ချူဖုန်းက ရုတ်တရက် ရပ်တန့်လိုက်ပြီး ဟန်ချက်ကို ပြန်လည် ထိန်းပြီးနောက် ညာခြေဖြင့် ဘောလုံးကို ညင်သာစွာ ပင့်တင်လိုက်သည်။
“ခံစစ် ကူပေးဦး...”
ခရစ္စတန်ဆန်က ဘောလုံး သူ၏ ခြေထောက်ပေါ်မှ ကျော်သွားသည်ကို ကြည့်ရင်း သူ့ဘေးရှိ ရူဒီဂါကို စိုးရိမ်တကြီး အော်ဟစ် အကူအညီ တောင်းလိုက်သည်။
သူ အစွမ်းကုန် ကြိုးစားခဲ့ပြီးပါပြီ။
သို့သော် ချူဖုန်း၏ သိမ်မွေ့လှသော လိမ်ခေါက်နိုင်စွမ်းနှင့် ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကြောင့် သူ၏ အစစ်အမှန် ရည်ရွယ်ချက်များကို ခွဲခြားသိမြင်နိုင်ရန် မဖြစ်နိုင်ခဲ့ချေ။
ပထမ လှုပ်ရှားမှု နှစ်ခုကို ငါ လိုက်မီခဲ့ပေမဲ့... တတိယ လှုပ်ရှားမှုကျတော့... ကူရာကယ်ရာမဲ့တဲ့ ခံစားချက်ကြီးက ငါ့ကို လွှမ်းမိုးသွားတော့တာပဲ။
အီဘရာဟီမိုဗစ် တစ်ခါက လီဗာပူး ဗဟိုနောက်ခံလူ ဟင်ကယ်နဲ့ ပတ်သက်ပြီး ဒီလို ပြောခဲ့ဖူးသည်။ “ငါ ဘယ်ဘက်ကို လိမ်ခေါက်တော့ သူ ဘယ်ဘက်ကို လိုက်ပြေးတယ်... ငါ ညာဘက်ကို ပြောင်းလိုက်တော့ သူ ညာဘက်ကို လိုက်ပြေးတယ်... ငါ ဘယ်ဘက်ကို ထပ်သွားလိုက်ရော... သူ ကွင်းဘေးထွက်ပြီး ဟော့ဒေါ့ သွားဝယ်တော့တာပဲ...”
ခရစ္စတန်ဆန် တစ်ယောက်လည်း အခုလို အတွေ့အကြုံမျိုးကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ သို့ရာ၌ ရူဒီဂါ၏ အချိန်ကိုက် ခံစစ်အကူအညီက အလျင်အမြန် ရောက်ရှိလာပြီး ချူဖုန်းကို အနည်းငယ် တားဆီးနိုင်ခဲ့သည်။
ရူဒီဂါ၏ ခံစစ်စွမ်းရည်က တကယ်ကို ကောင်းမွန်သည်ဟု ဆိုရပေမည်။ ချူဖုန်း တစ်ယောက် ရွှံ့နွံထဲ နစ်နေသကဲ့သို့ ခံစားရပြီး အရှိန်တင်၍ ရုန်းထွက်ရန် ကြိုးစားသော်လည်း အောင်မြင်မှု မရခဲ့ပေ။
သို့သော် သူ့တွင် ပြိုင်ဘက်ကင်းသည့် အတွေ့အကြုံများ ရှိပေသည်။ သူက တမင်တကာ အရှိန်လျှော့လိုက်ပြီး ဟန်ချက်ကို ပြင်ကာ ညာခြေကို မြှောက်၍ ဂိုးကန်သွင်းမည့် ဟန်ပြင်လိုက်သည်။
ခံစစ်ကစားသမား ဘာလုပ်မလဲ။
ချူဖုန်းက ခံစစ်ကစားသမား၏ စဉ်းစားနည်းကို ပြောင်းပြန် လေ့လာဖော်ထုတ်ရန် အလေ့အကျင့် ရနေပြီ ဖြစ်ပြီး ထို့နောက်မှ သိထားသော အဖြေပေါ် မူတည်၍ ဖြေရှင်းနည်းကို ရေးဆွဲလေ့ ရှိသည်။
ရူဒီဂါ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး ချူဖုန်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ဖျက်ထုတ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ...
