မန်ယူတို့ ညာဘက်ခြမ်းမှနေ၍ တန်ပြန်တိုက်စစ် စတင်လိုက်ချေပြီ။
ကန်တေက တောင်ပံမှနေ၍ ထပ်ဆင့် တိုက်စစ်လိုက်ပါလာသော ဗလင်စီယာထံသို့ ဘောလုံး ပေးပို့လိုက်သည်။ ယနေ့ သူက အသင်းခေါင်းဆောင် လက်ပတ်ကို ပြန်လည် ဝတ်ဆင်ထားသည်။
အဘယ်ကြောင့်ဆိုသော် ရာသီကုန်လျှင် မန်ယူမှ ထွက်ခွာတော့မည် ဖြစ်ကြောင်း သူ ကြေညာထားပြီး ဖြစ်သောကြောင့်တည်း။
ဘာဘာတော့ဗ်နှင့် ရွန်နီ၊ ဗန်ပါစီနှင့် ချီချာရီတို၊ ထို့နောက် ရက်ရှ်ဖို့ဒ်နှင့် ချူဖုန်းတို့ကို ဖန်တီးမှုများ ပြုလုပ်ပေးခဲ့ခြင်းများမှ စတင်၍...
မန်ယူတွင် သူ ချန်ထားခဲ့သမျှ အရာအားလုံးက အမှတ်တရများသာ ဖြစ်သည်။
သူက ကန်တေနှင့် ဝမ်းတူး ကစားကွက်ကို အသုံးပြု၍ ကိုဗာဆစ်ကို ကျော်ဖြတ်လိုက်ပြီး မားကို့စ် အလွန်ဆိုကိုပါ ချက်ချင်း အရှိန်တင် ကျော်ဖြတ်သွားလေသည်။ သို့သော် မားကို့စ် အလွန်ဆိုက ရုပ်ပိုင်းဆိုင်ရာအရ ပိုမို သန်မာလာသည်။ ထို့ကြောင့် သူ့အနေဖြင့် ရှေ့ဆက်တိုးရန် မဖြစ်နိုင်တော့ချေ။
“ဗလင်စီယာ ရုတ်တရက် ရပ်တန့်လိုက်ပြီး အလယ်ကို ချိုးဝင်လာတယ်... တကယ့်ကို ပါးနပ်တဲ့ ရွေးချယ်မှုပါပဲဗျာ...”
“ဘာလို့လဲဆိုတော့ ဗလင်စီယာက ညာသန် ကစားသမား တစ်ယောက် ဖြစ်လို့ ဂိုးစည်းအနီးကနေ ဖြတ်တင်ပေးမယ့် ဘောလုံးတွေက အရည်အသွေး မမြင့်နိုင်ဘူးလေ... အလယ်ကနေ ကစားကွက် ပြန်တည်တာက ပိုကောင်းလိမ့်မယ်...”
“ဟေး... သူတို့ ပေါ့ဘာဆီ မပေးတော့ဘဲ အဝေးဘော ကန်တင်လိုက်ပြီဗျ...”
ဘောလုံးက ချယ်လ်ဆီးအသင်း၏ ပင်နယ်တီဧရိယာထဲသို့ လေခွင်းသံများဖြင့် ပြေးဝင်သွားလေသည်။
မန်ယူ ကစားသမားများလည်း ရှေ့သို့ တက်လာကြပြီး ပင်နယ်တီဧရိယာ အတွင်းရှိ နေရာလွတ် အများစုကို လွှမ်းခြုံထားလိုက်ကြသည်။
ချယ်လ်ဆီး ကစားသမားများ အားလုံးက ချူဖုန်းကို လှည့်ကြည့်လိုက်ကြပြီး ကီပါက အသံကုန် အော်ဟစ်လိုက်သည်။ “သူ့ကို ခုန်ခွင့်မပေးနဲ့... ခန္ဓာကိုယ်နဲ့ ဝင်တိုက်ပြီး နှောင့်ယှက်ထား...”
