ဇိုမိုတစ်ယောက် သူ့ပြဿနာများကို ဖြေရှင်းပြီးသောအခါမှ သက်ပြင်းချနိုင်သွားလေသည်။ ထို့နောက် အာဂွီ အတွက် ရေတိမ်သန္ဓေသား ရှာဖွေရေးကိစ္စအား စတင်စဉ်းစားတော့သည်။
အာဂွီ၏ ပြန်လည်သက်သာလာမှု အခြေအနေမှာ ကောင်းမွန်နေသည်။ သူမ၏ ခန္ဓာကိုယ်မှာ သစ်တုံးတစ်တုံးကဲ့သို့ တောင့်တင်းနေဆဲဖြစ်သော်လည်း ယခင်ကထက် တုံ့ပြန်မှုများ ပိုမိုရှိလာပြီဖြစ်သည်။
"နောက်ရက်နည်းနည်းလောက်နေရင် ငါတို့ ရေတိမ်သန္ဓေသား ရှာဖို့ ထွက်ကြမယ်... အဲဒီအချိန်ရောက်ရင် နင် အရှင်းပျောက်သွားမှာပါ..."
ဇိုမို အလွန်ပျော်ရွှင်နေသည်။ အကယ်၍သာ ရေတိမ်သန္ဓေသား ရှာတွေ့ခဲ့လျှင် အာဂွီအား သူ ကုသပေးနိုင်ပေလိမ့်မည်။
ဇိုမိုမှာ အာဂွီ၏ ရုပ်ဆိုးလှသော အသွင်အပြင်ကို ရွံရှာခြင်း အလျဉ်းမရှိပေ။ သူ၏မျက်နှာပေါ်တွင် နူးညံ့သော အပြုံးလေးတစ်ခုသာ ကိန်းအောင်းနေသည်။
ထိုစဉ် သူ၏လက်ဝါးပြင်ပေါ်တွင် အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ အေးစက်နေသော လက်ကလေးတစ်စုံက သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။
အာဂွီ၏ အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာသည်။ သူမသည် ဇိုမိုအနီးအနားတွင် ရှိနေသည်ကို တွေ့တိုင်း ဇိုမို၏ဘေးသို့ ချက်ချင်းပင် ရောက်လာတတ်သည်။ သူမ၏ အနှစ်သက်ဆုံး အလုပ်တစ်ခုမှာ ဇိုမို၏လက်ကို ကိုင်ထားခြင်းပင် ဖြစ်လေသည်။
ဇိုမိုသည်လည်း သူ့လက်ကို ကိုင်ခွင့်ပြုထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူမခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ သူ ပြုံးလျက် ပြောလိုက်သည်။
"နင် ပြန်ကောင်းလာတဲ့အခါ ငတုံးငှက် နဲ့ တခြားသူတွေ အရမ်းပျော်ကြမှာ..."
အခန်းထောင့်တစ်နေရာတွင် ဝဖြိုးနေသော ငတုံးငှက်ကြီးမှာ မျက်လုံးတို့ကို မှိတ်ကာ တစ်ရေးအိပ်မောကျနေသည်။ သူမ ဘာမျှ ပြန်လည်တုံ့ပြန်ခြင်း မရှိပေ။
အာဂွီ၏ ဆံပင်များဖြင့် သူဖန်တီးပေးထားသော ငှက်သိုက်ကို ကြည့်ပြီး ဇိုမို မနေနိုင်ဘဲ ဟားတိုက် ရယ်မောလိုက်မိသည်။
အာဂွီကမူ ဇိုမို၏ဘေးနားတွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရပ်နေဆဲပင်။
…
"မင်း ဘာလို့ ဒီမှာ ထိုင်နေတာလဲ... စိတ်ထဲမှာ တစ်ခုခု ခံစားနေရလို့လား..."