တိုက်စစ်ကစားသမားတိုင်းမှာ ဂိုးမကန်သွင်းခင် ပြင်ဆင်ရတဲ့ အချိန်လေး ရှိတတ်တယ်... အဲဒါက ကန်ချက်ကို နှောင့်ယှက်ဖို့ အကောင်းဆုံး အချိန်ပဲ...
သူက အရှိန်ကို အသုံးပြု၍ မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး ဘောလုံးကို အညှာအတာမဲ့စွာ လျှောထိုး ဖျက်ထုတ်လိုက်လေသည်။
သို့သော် မျှော်လင့်ထားသော အသံ ထွက်ပေါ်မလာခဲ့ချေ။ ရူဒီဂါ တစ်ခုခုကို ချက်ချင်း သဘောပေါက်သွားပြီး မျက်လုံးထောင့်မှ ကြည့်လိုက်ရာ ချူဖုန်းက ဘောလုံးကို ဘယ်ဘက်သို့ ကျွမ်းကျင်စွာ ဆွဲယူသွားသည်ကို တွေ့လိုက်ရသည်။
ဂိုးပေါက်ကို စွန့်ခွာလာသော ကီပါနှင့် ရင်ဆိုင်ရချိန်တွင် ချူဖုန်းက ဂိုးသမားကို ထပ်မံ လိမ်ခေါက်ခြင်း မပြုတော့ဘဲ ညာခြေဖြင့် ညာဘက်သို့ အနည်းငယ် ပင့်တင်လိုက်သည်။
သူက ခြေဖမိုးကို အသုံးပြု၍ ဘောလုံးကို အဝေးတိုင်ဆီသို့ ကန်သွင်းလိုက်လေသည်။
ရွှစ်... ဘန်း...
ဘောလုံးက ပိုက်ကွန်ကို ထိတွေ့သွားသော ကြည်လင်ပြတ်သားသည့် အသံလေးက ကမ္ဘာပေါ်တွင် အလှပဆုံး သံစဉ်လေး တစ်ခုနှင့် တူနေသည်။
အိုးထရက်ဖို့ဒ်ကွင်းကြီး အလျင်အမြန်ပင် အားပေးသံများဖြင့် ပေါက်ကွဲထွက်လာတော့သည်။
“ချူဖုန်း... ပင်နယ်တီဧရိယာ အရှေ့မှာ ဘာအကူအညီမှ မရှိတဲ့ အခြေအနေမှာ... သူ့ရဲ့ တစ်ဦးချင်း စွမ်းရည်ကို သုံးပြီး အတင်း ဖောက်ထွက်သွားပြီး ချယ်လ်ဆီး ဂိုးပေါက်ထဲကို နောက်တစ်ကြိမ် ဘောလုံး ပို့လွှတ်လိုက်ပြန်ပါပြီဗျာ...”
“ကျွန်တော် အရင်ကတည်းက ပြောဖူးပါတယ်... ချူဖုန်းကို လူကပ်ဖို့ အနည်းဆုံး ကစားသမား နှစ်ယောက် လိုအပ်တယ်လို့...”
“ဒါပေမဲ့ တချို့အချိန်တွေမှာ နှစ်ယောက်တောင် မလုံလောက်ဘူး ဖြစ်နေတယ်...”
