ဤတိုက်ပွဲသည် ဤပုံစံမျိုးဖြင့် ပြီးဆုံးသွားလိမ့်မည်ဟု မည်သူမျှ ကြိုတင်မတွေးဆခဲ့ကြပေ။
သခင်မလေးသည် ဇိုမိုထံမှ စက္ကူခေါင်းဆောင်ကြာကို လက်ခံရရှိလိုက်သည်နှင့် တုံ့ဆိုင်းမနေတော့ဘဲ မိမိတပ်ဖွဲ့ကို ဦးဆောင်ကာ တိမ်ပင်လယ်နယ်မြေ၏ နယ်မြစ် ဆီသို့ တန်းတန်းမတ်မတ် ချီတက်သွားခဲ့သည်။
‘လိပ်ကျွန်းက မိုတပ်ဖွဲ့ကို အနိုင်ယူလိုက်ပြီ’ ဆိုသည့် သတင်းမှာ ထိုအချိန်ထိ မည်သူ့ဆီသို့မျှ မရောက်ရှိသေးပေ။ နယ်မြစ်တဝိုက်တွင် ကျင့်ကြံသူအများအပြား စုဝေးကာ တိမ်ပင်လယ်နယ်မြေမှ ထွက်ပြေးရန် အသင့်ပြင်နေကြဆဲဖြစ်သည်။
သခင်မလေး၏ တပ်ဖွဲ့ ရောက်ရှိလာချိန်တွင် ထိုကျင့်ကြံသူများကြား၌ ကြီးမားသော ထိတ်လန့်မှုလှိုင်းတစ်ခု ရိုက်ခတ်သွားသည်။ နယ်မြစ်ရှိ စုရပ်များကို သိမ်းပိုက်ထားသူများပင်လျှင် လိပ်ကျွန်း ရှုံးနိမ့်သွားပြီဟု မှားယွင်းစွာ ယူဆလိုက်ကြသည်။ ထို့ကြောင့် ကြောက်လန့်တကြားနှင့်ပင် မိမိတို့၏ စခန်းများကို စွန့်ပစ်ကာ တိမ်ပင်လယ်နယ်မြေထဲမှ အလုအယက် ထွက်ပြေးကြတော့သည်။
သခင်မလေးသည် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ နယ်မြစ်ရှိ စခန်းအားလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်လိုက်သည်။
ထွက်ပြေးသွားသော ကျင့်ကြံသူများသည် သခင်မလေးက စုရပ်များကို သိမ်းပိုက်လိုက်သည်ကို မြင်သောအခါမှသာ အခြေအနေမှန်ကို သဘောပေါက်သွားကြသည်။
"လိပ်ကျွန်းက မိုတွေကို တကယ်ပဲ အနိုင်ယူလိုက်တာပဲ..."
ထင်မှတ်ထားသည့်အတိုင်းပင် သူတို့၏ အောင်ပွဲသတင်းမှာ တိမ်ပင်လယ်နယ်မြေတစ်ခုလုံးသို့ တောမီးကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထိုသတင်းကို အတည်ပြုလိုက်နိုင်သောအခါ နယ်မြေတစ်ခုလုံးမှာ ဝမ်းမြောက်ခြင်းသံများဖြင့် တုန်ခါသွားတော့သည်။
ယခုအချိန်တွင် တိမ်ပင်လယ်နယ်မြေ၏ ထိန်းချုပ်မှုအာဏာမှာ ဇိုမိုလက်ထဲသို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် တိမ်ပင်လယ်နယ်မြေ၏ စစ်မှန်သော သခင်များ ဖြစ်လာကြလေပြီ။
ထွက်ပြေးရန် စီစဉ်ထားသော ကျင့်ကြံသူများသည် မိမိတို့ နေအိမ်များသို့ ပြန်လာကြသည်။ မိုတပ်ဖွဲ့၏ ခြိမ်းခြောက်မှု မရှိတော့သဖြင့် မည်သူကများ ကိုယ့်မွေးရပ်မြေကို စွန့်ခွာလိုတော့မည်နည်း။
လိပ်ကျွန်း၏ အင်အားက လူတိုင်းအား အံ့အားသင့်စေခဲ့သည်။