မင်ကျွယ်ကျိ ၏ အသံမှာ နန်ယွဲ့ ၏ နောက်မှ ထွက်ပေါ်လာသည်။ သူသည် နန်ယွဲ့အနားသို့ လျှောက်သွားပြီး ဝင်ထိုင်လိုက်သည်။ ဤရက်ပိုင်းအတွင်း သူတို့အားလုံးမှာ အတူတကွ လေ့ကျင့်နေခဲ့ကြသည်။ ငရဲခန်းသဖွယ် ပြင်းထန်သော လေ့ကျင့်ခန်းများနှင့် ဆင်းရဲဒုက္ခများကို အတူတကွ မျှဝေခံစားခဲ့ကြရသဖြင့် သူတို့ကြား သံယောဇဉ်များမှာ ပိုမိုခိုင်မာလာခဲ့ပြီဖြစ်သည်။
လက်ဆယ်ချောင်းထောင် အတွင်း ကျင့်ကြံနေစဉ် ပုယောင်၏ ပြင်းထန်သော ဆူပူကြိမ်းမောင်းမှုများကို နန်ယွဲ့တစ်ယောက် ခံလိုက်ရသည်။ လက်ဆယ်ချောင်းထောင်မှ ထွက်လာသည်နှင့် နန်ယွဲ့မှာ တစ်နေရာသို့ ပြေးထွက်သွားခဲ့သည်။ သူမ၏ စိတ်အခြေအနေအတွက် စိုးရိမ်ပူပန်နေကြသော အဖွဲ့သားများက စကားပြောဆိုရာတွင် အကောင်းဆုံးဖြစ်သည့် မင်ကျွယ်ကျိအား သူမကို နှစ်သိမ့်ပေးရန်အတွက် တာဝန်ပေးစေလွှတ်လိုက်ကြသည်။
"ငါ အရမ်း ညံ့နေလား..."
နန်ယွဲ့၏ လေသံမှာ အားအင်ကုန်ခမ်းနေပြီး ဆွေးမြေ့နေသည်။ သူမ၏ မျက်ဝန်းအိမ်များမှာလည်း နီရဲနေကာ ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေသည်။
"ငါက ပုအရှင် မျှော်လင့်ထားသလို ဘယ်တော့မှ ဖြစ်မလာနိုင်တော့ဘူး..."
ဇွဲကောင်းလွန်းသော နန်ယွဲ့ပင်လျှင် ဤမျှအထိ အဆူခံလိုက်ရသဖြင့် မင်ကျွယ်ကျိမှာ ပုယောင်အား ပို၍ပင် ကြောက်ရွံ့သွားမိသည်။
"ငါတို့ထဲက ဘယ်သူမှ ပုအရှင် မျှော်လင့်ထားသလို ဖြစ်မလာနိုင်ပါဘူး..."
မင်ကျွယ်ကျိက နှစ်သိမ့်လိုက်သည်။
"အဲဒါ မင်း မကြိုးစားလို့ မဟုတ်ပါဘူး... ပုအရှင်ရဲ့ သတ်မှတ်ချက်တွေက အရမ်း မြင့်လွန်းနေလို့ပါ... တကယ်ပါ... ထိပ်တန်း ယောင်ပညာဂေဟာတွေက ပါရမီရှင်တွေတောင် ပုအရှင် လိုချင်တဲ့ အဆင့်ကို မမီနိုင်လောက်ဘူး... မင်း အခု လုပ်နိုင်ခဲ့သလောက်က တော်တော်လေး ကောင်းနေပါပြီ... ငါတို့အားလုံးထဲမှာ မင်းက တိုးတက်မှု အမြန်ဆုံးပဲ..."
နန်ယွဲ့သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စကားမဆိုဘဲ တိတ်ဆိတ်နေသည်။
"ပုအရှင်က တင်းကျပ်ပေမယ့် ဒါက ငါတို့အတွက်ပါပဲ... ငါတို့ရဲ့ လက်ရှိ စွမ်းအားကို ကြည့်ပါဦး... အရင်ကနဲ့ ယှဉ်ရင် ငါတို့ထဲက ဘယ်သူကများ စွမ်းအားတွေ အဆပေါင်းများစွာ မတိုးတက်လာဘဲ ရှိလို့လဲ..."
