နန်ယွဲ့နှင့် အခြားသူများ ဇိုမိုကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာထားများမှာ ထူးခြားစွာ တုန်လှုပ်လျက် ရှိနေကြသည်။ အရှင်သည် ငယ်ရွယ်နုပျိုသူဖြစ်ကြောင်း သိရှိထားသော်ငြား ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရချိန်တွင် ခံစားလိုက်ရသည့် တုန်လှုပ်မှုမှာ လက်ဆယ်ချောင်းထောင် အတွင်းထက်ပင် ပိုမိုပြင်းထန်လှသည်။
သူတို့အား ပို၍ တုန်လှုပ်စေသည်မှာ အရှင်သည် ကျင့်ကြံသူနယ်မြေထဲတွင် ရောက်ရှိနေခြင်းပင်။ ပို့ဆောင်ရေး အစီအရင်မှ ထွက်လာစဉ် အရှင် အဘယ်ကြောင့် ကျင့်ကြံသူများကဲ့သို့ ရုပ်ဖျက်ခိုင်းခဲ့သည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားကြလေပြီ။
ယဲ့လင်းနည်းတူပင် နန်ယွဲ့နှင့် အခြားသူတို့မှာ သူတို့ရောက်ရှိနေသည့် နေရာဌာနကြောင့် တုန်လှုပ်နေကြသော်လည်း ဇိုမို၏ မိုဇာစ်မြစ်အပေါ်တွင်မူ သံသယဝင်ခြင်း အလျဉ်းမရှိကြပေ။
ပျောက်ကွယ်သွားခဲ့သော ယောင်ပညာရပ် အစုံအလင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပြီး ထောင်ဖောက်ထွက်ပွဲကို အောင်မြင်စွာ ဆင်နွှဲခဲ့သူ တပ်မှူးချုပ် ယွီဟုန်ကိုပင် အနိုင်ယူနိုင်ခဲ့သူတစ်ဦးသည် ယောင်တစ်ဦး မဟုတ်လျှင် အဘယ်သူ ဖြစ်နိုင်ပါမည်နည်း။
ကျင့်ကြံသူ ဟုတ်လား... အဲဒီဟာသက သိပ်ကို ပေါ့ပျက်ပျက် နိုင်လွန်းတယ်...။
ဤအချက်နှင့် ပတ်သက်၍ သူတို့၏ အတွေးအမြင်များမှာ ယဲ့လင်း၏ အတွေးများနှင့် တစ်ထပ်တည်း ကျနေသည်။ အရှင်သည် ကျင့်ကြံသူနယ်မြေတွင် လမ်းမှားကာ သောင်တင်နေခဲ့သည့် မဟာမျိုးနွယ်ကြီးတစ်ခုမှ ပါရမီရှင်တစ်ဦးသာ ဖြစ်ရမည်ဟု သူတို့ အခိုင်အမာ ယုံကြည်မိကြသည်။ ယောင်ကမ္ဘာတွင် မည်သူတစ်ဦးတစ်ယောက်မျှ အရှင့်အား မတွေ့မြင်ခဲ့ရခြင်းမှာ မဆန်းတော့ပေ။
နောက်ဆုံး၌ သူတို့ သဘောပေါက်သွားကြသည်။ အရှင်သည် ယောင်ကမ္ဘာတွင် လုံးဝ ရှိမနေခဲ့ခြင်းပင် ဖြစ်သည်။
ယခုအချိန်၌ ဇိုမိုသည် အမည်နာမအရရော အာဏာစက်အရပါ တိမ်ပင်လယ်နယ်မြေ၏ စစ်မှန်သော သခင်တစ်ပါး ဖြစ်လာခဲ့ပေပြီ။ တိမ်ပင်လယ်နယ်မြေအတွင်း တိမ်ကျွန်းပေါင်းများစွာ ရှိနေသည့်အနက် သူသည် မီးခိုးရောင်မျိုးနွယ်စု နေထိုင်နိုင်ရန်အတွက် အေးချမ်းတည်ငြိမ်သော တိမ်ကျွန်းတစ်ခုကို ရွေးချယ်ပေးလိုက်သည်။
နန်ယွဲ့နှင့် အခြားသူများ ရောက်လာသော ပထမဆုံးနေ့မှာပင် ပုယောင် သူတို့အတွက် လေ့ကျင့်ရေး အစီအစဉ်သစ်ကို ချက်ချင်း စတင်ရေးဆွဲတော့သည်။
