အားလုံးမှာ ရုတ်တရက် ဖြစ်ပျက်သွားသည့် အခြေအနေကြောင့် မှင်သက်နေကြရာမှ တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။ အထူးသဖြင့် ရှုလုံနှင့် သူ့လူများမှာ မိမိတို့ မျက်စိရှေ့တွင် ဖြစ်ပျက်သွားသည့် မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ဇိုမိုကိုသာ ဝိုင်းကြည့်နေမိကြသည်။
လူအများစုမှာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိကြသည်။
"ငါတို့အရှင်ကတော့ တကယ်ပါပဲလား..."
ဇိုမိုမှာမူ သူတစ်ပါးကို ဂရုစိုက်ရန်ပင် အချိန်မရှိရှာပေ။
သူ့ဝိညာဉ်စွမ်းအားမှာ ဖိနှိပ်ခံထားရသဖြင့် အတွင်းဒဏ်ရာ ရလုနီးပါး ဖြစ်နေရှာသည်။
ခန္ဓာကိုယ်ထဲတွင် ဆူပွက်နေသော စွမ်းအင်များအား မနည်းပြန်လည် ငြိမ်သက်အောင် သူ ထိန်းချုပ်နေရသည်။
သို့သော်လည်း ပတ်ဝန်းကျင်မှ လူများ၏ အကြည့်စူးစူးတို့အောက်တွင် သူသည် အရှင် တစ်ဦး၏ ဟန်ပန်ကို မဖြစ်မနေ ထုတ်ပြရတော့မည်ဖြစ်သည်။
သူ ခါးကိုမတ်ကာ ချောင်းတစ်ချက်ဟန့်လိုက်သည်။ တိတ်ဆိတ်နေသော လေထုထဲတွင် ထိုအသံမှာ ထင်းခနဲ ထွက်ပေါ်လာသဖြင့် ဇိုမိုပင် ကိုယ့်အသံကိုကိုယ် လန့်သွားမိသည်။
ယဲ့လင်းနှင့် အခြားသူများမှာ ရုတ်တရက် သတိဝင်လာပြီး ပို၍ပင် လေးစားသမှု ပြလာကြသည်။
"ငါ ပြောချင်တာက..."
ဇိုမို စကားစလိုက်သည်နှင့် သူ တည်ဆောက်ထားသည့် အရှိန်အဝါများမှာ ချက်ချင်း ပြိုလဲပျက်စီးသွားတော့သည်။
"မင်းတို့ကောင်တွေ ငါ့ဆီမှာ သစ္စာဆိုပြီး ခိုလှုံချင်တာလား..."
"ဟုတ်ပါတယ် အရှင်..."
ယဲ့လင်း၏ အဖြေမှာ ပြတ်သားလှပေသည်။
"ဘာလို့လဲ..."
ဇိုမို စပ်စုချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။ အမှန်စင်စစ် ဖြစ်ပျက်နေသည်များအား သူကိုယ်တိုင်ပင် နားမလည်သေးပေ။
"အရှင်က ဧကရာဇ်တစ်ပါး ဖြစ်လာမယ့် အလားအလာ ရှိလို့ပါ..."
ယဲ့လင်းက ချက်ချင်းပင် ဖြေလိုက်သည်။
မြှောက်ပင့်စကားကို ကြားရလျှင် မည်သူမဆို သဘောကျတတ်စမြဲပင်။ ဇိုမိုလည်း ခြွင်းချက်မရှိပေ။ သူ ချက်ချင်း ပြုံးဖြီးဖြီး ဖြစ်သွားသည်။
"မင်း အမြင် မဆိုးဘူးပဲ... ငါ ဒီလောက် ပုန်းနေတာတောင် ငါ့ကို ရှာတွေ့တယ်ပေါ့..."