ပြောရင်းဆိုရင်း မင်ကျွယ်ကျိက သူ့အတိတ်နှင့် ပစ္စုပ္ပန် စွမ်းအားကို နှိုင်းယှဉ်ကြည့်လိုက်ရာ မသိလိုက်မသိဘာသာဖြင့် သူ မည်မျှ တိုးတက်လာခဲ့သည်ကို တွေ့ရှိပြီး လန့်သွားမိသည်။
"ငါ အရှင့် ကို လွမ်းတယ်..."
နန်ယွဲ့၏ အသံတွင် ရှိုက်သံပါနေသည်။
"အရှင်သာဆိုရင် ဘယ်တော့မှ ဒီလိုမျိုး ဆက်ဆံမှာ မဟုတ်ဘူး..."
ဇိုမို သူမအား နွေးထွေးစွာ သင်ကြားပေးခဲ့သော အချိန်များကို ပြန်လည်တွေးတောရင်း နန်ယွဲ့မှာ လွမ်းဆွတ်တမ်းတနေမိသည်။
"ဟုတ်တယ်... အရှင် ဘာတွေ အလုပ်ရှုပ်နေလဲ မသိဘူး..."
မင်ကျွယ်ကျိလည်း သက်ပြင်းချလိုက်မိသည်။ သူ အဝေးတစ်နေရာသို့ ငေးကြည့်လိုက်သည်။
"ဒါပေမဲ့ ပုအရှင်ကလည်း အရှင်နဲ့ အတူတူ တွဲလုပ်နေတာ မဟုတ်ဘူးလား... အားလုံးကတော့ ခန့်မှန်းနေကြတာပဲ... ပုအရှင်က အရှင့်မျိုးနွယ်စုက အကြီးအကဲ တစ်ယောက် ဖြစ်လောက်တယ်တဲ့... အရှင့်ရဲ့ မျိုးရိုးက ဘာလဲဆိုတာ ငါ မသိဘူး... ဒါပေမဲ့ သူ့မျိုးနွယ်စုမှာ ဒီလောက် စွမ်းအားကြီးတဲ့ အကြီးအကဲ တစ်ယောက် ရှိနေတယ်ဆိုတော့... ဒဏ္ဍာရီလာ မဟာမျိုးနွယ်ကြီးတွေထဲက တစ်ခု ဖြစ်လောက်တယ်..."
"အရှင်က ဘယ်သူပဲ ဖြစ်ဖြစ်... ငါက အရှင့်ရဲ့ နောက်လိုက်ပဲ... ငါ အရှင့်နောက်ကို ထာဝရ လိုက်မယ်..."
နန်ယွဲ့၏ လေသံမှာ ပြတ်သားလှသည်။
"အင်း... ငါလည်း အတူတူပါပဲ..."
မင်ကျွယ်ကျိက သူ့အပြုံးအား ရုပ်သိမ်းလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
နန်ယွဲ့ ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ သူမမျက်လုံးများ နီရဲနေဆဲ ဖြစ်သော်လည်း မျက်နှာထားမှာ ပြတ်သားမှုများ ပြန်လည် ပြည့်နှက်လာသည်။
"ဘာဖြစ်လို့လဲ..."
မင်ကျွယ်ကျိ အနည်းငယ် နားမလည် ဖြစ်သွားသည်။
"ငါ သွားကျင့်ကြံတော့မယ်..."
နန်ယွဲ့က ခေါင်းလှည့်မကြည့်ဘဲ ပြောလိုက်သည်။
"ငါက အရှင့်ရဲ့ နောက်လိုက်ပဲ..."