ပုယောင်သည် ရည်မှန်းချက်ကြီးမားသူဖြစ်သည်။ တစ်ချိန်က ကမ္ဘာကြီးကို စိုးမိုးခဲ့ဖူးသည့် ယောင်ကမ္ဘာ၏ ထိပ်တန်း တိုက်ပွဲဗိုလ်ချုပ်ကြီးတစ်ဦးအနေဖြင့် နန်ယွဲ့နှင့် အခြားသူများအား ယောင်ကမ္ဘာ၏ အကောင်းဆုံး တိုက်ပွဲဗိုလ်ချုပ်များ ဖြစ်လာစေရန် မွေးထုတ်ပေးသွားမည်ဟု သူ ဆုံးဖြတ်ချက် ချလိုက်သည်။
ဝေ့အား အလင်းပြပေးရန် သူ ဆုံးဖြတ်လိုက်သည်။ ဝေ့လေး မင်း ဘာလို့ ကျောက်တိုင်သံချပ်ဝတ် အဖြစ်သာ ရှိနေပြီး ငါ ပုယောင်က ဘာလို့ အကောင်းဆုံး တိုက်ပွဲဗိုလ်ချုပ် ဖြစ်ခဲ့ရသလဲ ဆိုတာ ငါ ပြပေးမယ်…။
သနားစရာ နန်ယွဲ့နှင့် အပေါင်းအပါတို့မှာ အသက်ရှူချိန်ပင် မရလိုက်ဘဲ ပုယောင်၏ ရူးသွပ်ဖွယ်ကောင်းသော လေ့ကျင့်ရေးအစီအစဉ်များကြားသို့ အတင်းအကျပ် ကန်ထည့်ခြင်း ခံလိုက်ရသည်။
တိမ်ကျွန်းတစ်ဝိုက်တွင် ကျင်းကျိ အတားအဆီးများစွာဖြင့် ခင်းကျင်းထားပြီးဖြစ်ရာ ထိုနေရာမှာ သဘာဝအတိုင်း တည်ရှိနေသော မိစ္ဆာဆန်သည့် လေ့ကျင့်ရေးကွင်းပြင်ကြီးတစ်ခု ဖြစ်လာတော့သည်။
ဇိုမိုမှာ အခြားသော အင်အားစုများကို သိမ်းသွင်းလိုက်ပြီးနောက် တိမ်ပင်လယ်နယ်မြေအတွင်း တည်ငြိမ်မှုများ လျင်မြန်စွာ ပြန်လည်ရရှိလာသည်။
အင်အားစုများထဲမှ ရွေးချယ်ခံရသူတို့မှာ တိမ်ပင်လယ်နယ်မြေတွင် နာမည်ကျော်ကြားသူများသာ ဖြစ်ကြသည်။ နေမင်းနတ်ကျောင်းတော်ရှေ့၌ လူအများအလယ် ကိုယ်လုံးတီးဖြင့် အရှက်တကွဲ ပြေးလွှားခဲ့ရပြီးနောက် တိမ်ပင်လယ်နယ်မြေ၏ တစ်ဦးတည်းသော ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူနှစ်ဦးမှာ လူလောကထဲမှ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။ ယခုတစ်ကြိမ် မိုတပ်ဖွဲ့ ကျူးကျော်လာစဉ်တွင်လည်း သူတို့မှာ လုံးဝ ပေါ်မလာခဲ့ကြပေ။
သူတို့မှာ အကြီးအကျယ် အရှက်ကွဲခဲ့ရသဖြင့် တိမ်ပင်လယ်နယ်မြေမှ ထွက်ခွာသွားကြပြီဟု လူအများက ခန့်မှန်းနေကြသည်။ တိမ်ပင်လယ်နယ်မြေတွင် ဆက်လက်နေထိုင်ရန် မည်သို့သော မျက်နှာမျိုးနှင့် ရင်ဆိုင်ရဲတော့မည်နည်း။
အရာအားလုံး စီစဉ်ပြီးနောက် ဇိုမိုသည် ရေတိမ်သန္ဓေသား အား ရှာဖွေရန် တိမ်ပင်လယ်အတွင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။
ဤတစ်ခေါက်တွင် သူ လူအများကြီး ခေါ်ဆောင်မသွားပေ။ တိမ်ပင်လယ်၏ နက်ရှိုင်းသော နေရာများမှာ အကြီးစား တိုက်ပွဲများအတွက် မသင့်တော်လှပေ။
သူတို့အဖွဲ့တွင် လမ်းပြတစ်ဦး ဇိုမို ဝေ့ရှန်း ကျုံးရူ အာဂွီနှင့် ကလေးတစ်သိုက် သာ ပါဝင်သည်။ သူတို့၏ ပုံစံမှာ တိုက်ပွဲဝင်မည့်အဖွဲ့ထက် ကမ္ဘာလှည့်ခရီးသည်အဖွဲ့နှင့်သာ ပို၍တူနေသည်။