ယခုအချိန်တွင် မည်သည့်အဖွဲ့အစည်းကများ ဇိုမို၏ ရည်မှန်းချက်ကို မသိဘဲ နေပါမည်နည်း။ သို့သော် အခြေအနေအရပ်ရပ်မှာ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ သူတို့ ဘာမျှ မတတ်နိုင်ကြတော့ပေ။ တိုက်ခိုက်ကြမည်လော... တစ်ဖက်လူမှာ မိုတပ်ဖွဲ့ကိုပင် အနိုင်ယူနိုင်ခဲ့သည့် အင်အားကြီးဖြစ်နေရာ သူတို့ကို သတ်ဖြတ်ပစ်ခြင်းမှာ လက်ဖျောက်တစ်ချက်တီးသလောက်ပင် လွယ်ကူနေမည် မဟုတ်ပါလား။
လိပ်ကျွန်း၏ လက်အောက်ခံ မဖြစ်လိုသော အဖွဲ့အစည်းများက တိမ်ပင်လယ်နယ်မြေမှ ထွက်ခွာသွားကြသည်။ သို့သော် ဒေသအတွင်း အမြစ်တွယ်နေသော မိသားစုအများစုမှာမူ ဤနေရာ၌သာ ဆက်လက်နေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။
ဇိုမိုနှင့် သခင်မလေးတို့ လုံးဝ မမျှော်လင့်ထားသည်မှာ လူအများစုက ဆက်နေရန် ဆုံးဖြတ်လိုက်ခြင်းပင်။
နောက်ပိုင်းမှ ဇိုမို သိလိုက်ရသည်မှာ တိမ်ပင်လယ်နယ်မြေရှိ လူအများစုသည် မည်သူအုပ်ချုပ်သည်ကို ဂရုမစိုက်ကြခြင်း ဖြစ်သည်။ လိပ်ကျွန်း၏ အင်အားက သူတို့အား ကာကွယ်ပေးနိုင်လောက်ပြီး လုံခြုံမှု ခံစားရစေသည်ဟု ယူဆကြသည်။
ကောင်းကင်ခွဲအန္တရာယ် ကြောင့် စစ်ပွဲများမှာ နေရာအနှံ့သို့ ကူးစက်နေသည်။ အသံကျောက်ပြားများမှ စစ်မြေပြင်ဖြစ်နေသော နေရာများ မီးလောင်တိုက်သွင်းခံလိုက်ရသည့် ရွာများ အလောင်းများပုံရာပုံဖြစ်နေသည့် နေရာများအကြောင်းကိုသာ အဆက်မပြတ် ထုတ်လွှင့်နေသည်။
တစ်ညတာအတွင်းမှာပင် ကျင့်ကြံသူလောကကြီးမှာ ကမောက်ကမ ခေတ်ပျက်ကြီးထဲသို့ ရောက်ရှိသွားခဲ့သည်။ ထိုကဲ့သို့သော ခေတ်ပျက်ကြီးထဲတွင် အသက်ရှင်နေရခြင်းသည်ပင် လူအများစုအတွက် လုံလောက်သော ကျေနပ်မှုတစ်ခု ဖြစ်နေလေပြီ။
သို့သော် ဇိုမိုအတွက်မူ ဤသည်မှာ အစပျိုးခြင်းသာ ရှိသေးသည်။ သူသည် နေ့စဉ်လိုလို အလွန်အမင်း အလုပ်ရှုပ်နေရသည်။
ကြီးမားလှသော တိမ်ပင်လယ်နယ်မြေသည် သူထိန်းချုပ်ဖူးသမျှထဲတွင် အကြီးဆုံးနယ်မြေဖြစ်သည်။ နယ်မြေတစ်ခု၏ သခင်အဖြစ် တာဝန်ယူရခြင်းသည် ဇာစ်မြစ်မရေရာသော တောသားငမွဲလေးတစ်ဦးဖြစ်သည့် ဇိုမိုအတွက် အဆန်းတကြယ်ဖြစ်သလို နားလည်ရခက်သော ကိစ္စလည်း ဖြစ်နေသည်။ ရှုပ်ထွေးလှသော ကိစ္စရပ်များမှာ တောင်လိုပုံနေပြီး သူ ဘယ်ကစရမှန်းပင် မသိတော့ပေ။
နောက်ဆုံးတွင် သူသည် ပုယောင်နှင့် ဝေ့တို့အား မေးမြန်းရန်သာ ဆုံးဖြတ်လိုက်သည်။
"ဟင်း... အခု မင်း မြင်ပြီလား... ဒီလိုဖြစ်မယ်ဆိုတာ ငါ အရင်တည်းက တွက်ပြီးသား..."
