“မကြာသေးခင်က လေ့ကျင့်ရေး အခြေအနေ ဘယ်လိုနေလဲ...”
သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ ဆံပင်အနက်ရောင်နှင့် ကောင်လေး တစ်ယောက် ဖြစ်သည်။ ဖွင့်လှစ် ရွေးချယ်မှု အစီအစဉ်မှနေ၍ အသင်းတွင် ကျန်ရစ်ခဲ့သည့် တစ်ဦးတည်းသော လူငယ် ကစားသမား ဖြစ်ပြီး သူ၏ နာမည်က ဝမ်ရှောင်ခဲ ဖြစ်ကြောင်း ချူဖုန်း မှတ်မိနေသည်။
ဝမ်ရှောင်ခဲက ချူဖုန်း၏ စကားများကို ခိုင်ခိုင်မာမာ မှတ်သားထားခဲ့သည်။
ထူးချွန်သော ကစားသမား တစ်ယောက် ဖြစ်လာရန် ပထမဆုံး အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ရမည်။
သူက ချူဖုန်း၏ မျက်လုံးများကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။ “တရုတ်မှာ လေ့ကျင့်ရတာနဲ့ လုံးဝကို ကွာခြားတယ်ဗျ... ပိုပြီး ပစ်မှတ်ထား လေ့ကျင့်ပေးသလို ပိုပြီးလည်း ပြင်းထန်တယ်...”
“ဟုတ်တယ်... မန်ယူရဲ့ လူငယ် လေ့ကျင့်ရေး စနစ်က တော်တော်လေး ကောင်းတယ်... ကစားသမားတွေ အကောင်းဆုံး တိုးတက်လာဖို့ ကူညီပေးနိုင်အောင် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို အနီးကပ် စောင့်ကြည့်ပေးတဲ့ သီးသန့် လူတွေ ရှိတယ်လေ...” ချူဖုန်းက ထောက်ခံ ပြောဆိုလိုက်သည်။
ယခု မန်ယူ၏ လူငယ် အကယ်ဒမီတွင် ကစားသမား ရာပေါင်းများစွာ ရှိနေသည်။ သူတို့ထဲမှ ဘယ်နှယောက်က နောက်ဆုံးတွင် ပထမအသင်းသို့ ရောက်ရှိလာပြီး တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်မည်နည်း။
အယောက် တစ်ရာမှာ တစ်ယောက်တောင် ရှင်သန်နိုင်ဖို့ မလွယ်ပေ။ အများစုက သာမန် လူတွေပဲ ဖြစ်သွားကြပြီး အောင်မြင်မှု အကြီးကြီး ရနိုင်သူက လွန်စွာ ရှားပါးလှပေသည်။
သို့သော် ကြိုးစားအားထုတ်မှုတွေ ရှိနေသရွေ့... နောက်ဆုံး ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ… သေချာပေါက် အသီးအပွင့်တွေကိုတော့ ရိတ်သိမ်းခွင့် ရပေမည်။
ငယ်စဉ်ကတည်းက အသင်းတစ်သင်းကို ရောက်လာပြီး လူငယ်အသင်း အဆင့်ဆင့်မှာ အသင်းဖော်တွေနဲ့ အတူတကွ တိုက်ပွဲဝင်ခဲ့ရတာတွေ... အောင်ပွဲရဲ့ ပျော်ရွှင်မှုတွေနဲ့ ရှုံးနိမ့်မှုရဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ခံစားခဲ့ရတာတွေ... ပြီးတော့ ကိုယ့်ရဲ့ အိမ်မက်ဆီကို တစ်လှမ်းချင်း ပိုနီးကပ်လာခဲ့ရတာတွေကို စိတ်ကူးကြည့်လိုက်ပါ။
ဒါတွေက ကစားသမားတွေ အတွက် ဘယ်တော့မှ မေ့ပျောက်လို့ မရနိုင်တဲ့ အမှတ်တရတွေပင်…။
ချူဖုန်းက ထိုအချိန်ကာလလေးကို လွမ်းဆွတ်တသစွာ ပြန်လည် သတိရနေမိသည်။ ညစာ စားလို့ ပြီးလုနီးပါး ဖြစ်သွားသောအခါ ချူဖုန်း ထပ်မံ အချိန်ဆွဲမနေတော့ချေ။ သူက “ဆက်ကြိုးစားကြ...” ဟု ပြောပြီးနောက် မက်တော်မီနေးနှင့်အတူ ထွက်ခွာသွားလေသည်။