သတိပြန်ဝင်လာသော ကူမင်ကုန်းမှာ မျက်နှာထားပျက်သွားရသည်။ သို့သော် ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ ရှုလုံနှင့် အခြားသူများ၏ အလွန်လေးနက်ကာ ရိုသေလေးစားနေကြသော မျက်နှာပေးများကို မြင်လိုက်ရသဖြင့် သူ ရယ်ချင်စိတ်ကို အသည်းအသန် အောင့်ထားလိုက်ရသည်။
ရှုလုံ အာဝန်နှင့် အခြားသူများမှာမူ ယဲ့လင်းအား ချီးကျူးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ဇိုမို၏ အမာခံတပ်ဖွဲ့နှင့် သစ္စာအရှိဆုံး လက်အောက်ငယ်သားများအနေဖြင့် အစောင့်တပ်သည် ဇိုမိုအပေါ် လုံးဝ သစ္စာရှိကြသည်။ သူတို့သည် မူလက ကျင့်ကြံသူ ကျွန်များသာ ဖြစ်ကြသည် မဟုတ်လော။
ကြက်သွေးရောင်ငှက်တပ်ဖွဲ့မှ ဝါရင့်များနှင့် ယှဉ်လျှင် လူမှုဆက်ဆံရေး နားမလည်သလို ကျင့်ကြံသူလောက၏ ဓလေ့ထုံးတမ်းများကိုလည်း သိပ်နားမလည်ကြပေ။ သူတို့၏ တွေးခေါ်ပုံမှာ ရိုးရှင်းပြီး ဖြူစင်ကြသည်။
သူတို့စိတ်ထဲတွင် ဇိုမိုသည် ကမ္ဘာပေါ်တွင် အထူးချွန်ဆုံး အစွမ်းအထက်ဆုံးနှင့် ဉာဏ်အရှိဆုံး အရှင်သခင် ဖြစ်သည်။ ဇိုမို မီးတွင်းထဲ ခုန်ဆင်းခိုင်းလျှင်ပင် တုံ့ဆိုင်းမနေဘဲ ခုန်ဆင်းကြမည့်သူများ ဖြစ်သည်။
သူတို့၏ စိတ်ထဲတွင် သူတို့ ရှင်သန်နေခြင်းမှာ ဇိုမိုအတွက်သာ ဖြစ်သည်။
ကူမင်ကုန်းကမူ ယဲ့လင်းသည် ပါးစပ်အရသာခံပြီး မြှောက်ပင့်ပြောဆိုခြင်းသာ ဖြစ်သည်ဟု ယူဆလိုက်သည်။ သို့သော် ရှုလုံတို့မှာမူ ထိုသို့မထင်ပေ။
အချိန်တိုလေးအတွင်း အရှင့်ရဲ့ အစွမ်းအစကို သတိထားမိတယ် ဆိုတော့... ဒီကောင် အမြင် တော်တော်စူးရှတာပဲ...။
မသိလိုက်မသိဘာသာဖြင့် အစောင့်တပ်သားများ၏ ယဲ့လင်းအပေါ် ထားရှိသော အမြင်မှာ သိသိသာသာ မြင့်တက်သွားတော့သည်။
ယဲ့လင်း၏ ချီးကျူးစကားများက ဇိုမိုအား လေပေါ်မြောက်သွားစေပြီး နတ်ဘုရားတစ်ပါး ဖြစ်သွားသကဲ့သို့ ခံစားချက်ကို ပေးစွမ်းလိုက်သည်။ ထိုအခိုက်အတန့်တွင် စောစောက အသက်အန္တရာယ်နီးပါး ကြုံတွေ့ခဲ့ရပြီး အတွင်းဒဏ်ရာရလုနီးပါး ဖြစ်ခဲ့သည့် ကိစ္စကိုပင် သူ ချက်ချင်း မေ့လျော့သွားလေတော့သည်။
သူ့မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ပြုံးလိုက်မိပြီး သူ့မျက်နှာမှာလည်း ပန်းတစ်ပွင့်လို လန်းဆန်းသွားသည်။
"ဧကရာဇ်ဖြစ်မယ့် အလားအလာ ဟုတ်လား... အို... ဟို... ပြောစမ်းပါဦး... ဖြည်းဖြည်းချင်း အသေးစိတ် ပြောပြစမ်း..."
"ဟုတ်ကဲ့ပါ အရှင်..."