ခိုင်မာသော ကတိသစ္စာစကားကို ချန်ထားရစ်ခဲ့ပြီးနောက် သူမ၏ ပုံရိပ်မှာ လေနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ကူမင်ကုန်း၏ မျက်လုံးများမှာ မှည့်နေသော မက်မွန်သီးနှစ်လုံးကဲ့သို့ ဖောင်းအစ်နေသည်။ သူသည် မနားတမ်း အလုပ်လုပ်ခဲ့သည်မှာ ဆယ်ရက်ဆယ်ညတိုင်ခဲ့လေပြီ။ ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် ဤကဲ့သို့ အလုပ်လုပ်ရသည့် ဒဏ်ကို မခံနိုင်ပေ။
ယခုအချိန်တွင် သူ့ပုံစံအား မြင်လိုက်ရသူ မည်သူမဆို သူ့အား လက်နက်သွန်းလုပ်ခြင်းနှင့် တံဆိပ်အစီအရင် ဆရာကြီး ကူမင်ကုန်းဟု မှတ်မိကြတော့မည် မဟုတ်ပေ။
သူ၏အကြည့်တို့မှာ ရှေ့မှ နေမင်းမျိုးစေ့ အပေါ်၌သာ စူးစိုက်နေသည်။
ဤပစ္စည်းအား ပထမဆုံးအကြိမ် မြင်လိုက်ရချိန်တွင် ကူမင်ကုန်းတစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။
ရတနာ... ပြိုင်ဘက်ကင်းတဲ့ ရတနာပဲ….။
ဤသည်မှာ နေမင်းနတ်သစ်ပင်မှ ထွက်ပေါ်လာသော မျိုးစေ့ဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူ့ခန္ဓာကိုယ်အတွင်း၌ ပီတိလှိုင်းလုံးကြီးများ ဆူညံစွာ ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။
အို... ဘုရားရေ...။
နေမင်းနတ်သစ်ပင်... ဒဏ္ဍာရီလာ နေမင်းနတ်သစ်ပင်... အဲဒီအပင်က မျိုးသုဉ်းသွားတာ ကြာပြီ မဟုတ်ဘူးလား...။
လေ့လာမှုအတွက် မျိုးစေ့အနည်းငယ် ရနိုင်မည်ဟု သိလိုက်ရချိန်တွင် သူ ပျော်လွန်းသဖြင့် မူးလဲမတတ် ဖြစ်ခဲ့ရသည်။ သွန်းလုပ်ခြင်း၌ ကျွမ်းကျင်သော တံဆိပ်ကျင့်ကြံသူ တစ်ဦးအတွက် ဒဏ္ဍာရီလာ ကုန်ကြမ်းပစ္စည်းများထက် ပို၍စွမ်းအားကြီးမားသည့်အရာ မရှိပေ။
သို့သော် ထိုမျိုးစေ့ကို အသုံးပြုမည့် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သိလိုက်ရချိန်၌မူ သူ ရူးသွပ်မတတ် ဖြစ်သွားရသည်။
သူ ရူးမတတ် ဖြစ်သွားခဲ့သည်။
“ပို့ဆောင်ရေး အစီအရင်တဲ့... သူ ပြောလိုက်တာ ပို့ဆောင်ရေး အစီအရင်တဲ့... ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာကို ပို့ဆောင်ရေး အစီအရင်လေး လုပ်ဖို့အတွက်ပဲ သုံးမယ် ဟုတ်လား…”
သူ တစ်ဖက်လူအား ကောက်ပေါက်ပစ်လိုက်ချင်စိတ်များပင် ပေါ်ပေါက်လာသည်။
ဤမျှ ကြောက်စရာကောင်းသော ဖြုန်းတီးမှုမျိုးအား သူ သည်းမခံနိုင်ပေ။
သို့သော်လည်း ပူးပေါင်းဆောင်ရွက်မှု မရှိပါက မည်သို့ဖြစ်လာမည်ကို တစ်ဖက်လူက သူ့အား အမြန်ပင် သင်ခန်းစာပေးလိုက်သည်။