သို့သော် ဘောလုံး၏ လမ်းကြောင်းက ဘယ်ဘက်တွင် အဆုံးသတ်သွားသည်။ ရက်ရှ်ဖို့ဒ်၏ နေရာယူမှုက အလွန် ကျွမ်းကျင်လှသည်။ ရူဒီဂါက ချူဖုန်းအနီးသို့ ကပ်သွားသည်အထိ စောင့်ဆိုင်းကာ ရှေ့သို့ ပြေးထွက်သွားခြင်းပင်။
ရူဒီဂါ တစ်ယောက် ဘာဖြစ်နေမှန်း သဘောပေါက်သွားချိန်တွင် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
ဘန်း...
ရက်ရှ်ဖို့ဒ်က ခုန်ပင် မခုန်ရဘဲ ရပ်နေသည့် နေရာကနေပင် ဘောလုံးကို ဂိုးပေါက်ဆီသို့ ခေါင်းတိုက်ချလိုက်လေသည်။
“ကီပါ...”
လမ်းပတ်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ “သူ့ရဲ့ တုံ့ပြန်မှုက မယုံနိုင်စရာပဲ... သူက ဂိုးပေါက် အပြင်ဘက်ကို လက်တစ်ဖက်တည်းနဲ့ ပုတ်ထုတ်သွားတာဗျ...”
ဘောလုံးက ပင်နယ်တီ အစက်အနီးရှိ ပေါ့ဘာထံသို့ ခုန်ထွက်သွားလေသည်။
ခရစ္စတန်ဆန်က မသိစိတ်၏ စေ့ဆော်မှုအရ ရှေ့သို့ ခုန်ထွက်သွားသော်လည်း ရူဒီဂါက သူ့ကို ရပ်တန့်ရန် အော်ဟစ်လိုက်သည်။ “မင်း နောက်ကို ကြည့်ဦးလေ...”
ပေါ့ဘာက ဘောလုံးကို ချူဖုန်းထံသို့ ညင်သာစွာ ခေါင်းတိုက် ချပေးလိုက်သည်။
ကီပါက မြေပြင်ပေါ်မှ အခုလေးတင် ထလာပြီးနောက် နောက်ထပ် ကာကွယ်မှု တစ်ခုကို ရဲရဲဝံ့ဝံ့ ပြုလုပ်ရန် ပြင်လိုက်သည်။
သို့သော် ချူဖုန်းက မယုံနိုင်လောက်အောင် တည်ငြိမ်နေခဲ့သည်။ သူ၏ ကန်သွင်းမည့် စည်းချက်က ခေတ္တမျှ ရပ်တန့်သွားပြီး ကီပါ လှုပ်ရှားလိုက်ပြီးနောက်မှသာ ဘောလုံးကို သူ၏ ခြေခုံဖြင့် အားပါပါ ကန်သွင်းလိုက်လေသည်။
ရွှစ်... ဘန်း...
ဘောလုံးက ပိုက်ကွန်ကို ထိပြီး သာယာသော အသံတစ်ခု ထွက်ပေါ်လာကာ ချယ်လ်ဆီး ဂိုးပေါက်အတွင်း အကြိမ်အနည်းငယ် ခုန်ပေါက်သွားပြီးနောက် ငြိမ်သက်သွားတော့သည်။
အိုးထရက်ဖို့ဒ်ကွင်း၏ အားပေးသံများက ချက်ချင်းပင် အမြင့်ဆုံးသို့ ရောက်ရှိသွားလေသည်။
………………..