ယဲ့လင်းသည် ဇိုမို သူ့စွမ်းရည်များကို စမ်းသပ်နေသည်ဟု ထင်မှတ်လိုက်သည်။ ထို့နောက် အလွန်လေးနက်သော ပုံစံဖြင့် စိတ်ကိုစုစည်းကာ ပြောလိုက်သည်။
"အရှင်က ငယ်ငယ်ရွယ်ရွယ်နဲ့ မဟာနေမင်း မိုခန္ဓာကို ကျင့်ကြံနိုင်ခဲ့ပါတယ်... မိုကမ္ဘာတစ်ခုလုံးမှာ အရှင့်ကို ပါရမီရှင်တစ်ယောက်လို့ ခေါ်နိုင်ပါတယ်... ဒီလို အန္တရာယ်များတဲ့ နေရာမှာ ရောက်နေတာတောင် အရှင်က ဒီလောက် စွမ်းအားကြီးတဲ့ တပ်ဖွဲ့ကို တည်ဆောက်နိုင်ပြီး အခြေအနေကို ဖန်တီးနိုင်ခဲ့ပါတယ်... အရှင်က ဒီလို ကမောက်ကမဖြစ်နေတဲ့ ခေတ်ကြီးမှာ အသက်ရှင်ရပ်တည်နိုင်မယ့် ပညာရှိခေါင်းဆောင်တစ်ယောက်ရဲ့ လက္ခဏာတွေ ရှိနေပါတယ်... အရှင်လိုမျိုး သန်မာပြီး ပါရမီရှိတဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ အမြော်အမြင်ကြီးမားတဲ့ သူမျိုးကသာ ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်မှာပါ..."
ရှုလုံနှင့် အခြားသူများက ခေါင်းတငြိမ့်ငြိမ့်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ မျက်လုံးများဖြင့် စကားပြောလိုက်ကြပြီး သဘောတူကြောင်း ပြသလိုက်ကြသည်။
ထောင့်တစ်နေရာတွင် ကပ်နေသော ကူမင်ကုန်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ကျေနပ်ပီတိဖြစ်နေသော ဇိုမိုကို ကြည့်ရင်း ‘ဒါ မဖြစ်နိုင်ဘူး’ ဟု သူ တွေးနေမိသည်။
ပြောနေတဲ့သူကလည်း အတည်ပေါက်... ချီးကျူးခံနေရတဲ့သူကလည်း အတည်ပေါက်... မြှောက်ပင့်တာမျိုး ဟန်ဆောင်တာမျိုး တစ်ခုမှ မပါဘူး... ကြောက်စရာကောင်းလောက်အောင် ရိုးသားပွင့်လင်းတဲ့ စကားဝိုင်းကြီးပဲ...။
ဒါပေမဲ့...။
ပါးနပ်သော ကူမင်ကုန်းမှာ ပါးစပ်အကြိမ်ကြိမ် ပြင်သော်လည်း စကားတစ်ခွန်းမျှ ထွက်မလာပေ။
သခင်ကြီး နဲ့ ကုန်းစွန်း ဂျူနီယာညီလေး တို့ မရှိကြတာ နှမြောစရာပဲ... ဟာ... မေ့သွားတယ်... မေ့သွားတယ်... ကျောက်စိမ်းလိပ်နဲ့ မှတ်တမ်းတင်ထားခဲ့သင့်တာ...။
အလွန်အမင်း ပျော်ရွှင်နေသော ဇိုမို ချက်ချင်း နောင်တရသွားသည်။
ဒါမျိုးက မျက်နှာပန်းလှမယ့် ရှားရှားပါးပါး အခွင့်အရေးပဲ... အားလုံးကို ပြချင်လိုက်တာ...။
နောက်ဆုံးတွင် သူ နောင်တစိတ်ကို တွန်းလှန်လိုက်ပြီး တပ်မက်စွာဖြင့် ဟန်ဆောင် ချောင်းဟန့်လိုက်သည်။
"အင်း... ကောင်းပြီ... ဒါပေမဲ့ ငါတို့က လျှိုထားမှ ရမယ်... လျှိုထားမှ..."