နဗီးလ်က အဓိပ္ပာယ်မရှိသော စကားများကို ပြောနေခြင်းပင်။
ထို့နောက် သူက ကာရေဂါကို တစ်ချက် ကြည့်ကာ ရန်စသည့် လေသံဖြင့် “လီဗာပူးတို့ ချူဖုန်းရဲ့ တိုက်ခိုက်မှုတွေအတွက် အသင့်ဖြစ်နေပါစေလို့ မျှော်လင့်ပါတယ်ဗျာ...” ဟု ပြောလိုက်သည်။
ကာရေဂါ တစ်ယောက် သည်းမခံနိုင်တော့ဘဲ နဗီးလ်ကို လက်ညှိုးထိုးကာ ပြန်လည် ချေပလိုက်သည်။ “ရူဒီဂါနဲ့ ခရစ္စတန်ဆန် နှစ်ယောက်ပေါင်းရင်တောင် ဗန်ဒိုက်ကို မယှဉ်နိုင်ပါဘူး... သူတို့ ချူဖုန်းကို မတားနိုင်တာက ဘာမှ ထူးဆန်းမနေပါဘူး...”
သူတို့နှစ်ဦး ထပ်မံ၍ ပြင်းပြင်းထန်ထန် ငြင်းခုန်ကြပြန်လေပြီ။
နဗီးလ်က အချက်အလက်များကို ထုတ်ပြပြီး ကာရေဂါက ခံစားချက်များကို ပြောဆိုကာ အမြဲတမ်း အကြောင်းပြချက် တစ်ခုခုတော့ ရှာတွေ့နေကြသည်ပင်။
လမ်းပတ်ကတော့ ထိုမြင်ကွင်းကို ကြည့်ရင်း ပိုမို တိတ်ဆိတ်သွားလေသည်။
ချယ်လ်ဆီး ကစားသမားများလည်း သူ့လိုပင် ခံစားနေကြရသည်။ ရူဒီဂါက ပင်နယ်တီဧရိယာထဲတွင် ခါးထောက်ကာ ရပ်နေပြီး စောစောက မြင်ကွင်းကို သူ၏ ခေါင်းထဲတွင် ပြန်လည် မြင်ယောင်နေမိသည်။
ငါတို့ ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ အလှည့်စား ခံလိုက်ရတာလဲ။
တကယ်တမ်း သူက ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အပြစ်တင်နေမိခြင်း ဖြစ်၏။ ဂိုးပေးလိုက်ရသည့် အကြောင်းရင်းများစွာ ရှိသော်လည်း အဓိက သော့ချက်မှာ ညာတောင်ပံ ခံစစ် လစ်ဟင်းသွားမှုကြောင့်ပင်။
ဝီလီယံ၊ ဘာကလေနှင့် အက်စ်ပီလီကွီတာတို့က ဘယ်အဆင့်မှာ ရှိနေလဲ။
အက်ရှလေယန်းနှင့် ရက်ရှ်ဖို့ဒ်တို့က ဘယ်လိုလုပ် အဲဒီလောက် အလွယ်တကူ ဖောက်ထွက်သွားနိုင်ပြီး ကွင်းလယ်ခံစစ်ကို ကျော်ဖြတ်ကာ ချူဖုန်းဆီ ဘောလုံး ပေးပို့နိုင်ခဲ့သနည်း…။
ဆာရီက နည်းပြခုံတန်းတွင် အောက်ငုံ့ကာ ထိုင်နေပြီး လက်ချောင်းများကြားရှိ ဆေးရွက်ကြီး အနည်းငယ်ကို ပွတ်သပ်ကာ ထပ်ခါတလဲလဲ ဝါးနေမိသည်။
အနိုင်အရှုံးကိုလည်း သူ သိပ်ဂရုမစိုက်တော့ချေ။
ဂျော်ဂျင်ဟိုနှင့် ဟီဂူအင်ကဲ့သို့သော သူ၏ အဓိက ကစားသမားများ အတွက်တော့ နှမြောမိပါသည်။ သူတို့ကို ချယ်လ်ဆီး၏ မီးတွင်းထဲသို့ သူကိုယ်တိုင် ဆွဲခေါ်လာခဲ့ပြီး ယခု သူကိုယ်တိုင် ထွက်ပြေးရတော့မည် မဟုတ်ပါလား။
“ပက်ဒရိုကို သွေးပူလေ့ကျင့်ခန်း လုပ်ခိုင်းလိုက်... ခဏနေရင် သူက ဝီလီယံ နေရာ ဝင်ကစားမယ်... ပြီးတော့ ဂျရူးက ဟီဂူအင် နေရာ ဝင်မယ်...”
