“မြင်လား... ပြီးခဲ့တဲ့ရာသီက သူ အသင်းကို စရောက်လာတုန်းက... အသင်းခေါင်းဆောင် ဖြစ်လာနိုင်မယ့် အလားအလာ ရှိတယ်လို့ ငါ ပြောခဲ့တယ်လေ... ဘာလို့လဲဆိုတော့ သူ့ရဲ့ တည်ငြိမ်မှုက ငြင်းလို့ မရအောင် ကောင်းလွန်းလို့ပဲ...”
ဗလင်စီယာနှင့် အက်ရှလေယန်းတို့က အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။
အက်ရှလေယန်းက သဘောတူညီသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။ “ဇလာတန် တစ်ခါက ငါ့ကို ဒီလို ပြောဖူးတယ်... ချူဖုန်းရဲ့ အရိုးထဲမှာတင် အောင်ပွဲခံချင်စိတ်နဲ့ ချန်ပီယံဆုတွေ ရယူချင်စိတ်က စိမ့်ဝင်နေတာ... ဒါကြောင့် သူက မဖြစ်နိုင်တာတွေကို ဖြစ်လာအောင် အမြဲတမ်း လုပ်ပြချင်ပြီး အံ့ဖွယ်ဖြစ်ရပ်တွေကို ပိုပိုပြီး ဖန်တီးချင်နေတာပဲတဲ့... အစကတော့ ငါ သံသယ ဝင်ခဲ့သေးတယ်...”
“ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်မှပဲ လူတွေအပေါ် ဇလာတန်ရဲ့ အကဲဖြတ်နိုင်စွမ်းက ဘယ်လောက်တောင် တိကျသလဲ ဆိုတာ ငါ သဘောပေါက်သွားတော့တာပဲ...”
“ရိုးရိုးသားသား ပြောရရင်ကွာ... ရုပ်ရည်ပိုင်းပဲ ဖြစ်ဖြစ်၊ စွမ်းဆောင်ရည်ပိုင်းပဲ ဖြစ်ဖြစ်၊ လွှမ်းမိုးနိုင်စွမ်းပိုင်းပဲ ဖြစ်ဖြစ်... သူက မင်းထက် အသင်းခေါင်းဆောင် ပိုပီသပါတယ်...”
စကားအဆုံးတွင် အက်ရှလေယန်းက မျက်စိတစ်ဖက် မှိတ်ပြကာ လက်ဟန်ခြေဟန်များ လုပ်ပြလိုက်သဖြင့် ဗလင်စီယာ တစ်ယောက် ဆွံ့အသွားတော့သည်။
“မင်းကများ ငါ့ကို အဲဒီလို လာပြောရဲသေးတယ်ပေါ့... မင်းကိုယ်မင်းလည်း ရုပ်ချောတယ်လို့ ထင်နေတာလား...” ဗလင်စီယာက မနည်း ညှစ်ထုတ်ကာ ပြန်ပြောလိုက်သည်။
“နောက်ရာသီကျရင် ဇလာတန်က ထိပ်သီးလိဂ် ငါးခုထဲက တစ်ခုခုကို ပြန်သွားမယ်လို့ ငါ ကြားတယ်...” ဗလင်စီယာက ရုတ်တရက် စကားလွှဲလိုက်သည်။
“သူ့ရဲ့ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်မှုနဲ့ ဆိုရင်တော့... အမေရိကန် မေဂျာလိဂ်မှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ မရှိတော့ဘူး ဆိုတာနဲ့ သူ သေချာပေါက် အငြိမ်နေနိုင်မှာ မဟုတ်ဘူး...” အက်ရှလေယန်းက သက်ပြင်းချလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူ့ရဲ့ စရိုက်က ချူဖုန်းနဲ့ အရမ်း ဆင်တူတာကိုး...”
“သူ ပြန်လာမလား မသိဘူး... ငါကော စာချုပ် နောက်တစ်နှစ်လောက် ထပ်တိုးသင့်လား...”