ယဲ့လင်းက ရိုးသားသော လေးစားမှုဖြင့် ပြောလိုက်သည်။
မြှောက်ပင့်စကားများကို ကြားရပြီး အရသာခံလိုက်ရသဖြင့် ဤအတိုင်း ထွက်သွားလျှင် တရားမျှတမှု မရှိဟု ဇိုမို ခံစားလိုက်ရသည်။ သူ စဉ်းစားကာ ပြောလိုက်သည်။
"အို... မင်းမှာ ဒီလောက် ရိုးသားမှုရှိမှတော့ ဒီနေ့ကစပြီး မင်းတို့က မီးခိုးရောင်တပ်ဖွဲ့ ဖြစ်သွားပြီ...ရှုလုံက ဒီတပ်ဖွဲ့ကို ယာယီကွပ်ကဲမယ်... မင်းက ဒုတပ်မှူး လုပ်ရမယ်..."
ယဲ့လင်း ဝမ်းသာအားရ ဖြစ်သွားသည်။
"နာမည်ပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်..."
"ဒါပေမဲ့ ဒီနေ့ကစပြီး သတိထားရမှာက မင်းတို့ရဲ့ မို အဖြစ်မှန်ကို ထုတ်မပြမိစေနဲ့..."
ဇိုမိုက ယဲ့လင်းအား သတိပေးလိုက်သည်။
"ဟုတ်ကဲ့ပါ..."
ယဲ့လင်းသည် လေးစားအားကျမှုများ ပြည့်နှက်နေသည်။
အရှင်က တကယ်ကို စေ့စပ်သေချာတာပဲ...။
သူ ခေါင်းလှည့်ပြီး စကားအနည်းငယ် ပြောလိုက်ရာ မိုတပ်ဖွဲ့တစ်ခုလုံး၏ ရုပ်ရည်သွင်ပြင်များ ပြောင်းလဲသွားကြသည်။ မိုစစ်တပ်ထဲ ဝင်ခွင့်ရသော မိုများအားလုံးမှာ အတော်အတန် စွမ်းအားကြီးကြသဖြင့် ရုပ်ဖျက်ခြင်းက သူတို့အတွက် မခက်ခဲပေ။ သို့သော် မိုတို့၏ အလှအပ ခံစားမှုမှာ ကျင့်ကြံသူများနှင့် များစွာ ကွာခြားသည်။ သူတို့သည် ပိုမို ကြမ်းတမ်းပြီး သန်မာသော ပုံစံများအား နှစ်သက်ကြသည်။
ထို့နောက် ယဲ့လင်းသည် ရှုလုံအား နှုတ်ဆက်လိုက်သည်။
ရှုလုံနှင့် အခြားသူများမှာ ကျင့်ကြံသူ ကျွန်များ ဖြစ်ခဲ့ဖူးပြီး ကျင့်ကြံသူများ၏ နှိပ်စက်မှုအား ကာလကြာရှည် ခံခဲ့ရသူများ ဖြစ်သည်။ သူတို့သည် ကျင့်ကြံသူများအား မနှစ်သက်သော်လည်း မိုများနှင့် ပတ်သက်၍ ဆိုးရွားသော ခံစားချက်မရှိပေ။
ယခုလေးတင် ယဲ့လင်း ပြောလိုက်သော စကားများက သူတို့၏ ကောင်းမွန်သော အမြင်ကို ရရှိသွားစေသည်။ ရှုလုံနှင့် အခြားသူများအနေဖြင့် ယဲ့လင်းသည် သူတို့အားလုံး တွေးနေသည့်အရာကို ပြောလိုက်သည်ဟု ခံစားလိုက်ရသည်။
တူညီသော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေကြသည် ဟူသော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။
ရှုလုံက လေးနက်စွာ ပြောလိုက်သည်။
"ငါ မီးခိုးရောင်တပ်ဖွဲ့ ကို တရားမျှတစွာ ဆက်ဆံပါ့မယ်... အားလုံး ကြိုးစားကြပါ..."
"ဟုတ်ကဲ့..."