လူအရေအတွက် နည်းပါးသော်ငြား သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ တိမ်ပင်လယ်နယ်မြေ၏ ထိပ်တန်းအဆင့်တွင် ရှိနေသည်။ ဇိုမို ဝေ့ရှန်းနှင့် ကျုံးရူတို့ သုံးဦး ပေါင်းစပ်လိုက်လျှင် ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်လောက်သည်။
ဇိုမိုသည် အာဂွီအား ခေါ်ဆောင်သွားရန် အစီအစဉ်မရှိသော်လည်း ရေတိမ်သန္ဓေသားကို ဖမ်းမိသည်နှင့် ချက်ချင်းစားသုံးခြင်းကသာ အထိရောက်ဆုံး ဖြစ်မည်ဟု ပုယောင်က ဆိုသဖြင့် အာဂွီကိုပါ အတူခေါ်ဆောင်လာခဲ့ရသည်။
ငတုံးငှက်မှာ အာဂွီ၏ဘေးတွင် မာန်ပါပါနှင့် မောက်မာစွာ လျှောက်လှမ်းနေပြီး ဇိုမိုကိုမူ လုံးဝလျစ်လျူရှုထားသည်။ စေတီလေးနှင့် မီးလေး တို့မှာ အာဂွီ၏ရင်ခွင်တွင် တွယ်ကပ်နေကြသည်။ အမည်းလေးကမူ အာဂွီ၏ဆံပင်ကို အသေအချာ ကုတ်တွယ်ထားသည်။
ဒသမအဆင့် နှင့် နေရောင်ခြည်လေး တို့မှာမူ သက်တော်စောင့်များအလား အာဂွီ၏ပတ်လည်တွင် ပျံဝဲနေကြသည်။
ဇိုမို အလွန် စိတ်ပျက်သွားမိသည်။
အရှက်မရှိမှုနှင့် ယုတ်မာမှုပိုင်းတွင် ဇိုမိုသင်ပေးခဲ့သော ကလေးတစ်သိုက်မှာ တစ်ပုံစံတည်း အကုန်အစင် တတ်မြောက်သွားကြလေပြီ။
ဇိုမိုတွင် ဖြေရှင်းနည်း မရှိပေ။ "ဘယ်လိုပဲဖြစ်ဖြစ် တစ်ကောင်ခေါ်သွားတာနဲ့ အကုန်ခေါ်သွားတာ အတူတူပါပဲလေ" ဟု သူ တွေးပုံတွေးနည်း ပြောင်းလဲလိုက်သည်။ မည်သို့ဆိုစေ သူတို့မှာ အတော်လေး စွမ်းအားကြီးမားသော တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည် မဟုတ်ပါလား။
ငတုံးငှက်အကြောင်းကိုမူ ပြောနေစရာပင် မလိုတော့ပေ။ သူမသည် ကလေးတစ်သိုက်ထဲတွင် အင်အားအကြီးဆုံးဖြစ်ပြီး ဇိုမိုပင်လျှင် သူမ၏ စွမ်းရည်ကို အကဲမဖြတ်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်လှသည်။
ဒုတိယမြောက် အသန်မာဆုံးမှာမူ ဒသမအဆင့် ဖြစ်သည်။ သူသည် အင်းဆက်များကို အမြဲလိုလို ဒုက္ခပေးလေ့ရှိပြီး ယခုအခါတွင်မူ သူ၏စွမ်းရည်များမှာ လုံးဝ ပြောင်းလဲတိုးတက်သွားခဲ့ပြီ ဖြစ်သည်။
စေတီလေး မှာမူ ဇိုမို၏ ဝိညာဉ်ဆက်နွယ် မှော်အဆောင် ဖြစ်ပြီး နေ့စဉ်နှင့်အမျှ ဆော့ကစားခြင်းမှလွဲ၍ အလုပ်ကောင်းကောင်း မလုပ်တတ်ပေ။ သို့သော် အစီအရင်များ ခင်းကျင်းရာ၌မူ အသုံးဝင်နိုင်ဖွယ်ရှိသည်။
နေရောင်ခြည်လေး၏ တိုက်ခိုက်ပုံကိုမူ ဇိုမို ယခုထိတိုင် မမြင်ဖူးသေးပေ။
အမည်းလေးမှာ တိုက်ခိုက်စွမ်းရည် သုညဖြစ်သော်လည်း ရတနာရှာဖွေရာတွင်မူ အဖိုးမဖြတ်နိုင်သော အကူအညီတစ်ခု ဖြစ်သည်။ မီးလေးမှာမူ ခရီးလမ်းတစ်လျှောက် ငြီးငွေ့မှုကို ပြေပျောက်စေရန် အသုံးပြုနိုင်သော အဖော်ကောင်းတစ်ခုပင် ဖြစ်သည်။
ဇိုမိုသည် မိမိ၏အဖွဲ့ကို ဦးဆောင်ကာ ခရီးစတင် ထွက်ခွာခဲ့သည်။