ဆာရီ နောက်ဆုံးတော့ စိတ်မကောင်း ဖြစ်သွားသည်။
သူက အောက်ခြေ လိဂ်များမှနေ၍ သူ၏ မလျှော့သော ဇွဲလုံ့လဖြင့် ယနေ့ နေရာအထိ တက်လှမ်းလာခဲ့သူ ဖြစ်သည်။ သို့မဟုတ်ပါက စီးရီးအေတွင် တိုက်စစ်ကစားဟန်ကို သူ ကစားပြနိုင်မည် မဟုတ်ပေ။
ကံဆိုးစွာဖြင့် သူ၏ နည်းဗျူဟာပိုင်းဆိုင်ရာ တွေးခေါ်မှုက ချယ်လ်ဆီးနှင့် မကိုက်ညီခဲ့ပေ။ မကြာမီမှာပင် ချယ်လ်ဆီးတို့ လူစားလဲမှု ပြုလုပ်ခဲ့ပြီး ဂျရူး ဝင်ရောက်လာကာ အသင်းဖော်များကို နှစ်သိမ့်ပေးရင်း သူတို့၏ တိုက်ပွဲဝင်လိုစိတ်ကို ပြန်လည် နှိုးဆွပေးရန် ကြိုးစားခဲ့သည်။
သို့သော် ထိရောက်မှုက အလွန် နည်းပါးလှသည်။
ချယ်လ်ဆီးတို့ ဘာလှိုင်းဂယက်မှ မဖန်တီးနိုင်တော့သည်ကို မြင်သောအခါ မော်ရင်ညိုက အပြောင်းအလဲများ ပြုလုပ်ကာ ချူဖုန်း၊ ပေါ့ဘာ နှင့် မာတစ်တို့ကို လူစားလဲလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အတွက် သူတို့၏ စွမ်းအင်များကို ချွေတာထားရန် လိုအပ်သောကြောင့်ပင်။
“လူကာကူက တိုက်စစ်ဆင်ချင်စိတ် ပြင်းပြနေပုံရတယ်... ကိုယ်အလေးချိန် အောင်အောင်မြင်မြင် လျှော့ချနိုင်ခဲ့ပြီးနောက် သူ့ရဲ့ စွမ်းဆောင်ရည်တွေလည်း တိုးတက်လာတယ်ဗျ...”
“ဒါပေမဲ့... အသင်းကနေ ထွက်ချင်တဲ့ စိတ်ကူး သူ့မှာ ရှိနေတယ်လို့ ကျွန်တော် ကြားတယ်... ဘာလို့လဲ ဆိုတော့ ချူဖုန်း မန်ယူမှာ ရှိနေသရွေ့ သူက အဓိက တိုက်စစ်မှူးပဲ ဖြစ်နေမှာမို့... လူကာကူက အရံအဖြစ် နေရတာကို သေချာပေါက် သဘောကျမှာ မဟုတ်ဘူးလေ...”
“ကောလာဟလတွေ အရ အသင်း တချို့က လူကာကူကို ဆက်သွယ်ထားပြီး ပြောင်းရွှေ့ကြေး အများကြီး ပေးဖို့ ဆန္ဒရှိနေကြတယ်တဲ့...”
