ခန်တယ်သည် ဝေ့ရှန်းနှင့် အနီးဆုံးတွင် ရှိနေသည်။ ဝေ့ရှန်း၏ ထူထဲသော မျက်ခုံးနှစ်ဖက် လှုပ်ရှားသွားသည်။ သွယ်လျပြီး ဖြောင့်တန်းသော ဓားနက်ကြီးသည် သူ့လက်ထဲတွင် ပေါ်လာပြီး လခြမ်းကွေး ပုံသဏ္ဍာန် ဝေ့ယမ်းလိုက်ကာ အလျားလိုက် ခုတ်ပိုင်းလိုက်သည်။
မှိန်ဖျော့သော အနက်ရောင် လှိုင်းဂယက်တစ်ခု ပျံ့နှံ့သွားသည်။
အပြာရောင် အလင်းတန်းသည် အနက်ရောင် လှိုင်းဂယက်နှင့် ထိတွေ့လိုက်သည်နှင့် အစအနမကျန် ပျောက်ကွယ်သွားလေသည်။
ကျုံးရူ၏ မျက်လုံးများမှာ တစ်ဝက်မှိတ်ထားဆဲပင်။ သူ မျက်နှာထား ပြောင်းလဲသွားခြင်း မရှိသော်လည်း တိုက်ခိုက်မှု စတင်လိုက်သည့် အချိန်တိုအတွင်း သူ့ညာလက်သည် လက်ကွက်တစ်ခု ဖော်ပြီးသား ဖြစ်နေသည်။
ဒေါင်…
ဝိဇ္ဇာရွှေခန္ဓာသည် သူ့နောက်ကျောတွင် ရုတ်တရက် ဖြစ်ပေါ်လာပြီး လက်တစ်ဖက်ကို တစ်စုံတစ်ရာ မထားသကဲ့သို့ မြှောက်လိုက်သည်။ ထိုခဏတွင် ခန့်ညားထည်ဝါသော တရားအရှိန်အဝါတစ်ခုသည် ဝိဇ္ဇာရွှေခန္ဓာအား ဗဟိုပြု၍ ဘေးပတ်လည်သို့ လှိုင်းဂယက်သဖွယ် ပျံ့နှံ့သွားသည်။ ဇိုမို အာဂွီနှင့် အခြားသူများသည် ထိုအရှိန်အဝါ စက်ဝန်းအတွင်းတွင် ပါဝင်သွားကြသည်။
အပြာရောင် အလင်းတန်းများသည် ထိုမမြင်ရသော လှိုင်းဂယက်နှင့် ထိတွေ့လိုက်သည်နှင့် မီးပန်းများကဲ့သို့ လှပစွာ ပေါက်ကွဲသွားကြသည်။
အစမှ အဆုံးထိ ဇိုမို လက်လှုပ်စရာပင် မလိုလိုက်ပေ။
သူသည် ဆူပွက်နေသော တိမ်မြစ်အား တစ်စုံတစ်ရာ တွေးတောနေသကဲ့သို့ စိုက်ကြည့်နေသည်။
ထိခိုက်ဒဏ်ရာ မရသော ဇိုမိုတို့အဖွဲ့နှင့် မတူဘဲ အခြားကျင့်ကြံသူများ၏ သေဆုံးမှုနှင့် ဒဏ်ရာရမှုနှုန်းမှာ အလွန် မြင့်မားနေသည်။
ရေခဲသက်ပြင်း သားရဲများ မှုတ်ထုတ်လိုက်သော အပြာရောင် အလင်းတန်းများသည် အလွန် လွှမ်းမိုးနိုင်စွမ်းရှိပြီး သာမန် လင်းသံချပ်ဝတ်များဖြင့် မကာကွယ်နိုင်ပေ။
အကယ်၍ ထိမှန်သွားပါက သေချာပေါက် ရေခဲရုပ်တုများ ဖြစ်သွားကြမည်သာ။
တိုက်ခိုက်မှုကို တားဆီးနိုင်သော ကျင့်ကြံသူများသည် အစွမ်းထက် ရတနာများ ပိုင်ဆိုင်ထားသူများ သို့မဟုတ် အလွန် စွမ်းအားကြီးသူများသာ ဖြစ်ကြသည်။