ပုယောင်က သူ၏မျက်နှာပေါ်တွင် ကပ်နေသော အထင်သေးသည့်အပြုံးကို ဖုံးကွယ်မထားဘဲ လှောင်ပြောင်လိုက်သည်။
"ဒီကောင်က တောသားငမွဲလေးပဲ... ရေရှည်ရင်းနှီးမြှုပ်နှံစရာ မလိုတဲ့ စီးပွားရေးလောက်တော့ သူ လုပ်တတ်ပါရဲ့... ဒါပေမဲ့ မြေရှင်သေးသေးလေးတစ်ယောက် ဖြစ်လာဖို့ကျတော့... ဟား... သူ့မှာ အရည်အချင်းမှ မရှိတာ..."
ဝေ့ကမူ ပုယောင်၏ အထင်သေးမှုကို ဂရုမစိုက်ဘဲ သူ၏မျက်နှာတွင် နွေးထွေးဖော်ရွေသော အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်သည်။
"မင်း ပြဿနာတက်နေတာလား..."
ဒီနှစ်ကောင်စလုံးက လူကောင်းတွေ မဟုတ်ကြဘူး...။
ဇိုမိုမှာ ဤကိစ္စနှင့် ပတ်သက်၍ အလွန်ပင် ရှင်းလင်းစွာ မြင်ထားသည်။ ပုယောင်၏သဘောထားက ပွင့်လင်းပြီး လူကောင်းပကတိ မဟုတ်သည်မှာ ထင်ရှားပြီးသားဖြစ်သည်။
ဝေ့သည်လည်း ထို့အတူပင်။ သူသည် အပြင်ပန်းတွင် အန္တရာယ်ကင်းပြီး ဖော်ရွေဟန်ဆောင်ထားသော်လည်း အမှန်တကယ်၌ ပုယောင်ထက် မည်မျှပို၍ အန္တရာယ်ကင်းမည်ကို တွက်ဆရခက်လှသည်။
ဇိုမိုမှာ ဝေ့၏စကားကို တုံ့ပြန်ခြင်းမပြုဘဲ တိတ်ဆိတ်နေလိုက်သည်။
ဒီနှစ်ကောင်ကြားထဲမှာ ပဋိပက္ခ ဖြစ်အောင် လုပ်မှ ရမယ်...။
ဇိုမို၏ မျက်ဝန်းတို့မှာ တောက်ပသွားပြီးနောက် ရုတ်တရက်ဆိုသလိုပင် မေးခွန်းထုတ်လိုက်သည်။
"ပုယောင်... မင်းရဲ့ ယောင်တပ်ဖွဲ့အခြေအနေက ဘယ်လိုရှိလဲ..."
ပုယောင်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ သူ၏ သွေးရောင်မျက်ဝန်းများအတွင်း၌ ဒေါသတရားတို့ ဆူပွက်လာသည်။ ထိုပါရမီမရှိသော အမှိုက်သရိုက် ငတုံးများ အသုံးမကျသောကောင်များအား သူ နည်းလမ်းမျိုးစုံသုံးကာ လေ့ကျင့်ပေးထားပါသော်လည်း အခြေခံအားနည်းချက်များကြောင့် ယခုထိတိုင် သူစိတ်တိုင်းကျ မဖြစ်သေးပေ။
"ယောင်တပ်ဖွဲ့ ဟုတ်လား..."
ဝေ့က စိတ်ဝင်စားဟန် အပြုံးဖြင့် ပြောလိုက်သည်။
ဒီရက်ပိုင်း ပုယောင် ပျောက်ချက်သားကောင်းနေတာ မဆန်းတော့ဘူးပဲ... သူ ယောင်တပ်ဖွဲ့ တည်ဆောက်နေတာကိုး...။
ဒီကောင်က ငါ အစောင့်တပ်ကို ဆွဲဆောင်သွားတာကို အငြိုးထားနေတုန်းပဲ ထင်တယ်...။
ဇိုမိုမှာ ပုယောင်၏ မည်းမှောင်နေသော မျက်နှာကို လုံးဝဂရုမစိုက်တော့ဘဲ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
"လက်ဆယ်ချောင်းထောင်က ဘယ်လောက်ပဲ ထူးချွန်ထက်မြက်ပါစေ သူက အကျဉ်းထောင်တစ်ခုပဲ ဖြစ်ပြီး လေ့ကျင့်ရေးဆိုင်ရာ ပြဿနာပေါင်းစုံကို အကုန်အစင် မဖြေရှင်းပေးနိုင်ပါဘူး..."