လမ်းပြအဖြစ် လိုက်ပါလာသူမှာ ခန်တယ် ဖြစ်သည်။ သူသည် ရေတိမ်သန္ဓေသားများကို ရှာဖွေရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူဖြစ်ရာ တိမ်ပင်လယ်၏ နက်ရှိုင်းသော နေရာများအကြောင်းကို အလွန်ပင် ရင်းနှီးကျွမ်းဝင်လှသည်။
ခန်တယ်၏ အစီအစဉ်အရ သူတို့သည် ဦးစွာ နှုတ်သီးကျွန်းဟု ခေါ်ဆိုသော နေရာသို့ ပျံသန်းရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တိမ်ပင်လယ်အတွင်းသို့ ဆင်းသက်ရမည်ဖြစ်သည်။
နှုတ်သီးကျွန်းသည် တိမ်ပင်လယ်နယ်မြေ၏ အလွန်နာမည်ကြီးသော သင်္ဘောဆိပ်ကမ်းတစ်ခု ဖြစ်၏။ တိမ်ပင်လယ်၏ နက်ရှိုင်းသော နေရာများတွင် အန္တရာယ်မျိုးစုံ ပြည့်နှက်နေတတ်သဖြင့် ကြုံရာနေရာမှ ဝင်ရောက်ရန် ကြိုးစားသူများမှာ ပြန်လမ်းမဲ့သွားတတ်သည်က အစဉ်အလာပင်။
နှုတ်သီးကျွန်းအား တိမ်ပင်လယ်၏ အဝင်ဝအဖြစ် အသုံးပြုလာခဲ့သည်မှာ ကြာညောင်းလှပြီဖြစ်သည်။ ထိုအပိုင်းရှိ တိမ်ပင်လယ်မှာ အလွန်ဘေးကင်းပြီး စွမ်းအားကြီးသော သတ္တဝါများ ကင်းစင်လှသည်။
လိပ်ကျွန်းနှင့် နှုတ်သီးကျွန်းကြား အကွာအဝေးမှာ အလွန်ဝေးကွာလှပြီး လမ်းတစ်လျှောက်တွင် ပို့ဆောင်ရေးအစီအရင်များလည်း မရှိပေ။ သို့သော် အပြည့်အဝ ပြင်ဆင်လာသော ဇိုမိုသည် လိပ်နက်ကြီးသင်္ဘောအား ယူဆောင်လာခဲ့သဖြင့် ခရီးဝေးပျံသန်းရသည့် ဒုက္ခမှ ကင်းဝေးသွားခဲ့သည်။
ဝေ့ရှန်းနှင့် ကျုံးရူတို့မှာ နေ့စဉ်နှင့်အမျှ တံခါးပိတ်ကျင့်ကြံလျက် ရှိကြသည်။
ဇိုမိုမှာမူ နေ့စဉ် ကလေးတစ်သိုက်နှင့် ဆော့ကစားရင်း အားလပ်ချိန်များတွင် နေမင်းမျိုးနွယ်စု ထံမှ ရရှိခဲ့သော ရွှေရောင်သစ်ရွက်ကို စိတ်ရှည်လက်ရှည် လေ့လာနေသည်။
ဤရွှေရောင်သစ်ရွက်အား မည်သို့သော လျှို့ဝှက်နည်းလမ်းများဖြင့် ပြုလုပ်ထားသည်ကို သူ မသိရှိပေ။ ထိုအပေါ်တွင် ရေးသားထားသော အကြောင်းအရာများမှာ များပြားလှသော်လည်း ရှေးဟောင်းခေတ်လက်ရာများ ဖြစ်နေသဖြင့် နားလည်ရန် ခက်ခဲသော အချက်အလက်များစွာ ပါဝင်နေသည်။
ဇိုမို၏ စိတ်နေသဘောထားမှာ အတော်ပင် တည်ငြိမ်လှသည်။ သူသည် စိတ်မလောဘဲ ရံဖန်ရံခါသာ လေ့လာလေ့ရှိသည်။ ရှန်စွမ်းအား ကျင့်ကြံနည်းများအပြင် ရှေးဟောင်းလျှို့ဝှက်ချက်များကိုလည်း သူ စိတ်ဝင်စားမိသည်။
ဥပမာအားဖြင့် ရှေးဟောင်းခေတ်တွင် တိမ်ပင်လယ်နယ်မြေသည် အလွန်ခြောက်သွေ့နေပြီး နေထိုင်သူမျိုးနွယ်စု တစ်စုံတစ်ရာမျှ မရှိခဲ့ကြောင်း ရွှေရောင်သစ်ရွက်မှတစ်ဆင့် သူ သိရှိလိုက်ရသည်။ ထို့ကြောင့်ပင် ဤနတ်ကျောင်းတော်သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ယနေ့ထိတိုင် ကျန်ရစ်နေခြင်း ဖြစ်ပေလိမ့်မည်။
