“ဖြစ်နိုင်တာကတော့...”
နဗီးလ်က ချူဖုန်း အနေဖြင့် ထိုစံချိန်ကို ချိုးဖျက်ရန် အခွင့်အရေး ရှိသည်ဟု ပြောချင်သော်လည်း စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
ချူဖုန်း တကယ် လုပ်နိုင်ပါ့မလား။
ယင်းကိစ္စနှင့် ပတ်သတ်လျှင် သူ ယုံကြည်မှု သိပ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် အခက်အခဲ အဆင့်က မြင့်မားလွန်းသောကြောင့်ပင်။
“မက်ဆီသာ ပရီးမီးယားလိဂ်ကို လာပြီး ဂိုး ၅၀ သွင်းနိုင်သေးတယ် ဆိုရင်တော့... ကျွန်တော် ခင်ဗျား ပြောတာကို လက်ခံပေးမယ်ဗျာ”
နဗီးလ်က စသလို နောက်သလိုဖြင့် ထိုကိစ္စကို လျှောချလိုက်ပြီး ပြင်းထန်သော စကားများကို မပြောခဲ့ပေ။
အကယ်၍ သူက လူထု၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်ပါက ချူဖုန်းလည်း ဖိအားများ အောက်သို့ ရောက်သွားပေလိမ့်မည်။ ထိုအရာက သူ၏ စွမ်းဆောင်ရည်ကို ထိခိုက်သွားလျှင် ဘယ်လိုလုပ်မလဲ။
“ဟီးဟီး... ချူဖုန်းက မက်ဆီကို ကျော်တက်နိုင်မလား ဆိုတာကို နောက်ထပ် အလောင်းအစား တစ်ခု လုပ်ကြမလား... ဒီတစ်ခါတော့ ခင်ဗျား လောင်းကြေးကို ရွေးချယ်ခွင့် ပေးမယ်လေ...”
ကာရေဂါက အာဏာပြချင်စိတ်ဖြင့် အဆက်မပြတ် တိုက်ခိုက်နေလေသည်။
နဗီးလ် တစ်ယောက် အမြီးအနင်းခံလိုက်ရသော ကြောင်တစ်ကောင်လို ဖြစ်သွားသည်။
မန်ယူက လီဗာပူးလောက် ခြေစွမ်းမပြနိုင်ခင် အချိန်တုန်းက ကာရေဂါ အရမ်း မောက်မာခဲ့တာပဲ။ သူက နောက်ကနေ လိုက်ကစားရချိန်ဆို ဘယ်တော့မှ အလောင်းအစား မလုပ်ဘူးလေ။
ဒါပေမဲ့ အခု ဘယ်သူက ပိုကောင်းတဲ့ အခြေအနေမှာ ရှိနေလဲ။
နဗီးလ်က သူ၏ ရင်ဘတ်ပေါ်ရှိ အသင်းတံဆိပ်ကို လက်ညှိုးထိုးပြကာ “အဲဒါကို လောင်းနေလို့ ဘာအဓိပ္ပာယ် ရှိမှာလဲ... မက်ဆီက လီဗာပူး ကစားသမားမှ မဟုတ်တာ... ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘယ်သူ နောက်တစ်ဆင့် တက်မလဲ ဆိုတာကိုပဲ လောင်းကြတာပေါ့...”
ကာရေဂါ တစ်ယောက် ခေတ္တမျှ ဆွံ့အသွားသည်။
အရင်က လီဗာပူးကို သူ အရမ်း ယုံကြည်လွန်းခဲ့လို့ မန်ယူ ပရိသတ်တွေကြားမှာ သူက ရယ်စရာ တစ်ခု ဖြစ်ခဲ့ရတာလေ။ အခု ငါ ထပ်ပြီး အလှည့်စား ခံရဦးမလား။
သူက စာရွက်စာတမ်းများကို တိတ်တဆိတ် သိမ်းဆည်းကာ မတ်တပ်ရပ်ပြီး လှည့်ထွက်သွားလိုက်သည်။
……………………
ပရီးမီးယားလိဂ် ပွဲစဉ် ၃၆၏ ပွဲများ ပြီးဆုံးသွားပြီးနောက်…