နဗီးလ်က လမ်းပတ်ကို ကြည့်မရသည်မှာ ကြာပြီ ဖြစ်ပြီး အကြောင်းအရင်းကို တူးဆွကြည့်မည်ဆိုလျှင် လမ်းပတ်က မိန်းမကိစ္စ အလွန် ရှုပ်ပွေသောကြောင့် ဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်က ချယ်လ်ဆီးအသင်းကို ကြည့်မည် ဆိုလျှင်…
တယ်ရီက သူ၏ အသင်းဖော် ဘရစ်ချ်၏ ရည်းစားနှင့် ဖောက်ပြန်ခဲ့ပြီး ကိုယ်ဝန်ရသွားစေခဲ့သည်။
အက်ရှလေကိုးလ်တွင် တရားမဝင် ဇနီးငယ် ငါးယောက် ရှိသည်။
လမ်းပတ်၏ ရည်းစားများကလည်း သူ၏ ဂျာစီနံပါတ် (၈) အတိုင်း ရှစ်ယောက်တောင် ရှိသည်။
နဗီးလ်က အလွန် သံယောဇဉ်ကြီးသူ တစ်ဦး ဖြစ်ပြီး သူ၏ ဇနီးမှာ သာမန် အရောင်းစာရေးမလေး တစ်ဦး ဖြစ်သော်လည်း သူမအပေါ် ထားရှိသော သူ၏ အချစ်ကို မထိခိုက်စေခဲ့ပေ။
တစ်ခါက နဗီးလ် ဤသို့ ပြောခဲ့ဖူးသည်။ “ငါတို့ လက်ထပ်တဲ့ နေ့ကို လန်ဒန် တစ်မြို့လုံး မှတ်မိနေစေချင်တယ်...”
အချစ်ရေးအပေါ် သဘောထား မတူညီသည့် အချက်ကြောင့်ပင် ဂယ်ရီနဗီးလ်နှင့် လမ်းပတ်တို့က သိပ်ပြီး အစေးမကပ်လှချေ။ ယင်းကြောင့် နဗီးလ်က လမ်းပတ်ကို အားမနာနေဘဲ ချယ်လ်ဆီးအား မညှာမတာ ဝေဖန်တော့သည်။
“ဂိုး... ဂိုး...”
“မန်ယူတို့ အရင် ဦးဆောင်ဂိုး ရသွားပါပြီဗျာ... ချယ်လ်ဆီးရဲ့ တိုက်စစ်ကို ဖြတ်တောက်ပြီးနောက် မန်ယူက အဲဒီဘက်ကနေပဲ တန်ပြန်တိုက်စစ် ဆင်ခဲ့တာပါ... ဝါရင့် အသင်းခေါင်းဆောင် ဗလင်စီယာရဲ့ အဝေးဘော ကန်တင်မှုက ချယ်လ်ဆီး ပင်နယ်တီဧရိယာထဲမှာ ရှုပ်ထွေးသွားစေခဲ့တယ်...”
“အဲဒီနောက် ချူဖုန်းက အရှုပ်အထွေးကို အခွင့်ကောင်းယူပြီး ဘောလုံးကို ဂိုးပေါက်ထဲ မြေမကျ ကန်သွင်းသွားခဲ့တာပါ... ကန်မသွင်းခင် ရပ်တန့်သွားတဲ့ အခိုက်အတန့်လေးကို ကြည့်လိုက်ပါဦး... လုံးဝကို ယုံကြည်မှု အပြည့်နဲ့ တည်ငြိမ်လွန်းပါတယ်ဗျာ...”
နဗီးလ်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး လမ်းပတ်ကို မျက်လုံးထောင့်မှ တစ်ချက် ကြည့်ကာ မီးလောင်ရာ လေပင့်လိုက်သည်။ “ချယ်လ်ဆီးက အိုးထရက်ဖို့ဒ်မှာ နိုင်ချင်နေတာလား...”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပွဲစဉ်တွေကိုပဲ သူတို့ ပြန်တွေးပြီး လွမ်းဆွတ်နေတာ ပိုကောင်းလိမ့်မယ်... ဘာလို့လဲဆိုတော့ အနာဂတ်မှာ သူတို့ အဲဒီလို အခွင့်အရေး ရတော့မှာ မဟုတ်လို့ပဲ...”