အရှင် ကိုယ်တိုင် ပြေးလာပြီး သူ့အား ဖျောင်းဖျကာ အဓိပ္ပာယ်ပါသော လေသံဖြင့် တိုက်တွန်း၍ ပြန်ထွက်သွားသည်။ သနားစရာ ကူမင်ကုန်းမှာ ကြောက်လန့်လွန်းသဖြင့် အသက်ပင် မဝတော့သလို ဖြစ်ရသည်။ အရှင်သည် အသိစိတ်ဝိညာဉ် တည်ငြိမ်ခြင်း နတ်အလင်းအကြောင်း တစ်ခွန်းမှ မဟသလို မပူးပေါင်းလျှင် ဘာဖြစ်မည်ကိုလည်း မပြောခဲ့သော်လည်း ကူမင်ကုန်းမှာ မကြုံစဖူးသော ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
သူ အနည်းငယ်မျှ အပျင်းမထူရဲတော့ပေ။
ဖြုန်းတီးရာ ရောက်တော့ကော ဘာဖြစ်သလဲ... ငါက အလုပ်သမားပဲလေ...။
အနက်ရောင် ဝတ်စုံဖြင့် တစ်နေ့ကုန် တစ္ဆေတစ်ကောင်လို လွင့်မျောနေသော ထိုလူသည် ဤကမ္ဘာတွင် အတင်းကျပ်ဆုံးနှင့် အကြောက်စရာ အကောင်းဆုံး ကြီးကြပ်သူဖြစ်ကြောင်း သူ အမြန်ပင် သဘောပေါက်လိုက်သည်။
အခြေအနေမှာ သူထင်ထားသည်ထက် ပိုမိုရှုပ်ထွေးလှသည်။ နေမင်းမျိုးစေ့သည် အလွန်ရှားပါးလွန်းသည်။ သူ ယခင်က တစ်ခါမျှ မမြင်ဖူးသလို လက်နက်သွန်းလုပ်ခြင်း မှတ်တမ်းများတွင်လည်း နေမင်းမျိုးစေ့၏ ဂုဏ်သတ္တိများကို တစ်ခါမျှ ဖော်ပြထားခြင်း မရှိခဲ့ပေ။
ကူမင်ကုန်းသည် အစမှ ပြန်လည်စတင်ရန်သာ တတ်နိုင်တော့သည်။
နေမင်းမျိုးစေ့ အတွင်း၌ လွှမ်းမိုးချုပ်ကိုင်လိုသော နေမင်းရှန်စွမ်းအား များ ပြည့်နှက်နေသည်။ နေမင်းရှန်စွမ်းအားသည် နေမင်းနတ်သစ်ပင် ကြီးထွားလာသည်နှင့်အမျှ ကာလကြာရှည် စုစည်းခဲ့ခြင်းဖြစ်ပြီး အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသည်။ လင်းစွမ်းအား ထည့်လိုက်သည်နှင့် နေမင်းရှန်စွမ်းအားက ဝါးမြိုပစ်လိုက်သဖြင့် အတွင်း၌ အစီအရင် ထွင်းရန် မဖြစ်နိုင်ပေ။
သူ ပုယောင်ထံ ပြေးပြီး ရှင်းပြရာ ပုယောင်၏ ပါးစပ်ဖြင့် ရိုက်နှက် ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရသည်။
ပုယောင်၏ ရက်စက်ကြမ်းကြုတ်သော လေသံမှာ သူ့အား ရလဒ်တစ်ခုတည်းသာ လိုချင်ကြောင်း ပြောဆိုနေသည်။
သနားစရာ ကူမင်ကုန်းမှာ ခေါင်းကို နံရံနှင့်စောင့်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုစိတ်ပင် ပေါက်သွားသည်။ ဆိုးဝါးသည်မှာ မိစ္ဆာတစ်ကောင်၏ လက်ထဲရောက်နေလျှင် သေချင်သော်လည်း သေခွင့်မရခြင်းပင်။
ပါးရိုက်ခံလိုက်ရသော ကူမင်ကုန်းမှာ ပိုမို ပြင်းထန်စွာ လေ့လာပြီး သူ စဉ်းစားမိသမျှ နည်းလမ်းတိုင်းကို ကြိုးစားကြည့်ရတော့သည်။
"ဟားဟားဟားဟားဟား... ငါ လုပ်နိုင်ပြီ... ငါ လုပ်နိုင်ပြီကွ..."
