖြတ်တောက်လိုက်သည်။
“သွားကြစို့... ချယ်လ်ဆီးကို အလဲထိုးပစ်ကြမယ်...”
***