"အပိုစကားတွေ..."
ပုယောင်၏ အသံမှာ ရေခဲတမျှ အေးစက်လျက်ရှိပြီး သူ၏မျက်နှာထားမှာလည်း တစ်စက်မျှပင် ခင်မင်စရာမရှိပေ။
ဇိုမိုပြောသည်မှာ အမှန်ပင်ဖြစ်သည်။ လက်ဆယ်ချောင်းထောင်သည် ထိရောက်မှုရှိသော်လည်း အကန့်အသတ်များရှိသည်။ ၎င်းသည် စစ်မြေပြင်၏ လက်တွေ့တိုက်ပွဲများကို အစားထိုးနိုင်စွမ်းမရှိပေ။ နန်ယွဲ့နှင့် အခြားသူများမှာ အစပိုင်း၌ လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း ယခုအခါတွင် တိုက်ပွဲအတွေ့အကြုံ နည်းပါးမှုကြောင့် တိုးတက်နှုန်းမှာ သိသိသာသာ နှေးကွေးလာခဲ့သည်။
“ဒါပေမဲ့….တောက်... မဟာပုယောင်အရှင်ကို ဒီကောင်လေးက လာလှောင်ပြောင်ရဲတယ်ပေါ့…”
"ဒီကောင်လေး မဆုံးမတာ ကြာလို့ အတော်လေး ကမ်းတက်နေပြီပဲ... စည်းကမ်းမရှိ အတော်လေး ရိုင်းစိုင်းလာပြီ”
ပုယောင် စိတ်တိုသွားသည်။ သူသည် ဇိုမိုအား ဒဏ်ခတ်ရန် ပြင်ဆင်နေချိန်၌ပင် ဇိုမိုက ရုတ်တရက် အသံပြုလိုက်သည်။
"ငါ့မှာ နည်းလမ်းကောင်း ရှိတယ်..."
"ဟား ဟား..."
ပုယောင်မှာ ရယ်စရာပြက်လုံးတစ်ခု ကြားလိုက်ရသကဲ့သို့ အားရပါးရ အော်ရယ်လိုက်သည်။ သူ၏ အထင်သေးမှုကိုလည်း လုံးဝဖုံးကွယ်မထားပေ။
"မင်းလို တောသားငမွဲလေးမှာ နည်းလမ်းရှိတယ် ဟုတ်လား... ဒါ တော်တော် ရယ်ရတာပဲ..."
ပုယောင်၏ အထင်သေးသော အကြည့်များကို ခံစားနေရသည်မှာ ကြာပြီဖြစ်၍ ဇိုမိုမှာ ဂရုမစိုက်ဟန်ဖြင့်ပင် တည်ငြိမ်နေသည်။
"မင်း အရင် နားထောင်ကြည့်ပြီးမှ ရယ်ပါ..."
ပုယောင်၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် ဇိုမိုအား စူးစိုက်ကြည့်နေရင်း ခဏအကြာတွင် စကားလုံးများကို ညှစ်ထုတ်ပြောဆိုလိုက်သည်။
"မင်းမှာ နည်းလမ်းရှိရင်တော့ ကောင်းမယ်... မရှိရင်တော့ ဟီး ဟီး..."
ဇိုမို လေးနက်စွာ ပြောလိုက်သည်။
"ကောင်းကင်ခွဲအန္တရာယ်မှာ ကမောက်ကမ အက်ကွဲကြောင်း တွေ အများကြီး ပေါ်လာတယ်... ဒီအက်ကွဲကြောင်းတွေက ယောင်မိုကမ္ဘာနဲ့ ကျင့်ကြံသူကမ္ဘာကို ဆက်သွယ်ပေးထားတယ်... ငါပြောတာ မှန်တယ်မလား..."
"စကားရှည်မနေနဲ့..."
ပုယောင်က အေးစက်စွာ ပြောသည်။
ဝေ့၏ မျက်နှာတွင်မူ အပြုံးရေးရေးလေး ပေါ်လာသည်။ သူသည် အေးဆေးစွာပင် ထိုင်နေရင်း ဂရုတစိုက် နားထောင်လျက်ရှိသည်။
"အရင်တုန်းကလို သွေးကောင်းကင်မြို့တော်နယ်မြေကို ဖြတ်စရာမလိုဘဲ ယောင်မိုနဲ့ ကျင့်ကြံသူ နယ်မြေတွေကို ကမောက်ကမ အက်ကွဲကြောင်းတွေကနေတဆင့် ဆက်သွယ်လို့ ရနိုင်တယ်... နှစ်ဖက်ကြားက အကွာအဝေးက တိုသွားပြီ..."