တချို့က ပျော်ရွှင်ကြပြီး တချို့ကတော့ ဝမ်းနည်းနေကြသည်။ မန်ယူ ပရိသတ်များက ပျော်ရွှင်နေကြသော်လည်း မန်စီးတီးနှင့် လီဗာပူး ပရိသတ်များကတော့ စိုးရိမ်ပူပန်နေကြသည်။
အရေးပါသော ပွဲစဉ်ကို ရှုံးနိမ့်ပြီးနောက် မန်စီးတီး၏ ခြေစွမ်းက သိသိသာသာ ကျဆင်းသွားခဲ့သော်လည်း ဘန်လေ အဝေးကွင်းတွင် ၁-၀ ဖြင့် ခက်ခက်ခဲခဲ အနိုင်ရခဲ့သည်။
ပွဲချိန် ၆၃ မိနစ်တွင် အဂူရို ဂိုးသွင်းယူခဲ့ပြီးနောက် ကွင်းတွင်းရှိ မြင်ကွင်းက အလွန် အံ့အားသင့်စရာ ကောင်းခဲ့သည်။ ဘန်လေ၏ အညှာအတာမဲ့ တိုက်စစ်က မန်စီးတီးကို လွှမ်းမိုးထားနိုင်ခဲ့သည်။
နောက်ဆုံးတွင် ဘန်လေက သူ၏ ဂိုးပေါက်ကို ဖောက်ထွင်းပြီး သရေကျသွားမည်ကို ရှောင်ရှားရန် အတွက် ဂွါဒီယိုလာက ခြောက်ယောက်တန်း ခံစစ်ကိုပင် အသုံးပြုခဲ့ရသည်။
မန်စီးတီး၏ ခြေစွမ်းကျဆင်းနေမှုနှင့် မတူဘဲ လီဗာပူးတို့ကတော့ စိတ်ဓာတ် တက်ကြွနေကြပြီး ဟတ်ဒါဖီးလ်တောင်း ကို ၅-၀ ဖြင့် အနိုင်ရခဲ့သည်။ နာဘီကီတာက တစ်ဂိုး သွင်းယူခဲ့ပြီး မာနေးနှင့် ဆာလာတို့ နှစ်ဦးစလုံးက နှစ်ဂိုးစီ သွင်းယူခဲ့ကြသည်။
ပြိုင်ဘက်က အတော်လေး အားနည်းသည် ဆိုသော်လည်း လီဗာပူး၏ ခြေစွမ်းကို ပြသနိုင်ခဲ့သည်။
ယင်းက မန်ယူ ပရိသတ်များကို စိုးရိမ်မှု အချို့ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မကြာမီ မန်ချက်စတာ ယူနိုက်တက်က လီဗာပူးနှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရင်ဆိုင် ကစားရတော့မည် ဖြစ်သောကြောင့်ပင်…။
အကယ်၍ လီဗာပူးကသာ သူတို့ကို အမှန်တကယ် အနိုင်ယူသွားခဲ့ပါက နောင်နှစ်ပေါင်းများစွာ တိုင်အောင် လှောင်ပြောင်ခံရတော့မည် ဖြစ်သည်။
မကြာမီမှာပင် ဤအပတ် ပရီးမီးယားလိဂ် ပွဲစဉ်များနှင့် ပတ်သက်သည့် သတင်းများက အင်တာနက် တစ်လျှောက် လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။
“ချူဖုန်းက ပြီးခဲ့သည့် ရာသီတွင် လိဂ်သွင်းဂိုး စံချိန်ကို ချိုးဖျက်ခဲ့ပြီး ယခုရာသီတွင် သူ၏ ကိုယ်ပိုင် စံချိန်ကို ထပ်မံ ချိုးဖျက်ခဲ့ပြန်သည်။ ချူဖုန်း၏ အကန့်အသတ်က အတိအကျ ဘယ်နေရာမှာ ရှိနေသနည်း”
“နောက်ရာသီအတွက် မန်ယူရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အပြောင်းအရွှေ့ ပစ်မှတ်များ အကြောင်း...”
“...”