ဗလင်စီယာ စကားပြောလို့ပင် မဆုံးသေး။ သူက ခေါင်းခါကာ သူ့ဘာသာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
“ငါ့ရဲ့ ခြေစွမ်းတွေ ဒီလောက်တောင် ကျဆင်းသွားတာ နှမြောစရာပဲ... ငါသာ နောက်ထပ် ငါးနှစ်လောက် ပိုငယ်ခဲ့မယ်ဆိုရင်... ဒီကောင်လေးတွေနဲ့ အတူ နောက်ထပ် နှစ်အနည်းငယ်လောက် ဆက်ကစားနိုင်ဦးမှာ...”
ထိုစကားကို ကြားသောအခါ ချူဖုန်းက ဗလင်စီယာ၏ ပခုံးကို ဖက်ကာ သူ၏ အတွေးများကို လေးနက်စွာ ဖွင့်ဟလိုက်သည်။ “ခင်ဗျားရော အက်ရှလေရော လုံလုံလောက်လောက် စွမ်းဆောင်ရည် ရှိကြသေးတယ်လို့ ကျွန်တော် ထင်တယ်... ပွဲထွက်ခွင့် မရရင်တောင် အရန်ကစားသမား အဖြစ်တော့ သေချာပေါက် ကစားနိုင်ပါသေးတယ်...”
ဗလင်စီယာက မန်ယူတွင် နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူက မန်ယူအသင်း အတွက် သူ၏ အေးဂျင့်ကိုပင် အလုပ်ထုတ်ပစ်ခဲ့ပြီး ပွဲကစားနေစဉ် ခြေထောက် ကျိုးသည် အထိ အစွမ်းကုန် ကြိုးစားခဲ့သူ ဖြစ်သည်။
မန်ယူတွင် ကစားသမားဘဝ အဆုံးသတ်ခြင်းက သူ၏ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
“ငါ့ခန္ဓာကိုယ်က ပြင်းထန်တဲ့ ပွဲစဉ်တွေကို မခံနိုင်တော့ဘူး... ဒါပေမဲ့ ဒီစိမ်းလန်းတဲ့ ကွင်းပြင်ကြီးကိုလည်း ငါ မစွန့်ခွာချင်သေးဘူး... ဒါကြောင့် ထွက်သွားတာက အကောင်းဆုံး ရွေးချယ်မှုပါပဲ...”
ဗလင်စီယာ၏ လေသံက ပေါ့ပါးနေသော်လည်း ထိုစကားများထဲတွင် ပါဝင်နေသော သူ၏ ခိုင်မာသည့် ဆုံးဖြတ်ချက်ကို ချူဖုန်း သိမြင်နိုင်လေသည်။
ဇီဝကမ္မဖြစ်စဉ်က ယှဉ်ပြိုင် အားကစားလောကတွင် ရှောင်လွှဲ၍ မရသော သဘာဝတရား၏ နိယာမ တစ်ခုပင်။
အကယ်၍ အသင်းများက သူတို့၏ ဝါရင့် ကစားသမားဟောင်းများကို မြင့်မားသော လစာများဖြင့် ဆက်တိုက် စာချုပ်သက်တမ်းတိုးနေမည် ဆိုပါက နောက်ဆက်တွဲ ရလဒ်အနေဖြင့် စွမ်းဆောင်ရည်များ ပြိုလဲသွားမည်မှာ အသေအချာပင် ဖြစ်သည်။
ဥပမာအနေဖြင့် ၂၀၁၀ ခုနှစ် ဝန်းကျင်က အေစီမီလန် အသင်းကို ကြည့်ပါ။
ချူဖုန်းက ဗလင်စီယာကို ထပ်မံ ဖျောင်းဖျမနေတော့ချေ။ လူတိုင်းတွင် ကိုယ်ပိုင် ရွေးချယ်မှုများ ရှိကြပြီး သူတစ်ပါးအပေါ် ကိုယ့်စိတ်ကူးများကို အတင်းအကျပ် ရိုက်သွင်းနေရန် မလိုအပ်ပေ။