အခန်းထဲတွင် ရူးသွပ်သော ရယ်သံကြီး ပဲ့တင်ထပ်သွားသည်။ ဝှစ်ခနဲ အသံနှင့်အတူ ပုယောင် တစ္ဆေတစ်ကောင်လို ပေါ်လာသည်။ စကားတစ်ခွန်းမှ မပြောဘဲ သူ နေမင်းမျိုးစေ့အား အလွန် ဂရုတစိုက် ကောက်ယူလိုက်သည်။
ပုယောင်အတွက်မူ နေမင်းမျိုးစေ့ထဲရှိ နေမင်းရှန်စွမ်းအားသည် အလွန်ပြင်းထန်သော အဆိပ်အတောက်နှင့် အတူတူပင် ဖြစ်သည်။
သူ့အသိစိတ် ဆုတ်ခွာသွားသည်။ ပုယောင် ဝမ်းသာသွားပြီး အသံမထွက်ဘဲ ပျောက်ကွယ်သွားလေသည်။
မီးခိုးရောင်မျိုးနွယ်စု၏ အစည်းအဝေးခန်းမအတွင်း၌ကား အငြင်းပွားသံများ ရန်စကားများမှာ အစည်းအဝေး စတင်ချိန်မှစ၍ တိတ်ဆိတ်ခြင်းမရှိဘဲ ဟိန်းထွက်နေသည်။
ချန်းဇယ်သည် ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ နေနေသည်။ သူ့၌ ပြောရေးဆိုခွင့် မရှိပေ။ အကြီးအကဲများ ရန်ဖြစ်နေသည်ကို ကြည့်ရင်း သူ့မျက်လုံးများထဲတွင် မသိမသာ စိတ်မရှည်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
ဤဆူညံနေသည့် အဘိုးကြီးများမှာ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ သူငယ်ပြန်နေကြပြီလောဟုပင် သူ တွေးထင်မိသည်။
“အရှင်သာ မရှိရင် မီးခိုးရောင်မျိုးနွယ်စု ဆိုတာ ရှိလာနိုင်မလား... အနာဂတ်မှာရော ရှိလာနိုင်ဦးမလား... ဒီလို ခေတ်ပျက်ကြီးထဲမှာ မီးခိုးရောင်မျိုးနွယ်စုလို မျိုးနွယ်စုငယ်လေးတွေ ဘယ်နှခုလောက် အသက်ရှင်ကျန်ရစ်နိုင်မှာလဲ…”
“စစ်မီးလျှံတွေ မရောက်နိုင်တဲ့ ဘေးကင်းရာ နောက်တန်းစခန်းလို့ သူတို့ ထင်နေကြတုန်းလား... အခုချိန်မှာ နောက်တန်းစခန်း ဆိုတာ ရှိသေးလို့လား…”
တိုက်ခိုက်နိုင်စွမ်းမရှိသော မျိုးနွယ်စုတို့မှာ အဆီတစ်ဝင်းဝင်းဖြင့် အသားတုံးကြီးသဖွယ် ဖြစ်နေလေပြီ။ မည်သူမဆို တုံ့ဆိုင်းမနေဘဲ ခုန်အုပ်ပြီး ကိုက်ဖြတ်စားသောက်ကြပေလိမ့်မည်။
ပုအရှင်က တပ်ရင်းလေ့ကျင့်ပေးရန် ကူညီနေခြင်းမှာ အကြောင်းရှိသည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကိုသာ အလေးပေးတွေးတောနေကြသော မီးခိုးရောင်မျိုးနွယ်စုမှာ အမှန်ပင် အသုံးမကျလှပေ။
“ငါက အရှင့်ရဲ့ နောက်လိုက်ပဲ…”
ချန်းဇယ်သည် ကျောကို မတ်ထားလျက် အကြီးအကဲတို့၏ ဆွေးနွေးမှုများကို မျက်နှာသေဖြင့်သာ နားထောင်နေသည်။
အကြီးအကဲချုပ်က ချန်းဇယ်၏ မကျေနပ်မှုကို သတိထားမိလိုက်သည်။ သူ့စိတ်အပြောင်းအလဲ ဖြစ်သွားပြီး ရုတ်တရက် ပြောလိုက်သည်။
"အာဇယ်... မျိုးနွယ်စု ရွှေ့ပြောင်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး မင်း ဘယ်လို ထင်လဲ..."
အကြီးအကဲတစ်ဦးက မကျေမနပ် ပြောလိုက်သည်။
"အကြီးအကဲချုပ်... အာဇယ်က ငယ်ပါသေးတယ်... သူ ဘာနားလည်မှာမို့လို့..."