ယဲ့လင်းက စိတ်လှုပ်ရှားစွာဖြင့် တုံ့ပြန်လိုက်သည်။
မတော်တဆ မီးခိုးရောင်တပ်ဖွဲ့အား သိမ်းသွင်းလိုက်ခြင်းကြောင့် ဇိုမို၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရေးခရီးစဉ်မှာ ထူးဆန်းစွာ ပြီးဆုံးသွားသော်လည်း ယေဘုယျအားဖြင့် သူ့ရည်မှန်းချက်များ အောင်မြင်သွားခဲ့သည်။
အစောင့်တပ် နှင့် မီးခိုးရောင်တပ်ဖွဲ့ တို့၏ ကြိုးပမ်းမှုအောက်တွင် သူတို့သည် ကမောက်ကမ အက်ကွဲကြောင်း နေရာ၌ အခြေစိုက်စခန်းသစ်တစ်ခုကို လျင်မြန်စွာ တည်ဆောက်လိုက်ကြသည်။
ယဲ့လင်း၏ မူလ စခန်းအစုတ်လေးနှင့် ယှဉ်လျှင် စခန်းသစ်၏ အတိုင်းအတာမှာ အံ့မခန်း ဖြစ်လေသည်။
သို့သော် မိုမြက်ခင်းပြင်ကြီး တစ်ခုလုံး ပြောင်သလင်းခါသွားခြင်းမှာမူ အမှန်ပင် မျက်စိကျိန်းစရာ ကောင်းလွန်းလှသည်။
ထိုအချိန်တွင် ယဲ့လင်းတစ်ယောက် ဇိုမိုအား လာရှာလေသည်။
"အရှင်..."
သူ တုံ့ဆိုင်းစွာဖြင့် ခေါ်လိုက်သည်။
"ဘာကိစ္စလဲ..." ဟု ဇိုမို မေးလိုက်သည်။
"အရှင်... ရှီတုန်းအရှင်ကို လက်နက်ချဖို့ စည်းရုံးခွင့်ပြုပါ..."
ယဲ့လင်း အံကိုကြိတ်၍ ပြတ်သားစွာ ပြောလိုက်သည်။
"ရှီတုန်း..."
ဇိုမို ကြောင်အသွားပြီးမှ ပြန်သတိဝင်လာသည်။
"မင်း ဆိုလိုတာက တစ်ဖက်က မိုတပ်ဖွဲ့လား..."
ယဲ့လင်းက အလျင်အမြန် ပြောလိုက်သည်။
"ရှီတုန်းအရှင်က ဒီလက်အောက်ငယ်သားရဲ့ အရင်တပ်မှူးဟောင်း ဖြစ်ပါတယ်..."
"အို... သူ့အကြောင်း ပြောပြစမ်း..." ဇိုမို စိတ်ဝင်စားသွားသည်။
"ရှီတုန်းအရှင်က ရှားပါးမျိုးနွယ်ဖြစ်တဲ့ ကောင်းကင်ကင်းမြီးကောက် မို ကနေ မွေးဖွားလာသူပါ... ရှီတုန်းအရှင်က ဒီလက်အောက်ငယ်သား မြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံး တိုက်ပွဲဗိုလ်ချုပ် တစ်ဦး ဖြစ်ပါတယ်... သူက ကြံ့ခိုင်ပြီး ပြတ်သားသလို တိုက်ပွဲထဲမှာလည်း ထိုးထွင်းသိမြင်နိုင်စွမ်း အရမ်းမြင့်မားပါတယ်... ကင်းမြီးကောက် မို သွေးစည်းကြောင့်သာ ကန့်သတ်မခံရရင် သူ့ရဲ့ အောင်မြင်မှုတွေက ဒီလောက်နဲ့ ရပ်တန့်နေမှာ မဟုတ်ပါဘူး..."
"မင်းနဲ့ ယှဉ်ရင် ဘယ်လိုလဲ..."
ဇိုမို စပ်စုလိုက်ပြန်သည်။ ယဲ့လင်း၏ မြူလက်သိုင်းမှာ သူ့အပေါ် အတော်လေး စွဲထင်စေခဲ့သည်။
"ဒီလက်အောက်ငယ်သားက နိမ့်ပါးပါတယ်..."