“အိုးဗျာ... လူကာကူရဲ့ ဂိုးပေါက်ရှေ့ အဆုံးသတ်နိုင်စွမ်းက ပြီးခဲ့တဲ့ရာသီကလိုပဲ ကြောက်စရာကောင်းလောက်အောင် ညံ့ဖျင်းနေတုန်းပဲ...”
နဗီးလ်၏ ဝေဖန်တင်ဆက်မှုများနှင့်အတူ အချိန်များ ဆက်လက် ကုန်လွန်သွားလေသည်။
မန်ယူတို့ အကောင်းဆုံး အခွင့်အရေး အချို့ကို လွဲချော်ခဲ့ပြီးနောက် ချယ်လ်ဆီး၏ တိုက်စစ်က တဖြည်းဖြည်း ပုံပေါ်လာသော်လည်း သူတို့အတွက် အချိန်သိပ်မကျန်တော့ချေ။
နောက်ဆုံးတွင် ဒိုင်လူကြီးက ခရာမှုတ်လိုက်လေပြီ။
တီ… တီ… တီ…
ပွဲက အဆုံးသတ်သွားပြီ ဖြစ်ပြီး မန်ယူ ၃-၀ ချယ်လ်ဆီး။
“မန်ယူတို့ သူတို့ရဲ့ နောက်ဆုံး လိဂ်ပြိုင်ဘက် သုံးသင်းထဲက အားအကောင်းဆုံး အသင်း ဖြစ်တဲ့ ချယ်လ်ဆီးကို အနိုင်ယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ နောက်တစ်လှမ်း ပိုနီးကပ်သွားပါပြီ...”
“အခု ချူဖုန်းရဲ့ ကိုယ်ပိုင် အချက်အလက်တွေ အကြောင်း ပြောကြရအောင်...”
“ဒီနေ့ပွဲက သွင်းဂိုး သုံးဂိုးကြောင့်... သူက လိဂ် ၃၆ ပွဲမှာ ၃၉ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက သူ့ရဲ့ ကိုယ်ပိုင်စံချိန်ကို ချိုးဖျက်နိုင်ခဲ့သလို လိဂ်ရဲ့ သွင်းဂိုး စံချိန်သစ် တစ်ခုကိုလည်း တင်နိုင်ခဲ့ပါပြီဗျာ...”
“အခု သူ သွင်းလိုက်တဲ့ ဂိုးတိုင်းက သမိုင်းကို ရေးထိုးနေတာပါပဲ...”
နဗီးလ် တစ်ယောက် ချီးကျူးစကားများ တသီတတန်းကြီး ပြောနေတော့သည်။ ထို့နောက် နဗီးလ်က လက်သီးလက်မောင်း တန်းကာ ချူဖုန်းဍီကာ ဖွင့်လေ၏။
“ကာရင်တန် လေ့ကျင့်ရေးကွင်းကြီးက ဂစ်၊ ဘက်ခမ်းနဲ့ စခိုးလ်တို့လို နာမည်ကြီး ကစားသမား အများအပြားကို မွေးထုတ်ပေးခဲ့တယ်... ဒါပေမဲ့ ချူဖုန်းရဲ့ အောင်မြင်မှုတွေက သူတို့ထက်တောင် ပိုကြီးမားလာလိမ့်မယ်လို့ ကျွန်တော် ရဲရဲကြီး ပြောရဲတယ်... ဘာလို့လဲဆိုတော့ အဲဒီအချိန်ကာလတွေကို ကျွန်တော် ကိုယ်တိုင် ဖြတ်သန်းခဲ့ရလို့ ချူဖုန်း တကယ်ကို ဘယ်လောက် ကောင်းသလဲ ဆိုတာ ကျွန်တော် နားလည်လို့ပါပဲ...”