——
ရက်အနည်းငယ်က မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားသည်။
မေလ၏ ပထမဆုံး နေ့ရက်တွင် မန်ချက်စတာမြို့က အလွန် စည်ကား သက်ဝင်နေလေသည်။
မန်ယူ ကစားသမားများက နည်းဗျူဟာများ လေ့ကျင့်ခြင်းမှလွဲ၍ ကျန်အချိန်များတွင် အတူတကွ စကားစမြည် ပြောဆိုရင်း အချိန်ဖြုန်းနေကြရာ သူတို့၏ နေ့ရက်များက တော်တော်လေး ပြည့်ဝနေခဲ့သည်။
ထို့ပြင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်၏ အရေးပါမှုကို လူတိုင်း သိကြသဖြင့် အားလုံး အိမ်တွင် လိမ္မာစွာ နေကြပြီး မည်သည့် ပြဿနာမှ မရှာခဲ့ကြပေ။ လီဗာပူး ကစားသမားများက မန်ချက်စတာသို့ သတ်မှတ်ချိန်ထက် စော၍ ရောက်ရှိလာကြသည်။
ဟိုတယ်တွင် ပြုလုပ်သော အင်တာဗျူး တစ်ခု၌ ဆာလာက ဤသို့ ပြောကြားခဲ့သည်။ “ပြီးခဲ့တဲ့ရာသီက ကျွန်တော့် လက်မောင်း လွဲသွားခဲ့ပြီး လီဗာပူးလည်း ဗိုလ်လုပွဲ မရောက်ခဲ့ဘူးလေ... အတိတ် အကြောင်းတွေ ပြောနေတာ အဓိပ္ပာယ် မရှိဘူးဆိုတာ ကျွန်တော် သိပါတယ်... လီဗာပူး ပရိသတ်တွေကို ကျွန်တော် ပြောချင်တာက... ဒီတစ်ခါတော့ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတာတွေ အားလုံးကို ပြန်ယူမယ် ဆိုတာပါပဲ...”
အာနိုးလ်ကတော့ ပိုပြီး မောက်မာသေးသည်။ “ဖြစ်နိုင်ရင် ကျွန်တော် အနားယူသွားတဲ့ အချိန်ကျရင်... ကျွန်တော့် ဘဝရဲ့ အကြီးမားဆုံး အောင်မြင်မှုက သောက်ရမ်း မာနကြီးနေတဲ့ မန်ယူကို ထီးနန်းပေါ်ကနေ ဆွဲချပစ်နိုင်ခဲ့တာပဲ လို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြမယ်...”
လီဗာပူး ကစားသမားများ၏ မောက်မာသော စကားများက မန်ယူ ပရိသတ်များအား မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုညတွင် မန်ယူအသင်း၏ သစ္စာခံ ပရိသတ်အချို့က လီဗာပူး တည်းခိုသော ဟိုတယ်အပြင်ဘက်တွင် စုရုံးကာ မီးရှူးမီးပန်းများ ဖောက်ပြီး အသင်းသီချင်းကို သီဆိုခဲ့ကြသည်။
အကယ်၍ ရဲတပ်ဖွဲ့ဝင် အင်အား အလုံအလောက်သာ ကင်းလှည့်နေခြင်း မရှိခဲ့ပါက လီဗာပူး ကစားသမားများ အနေဖြင့် အိပ်ပျော်ရန် အတော်လေး ခက်ခဲသွားပေလိမ့်မည်။ ထိုကဲ့သို့သော ညစ်ပတ်သည့် နည်းလမ်းများကို လူအများက လက်ခံမည် မဟုတ်သည်မှာ သေချာလှသည်။
သို့သော် မန်ယူ ပရိသတ်များကတော့ အခြားသူများ အထူးသဖြင့် လီဗာပူး ပရိသတ်များ ဘာပြောပြော ဂရုမစိုက်ကြချေ။ သူတို့က ထိုအရာအတွက် ဂုဏ်တောင် ယူနေကြသေးသည်။
နောက်တစ်နေ့…
အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ လူများဖြင့် ပြည့်ကျပ်နေပြီး အနီရောင် ပင်လယ်ပြင်ကြီး တစ်ခုအလား ဖြစ်နေသည်။ မန်ယူ ပရိသတ်များက သူတို့အသင်းကို အားပေးရန် အစောကြီး ကတည်းက ရောက်ရှိနေကြသည်။