ပုယောင် စိတ်မရှည်တော့မည့်အချိန်တွင် ဇိုမို ရုတ်တရက် ပြောလိုက်သည်။
"ငါတို့ ပို့ဆောင်ရေး အစီအရင် တစ်ခု ဖန်တီးပြီး နန်ယွဲ့နဲ့ တခြားသူတွေကို ဒီဘက် ခေါ်လာရင်ကော..."
"ပို့ဆောင်ရေး အစီအရင်..."
ပုယောင် ခေတ္တရပ်သွားပြီး စဉ်းစားဟန် ဖြစ်သွားသည်။ ခဏအကြာတွင် သူ ခေါင်းခါလိုက်သည်။
"မဖြစ်နိုင်ဘူး... ငါတို့ သူတို့ရဲ့ တည်နေရာကို အတိအကျ မသိနိုင်ဘူး..."
"အစီအရင် တချို့က ယင်နဲ့ ယန် အစိတ်အပိုင်းတွေ ပေါင်းစပ်ထားတာ မင်း သိသားပဲ... နန်ယွဲ့နဲ့ တခြားသူတွေကို ယင်အစီအရင် တည်ဆောက်ခိုင်းရင်ကော..."
ဇိုမိုက ပြန်မေးလိုက်သည်။
ပုယောင်၏ မျက်ဝန်းတို့မှာ ရုတ်တရက် အရောင်တောက်သွားသည်။ သူသည် အလွန်ဉာဏ်ရည်ထက်မြက်သူဖြစ်ရာ ဇိုမို၏ အတွေးကို ချက်ချင်းပင် သဘောပေါက်သွားလေသည်။
ပို့ဆောင်ရေးအစီအရင်များကို ယင်နှင့် ယန်ဟူ၍ ခွဲခြားထားပြီး မတူညီသော နေရာနှစ်ခု၌ ထားရှိခြင်းဖြင့် အစီအရင်နှစ်ခုမှာ ချိတ်ဆက်သွားကာ လမ်းကြောင်းတစ်ခု ပွင့်လာမည်ဖြစ်သည်။ အကယ်၍ နန်ယွဲ့တို့က ယောင်ကမ္ဘာတွင် ယင်အစီအရင်ကို တည်ဆောက်ပြီး ဤနေရာ၌ ယန်အစီအရင်ကို တည်ဆောက်လိုက်ပါက...
ကောင်းကင်ခွဲအန္တရာယ်မှ ဖြစ်ပေါ်လာသော ကမောက်ကမ အက်ကွဲကြောင်းများသည် အမှန်စင်စစ် သဘာဝ ပို့ဆောင်ရေး အစီအရင်များပင် ဖြစ်သည်။
ပုယောင်မှာ ထိုအကြံ၏ အခက်အခဲများကို လျင်မြန်စွာ တွက်ဆလိုက်ပြီး ခေါင်းခါလျက် ပြောသည်။
"ပို့ဆောင်ရေး အစီအရင်တွေက အရမ်းရှုပ်ထွေးတယ်... ဟိုဘက်က ဘယ်သူမှ အစီအရင်အကြောင်း နားမလည်ကြဘူး..."
"ငါတို့မှာ နေမင်းမျိုးစေ့ တွေ ရှိတယ်လေ..."
ဇိုမိုက ဂုဏ်ယူစွာ ပြောလိုက်သည်။
"နေမင်းမျိုးစေ့တွေက လက်ဆယ်ချောင်းထောင်ထဲ ဝင်လို့ရသလို ပြန်ယူထုတ်လို့လည်း ရတယ်... ငါတို့ ပို့ဆောင်ရေး အစီအရင်ကို နေမင်းမျိုးစေ့ထဲ ထွင်းထည့်ပြီး လက်ဆယ်ချောင်းထောင်ကနေတဆင့် နန်ယွဲ့ဆီ ပေးလိုက်လို့ ရတာပဲ... အဲဒါ အဆင်မပြေဘူးလား..."