အေးစက်သော အလင်းတန်းတစ်ခု အကြီးအကဲချုပ်၏ မျက်လုံးထဲတွင် ဖြတ်သန်းသွားပြီး သူ လေးနက်သောအသံဖြင့် ဖြတ်ပြောလိုက်သည်။
"မင်း ပါးစပ်ပိတ်ထား... အာဇယ်က အနာဂတ် မျိုးနွယ်စုခေါင်းဆောင်ပဲ... မင်း စကားပြောရင် ဦးနှောက်သုံးပြီး ပြော..."
ထိုအကြီးအကဲမှာ မျက်နှာရဲသွားပြီး နောက်ဆုတ်သွားသည်။
အကြီးအကဲချုပ်မှာ အလွန်ပင် ဩဇာတိက္ကမ ကြီးမားလှသူဖြစ်သည်။ ချန်းဇယ်မှာ မီးခိုးရောင်မျိုးနွယ်စု၏ ခန့်အပ်ခြင်းခံရသော ဆက်ခံသူဖြစ်သည့်အတွက် အားလုံး၏ အကြည့်တို့မှာ ချန်းဇယ်အပေါ်သို့ တစ်ပြိုင်နက် ကျရောက်လာသည်။
ချန်းဇယ်မှာ အကြီးအကဲများအား လှည့်မကြည့်ဘဲ တဲ့တိုးပင် ပြောဆိုလိုက်သည်။
"ကျွန်တော်က အရှင့်ရဲ့ နောက်လိုက်ပါ... အရှင် ဘယ်သွားသွား ကျွန်တော် လိုက်မှာပါ..."
အားလုံး ငြိမ်ကျသွားသည်။ အာဇယ်သည် ရှောင်မိုကော၏ နောက်လိုက်ဖြစ်ကြောင်းကို အားလုံး ပြန်လည်အမှတ်ရသွားကြသည်။
ယောင်ကမ္ဘာတွင် နောက်လိုက်တစ်ဦး၏ ကတိသစ္စာကို အလွန်ပင် အလေးထားကြသည်။ စွမ်းအားကြီးသူတစ်ဦး၏ နောက်လိုက် ဖြစ်ခွင့်ရခြင်းမှာ လူအများ၏ အိပ်မက်ပင် ဖြစ်၏။ မိမိပေးထားသော ကတိစကားကို အလွယ်တကူ ဖျက်ဆီးမည့်သူမှာ အလွန်နည်းပါးသည်။
အကြီးအကဲချုပ်က အာဇယ်၏ မကျေနပ်မှုကို နားလည်သွားပြီး ပြုံးလျက် "အာဇယ်... ဆက်ပြီး ပြောပါဦး" ဟု ခွင့်ပြုလိုက်သည်။
ချန်းဇယ်က အကြီးအကဲများ အားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"အကြီးအကဲတို့... ကျွန်တော်တို့ ဘေးကင်းရဲ့လား... ကမ္ဘာကြီးကကော ဘေးကင်းရဲ့လား... ကျွန်တော်တို့ သန်မာရဲ့လား... ဘာပဲဖြစ်လာလာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လောက်အောင် သန်မာရဲ့လား..."
အခန်းထဲတွင် တိတ်ဆိတ်ခြင်းကသာ လွှမ်းမိုးထားသည်။
"ကျွန်တော်တို့မှာ တပ်ရင်း မရှိဘူး... ကျွန်တော်တို့မှာ တိုက်ပွဲဗိုလ်ချုပ်တွေ မရှိဘူး... မီးခိုးရောင်အမာရွတ်ကျင့်စဉ် ရှိရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိဘူး... ပြီးတော့ရော... ကျွန်တော်တို့ တခြားလူတွေရဲ့ ဝါးမြိုခြင်း ခံရလိမ့်မယ်... ကျွန်တော်တို့ မီးခိုးရောင်မျိုးနွယ်စုရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်တဲ့ မီးခိုးရောင်အမာရွတ်ကျင့်စဉ် က တခြားလူတွေ လက်ထဲ ရောက်သွားလိမ့်မယ်... ကျွန်တော်တို့ ရန်သူတွေက ဒီလို အခွင့်အရေးကောင်းကို လက်လွှတ်မှာ မဟုတ်ဘူး..."