သို့သော် ဤအခိုက်အတန့်တွင် သူ၏ ပခုံးပေါ်ရှိ တာဝန်များ ပိုမို လေးလံလာသည်ကို သူ ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် သူက ယခု တစ်ယောက်တည်း ကစားနေခြင်း မဟုတ်တော့ဘဲ မိသားစု၊ အသင်းဖော်များနှင့် အခြားသူများ၏ မျှော်လင့်ချက်များကိုပါ သယ်ဆောင်ထားရပြီး ၎င်းတို့ကို ချန်ပီယံဆုများ၊ ဂုဏ်ပြုဆုများဖြင့် ပြန်လည် ပေးဆပ်ရမည် ဖြစ်သောကြောင့်တည်း။
ပထမပိုင်း မပြီးဆုံးမီမှာပင် မန်ယူတို့ နှစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ချယ်လ်ဆီး၏ စိတ်ဓာတ်ခွန်အားများ အောက်ဆုံးထိ ထိုးကျသွားလေပြီ။
မန်ယူတို့ ဘောလုံး ပြန်လည် ရရှိသွားပြီး နောက်ထပ် ခြိမ်းခြောက်မှု တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ထောင့်ကန်ဘောမှ တစ်ဆင့် ပင်နယ်တီဧရိယာ အပြင်ဘက်ရှိ ပေါ့ဘာထံသို့ ဘောလုံး ရောက်ရှိသွားသော်လည်း ကံဆိုးစွာဖြင့် ပြင်သစ်သား၏ အဝေးကန်ချက်က ဂိုးပေါက်နှင့် အနည်းငယ် လွဲချော်သွားခဲ့သည်။
ပွဲက ပထမပိုင်း နားချိန်သို့ ရောက်ရှိသွားလေပြီ။
မန်ယူ ကစားသမားများက အဝတ်လဲခန်းသို့ မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြန်လည် ရောက်ရှိလာကြပြီး ဒုတိယပိုင်းတွင် ဘာတွေ အပြောင်းအလဲ လုပ်ကြမည်ကို ဆွေးနွေးနေကြသည်။
မော်ရင်ညိုက ပွဲအခြေအနေကို အကျဉ်းချုပ် ပြန်လည် သုံးသပ်ပြပြီး သတိဝီရိယ ရှိကြရန် သတိပေးကာ သူတို့ကို အနားယူခွင့် ပေးလိုက်သည်။
“ဒီနေ့ပွဲက တကယ့်ကို အကြိတ်အနယ် ရှိလိမ့်မယ်လို့ ငါ ထင်ခဲ့တာ... ချယ်လ်ဆီးက ဒီလောက်တောင် ပျော့ညံ့နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... အစကနေ အဆုံးထိ အမှားတွေ ဆက်တိုက် လုပ်နေကြတာပဲ... ပြီးတော့ ကစားသမားတွေကလည်း တိုက်ပွဲဝင်ချင်စိတ် လုံးဝ မရှိကြတာ သိသာလွန်းတယ်...” ဟာရဲရားက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကိုဗာဆစ်နဲ့ ညစာ အတူစားဖြစ်တော့... သူက ငါ့ကို ပြောတယ်... သူတို့ရဲ့ အဝတ်လဲခန်းက ပေါက်ကွဲတော့မယ့် အခြေအနေ ဖြစ်နေပြီတဲ့... အခုဆို နည်းပြချုပ်ရယ်၊ ဝါရင့် ကစားသမားတွေရယ်၊ ကစားသမားသစ်တွေရယ် ဆိုပြီး အုပ်စု သုံးစု ကွဲနေကြတာ... အမှတ်ပေးဇယားရဲ့ အဆင့် (၇) နေရာကို ထိန်းထားဖို့တောင် သူတို့အတွက် မလွယ်ဘူး ဖြစ်နေတာ...”