ကွင်းထဲတွင်…
မန်ယူ ပရိသတ်များ၏ စိတ်လှုပ်ရှားနေသော အကြည့်များကို ရင်ဆိုင်ရင်း ချူဖုန်းက ထောင့်ကန်ဘော တိုင်လေးဆီသို့ အရှိန်ကုန် ပြေးသွားကာ လေထဲသို့ ခုန်တက်ပြီး လေကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။
“ဟေး... ဟေး... ဟေး...”
နားကွဲမတတ် ကျယ်လောင်သော ဟိန်းဟောက်သံ သုံးချက်က ကွင်းကြီးတစ်ခုလုံးကို တုန်ခါသွားစေသကဲ့သို့ပင်။
ချူဖုန်း ဂိုးသွင်းလိုက်တိုင်း မန်ယူက ချန်ပီယံဆုနှင့် နောက်တစ်လှမ်း ပိုနီးကပ်သွားပြီး စိတ်လှုပ်ရှားဖွယ် ခံစားချက်ကြီးက သရဲနီတိုင်း၏ နှလုံးသားများကို ပြည့်လျှံသွားစေသည်။
“မြင်လား... ငါ ပြောသားပဲ... ခရစ္စတန်ဆန်က ဘောလုံးကိုပဲ ကြည့်နေတာ... လူကို ကြည့်တာ မဟုတ်ဘူးလို့...”
ဒေးဗစ်လူးဝစ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြေးလာသည်။ သူက ချယ်လ်ဆီးမှ ထွက်ခွာလာခဲ့ရပြီးနောက် လက်စားချေရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသူ ဖြစ်သည်။
ချယ်လ်ဆီးကို အကြိမ်ကြိမ် အနိုင်ယူခဲ့ပြီးသည့်တိုင် သူ လုံးဝ မလုံလောက်သေးဟု ခံစားနေရဆဲပင်။
“ခဏနေရင် ခရစ္စတန်ဆန်ကိုပဲ ဆက်ပြီး ပစ်မှတ်ထားကြ...”
ချူဖုန်းကလည်း မည်သည့် အညှာအတာမှ မပြခဲ့ချေ။
ချယ်လ်ဆီးတွင် အသုံးချနိုင်သော အားနည်းချက်များ ရှိနေသရွေ့ သူတို့ကို အညှာအတာမဲ့စွာ ပစ်မှတ်ထားရမည်ပင်။
“ဟာဇက်ကို စောင့်ကြည့်ဖို့ မမေ့နဲ့နော်... သူက ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေတုန်းပဲ...” ဟာရဲရားက သတိပေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ကန်တေက ရိုးသားစွာ ပြုံးပြကာ “စိတ်မပူပါနဲ့... ကျွန်တော် သူ့ကို သေချာ စောင့်ကြည့်ထားပါ့မယ်...” ဟု ပြောလိုက်သည်။
မန်ယူ ကစားသမားများ နည်းဗျူဟာများ ဆွေးနွေးနေစဉ် ချယ်လ်ဆီး ကစားသမားများကတော့ အတွင်းရေး ပြဿနာများ ဖြစ်နေကြလေပြီ။
ရူဒီဂါက အလေးမထားဟန်ဖြင့် လက်ယမ်းကာ “မန်ယူရဲ့ ကျောနံပါတ် ၇ ကို သတိထားဖို့ ငါ မင်းကို ပြောထားတယ်လေ... အဲဒီလို အခြေအနေမျိုးမှာ မင်းက ဘယ်လိုလုပ် သူ့ကို သွားပြီး ဝင်လုရတာလဲ... ငါက ပေါ့ဘာကို အာရုံလွှဲဖို့ အဲဒီနားမှာ အသင့်ရှိနေပြီးသားကို...”