ယဲ့လင်းက လေးနက်စွာ ပြန်ဖြေသည်။
"ဒီလက်အောက်ငယ်သားက အမြဲတမ်း ရှီတုန်းအရှင်ရဲ့ ထောက်ပံ့ရေးမှူး အနေနဲ့ပဲ တာဝန်ထမ်းဆောင်ခဲ့တာပါ..."
"ဪ... ဒီလိုကိုး..."
ဇိုမို ချက်ချင်းပင် အမြတ်ကြီး ထွက်တော့မည်ဟု ခံစားလိုက်ရပြီး ခေါင်းကို အလျင်အမြန် ညိတ်လိုက်သည်။
"ဒါဆိုရင် မင်း စမ်းကြည့်လိုက်လေ..."
…
ရှီတုန်း၏ ခန္ဓာကိုယ်မှ မီးခိုးငွေ့များ ထွက်ပေါ်နေသည်။ သူ့ဝတ်ရုံကြီးမှာ စုတ်ပြဲပြီး ညစ်ပေနေကာ ခန္ဓာကိုယ်အနှံ့တွင်လည်း ဒဏ်ရာမျိုးစုံ ရရှိထားသည်။ သူ့မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ အထင်းသား ပေါ်နေသည်။
သူ့ဘေးတွင် မူလတပ်ဖွဲ့ဝင် အင်အား၏ တစ်ဝက်ခန့်သာ ကျန်ရှိတော့ပြီး အားလုံးမှာလည်း ဒဏ်ရာကိုယ်စီနှင့် ဖြစ်နေကြသည်။
တစ်ဖက်ရန်သူမှာ ဤမျှအထိ စွမ်းအားကြီးလိမ့်မည်ဟု ရှီတုန်း ထင်မထားခဲ့မိပေ။ ဤရက်ပိုင်းအတွင်း အိပ်မက်ဆိုးလို ဖြစ်ပျက်ခဲ့သော တိုက်ပွဲများအား ပြန်တွေးမိလျှင် သူ့ရင်ထဲ တုန်လှုပ်သွားမိသည်။
ရန်သူ တိုက်ပွဲဗိုလ်ချုပ်က သိပ်ကို စွမ်းအားကြီးလွန်းတယ်...။
အစပိုင်းတွင် နှစ်ဖက်အပြန်အလှန် ထိန်းထားနိုင်ခဲ့သော်လည်း တိုက်ပွဲချိန်ခွင်လျှာမှာ ရန်သူ့ဘက်သို့ တဖြည်းဖြည်း တိမ်းစောင်းသွားသည်ကို ရှီတုန်း လက်ပိုက်ကြည့်နေခဲ့ရသည်။
နှေးကွေးသော်လည်း ပြတ်သားသော တိမ်းစောင်းမှုမျိုး ဖြစ်သည်။
သူ နည်းလမ်းပေါင်းစုံကို သုံးခဲ့သော်လည်း ထိုတိမ်းစောင်းမှုအား မတားဆီးနိုင်ခဲ့ပေ။
တစ်ဖက်လူမှာ သူတို့အား လုံးဝ ဖိနှိပ်ထားပြီး အခွင့်အရေး တစ်စက်ကလေးမှ မပေးခဲ့ပေ။
“ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ ပြိုင်ဘက်မျိုးနဲ့ တွေ့ရမယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး…”
“ဒါ ခွန်းလွန်က ဒဏ္ဍာရီလာ ရွှယ်တုန်းလား... ဒါမှမဟုတ် ထျန်းဟွမ်းက ကုန်းရဲ့ရှောင်ရုံလား…”
“ဒါ တိမ်ပင်လယ်နယ်မြေ မဟုတ်ဘူးလား... ဘုံလေးပါးကောင်းကင်က လူတွေ ဝင်ဖို့တောင် စိတ်မဝင်စားတဲ့ ဝေးလံခေါင်ဖျား နေရာလေး မဟုတ်ဘူးလား…”
“ဘယ်လိုလုပ်ပြီး ဒီလောက် ပြိုင်ဘက်ကင်းတဲ့ တိုက်ပွဲဗိုလ်ချုပ်တစ်ဦး ဒီမှာ ရှိနေရတာလဲ…”