ဇိုမိုအား စိတ်ဝင်တစားဖြစ်စေသည့်အချက်မှာ ရွှေရောင်သစ်ရွက်ပေါ်ရှိ အရိပ်အမြွက်များအရ နတ်ကျောင်းတော်သည် တိမ်ပင်လယ်နယ်မြေအတွင်း တစ်စုံတစ်ရာကို အမြဲမပြတ် ရှာဖွေနေခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း ဖော်ပြထားခြင်းပင်။ ဤသည်ကို သိရှိလိုက်ရချိန်တွင် ဇိုမိုသည် မိမိကိုယ်ပိုင်သံသယအချို့ကို နောက်ဆုံး၌ အဖြေရှာနိုင်ခဲ့ပြီဖြစ်သည်။
အစ်ကိုကြီး ချင်လင်း၏ ပြောပြချက်အရ ဤနတ်ကျောင်းတော်၏ အဆင့်အတန်းမှာ နေမင်းမျိုးနွယ်စုအတွင်း၌ နိမ့်ပါးလှသည် မဟုတ်ပေ။ ဤမျှအဆင့်မြင့်လှသော နတ်ကျောင်းတော်တစ်ခုအား လူဦးရေထူထပ်၍ စည်ကားကျယ်ပြန့်သောနေရာတွင် မတည်ဆောက်ဘဲ အဘယ်ကြောင့် ဝေးလံခေါင်ဖျားကာ ခြောက်သွေ့လှသော တိမ်ပင်လယ်နယ်မြေသို့ လာရောက်တည်ဆောက်ထားရသနည်း။
သို့သော်လည်း သူတို့ မည်သည့်အရာကို ရှာဖွေနေကြသည်ကိုမူ ရွှေရောင်သစ်ရွက်၌ ဖော်ပြထားခြင်းမရှိပေ။ သေချာသည်မှာမူ ရှာမတွေ့ခဲ့ခြင်းပင် ဖြစ်ရမည်။ အကြောင်းမှာ မှတ်တမ်း၏ အသွားအလာအရ အနည်းငယ် နောင်တရနေသည့် အရိပ်အယောင်များ ပေါ်လွင်နေသောကြောင့်ဖြစ်သည်။
ဇိုမိုသည် ရှန်စွမ်းအားကို မနားမနေ ကျင့်ကြံအားထုတ်နေသော်လည်း တိုးတက်မှုနှုန်းမှာ အလွန်ပင် နှေးကွေးလှသည်။ စွမ်းအားသုံးရပ်နှင့် နှိုင်းယှဉ်ပါက ရှန်စွမ်းအားကို ကျင့်ကြံရသည်မှာ များစွာပိုမိုခက်ခဲလှသည်။ ကံကောင်းသည်မှာ သူ အလျင်စလိုမရှိခြင်းပင်။ သူ့အား အနည်းငယ် စိတ်ဓာတ်ကျစေသည့် တစ်ခုတည်းသောအချက်မှာ စွမ်းအားသုံးရပ် ညီမျှသွားပြီး လင်းစွမ်းအား တိုးတက်လာသော်ငြား ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းအလို အခြေအနေ၌သာ ဆက်လက်ရှိနေခြင်းဖြစ်သည်။
အကယ်၍သာ သူသည် ရွှေအမြုတေအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပါက သူ၏စွမ်းအားမှာ တစ်ညတာအတွင်း အဆပေါင်းများစွာ တိုးတက်ကောင်းမွန်သွားပေလိမ့်မည်။
ထို့အပြင် သူ၏ရှန်စွမ်းအားသည်လည်း တိုးတက်လာမည်ဖြစ်ကာ နယ်ပယ်သစ်တစ်ခုသို့ ကူးပြောင်းရောက်ရှိသွားမည်ဖြစ်သည်။
သို့သော်လည်း ဇိုမိုသည် လက်ရှိအခြေအနေအပေါ်၌ပင် အလွန် ကျေနပ်ရောင့်ရဲလျက်ရှိသည်။
ရှန်စွမ်းအား အသိစိတ်ဝိညာဉ် တည်ငြိမ်ခြင်း နတ်အလင်း မဟာနေမင်း မိုခန္ဓာနှင့် ရှေးဟောင်းကန္တာရ ယဇ်ပူဇော်ခြင်းကျင့်စဉ်... ။
ဤအရာအားလုံးထဲမှ မည်သည့်အရာကများ စွမ်းအားမကြီးဘဲ ထူးခြားမှုကင်းမဲ့နေပါသနည်း။ ဤမျှအဖိုးတန်လှသော ပညာရပ်များကို သင်ယူခွင့်ရထားသည်ဖြစ်ရာ သူ့ရင်ထဲ၌ မကျေနပ်စရာဟူ၍ အလျှင်းမရှိတော့ပေ။