"အင်း... ဒီအကြံက စိတ်ဝင်စားစရာပဲ..."
ပုယောင် ငြိမ်သွားပြီး စဉ်းစားခန်း ဝင်သွားသည်။ ခဏကြာသော် သူ ပြောလိုက်သည်။
"ငါတို့ စမ်းကြည့်ဖို့ လိုမယ်..."
ဇိုမို၏ အကြံဉာဏ်မှာ အလွန်ပင် ရဲရင့်လှသည်။
"ငါ မင်းကို နေမင်းမျိုးစေ့တွေ ပံ့ပိုးပေးမယ်... ပို့ဆောင်ရေး အစီအရင်အတွက် မင်း ကူမင်ကုန်း ကို သွားရှာလို့ရတယ်... အဲဒီလူက တော်တော် ပါးနပ်တယ်..."
ဇိုမိုက ရက်ရက်ရောရော ပြောလိုက်သည်။
"ဟွန့်..."
ပုယောင် နှာမှုတ်လိုက်ပြီး တိတ်ဆိတ်နေလိုက်သည်။
"တိမ်ပင်လယ်နယ်မြေရဲ့ နေ့စဉ်ကိစ္စတွေကို ဒေသခံ အင်အားစုတွေဆီ လွှဲပြီး သူတို့ကို လုပ်ခိုင်းလိုက်... သူတို့ ကောင်းကောင်းလုပ်ရင် ဆုချ မလုပ်ရင် အပြစ်ပေး... သူတို့ဆီက အစွမ်းထက် ကျင့်ကြံသူတွေကို စုစည်းပြီး မင်းလူတွေကို ခေါင်းဆောင်ခန့်ကာ တပ်ရင်းတစ်ရင်း ဖွဲ့စည်းလိုက်... မင်းရဲ့ ကိုယ်ပိုင် တပ်ရင်းတွေနဲ့ ပေါင်းလိုက်ရင် ဘယ်သူကများ ပုန်ကန်ရဲမှာလဲ..."
ဇိုမို သူ့ခေါင်းသူ ရိုက်လိုက်မိပြီး သဘောပေါက်သွားသည်။
ပုယောင်သည် စကားလုံးအနည်းငယ်ကိုသာ သုံးနှုန်းသွားသော်လည်း အရာအားလုံးကို ရှင်းလင်းသွားစေပြီး ပြဿနာ၏ အဓိကအချက်ကို တန်းခနဲ ထောက်ပြလိုက်ခြင်းပင်။
ဇိုမိုမှာ အသိဉာဏ်မဲ့သူမဟုတ် ယခင်က ဤသို့သော အတွေ့အကြုံမျိုး မရှိခဲ့ဖူးသဖြင့်သာ ကြောင်တောင်တောင် ဖြစ်နေခဲ့ခြင်းဖြစ်သည်။ ယခုအခါ လမ်းပြမှုကို ရရှိလိုက်သည်နှင့်တစ်ပြိုင်နက် အားလုံးကို ချက်ချင်းပင် ရိပ်မိသွားတော့သည်။
သူ စိတ်လှုပ်ရှားစွာဖြင့် အသိစိတ်ပင်လယ်ထဲမှ ထွက်ခွာသွားလေသည်။
အစမှ အဆုံးထိတိုင် ဝေ့၏မျက်နှာပေါ်တွင် အပြုံးရေးရေးလေးမှာ ပျောက်ကွယ်သွားခြင်းမရှိ။ သူ မည်သည်ကို တွေးတောနေသည်ကိုမူ မည်သူမျှ မခန့်မှန်းနိုင်ပေ။
…
ရှီတုန်းသည် ယဲ့လင်းအား အေးစက်စွာ ကြည့်လိုက်သည်။
ယဲ့လင်းမှာမူ ဘာမျှမဖြစ်ခဲ့သည့်အလား တည်ငြိမ်နေသည်။
"ရှီတုန်းအရှင်မှာ မေးစရာများ ရှိပါသေးသလား..."
"မင်းပြောတာတွေ အမှန်တွေလား..."
ရှီတုန်းသည် ခါးတွင်ချိတ်ထားသော ကင်းမြီးကောက်ဓားပေါ်သို့ လက်တင်လိုက်ရင်း အေးစက်စွာ မေးခွန်းထုတ်သည်။
"လုံးဝ အမှန်ပါ..."