လီဗာပူး ပရိသတ်များ အတွက်တော့ ၅,၀၀၀ အောက်သာ ရှိပြီး သူတို့ထဲမှ အနည်းငယ်သာ လက်မှတ် ရရှိခဲ့ကြသည်။ တကယ်တော့ ဒါက မန်ယူ အနေဖြင့် လီဗာပူးကို လက်မှတ်တွေ ဒီထက် ပိုနည်းအောင် မပေးခဲ့လို့သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ ပြီးခဲ့သည့် အင်္ဂလန်ဒါဘီတုန်းက လီဗာပူးကလည်း မန်ယူကို လက်မှတ် သိပ်မပေးခဲ့ဘူး မဟုတ်ပါလား။
ယူအီးအက်ဖ်အေ သို့မဟုတ် အက်ဖ်အေက အတင်းအကျပ် တောင်းဆိုလျှင်တောင် အသင်း နှစ်သင်းစလုံးက လက်မှတ်တွေ ပိုပေးမယ့်အစား ဒဏ်ကြေး ပေးဆောင်ဖို့ကိုသာ ရွေးချယ်ကြလိမ့်မည်။
နေမင်းကြီး အပြည့်အဝ ဝင်သွားပြီး ညကောင်းကင်ယံတွင် လမင်းကြီး ထွက်ပေါ်လာချိန်၌ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်က စတင်တော့မည် ဖြစ်သည်။
ပွဲကြို သတင်းစာ ရှင်းလင်းပွဲ။
The Guardian သတင်းစာမှ သတင်းထောက် တစ်ဦးက လက်ထောင်ကာ မေးမြန်းလိုက်သည်။ “မန်ယူ အနေနဲ့ ဒီနေ့ပွဲမှာ အကောင်းဆုံး လူစာရင်းကို အသုံးပြုသွားမှာလား... အဲဒါက နောက်ဆုံး လိဂ်ပွဲစဉ် နှစ်ပွဲအပေါ် သက်ရောက်မှု ရှိသွားနိုင်မလား...”
မော်ရင်ညိုက အစည်းအဝေးခန်း၏ ထိပ်ဆုံးတွင် ထိုင်နေပြီး အောက်ရှိ သတင်းထောက်များကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
“လီဗာပူးက အရမ်း ကောင်းမွန်တဲ့ အသင်းတစ်သင်းပါ... တကယ်လို့ ကျွန်တော်တို့သာ အစွမ်းကုန် မကြိုးစားဘူးဆိုရင်... ရှုံးနိမ့်ရမယ့် အသင်းက မန်ယူပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ရဲရဲကြီး ပြောရဲတယ်...”
“ဒါကြောင့် ခင်ဗျားရဲ့ မေးခွန်းအတွက် ကျွန်တော့်ရဲ့ အဖြေက ဟုတ်တယ် ဆိုတာပါပဲ...”
အခြား သတင်းထောက် တစ်ဦးက ဆက်လက် မေးမြန်းလိုက်သည်။ “မန်ယူ အနေနဲ့ လိဂ်ချန်ပီယံဆု ရဖို့ သေချာနေပြီဆိုတော့... ဒါက ကစားသမားတွေရဲ့ တည်ငြိမ်မှုကို ပျောက်ဆုံးသွားစေနိုင်မလား...”
မော်ရင်ညိုက အောက်သို့ ငုံ့ကြည့်ကာ ခေါင်းခါလိုက်ပြီး ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
“မန်ယူရဲ့ တည်ထောင်သူတွေက စက်မှုခေတ်က မီးရထား အလုပ်သမားတွေ ဖြစ်ကြပြီး... သူတို့က အစောကြီးကတည်းက ကလပ်အသင်းရဲ့ သွေးထဲမှာ တိုက်ပွဲဝင်လိုစိတ်ကို သွတ်သွင်းပေးခဲ့ကြတယ်... ဒါကြောင့် မန်ယူ ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ သံသယ ဝင်နေစရာ မလိုပါဘူး... သူတို့ အကောင်းဆုံး စွမ်းဆောင်ပြနိုင်မယ် ဆိုတာကို ကျွန်တော် အာမခံပါတယ်...”
“ဒါ့အပြင်... မန်ယူက အရင်ကနဲ့ မတူတော့ဘူး... အသင်းထဲမှာ ပုံမှန်အားဖြင့် အပြင်ဘက်ကို မပြသပေမဲ့ အသင်းရဲ့ သွေးကြောတွေထဲမှာ နက်နက်ရှိုင်းရှိုင်း ကိန်းအောင်းနေတဲ့ စိတ်ဓာတ်တစ်မျိုး ရှိနေတယ်...”