လူတစ်ယောက်အနေဖြင့် ဤမျှအထိ လောဘမကြီးသင့်ပေ။ ဇိုမိုသည် အေးအေးလူလူပင် ကျေနပ်နှစ်သိမ့်နေတော့သည်။
လဝက်ခန့် ကြာမြင့်ပြီးနောက် သူတို့အဖွဲ့သည် နှုတ်သီးကျွန်းသို့ ဆိုက်ရောက်လာကြသည်။
ဇိုမိုသည် နှုတ်သီးကျွန်းပေါ်ရှိ ကျင့်ကြံသူ အမြောက်အမြားကို မြင်တွေ့လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားမိသည်။
"လူတွေ တော်တော်များတာပဲလား..."
ခန်တယ်က ရှင်းပြလာသည်။
"ဒါက ရေတိမ်သန္ဓေသား ရှာဖွေဖို့ အကောင်းဆုံးအချိန်မို့ပါ... နှုတ်သီးကျွန်း အစည်ကားဆုံးအချိန်လည်း ဖြစ်တယ်... တစ်နှစ်တာရဲ့ ရိတ်သိမ်းမှု ကောင်းမကောင်းဆိုတာ ဒီအချိန်ကာလအတွင်းမှာ ကံကောင်းမကောင်းအပေါ်ပဲ မူတည်နေတာလေ..."
"ဒီလူတွေအကုန်လုံးက ရေတိမ်သန္ဓေသား ရှာနေကြတာလား..."
ဇိုမိုမှာ အံ့သြလွန်းသဖြင့် မေးရိုးပင် ပြုတ်ကျမတတ် ဖြစ်သွားရသည်။
"အများစုကတော့ ဟုတ်ပါတယ်... တိမ်ပင်လယ်မှာ တခြားထွက်ကုန်တွေ ရှိပေမဲ့လည်း ဒီအချိန်မှာ ရေတိမ်သန္ဓေသား ဖမ်းဆီးတာက အမြတ်အစွန်းအများဆုံးပဲလေ..."
ခန်တယ်မှာ လက်ရှိအခြေအနေနှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေပုံရသည်။
"အခုလို လိုချင်သူများပြီး ပစ္စည်းရှားပါးနေရင် ငါတို့အတွက် ရှာရတာ ခက်ခဲမသွားဘူးလား..."
ဇိုမို အနည်းငယ် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ခန်တယ်က ခေါင်းခါယမ်းလိုက်ပြီး ဆိုသည်။
"ရေတိမ်သန္ဓေသား ဖမ်းရတာက အဲဒီလောက် မလွယ်ကူပါဘူး ကျွန်းသခင်... စိတ်မပူပါနဲ့... အခုလို လူတွေအများကြီး မြင်နေရပေမဲ့ တကယ်တမ်း တစ်ခုခု ရသွားမယ့်သူက အလွန်နည်းပါလိမ့်မယ်... သူတို့က စွမ်းအားသိပ်မကြီးကြတော့ တိမ်ပင်လယ်ရဲ့ အနက်ပိုင်းအထိ မသွားရဲကြဘူး... အရည်အသွေးအကောင်းဆုံး ရေတိမ်သန္ဓေသားတွေက တိမ်ပင်လယ်ရဲ့ အနက်ဆုံးနေရာတွေမှာပဲ ရှိတာပါ..."
ထိုအခါမှသာ ဇိုမို၏စိတ်မှာ အနည်းငယ် သက်သာရာ ရသွားတော့သည်။
ဇိုမိုတို့အဖွဲ့မှာ ရုပ်ဖျက်ထားကြသဖြင့် မည်သူမျှ သူတို့အား မှတ်မိခြင်းမရှိကြပေ။ သို့သော်လည်း စေတီလေးနှင့် အခြားသော သတ္တဝါလေးများမှာမူ ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားထားလေသည်။ သူတို့၏မျက်လုံးများထဲမှ အပူရှိန်နှင့် လောဘရိပ်များကို မြင်လိုက်ရသောအခါ ဇိုမို၏မျက်မှောင်မှာ အလိုမကျစွာ ကြုတ်သွားရသည်။
"ညီနောင်... မင်းဆီက ဒီ မီးလင်းသားရဲကို ရောင်းမလား... ငါတို့ ဈေးနှုန်းကို အဆင်ပြေအောင် ညှိနှိုင်းလို့ရပါတယ်..."