ရွှေရောင်တိုက်ပွဲဗိုလ်ချုပ် ...။
ရွှေရောင်တိုက်ပွဲဗိုလ်ချုပ် အဆင့်ရှိသူတစ်ဦးကသာ သူ့အား မျှော်လင့်ချက်မဲ့သွားသည်အထိ ဖိနှိပ်ထားနိုင်မည်ဖြစ်သည်။
ရှီတုန်းသည် ရွှေရောင်တိုက်ပွဲဗိုလ်ချုပ် ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သူ ဖြစ်သည်။ အကယ်၍သာ သူ့၏ ကင်းမြီးကောက် မို သွေးစည်းကြောင့် မဟုတ်လျှင် သူသည် ရွှေရောင်တိုက်ပွဲဗိုလ်ချုပ် ဖြစ်နှင့်ပြီးသား ဖြစ်ပေလိမ့်မည်။ ငယ်စဉ်ကတည်းက သူ့အတွက် ပြိုင်ဘက်ဟူ၍ တွေ့ရခဲလှသည်။ တိုက်ပွဲကွပ်ကဲရာတွင် သူ ဘယ်သောအခါမှ ယုံကြည်မှု မမဲ့ခဲ့ဖူးပေ။
သို့သော် ဤတစ်ကြိမ်တွင်မူ...။
ကောင်းကင်ပေါ်တွင် ပျံသန်းနေကြသော သုံးယောက်တစ်စု ငါးယောက်တစ်စု ဓားကျင့်ကြံသူ အုပ်စုငယ်လေးများကို ကြည့်ရင်း သူ နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။
ထိုအချိန်တွင် သူ့ဒုတပ်မှူးထံမှ အာမေဋိတ်သံတစ်သံ ထွက်ပေါ်လာသည်။
ရှီတုန်းသည် ဓားသွားကဲ့သို့ ထက်ရှသော အကြည့်ဖြင့် လှည့်ကြည့်လိုက်သော်လည်း ဒုတပ်မှူး၏လက်ထဲရှိ အင်းဆက်နက်လေးကို မြင်လိုက်ရသောအခါ သူ၏ကိုယ်လုံးမှာ ရုတ်တရက် တောင့်ခဲသွားလေတော့သည်။
"ပြိုင်ဘက်ကောင်းပဲ..."
သခင်မလေး၏ အသံထဲတွင် ချီးကျူးမှုများ ပြည့်နှက်နေသည်။
မည်သူမျှ သူ့စကားကို မငြင်းရဲကြပေ။ ဤမိုတပ်ဖွဲ့၏ ကြံ့ခိုင်မှုမှာ သူတို့မျှော်လင့်ထားသည်ထက် များစွာသာလွန်နေသည်။ ကြက်သွေးရောင်ငှက်တပ်ဖွဲ့မှာ အသာစီးရနေသော်လည်း တစ်ဖက်လူမှာ ထိုးစစ်အား ကြံ့ကြံ့ခံနေဆဲ ဖြစ်သည်။
ကျဆင်းလာသော ရေစီးကြောင်းကို သူတို့ မတားဆီးနိုင်ခဲ့သော်လည်း လူတိုင်းခန့်မှန်းထားသကဲ့သို့ စိတ်ဓာတ်ပျက်ပြားသွားခြင်းမျိုး လုံးဝမရှိခဲ့ပေ။
တပ်ရင်းတစ်ဝက်ခန့်သာ ကျန်တော့သည့်တိုင်အောင် သူတို့၏ တည်ငြိမ်မှုမှာ အံ့မခန်းပင်။ အကယ်၍ သာမန်တပ်ရင်းသာဆိုလျှင် ဤမျှပြင်းထန်သော ဖိအားအောက်တွင် အစအနမကျန် ပြိုကွဲသွားလောက်ပြီ ဖြစ်သည်။
"ဒီလိုရန်သူမျိုးက... တကယ်ကို လေးစားထိုက်တယ်"