ဒေးဗစ်လူးဝစ်က စကားပြောပြီးနောက် ကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။
“အဲဒီကိစ္စတွေ ပြောတာ ရပ်ကြတော့... ဒီပွဲ ပြီးရင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် လာတော့မှာ... အားလုံး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပြီး အကောင်းဆုံး ပုံစံရအောင် ပြင်ဆင်ထားကြ...”
ချူဖုန်းက သူတို့ နည်းပြ၏ မျက်နှာမကောင်းသည်ကို သတိထားမိလိုက်သဖြင့် အသင်းဖော်များ ချယ်လ်ဆီးကို လှောင်ပြောင်နေခြင်းကို အမြန် တားဆီးလိုက်သည်။
မော်ရင်ညိုက ချယ်လ်ဆီးကို နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ဖူးပြီး အရာအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီ ဟု မီဒီယာများကို ပြောခဲ့သော်လည်း ထိုကလပ်အပေါ် သူ ဘယ်လိုလုပ် သံယောဇဉ် မရှိဘဲ နေနိုင်မည်နည်း။
ချူဖုန်း၏ စကားကြောင့် မန်ယူ ကစားသမားများ ချက်ချင်း ပါးစပ်ပိတ်သွားကြပြီး အကြောင်းအရာကို အမြန် ပြောင်းလိုက်ကြသည်။
၁၅ မိနစ် အချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားပြီး အသင်းနှစ်သင်းလုံး ကွင်းထဲသို့ ပြန်လည် ရောက်ရှိလာကာ ဒုတိယပိုင်းကို အချိန်မီ စတင်လိုက်လေပြီ။
မန်ယူတို့ အစကတည်းက ပြင်းထန်သော တိုက်စစ်ကို စတင်လိုက်ကြသည်။
သူတို့က ပွဲ၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အခြေအနေကို လုံးဝ အဆုံးသတ်ပစ်ချင်နေပြီး ထို့နောက်မှ အဓိက ကစားသမားများကို လူစားလဲကာ စွမ်းအင်များကို ချွေတာချင်နေကြသည်။ ထို့ကြောင့် ချယ်လ်ဆီးတို့က မန်စီးတီး ခံစားခဲ့ရသော ဖိအားမျိုးကို မြည်းစမ်းခွင့် ရသွားတော့သည်။
“မန်ယူတို့ ဘယ်တောင်ပံကနေ အလျင်အမြန် ဆွဲတက်သွားပါတယ်... အက်ရှလေယန်းက ဝီလီယံကို ကျော်ဖြတ်သွားပါပြီဗျာ...”
“ဘာလို့ အချိန်မီ နောက်ဆုတ်ပြီး ခံစစ်မကစားတာလဲ...”
လမ်းပတ်က ဒေါသတကြီးဖြင့် ကြိမ်းမောင်းလိုက်သည်။
ချယ်လ်ဆီးက ဘယ်လောက်ပဲ ရှုံးနေပါစေ… ယခင်က ဤကဲ့သို့ စိတ်အားလျော့ရဲစွာ ဘယ်သောအခါမှ မကစားခဲ့ဖူးပေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ချယ်လ်ဆီး၏ တိုက်ပွဲဝင်လိုစိတ်များ ပျောက်ဆုံးသွားပြီး ကစားသမားတိုင်းက အသက်မပါသော ရုပ်အလောင်းများလို ကစားနေကြ၏။ ဤသည်က သူ့ကို အသေ ဒေါသထွက်စေလေသည်။
“လာမယ့် ရာသီမှာ ဒီလိုမျိုး လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာကို ချယ်လ်ဆီး ပရိသတ်တွေ အားလုံးကို ကျွန်တော် အာမခံပါတယ်... အပြာရောင်တပ်သားတွေရဲ့ တိုက်ပွဲဝင်လိုစိတ်ကို ကျွန်တော် ပြန်လည် အသက်သွင်းပေးပါ့မယ်...”