လင်းယုန်နှာခေါင်းနှင့် လူတစ်ယောက်သည် လျှောက်လှမ်းလာကာ မေးမြန်းလိုက်သည်။ အနီးအနားမှ သူ၏အပေါင်းအပါများကလည်း လှမ်း၍ စောင့်ကြည့်နေကြသည်။
မီးလေး မှာမူ ထိတ်လန့်သွားပြီး အာဂွီ၏ရင်ခွင်ထဲသို့ တိုးဝင်ကာ ပုန်းအောင်းနေတော့သည်။
မီးလေး၏ ထိုကဲ့သို့ ဉာဏ်ပါသော တုံ့ပြန်မှုက လင်းယုန်နှာခေါင်းနှင့် ထိုလူ၏ မျက်ဝန်းတို့၌ စိတ်ဝင်စားမှုကို ပိုမိုတောက်လောင်စေလိုက်သည်။
"မရောင်းဘူး"
ဇိုမို၏ မျက်နှာထားမှာ ချက်ချင်းပင် မည်းမှောင်သွားပြီးနောက် ထိုလူတို့ကို လျစ်လျူရှုကာ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။
"ဟေး... ခဏလေးပါဦး မသွားပါနဲ့ဦး"
လင်းယုန်နှာခေါင်းနှင့် ထိုလူက ဇိုမို၏လမ်းကို ပိတ်ရပ်လိုက်ပြီး အပြုံးတို့ဖြင့် တောင်းဆိုသည်။
"ဒီမီးလင်းသားရဲလေးကို တကယ်လိုချင်လွန်းလို့ပါ... စေတနာအမှန်နဲ့ တောင်းဆိုတာပါ ညီနောင်... ဈေးနှုန်းတစ်ခုလောက်တော့ ပြောကြည့်ပါဦး... ငါတို့ ညှိနှိုင်းလို့ ရပါတယ်..."
ထိုအခိုက် ခန်တယ် ရုတ်တရက် ဝင်ရောက်ပြောဆိုလိုက်သည်။
"ဟယ် ညီအစ်ကိုတို့... ငါ့အရှင်က မရောင်းဘူးလို့ တစ်ခါတည်း ပြောပြီးပြီပဲ... ဆက်ပြီးတော့လည်း အနှောင့်အယှက် မပေးကြပါနဲ့တော့..."
လင်းယုန်နှာခေါင်းနှင့် ထိုလူ၏ မျက်လုံးတို့မှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အရောင်လက်သွားသည်။
"ဒီလူရဲ့ ဇာစ်မြစ်ကို ခွဲခြားနိုင်တယ်ဆိုတော့ သာမန်လူတော့ မဟုတ်ရဘူး... ငါ ဟယ်ဝေ မျက်စိကမ်းနေသလား မသိဘူး... လူကြီးမင်းတို့က ဘယ်သူတွေများ ဖြစ်ကြပါသလဲ..."
ခန်တယ်က အေးစက်စက် ပြုံးလိုက်သည်။
"ငါ့ဇာစ်မြစ်ကို လိုက်လံစုံစမ်းဖို့ မကြိုးစားပါနဲ့... ငါ မင်းကို အကြံပေးမယ်... လိမ္မာပါစေ... မဟုတ်ရင်တော့... ဟွန့်... မင်းတို့ ညီအစ်ကိုတွေထဲက တစ်ယောက်မှ အသက်ရှင်လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ဤသည်မှာ အနည်းငယ် ပြဿနာတက်စရာ ကောင်းနေချေပြီ။
ဟယ်ဝေ၏ ရင်ထဲတွင် တုန်လှုပ်မှုတို့ ပြည့်နှက်သွားသည်။ သူ့ဇာစ်မြစ်အား အေးဆေးစွာ ခွဲခြားနိုင်သူဆိုသည်မှာ သေချာပေါက် လူရင်းတစ်ယောက် ဖြစ်ရမည်။ တစ်ဖက်လူ၏ လေသံမှာ ပြတ်သားမာထန်လွန်းလှသဖြင့် သူတို့တွင် အလွန်စွမ်းအားကြီးမားသော နောက်ခံရှိပြီး ဟယ်ဝေတို့အား မျက်လုံးထဲပင် ထည့်မထားကြောင်း ထင်ရှားနေသည်။
ဟယ်ဝေမှာ အတွေ့အကြုံရင့်ကျက်သူဖြစ်ရာ မည်သည့်အချိန်တွင် ဦးညွှတ်ရမည်ကို ကောင်းစွာ သိရှိသူဖြစ်သည်။ သူ ပြုံးလိုက်ပြီး ဆိုသည်။
"ညီနောင်ကလည်း... ဘာတွေ ပြောနေတာလဲဗျာ... ဒီသားရဲလေးကို မြင်လို့ မေးကြည့်ရုံ သက်သက်ပါ... မကောင်းတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး..."