သခင်မလေးသည် သူ၏ကိုယ်ပိုင် အဓိကကျမ်းစာကို ဖန်တီးပြီးကတည်းက သူ၏ အသိစိတ်မှာ တစ်နေ့တခြား ကျယ်ပြန့်လာခဲ့သည်။ သူ၏ နောက်ဆုံးအားနည်းချက်မှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် ယခုအခါ ပုံမှန်မဟုတ်လောက်အောင်ကို ကြောက်မက်ဖွယ်ကောင်းသော စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။
အသိစိတ် တိုးတက်လာမှုကြောင့် ရရှိလာသော စွမ်းရည်မြင့်မားမှုကို ဤတိုက်ပွဲတွင် တွေ့မြင်နိုင်သည်။ တိုက်ပွဲစတင်သည်နှင့် တိုက်ပွဲစည်းချက်မှာ သူ့လက်ခုပ်ထဲတွင် ရှိနေခဲ့သည်။
သူသည် ရန်သူအား အသက်ရှူပေါက် တစ်ချက်ကလေးမျှ မပေးခဲ့ဘဲ အလျင်မလိုသော နည်းလမ်းဖြင့် ရန်သူ၏ နေရာလပ်တိုင်းကို ဖိနှိပ်ချုပ်ကိုင်ထားခဲ့သည်။
သို့သော်လည်း သခင်မလေးသည် ရှီတုန်းအပေါ် အမြင်ကြည်နေဆဲ ဖြစ်သည်။
အကယ်၍သာ သူ၏အသိစိတ်မှာ ထိုးဖောက်အောင်မြင်မှု မရရှိခဲ့ပါက ယခုကဲ့သို့ အသေအပျောက်မရှိဘဲ အနိုင်ရရန်မှာ မဖြစ်နိုင်ပေ။
ထို့အပြင် ဇိုမို၏ ရက်ရက်ရောရော ရင်းနှီးမြှုပ်နှံမှုများကြောင့် ကြက်သွေးရောင်ငှက်တပ်ဖွဲ့၏ လက်နက်ပစ္စည်း အဆင့်အတန်းမှာလည်း ရန်သူ့ထက် တစ်ပန်းသာနေခဲ့သည်။
တစ်ဖက်လူ၌ ရွှေရောင်တိုက်ပွဲဗိုလ်ချုပ် အဆင့်နီးပါးရှိသော စွမ်းအား ရှိနေသည်ဟု သခင်မလေး သေချာပေါက် ပြောရဲသည်။
လိပ်ကျွန်းတစ်ခုလုံးတွင် ကုန်းစွန်းချာနှင့် ဇိုမိုသာလျှင် ထိုသူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည့် စွမ်းအားမျိုး ရှိသည်။ ရှုလုံပင်လျှင် အနည်းငယ် လိုအပ်ချက် ရှိနေသေးသည်။
ကံဆိုးသည်မှာ ရှီတုန်းသည် နာမည်ကျော် တပ်မှူးချုပ် ယွီဟုန်ပင် နာလန်မထူနိုင်အောင် လဲကျခဲ့ရသည့် ကြောက်မက်ဖွယ် သခင်မလေးနှင့် လာတွေ့နေခြင်း ဖြစ်သည်။
“ဒီလို ကြံ့ခိုင်တဲ့ ပြိုင်ဘက်မျိုး…”
"တိုက်ခိုက်ဖို့ ပြင်... နေမဝင်ခင် ဒီတိုက်ပွဲကို အဆုံးသတ်ကြမယ်..."
ကုန်းစွန်းချာ စိတ်လှုပ်ရှားစွာဖြင့် အမိန့်ပေးနေစဉ် သူ၏ အကြည့်တို့ ရပ်တန့်သွားရသည်။
ရန်သူ တိုက်ပွဲဗိုလ်ချုပ်သည် စစ်မြေပြင်ထဲသို့ တစ်ကိုယ်တည်း ထွက်လာသောကြောင့် ဖြစ်သည်။ ထို့စဉ် ရှေ့တန်းမှ ဓားကျင့်ကြံသူတစ်ဦး အလျင်အမြန် ပျံသန်းလာပြီး ကုန်းစွန်းချာထံ သတင်းပို့လိုက်သည်။
"အရှင်... သူတို့ လက်နက်ချပါတော့မယ်..."
***