လမ်းပတ်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
သူကလည်း ဇီဒန်းလိုမျိုး ကိုယ်ပိုင် ပြည်ထောင် တစ်ခုကို တည်ထောင်ချင်နေသည်။ ထို့ကြောင့် ခိုင်ကျည်သော စိတ်ထားနှင့် အစီအမံများက မရှိမဖြစ် လိုအပ်ပေသည်။
ပထမဆုံးအနေဖြင့် စီမံခန့်ခွဲမှု အဖွဲ့၏ ယုံကြည်မှုကို ရယူရမည်။ ထို့နောက် ချယ်လ်ဆီး ပရိသတ်များကို သိမ်းသွင်းရမည်။ နောက်ဆုံးတွင် ရလဒ်များကသာ စကားပြောသွားပေလိမ့်မည်။
“ဘယ်လောက်ပဲ ဆိုးဆိုး... ဒီရာသီလောက်တော့ မဆိုးလောက်ပါဘူးလေ...” လမ်းပတ်က စိတ်ထဲမှ တွေးလိုက်မိသည်။
“မန်ယူရဲ့ ဘယ်တောင်ပံ တိုက်စစ်က တကယ့်ကို ချောမွေ့လွန်းပါတယ်... တိုက်စစ်ဇုန်ထဲကို အလျင်အမြန် ဆွဲတက်သွားပြီး... ရက်ရှ်ဖို့ဒ်က အလယ်ကို ကန့်လန့်ဖြတ် ပေးပို့လိုက်ပါတယ်...”
“ချူဖုန်း...”
ချူဖုန်းက ခြေခုံဖြင့် ဘောလုံးကို တည်ငြိမ်စွာ ဖမ်းယူလိုက်ပြီးနောက် ချက်ချင်းပင် မြေကြီးကို ကန်၍ အရှိန်တင်လိုက်သည်။ ကျော်ဖြတ်ခံလိုက်ရပြီးနောက် ခရစ္စတန်ဆန် ချက်ချင်း လှည့်ကာ ဆက်လက် လိုက်ပါလာပြီး ရမ်းသမ်း မကန်ထုတ်တော့ဘဲ ချူဖုန်းကို တားဆီးနှောင့်ယှက်ရန် အနီးကပ် လိုက်ပါလာသည်။
ချူဖုန်းက မော့ကြည့်ကာ ဟိုဒီ ရှာကြည့်လိုက်သော်လည်း အကူအညီ ပေးနိုင်မည့် အသင်းဖော်များ အနီးအနားတွင် မရှိချေ။
ဒါက ၄-၃-၁-၂ ကစားကွက်၏ အားနည်းချက်ပင်။ တိုက်စစ်ဇုန်တွင် ကစားသမား အရေအတွက် နည်းပါးလွန်းပြီး နောက်တန်းမှ ကစားသမားများ တိုက်စစ်လိုက်ပါလာရန် အချိန်ယူရသည်။
ထို့ကြောင့် ယင်းကဲ့သို့ အချိန်ကာလလေး အတွင်း ချူဖုန်း အနေဖြင့် ဘောလုံးကို ကိုင်ထားပြီး အခြေအနေကို ဖြတ်ကျော်ရမည် ဖြစ်သည်။
သို့သော် သူ့မှာ နောက်ထပ် ရွေးချယ်စရာ တစ်ခု ရှိပါသေးသည်။ အဲဒါကတော့ ကိုယ်တိုင် အဆုံးသတ်ပစ်ဖို့ပင်…။
ဗန်ဒိုက်ကိုတောင် လိမ်ခေါက်ရဲတဲ့သူက ခရစ္စတန်ဆန်ကို ဂရုစိုက်နေရမလား။
***