ချူဖုန်းက အင်္ဂလန်သာမက ဥရောပ ဘောလုံးလောက တစ်ခုလုံး၏ ဗဟိုချက် ဖြစ်လာခဲ့လေပြီ။ ယခင်က နာမည်ကျော်ခဲ့သော အမ်ဘာပေ ကဲ့သို့သော လူငယ် ကစားသမားများပင်လျှင် ယခုအခါ ချူဖုန်း၏ အနောက်တွင် တဖြည်းဖြည်း ကျန်ရစ်နေခဲ့ပြီ ဖြစ်သည်။
【မန်ယူတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အခြေခံအားဖြင့် သေချာသွားပါပြီ... အခုဆို ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေက သူတို့ရဲ့ အခွင့်အရေးတွေအပေါ်မှာပဲ မူတည်နေတော့တယ်...】
【ပွဲစဉ်ဇယား အရမ်း ကြပ်လွန်းတယ်... မန်ယူ အနေနဲ့ မျက်နှာစာ သုံးခုလုံးမှာ ယှဉ်ပြိုင်ဖို့က အန္တရာယ် များပါတယ်... သူတို့ ချန်ပီယံလိဂ်ကိုပဲ အပြည့်အဝ အာရုံစိုက်လိုက်တာက ပိုကောင်းလိမ့်မယ်...】
【လောလောဆယ် လီဗာပူးက မန်ယူထက် သိပ်မနိမ့်ပါဘူးလို့ ကျွန်တော် ခံစားရတယ်... အထူးသဖြင့် ဒီလောက် အချိန်အကြာကြီး တွဲကစားလာပြီးနောက်ပိုင်းပေါ့... ဘာပဲဖြစ်ဖြစ် လီဗာပူးက ချန်ပီယံလိဂ်မှာ သေချာပေါက် အခွင့်အရေး ရှိပါတယ်... မန်ယူတို့ စောစောစီးစီး အောင်ပွဲခံမနေတာ ပိုကောင်းမယ်... မဟုတ်ရင် အေစီမီလန် လိုမျိုး နောင်တရနေရလိမ့်မယ်...】
【ဒါနဲ့... မန်ယူက နောက်ရာသီမှာ ဘာလို့ ကစားသမားတွေ ထပ်ဝယ်ဖို့ လုပ်နေသေးတာလဲ... သူတို့ လူစာရင်းက အခုလေးတင် ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီကို...】
【လူကာကူ၊ ရက်ရှ်ဖို့ဒ်နဲ့ လင်ဂတ် အပါအဝင် ကစားသမား အများအပြားက အသင်းကနေ ထွက်ချင်နေကြတယ်လေ... ကွင်းလယ်လူတွေကလည်း ခြေစွမ်းကို ထိန်းထားနိုင်ဖို့ ရုန်းကန်နေရတယ်... ဒါကြောင့် ဘက်စုံသုံး ကွင်းလယ်လူ နောက်တစ်ယောက် ထပ်ဖြည့်ဖို့ လိုအပ်တာပေါ့...】
………………….
ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် မတိုင်မီ ပွဲစဉ်များ ပြီးဆုံးသွားပြီးနောက် ဥရောပ ဘောလုံးလောကမှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားသော်လည်း ထိုအရာက မကြာမီ ကျရောက်လာတော့မည့် မုန်တိုင်းကြီး တစ်ခုအတွက် အစပျိုးမှု သက်သက်သာ ဖြစ်ကြောင်း လူတိုင်း သိကြသည်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်။
မန်စီးတီးနှင့် အေဂျက်၊ မန်ယူနှင့် လီဗာပူး။
မန်ချက်စတာ ကလပ်အသင်း နှစ်သင်းစလုံးက သေချာပေါက် ဂယက်ရိုက်ခတ်မှုများ ဖြစ်စေခဲ့ပြီး သူတို့၏ ပွဲစဉ်များကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုနိုင်ရန် ကမ္ဘာတစ်ဝှမ်းမှ ကမ္ဘာလှည့် ခရီးသည် ထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
အကယ်၍များ
အကယ်၍သာ မန်ယူနှင့် မန်စီးတီးတို့ နှစ်သင်းစလုံးက သူတို့၏ ပြိုင်ဘက်များကို အသီးသီး အနိုင်ယူနိုင်ခဲ့မည် ဆိုပါက ကမ္ဘာ့ဘောလုံးလောကတွင် စံချိန်သစ် တစ်ခု ပေါ်ပေါက်လာပေလိမ့်မည်။
ဆိုလိုသည်မှာ လိဂ်ဖလား ဗိုလ်လုပွဲ၊ အက်ဖ်အေဖလား ဗိုလ်လုပွဲနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲများ အားလုံးတွင် ရင်ဆိုင်ရမည့် ပြိုင်ဘက်များက တူညီနေမည် ဖြစ်သည်။
နှစ်ပေါင်းများစွာတိုင်အောင် ထိုကဲ့သို့သော အခြေအနေမျိုး မရှိခဲ့ဖူးပေ။ အထူးသဖြင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား၏ ထိပ်ဆုံးသို့ နှစ်သင်းစလုံး ရောက်နေသည်ကိုပါ ထည့်တွက်လိုက်လျှင် အခြေအနေမှာ အတော်လေး ထူးဆန်းနေသည် ဟု ဆိုရပေမည်။
မန်စီးတီး လေ့ကျင့်ရေးကွင်း။
ဇိမ်ခံ အပြင်အဆင်များနှင့် ခေတ်မီဆန်းသစ်သော အထောက်အကူပြု ပစ္စည်းများသည် ဤနေရာ၌ ရှိနေပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး လေ့ကျင့်ရေးစခန်း ဟူသော နာမည်နှင့် တကယ်ကို ထိုက်တန်လှသည်။ မန်စီးတီး ကစားသမားများက အတူတကွ စုရုံးကာ စကားစမြည် ပြောဆိုနေကြသည်။
“လိဂ်ချန်ပီယံဆု ပြိုင်ပွဲ၊ လိဂ်ဖလား ဗိုလ်လုပွဲ၊ အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေ အားလုံးမှာ ငါတို့ မန်ယူကို ရှုံးသွားနိုင်တယ်လို့ မင်းတို့ ထင်လား...”