“စစ်မှန်တဲ့ ခေါင်းဆောင် တစ်ယောက် ပေါ်ထွက်လာတဲ့ အခါမှာ... အဲဒီ စိတ်ဓာတ်တွေ အားလုံးက အပြည့်အဝ ပေါက်ကွဲထွက်လာတော့တာပါပဲ...”
မော်ရင်ညိုက ချူဖုန်းကို ချီးကျူးလေ့ သိပ်မရှိချေ။ အဘယ်ကြောင့်ဆိုသော် ချူဖုန်း၏ ငြင်းဆို၍ မရနိုင်သော ပါရမီတွေကြောင့် ထပ်မံ ချီးကျူးနေရန် မလိုအပ်ဟု သူ ခံစားရသောကြောင့်ပင်။
သို့သော် ယနေ့တွင် သူက အခြား ရှုထောင့် တစ်ခုမှနေ၍ ပြောပြချင်နေသည်။
“ချူဖုန်းမှာ ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့တဲ့ မှော်ဆန်တဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး တစ်မျိုး ရှိနေပုံရတယ်... သူ ကွင်းထဲမှာ ရှိနေသရွေ့ သူက တစ်ကမ္ဘာလုံးကို ရင်ဆိုင်နိုင်စွမ်း ရှိတယ်လို့ ခင်ဗျားတို့ ယုံကြည်သွားလိမ့်မယ်...”
“ဒါ့အပြင်... သူ့ကြောင့် အသင်းမှာလည်း ထူးခြားတဲ့ ပတ်ဝန်းကျင် တစ်မျိုး ရှိနေတယ်... လူတိုင်းက ကိုယ့်တာဝန် ကိုယ်ကျေချင်ကြပြီး... လူတိုင်းက ၁၀၀% အစွမ်းကုန် ကြိုးစားချင်ကြတာမျိုးပေါ့...”
…………
ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ဖြစ်သင့်သည့် ပွဲက ချူဖုန်း အတွက် ဆုပေးပွဲ အခမ်းအနား တစ်ခုလို ပြောင်းလဲသွားသော်လည်း သတင်းထောက်များက မည်သည့် မကျေနပ်မှုမျှ မပြသခဲ့ကြချေ။
အဘယ်ကြောင့်ဆိုသော် ဤအရာများ အားလုံးက သတင်းကြီးတွေချည်းပဲလေ။
တစ်ချိန်တည်းမှာပင် အခြား အစည်းအဝေးခန်း တစ်ခု၌…
သတင်းထောက်များ၏ မေးမြန်းမှုကို ကလော့ပ်က ပြတ်သားစွာ ပြန်လည် ဖြေကြားနေသည်။ “အရင် အင်တာဗျူး တစ်ခုမှာ... ချူဖုန်းက မန်စီးတီး အနေနဲ့ ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီဆိုပေမဲ့ အားနည်းချက်တွေ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးတယ်...”
“ဒီနေ့ ကျွန်တော် အဲဒီစကားစုကို ငှားသုံးချင်ပါတယ်... မန်ယူက လိဂ်ရဲ့ ထိပ်ဆုံးမှာ ရှိနေတယ် ဆိုပေမဲ့... သူတို့မှာလည်း သေရေးရှင်ရေး တမျှ အရေးကြီးတဲ့ အားနည်းချက် တစ်ခု ရှိနေပါတယ်...”
ကလော့ပ်က အဲဒါ ဘာလဲ ဆိုတာကို အတိအကျ မပြောခဲ့ချေ။
သို့သော် သူ၏ ယုံကြည်မှု အပြည့်ရှိသော အမူအရာကို ကြည့်ခြင်းအားဖြင့် သူက ဟန်ဆောင်နေခြင်း မဟုတ်ဘဲ မန်ယူကို ပြန်လည် တုံ့ပြန်ရန် နည်းလမ်း တစ်ခုကို အမှန်တကယ် ရှာတွေ့ထားပုံရသည်။
ပွဲကြို ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားပြီးနောက်... အိုးထရက်ဖို့ဒ် ကွင်းကြီးထဲတွင် ချန်ပီယံလိဂ် သီချင်းသံကြီး ထွက်ပေါ်လာတော့သည်။
***