ခရစ္စတန်ဆန် တစ်ယောက် နှုတ်ဆိတ်နေလိုက်သည်။ ဒါက သေချာပေါက် သူ၏ အမှားဖြစ်ပြီး ပြန်လည် ချေပစရာ အကြောင်းပြချက် မရှိပေ။
“နောက်တစ်ကြိမ် ပိုကောင်းအောင် ကြိုးစားလိုက်ပေါ့...”
ချယ်လ်ဆီး အသင်းခေါင်းဆောင် အနေဖြင့် အက်စ်ပီလီကွီတာက ရှေ့ထွက်ကာ ခရစ္စတန်ဆန်ကို နှစ်သိမ့်ပေးရုံမှလွဲ၍ အခြား မတတ်နိုင်ချေ။
အကယ်၍ သူတို့သာ လူလုံးရှေ့တွင် စတင် ငြင်းခုံနေကြမည် ဆိုပါက နောက်ဆက်တွဲ ဆိုးကျိုးများက ပွဲရှုံးရုံ သက်သက်လောက် ရိုးရှင်းမည် မဟုတ်ဘဲ လူထု သဘောထား ပြဿနာများကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။
ရူဒီဂါလည်း ဘာမှ ဆက်မပြောတော့ဘဲ သူ့ဘာသာ မှုန်ကုပ်ကုပ် ဖြစ်နေတော့သည်။
တစ်ချိန်တည်းမှာပင် တိုက်စစ်ဇုန်မှ ဟာဇက်ကတော့ အေးစက်စက်သာ ကြည့်နေလိုက်သည်။ မည်သို့ပင်ဆိုစေ နောက်ရာသီတွင် သူ ချယ်လ်ဆီးမှ ထွက်ခွာရမည်မှာ သေချာနေပြီ ဖြစ်ရာ ဤပွဲ၏ ရလဒ်ကို သူ သိပ်ဂရုမစိုက်တော့သလို ချယ်လ်ဆီး ကစားသမားများ ကြားရှိ ဆိုးရွားလှသော ဆက်ဆံရေးကို တိုးတက်အောင် လုပ်ပေးရန်ကိုလည်း ဂရုမစိုက်တော့ချေ။
ပွဲက လျင်မြန်စွာ ပြန်လည် စတင်သည်။
ချယ်လ်ဆီးတို့ တိုက်စစ်ဇုန်သို့ ရောက်ရှိရန် ရုန်းကန်နေရပြီး ဘောလုံးကို ဟာဇက်ထံ မကြာခဏ ပေးပို့နေရသည်။ သို့သော် အပြာရောင်တပ်သားတို့၏ အဓိက ကစားသမားက ဂိုးမသွင်းနိုင်ခဲ့ပေ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ မန်ယူတို့က ကွင်းလယ်တွင်ပင် သူတို့၏ ခံစစ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပြီး ချယ်လ်ဆီးကို မည်သည့် အခွင့်အရေးမှ မပေးခဲ့ချေ။ သို့သော် သူတို့က အပြည့်အဝ တိုက်စစ်လည်း မဆင်ခဲ့ပေ။
မည်သို့ပင်ဆိုစေ ရှေ့တွင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကျန်နေသေးပြီး လီဗာပူးက လွယ်ကူသော ပြိုင်ဘက်မျိုး မဟုတ်ချေ။ ထို့ကြောင့် သူတို့၏ စွမ်းအင်များကို တတ်နိုင်သမျှ ချွေတာထားရန်က အရေးကြီးသည်။
ချယ်လ်ဆီးသာ စက္ကူပေါ်တွင် ဤမျှ မသန်မာခဲ့ပါက မော်ရင်ညို အနေဖြင့် ချူဖုန်းနှင့် အခြားသူများကို အနားရချိန် ပိုရစေရန် အရန်ကစားသမားများကိုသာ ထည့်သွင်း အသုံးပြုချင်မည်မှာ သေချာလှသည်။
***