ယဲ့လင်းက ရိုးသားစွာ ပြောလိုက်သည်။
"ကျွန်တော့် လက်အောက်ငယ်သားတွေ အကုန်လုံး အရှင့်ရဲ့ မဟာနေမင်း မိုခန္ဓာကို မြင်ခဲ့ကြပါတယ်... ရှီတုန်းအရှင် မယုံရင် သူတို့ထဲက ကြိုက်တဲ့လူကို မေးကြည့်လို့ ရပါတယ်..."
ရှီတုန်း၏ မျက်နှာထားမှာမူ မည်သို့မျှ ပြောင်းလဲသွားခြင်းမရှိပေ။
"သူ့ရဲ့ လက်အောက်ငယ်သားတွေက ကျင့်ကြံသူတွေလေ..."
"ကျင့်ကြံသူတွေ ရှိပါတယ်..."
ယဲ့လင်းက ရှီတုန်း၏ စကားအမှားကို ထောက်ပြလိုက်သည်။
"ကျွန်တော့်အထက်လူကြီး ရှုလုံအရှင် ဦးစီးတဲ့ အစောင့်တပ် ဆိုရင် မိုကျင့်စဉ်တွေကို ကျင့်ကြံကြပါတယ်... ရှီတုန်းအရှင် ဒုက္ခခံအစောင့်တပ် ကျင့်စဉ်အကြောင်း ကြားဖူးမှာပါ..."
"ဒုက္ခခံအစောင့်တပ် ဟုတ်လား..."
ရှီတုန်း၏ မျက်လုံးအိမ်တို့မှာ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ဤနာမည်ကို သူ သေချာပေါက် ကြားဖူးသည်။ ဤမိုကျင့်စဉ်မှာ များသောအားဖြင့် မိုဗိုလ်ချုပ်တို့၏ အစောင့်တပ်များသာ ကျင့်ကြံလေ့ရှိပြီး နာမည်ကျော်ကြားလှသည်။
"ဟုတ်ပါတယ်... မိုဗိုလ်ချုပ် အစောင့်အများစု ကျင့်ကြံကြတဲ့ ဒုက္ခခံအစောင့်တပ်ပါပဲ..."
ယဲ့လင်းက လေးနက်သော မျက်နှာထားဖြင့် ပြောသည်။
"ဒါပေမဲ့ ရှုလုံအရှင်နဲ့ သူ့လူတွေ ကျင့်ကြံတဲ့ ဒုက္ခခံအစောင့်တပ်ကို စွမ်းအားကြီးတဲ့ အရှင်တစ်ပါးက မဟာနေမင်း မိုခန္ဓာအပေါ် အခြေခံပြီး ပြုပြင်မွမ်းမံပေးထားတာပါ... အဲဒါကို မဟာနေမင်း ဒုက္ခခံအစောင့်တပ်လို့ ခေါ်ပါတယ်..."
ရှီတုန်းမှာ မနေနိုင်ဘဲ အံ့အားသင့်သွားမိသည်။
"မဟာနေမင်း မိုခန္ဓာကို အသုံးပြုပြီး ဒုက္ခခံအစောင့်တပ်ကျင့်စဉ်ကို ပြုပြင်ပေးနိုင်တဲ့ အရှင်တစ်ပါးက ကျင့်ကြံသူ ဖြစ်နိုင်ပါ့မလား..."
ယဲ့လင်းက မေးခွန်းထုတ်လိုက်သည်။
ရှီတုန်း တိတ်ဆိတ်သွားသည်။
ယဲ့လင်း ပြောသည်မှာ အမှန်ပင်ဖြစ်ကြောင်း သူသိသည်။ မဟာနေမင်း မိုခန္ဓာကို အသုံးပြု၍ ဒုက္ခခံအစောင့်တပ်အား ပြုပြင်ပေးနိုင်သူတစ်ဦးမှာ မိုကျင့်စဉ်များနှင့် ပတ်သက်၍ အလွန်နက်ရှိုင်းစွာ နားလည်ထားသူ စွမ်းအားကြီး အကြီးအကဲတစ်ဦး ဖြစ်ရပေမည်။
ဤသို့သော စွမ်းအားကြီး ပုဂ္ဂိုလ်မျိုးသည် ကျင့်ကြံသူတစ်ဦး ဖြစ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ကျင့်ကြံသူ မဟုတ်ရုံသာမက သာမန်မိုတစ်ဦးလည်း မဖြစ်နိုင်။ ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိသည်။ ထိုသူသည် စွမ်းအားကြီးမားသော မိုတစ်ဦး ပုံမှန်မဟုတ်လောက်အောင် စွမ်းအားကြီးသည့် မိုတစ်ဦးသာ ဖြစ်ရပေမည်။
"မဟာနေမင်း မိုခန္ဓာကို ကျင့်ကြံတယ်... မိုတပ်ဖွဲ့တစ်ခု တည်ဆောက်ထားတယ်... ပြီးတော့ ခန့်မှန်းလို့မရနိုင်တဲ့ စွမ်းအားပိုင်ရှင် မိုအကြီးအကဲတစ်ယောက် ရှိနေတယ်... ကျွန်တော်ကတော့ အရှင်ဟာ မိုတစ်ယောက်ကလွဲပြီး တခြား ဘာမှ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်..."