ကာရေဂါ တစ်ယောက် မနေနိုင်ဘဲ အနည်းငယ် မနာလို ဖြစ်လာကာ စောင်းမြောင်း၍ ပြောဆိုလာသည်။
“ဒါပေမဲ့ ချူဖုန်းက တိုးတက်ဖို့ နေရာမရှိတော့တာတော့ မဟုတ်ဘူးလေ... ဥရောပ ထိပ်သီးလိဂ် ငါးခုကို ကြည့်လိုက်ရင်... တစ်ရာသီတည်း သွင်းဂိုး အများဆုံး စံချိန်က လာလီဂါ မှာ ရှိတယ်... ၂၀၁၁-၂၀၁၂ ရာသီတုန်းက ဘာစီလိုနာရဲ့ မက်ဆီ သွင်းခဲ့တဲ့ ဂိုး ၅၀ လေ...”
“ဒါက လူသားတွေရဲ့ အလားအလာ အကန့်အသတ်ပဲလို့ ကျွန်တော် ထင်တယ်... ဘယ်သူကမှ အဲဒါကို ချိုးဖျက်နိုင်မှာ မဟုတ်သလို မီအောင်လည်း လိုက်နိုင်မှာ မဟုတ်ဘူး...”
သူ၏ စကားများက ဘက်လိုက်မှု ပါနေကြောင်း ကာရေဂါ ကိုယ်တိုင် သိသည်။ မည်သို့ပင်ဆိုစေ လာလီဂါ၏ အခြေအနေက ပရီးမီးယားလိဂ်နှင့် မတူပေ။
လာလီဂါတွင် ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကို မက်ဒရစ်နှင့် ဘာစီလိုနာတို့သာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ဘာစီလိုနာ အနေဖြင့် အားနည်းသော အသင်းများကို အခွင့်ကောင်းယူကာ အလွယ်တကူ ဂိုးသွင်းနိုင်ပေသည်။
ဥရောပ ထိပ်သီး ဘောလုံးလိဂ် ၅ ခုမှ အချက်အလက်များက အရာအားလုံးကို ရှင်းလင်းစွာ သက်သေပြနေသည်။
လာလီဂါ၏ သမိုင်းတွင် ဂိုးသွင်းအများဆုံး ထိပ်တန်း ၃ ဦးမှာ မက်ဆီ (၅၀ ဂိုး)၊ ရော်နယ်ဒို (၄၈ ဂိုး)နှင့် မက်ဆီ (၄၆ ဂိုး) တို့ ဖြစ်သည်။
ပရီးမီးယားလိဂ်တွင် ဂိုးသွင်းအများဆုံး ထိပ်တန်း ၃ ဦးမှာ ချူဖုန်း (၃၉ ဂိုး)၊ ဆာလာ (၃၇ ဂိုး)နှင့် အလန်ရှီးယား (၃၄ ဂိုး) တို့ ဖြစ်သည်။
ဘွန်ဒက်စ်လီဂါတွင် ဂိုးသွင်းအများဆုံး ထိပ်တန်း ကစားသမားများမှာ ဂတ်မူလာ (၄၀ ဂိုး)နှင့် လီဝန်ဒေါစကီး (၃၅ ဂိုး) တို့ ဖြစ်သည်။
ယင်းကို ကြည့်လျှင် လိဂ်များအကြား ကွာခြားချက်များ ရှိနေသည်မှာ သေချာလှသည်။
သေချာသည်မှာ မက်ဆီနှင့် ရော်နယ်ဒိုတို့ နှစ်ဦးစလုံးက တစ်ဦးချင်း စွမ်းရည် အလွန် ကောင်းသည်ကို ငြင်းဆို၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ဘွန်ဒက်စ်လီဂါ၏ အားနည်းသော အသင်းများကို အနိုင်ယူရာတွင် ဘုရင်တစ်ပါး ဖြစ်သော ဘိုင်ယန်မြူးနစ်မှ တိုက်စစ်မှူး နှစ်ဦးပင်လျှင် မက်ဆီ၏ စံချိန်ကို မကျော်ဖြတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
***