ထို့နောက် သူ ပါးနပ်စွာဖြင့် လမ်းကို ဖယ်ပေးလိုက်သည်။
ဇိုမိုတို့အဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဟယ်ဝေတစ်ယောက် အကြီးအကျယ် စဉ်းစားခန်း ဝင်နေမိသည်။
“သူတို့က ဘယ်သူတွေ ဖြစ်နိုင်လဲ”
သူ့ညီအစ်ကိုများမှာလည်း အလျင်အမြန်ပင် ရောက်ရှိလာကြသည်။
"ဘယ်လိုလဲ... သူတို့ မရောင်းဘူးလား..."
ဟယ်ဝေ၏ မျက်နှာထားမှာ လေးနက်နေသည်။
"ပြီးတော့ သူတို့ထဲက တစ်ယောက်က ငါတို့ကို ကောင်းကောင်း သိနေပုံရတယ်... သေချာပေါက် လူရင်းပဲ... သူတို့ ရုပ်ဖျက်ထားကြတာ..."
"ဘယ်သူ ဂရုစိုက်လို့လဲဗျာ... လုလိုက်ရုံပေါ့... အဲဒီ မီးလင်းသားရဲက သေချာပေါက် အဆင့်မြင့်တယ်... ငါတို့သာ အဲဒါကို ရရင် ဒုတိယအစ်ကို... မင်းရဲ့စွမ်းအားက အဆပေါင်းများစွာ တိုးတက်သွားမှာ..." ဟု လူတစ်ယောက်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ဒီအဖွဲ့ရဲ့ ဇာစ်မြစ်က ရိုးရှင်းမှာ မဟုတ်ဘူး... သူတို့က မချမ်းသာရင်တောင် အာဏာရှိတဲ့သူတွေပဲ..."
ဟယ်ဝေက ပြန်လည်တွေးတောကြည့်လိုက်သည်။ တစ်ဖက်လူမှာ အလွန်တည်ငြိမ်နေပြီး သူတို့အား လုံးဝ အထင်မကြီးကြောင်း ထင်ရှားနေသည်ကို သူ ခံစားလိုက်ရသည်။ သူ ခေါင်းခါလျက် "ဒီအဖွဲ့က အင်အားကြီး ဂိုဏ်းတစ်ခုခုက ဖြစ်လောက်တယ်... ပြဿနာ မရှာကြပါနဲ့တော့..." ဟု တားမြစ်လိုက်သည်။
သို့သော် အခြားလူများမှာမူ ဂရုမစိုက်သော မျက်နှာထားများဖြင့်သာ ရှိနေကြသည်။
နှုတ်သီးကျွန်း၏ ပထဝီအနေအထားမှာ အလွန်ပင် ထူးခြားလှသည်။ ၎င်းသည် ငှက်တစ်ကောင် ကောင်းကင်သို့ မော့ကြည့်လျက် ပါးစပ်ဟထားသကဲ့သို့ ပုံသဏ္ဌာန် ရှိနေသည်။ တိမ်ပင်လယ်၏ အဝင်ဝမှာ ထိုပါးစပ်ဟထားသော နေရာ၌ တည်ရှိသည်။
အဝင်ဝ၌ တိမ်မြူခိုးများမှာ မရှိသလောက်ပင်။
အောက်ဘက်သို့ ငုံ့ကြည့်လိုက်လျှင် တိမ်ပင်လယ်၏ အတွင်းပိုင်းသို့ ပျောက်ကွယ်သွားသော အဆုံးမရှိသည့် လမ်းကြောင်းတစ်ခုကို တွေ့မြင်နိုင်သည်။
နှုတ်သီးကျွန်းသည် အမှန်တကယ်၌ တိမ်ပင်လယ်အထက်တွင် တစ်စိတ်တစ်ပိုင်း ပေါ်ထွက်နေသော တောင်ထွတ်တစ်ခုသာ ဖြစ်သည်။
"အရှင်... ဆင်းကြရအောင်..."
ခန်တယ်မှ ရိုသေစွာ လျှောက်တင်လိုက်သည်။
***