ဖိုဒန်က ရုတ်တရက် ပြောလိုက်သည်။ သူ စကားပြောလို့ပင် မဆုံးသေးမီ လူတိုင်း၏ အကြည့်များက သူ့ထံသို့ ရောက်လာကြသည်။
ဒေါသကြီးတတ်သော ကွန်ပနီက စားပွဲကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထုချလိုက်သည်။ “မင်းပြောသလိုသာ တကယ် ဖြစ်လာခဲ့ရင်... ငါတို့က တကယ့်ကို ဆူညံတဲ့ အိမ်နီးချင်းတွေ ဖြစ်သွားပြီပေါ့... ပြီးတော့ ငါတို့ တစ်ယောက်ချင်းစီတိုင်းက အရှက်ရစရာ ဆိုတဲ့ နာမည် တပ်ခံရပြီး နောင်အနှစ် သုံးဆယ်၊ ငါးဆယ် ဒါမှမဟုတ် အနှစ်တစ်ရာလောက်ကြာတဲ့အထိ ငါတို့ကိုယ်ပေါ်က အရှက်ရစရာတွေကို ဆေးကြောပစ်နိုင်မှာ မဟုတ်တော့ဘူး...”
“ပြီးတော့ အနာဂတ်မှာ ငါတို့ရဲ့ အောင်မြင်မှုတွေက ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားလာပါစေ... ငါတို့ ခေါင်းပေါ်ကို နင်းပြီး မန်ယူက ချန်ပီယံဆုတွေ ရသွားခဲ့တယ် ဆိုတာကိုပဲ လူတွေက မှတ်မိနေကြတော့မှာ...”
“အဲဒီလိုဆိုရင် ဘောလုံး ဆက်ကစားနေတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ... အခုချက်ချင်း အနားယူလိုက်တာကမှ ပိုကောင်းဦးမယ်...”
ကွန်ပနီ၏ အားပါသော အသံကြီးက အဝတ်လဲခန်းအတွင်း ပဲ့တင်ထပ်သွားပြီး မန်စီးတီး ကစားသမားများ အားလုံး၏ ရင်ထဲသို့ ကိုယ်ချင်းစာစိတ်များ မသိစိတ်မှ ဝင်ရောက်လာစေသည်။ ထို့နောက် သူတို့အားလုံး ကျောချမ်းသွားကြသည်။
ထို့နောက် ကွန်ပနီ၏ စကား မှန်ကန်ကြောင်း တွေးမိကြ၏။ လိဂ်ပွဲစဉ် နှစ်ပွဲ၊ လိဂ်ဖလား ဗိုလ်လုပွဲ၊ အက်ဖ်အေဖလား ဗိုလ်လုပွဲနှင့် အတည်မပြုရသေးသော ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပါအဝင် စုစုပေါင်း ၅ ပွဲတောင် ရှိသည်။
အကယ်၍ မန်စီးတီး အနေဖြင့် ထိုငါးပွဲ အနက် တစ်ပွဲလေးတောင် အနိုင်မရခဲ့ဘူး ဆိုပါက... သူတို့ အခု နေရာမှာတင် အနားယူလိုက်တာက ပိုကောင်းပေလိမ့်မည်။
“မနေ့က ပွဲစဉ်မှာ ပြသခဲ့တဲ့ ငါတို့ရဲ့ ခြေစွမ်းအရ ဆိုရင်... မန်ယူကို အနိုင်ယူဖို့ အခွင့်အရေး ရှိခဲ့တယ်လို့ မင်းတို့ ထင်လား...”
ကွန်ပနီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် သူကိုယ်တိုင်ပင် ပထမဆုံး အဖြေပေးလိုက်သည်။ “ဟင့်အင်း... အခွင့်အရေး လုံးဝ မရှိခဲ့ဘူး... မန်ယူ ဘယ်လောက် ကောင်းလဲ။ ချူဖုန်း ဘယ်လောက် တော်လဲ ဆိုတာ ငါတို့ အားလုံး သိကြပါတယ်... ဒါကြောင့် အဆိုးမြင်မနေကြပါနဲ့... ဒါပေမဲ့ ပွဲတိုင်းကိုတော့ ပိုပြီး အလေးအနက်ထားဖို့ လိုတယ်...”
အဝတ်လဲခန်းထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မန်စီးတီး ကစားသမားများ၏ ဟိန်းဟောက်သံများ ပေါက်ကွဲထွက်လာတော့သည်။
***