ချန်းဇယ်မှာ ရက်စက်သော လက်တွေ့ဘဝကို အားနာမှုမရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ဖော်ထုတ်ပြောကြားလိုက်သည်။
"အရှင်က ကျွန်တော်တို့ကို ဝါးမြိုမှာလား... အရှင်က ကျွန်တော်တို့ရဲ့ မီးခိုးရောင်အမာရွတ်ကျင့်စဉ်ကို လိုချင်မှာလား... အကြီးအကဲတို့... ဒီ မီးခိုးရောင်အမာရွတ်ကျင့်စဉ်က ဘယ်က ရခဲ့တာလဲဆိုတာ မေ့သွားကြပြီလား..."
"တပ်မှူးချုပ် ယွီဟုန် ကိုတောင် အနိုင်ယူနိုင်တဲ့ ပြိုင်ဘက်ကင်း တိုက်ပွဲဗိုလ်ချုပ်တစ်ဦးရဲ့ ကွပ်ကဲမှုအောက်မှာ နေရတာထက် ဘယ်အရာက ပိုဘေးကင်းမှာလဲ..."
"ဒါ ဂုဏ်ယူစရာပဲ..."
ချန်းဇယ်၏ မျက်ဝန်းထဲတွင် အပူရှိန်တို့မှာ တောက်လောင်နေသည်။
အကြီးအကဲများ အားလုံး တုန်လှုပ်သွားကြသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အကြီးအကဲချုပ်က သူ့မျက်နှာပေါ်မှ ချီးကျူးမှုကို ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
"ငါတို့လို လူကြီးတစ်သိုက်က လူငယ်လေး အာဇယ်လောက်တောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘူးလို့ ငါ ထင်မထားခဲ့မိဘူး..."
မျိုးနွယ်စု ရွှေ့ပြောင်းရန် ကန့်ကွက်နေကြသော အကြီးအကဲများ အားလုံး ရှက်ရွံ့သွားကြသည်။
"ကောင်းကင်ခွဲအန္တရာယ်... ကောင်းကင်ခွဲအန္တရာယ်..."
အကြီးအကဲချုပ်၏ လေးလံသော သက်ပြင်းသံက အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။
"ဒီကိစ္စကြောင့် သွေးတွေ ဘယ်လောက် စီးဆင်းရမယ်ဆိုတာ ငါ မသိဘူး... အားလုံးပဲ... အိပ်မက်မမက်ကြနဲ့တော့... မိုက်မဲမနေကြနဲ့တော့... ခေတ်ပျက်ကြီး ရောက်လာပြီ..."
အားလုံး၏ မျက်နှာထားတို့မှာ လေးနက်သွားကြသည်။ အကြီးအကဲချုပ်၏ စကားကို သူတို့ ချင့်ချိန်စဉ်းစားလိုက်ကြသည်။
အကြီးအကဲချုပ် ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ လေးနက်သော မျက်နှာထားဖြင့် သူ ကျယ်လောင်စွာ ပြောလိုက်သည်။
"ဒီလို ခေတ်ပျက်ကြီးထဲမှာ ငါတို့ မီးခိုးရောင်မျိုးနွယ်စု အသက်ရှင်ကျန်ရစ်ဖို့အတွက် ပိုပြီး သန်မာတဲ့ ခေါင်းဆောင်တစ်ယောက် လိုအပ်တယ်... ဒါကြောင့် အာဇယ်ကို မျိုးနွယ်စုခေါင်းဆောင်သစ်အဖြစ် ငါ ထောက်ခံတယ်..."
ချန်းဇယ်မှာ အံ့အားသင့်သွားသည်။ ခဏအကြာတွင်မူ…
"ငါ ထောက်ခံတယ်..."
"ထောက်ခံပါတယ်..."
"ငါ သဘောတူတယ်..."
ခေတ်သစ်တစ်ခုမှာ စတင် ရောက်ရှိလာလေပြီ။
***