ယဲ့လင်းက တည်ငြိမ်ပြီး ဉာဏ်ရှိစွာ ပြောလိုက်သည်။
ရှီတုန်းက ခဏမျှ တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။
"ဒါဆို ဟို ကျင့်ကြံသူတွေကကော..."
"ဒါ ကျင့်ကြံသူလောကလေ... ရှီတုန်းအရှင်..."
ယဲ့လင်းက ရှီတုန်းအား သတိပေးလိုက်သည်။
"မို သက်သက် တပ်ဖွဲ့တစ်ခုက ဒီမှာ အသက်မရှင်နိုင်ပါဘူး... အရှင်က ကျင့်ကြံသူတွေကို လိုအပ်ပါတယ်..."
ရှီတုန်း ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ လက်ခံလိုက်ရလေပြီ။
သူ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။
ယဲ့လင်းသည် ရှီတုန်းအား နားလည်ပေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ညင်သာစွာ ပြောလိုက်သည်။
"ရှီတုန်းအရှင် ဘယ်လို ခံစားနေရလဲဆိုတာ ကျွန်တော် သိပါတယ်... အရှင့်အတွက် လက်နက်ချဖို့ဆိုတာ လက်ခံရခက်ပေမယ့် တခြားရှုထောင့်က ကြည့်မယ်ဆိုရင်... ရှီတုန်းအရှင်... ဒါက အခွင့်အရေးကောင်း တစ်ရပ် မဟုတ်ဘူးလား..."
သူသည် ရှီတုန်းအား စူးစိုက်ကြည့်ကာ စကားလုံးတစ်လုံးချင်းစီကို အလေးအနက်ထားလျက် မေးခွန်းထုတ်လိုက်သည်။
"ရှီတုန်းအရှင်... ကျွန်တော်တို့ရဲ့ လူရိုင်းနယ်မြေငယ်ကနေ ဘုရင်တစ်ပါး ပေါ်ထွက်မလာတာ ဘယ်နှစ်နှစ် ရှိပြီလဲ..."
ရှီတုန်း၏ ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ခါသွားရသည်။ သူ ခေါင်းမော့လိုက်သည့်အခါ မျက်ဝန်းအစုံမှ ဓားသွားကဲ့သို့ ထက်ရှလှသော အကြည့်များ လျှံထွက်လာသည်။
"မင်းက သူ့ကို ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတာလား..."
"ဖြစ်ချင်ဖြစ်မယ်... မဖြစ်ချင် မဖြစ်ဘူးပေါ့..."
ယဲ့လင်း၏ လေသံမှာ အေးစက်နေသည်။
"ဒါပေမဲ့ အရှင်က ကျွန်တော် မြင်ဖူးသမျှထဲမှာ ဧကရာဇ်ဖြစ်ဖို့ အလားအလာ အရှိဆုံး မိုတစ်ယောက်ပဲ..."
"ဒါကြောင့် မင်း အရာအားလုံးကို ပုံအောပြီး လောင်းလိုက်တာပေါ့လေ..."
ရှီတုန်း မေးလိုက်သည်။ သူ၏ လေသံထဲတွင် အထင်သေးရိပ်များ သိသိသာသာ ကိန်းအောင်းနေသည်။
ယဲ့လင်းသည်မှာ ဘာမှ မဖြစ်သည်အလား ပုံမှန်အတိုင်း ပြုံးလိုက်သည်။
"ကျွန်တော်တို့မှာ တခြား ရွေးချယ်စရာ ရှိလို့လား... ရှီတုန်းအရှင်..."
ရှီတုန်းမှာ တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားရပြန်လေသည်။
***