ဇိုမို၏ အကြည့်မှာ ရွှမ်ခုန်းဘုရားကျောင်းမှ ကျင့်ကြံသူလေးဦးအပေါ် ကျရောက်သွားသည်။ ထိုသူတို့သည် လူအများဆုံး အာရုံစိုက်ခံရသော အဖွဲ့ ဖြစ်သည်။
လေးဦးစလုံး ယခုအချိန်အထိ လှုပ်ရှားခြင်း မရှိကြပေ။
လွှမ်းမိုးနိုင်စွမ်းရှိသော အပြာရောင် အလင်းတန်းများသည် သူတို့နှင့် ဆယ်ကျန်း အကွာတွင် မမြင်ရသော နံရံတစ်ခုနှင့် တိုက်မိ၍ ရပ်တန့်သွားကြသည်။
ဇိုမို လန့်သွားသည်။
တစ်ဖက်လူ၏ လှုပ်ရှားမှုမှာ သူတို့အဖွဲ့ထက် ပိုမို ကျွမ်းကျင်ကြောင်း ဖော်ပြနေသည်။ ဦးဆောင်သူ တရားကျင့်ကြံသူသည် ဝိိညာဉ်သန္ဓေအဆင့်ဖြစ်ကြောင်း သူ ရာနှုန်းပြည့် သေချာသွားလေပြီ။ ဝိညာဉ်သန္ဓေအဆင့် မဟုတ်ပါက ဤမျှ ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။
…
တင်းကျန်း၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူ၏စိတ်ထဲတွင်မူ မည်းမှောင်နေသော တိမ်တိုက်များကဲ့သို့ စိုးရိမ်မှုများ တိုးဝင်လာသည်။
တိမ်မြစ်၏ ပုံမှန်မဟုတ်သော ပြောင်းလဲမှုမှာ အလွန်ပင် ထူးခြားလွန်းလှသည်။
"ဒါ... ရေခဲသက်ပြင်း သားရဲတွေပဲ..."
မင်ကျင်း၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး စိုးရိမ်တကြီး ဆက်ပြောလိုက်သည်။
"သူတို့က ပဉ္စမအဆင့် တိမ်သားရဲတွေပါ။ သူတို့ရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်က ရေခဲသက်ပြင်း တိုက်ခိုက်မှုဖြစ်ပြီး ပဉ္စမအဆင့်အောက် လင်းသံချပ်ဝတ်တွေအနေနဲ့ ဒါကို မကာကွယ်နိုင်ကြဘူး”
"သူတို့ ဒီနေရာမှာ အရင်က ပေါ်လာဖူးသလား..."
တင်းကျန်းက အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်သည်။
မင်ကျင်းက ခေါင်းခါရင်း ဆိုသည်။
"ဘယ်တုန်းကမှ မပေါ်ဖူးပါဘူး။ ဒီမှာ အများဆုံး ပေါ်လာရင် တတိယအဆင့် တိမ်သားရဲတွေပဲ ရှိတာပါ။ စတုတ္ထအဆင့် သားရဲတွေတောင် အလွန်ရှားပါးတဲ့နေရာမှာ ပဉ္စမအဆင့်ဆိုတာ ဝေလာဝေးပါပဲ"
အခြားတပည့်နှစ်ဦး၏ မျက်နှာထားများမှာလည်း မကောင်းတော့ပေ။
သူတို့အတွက်မူ ပဉ္စမအဆင့် တိမ်သားရဲများသည် အလေးအနက်ထား ရင်ဆိုင်ရမည့် ခြိမ်းခြောက်မှုများ ဖြစ်သည်။ အကယ်၍ သားရဲများက အသာစီးရနေပြီး ပထဝီအနေအထားကိုပါ အသုံးချနိုင်မည်ဆိုပါက တင်းကျန်း၏ အကူအညီမပါဘဲ သူတို့ လှည့်ပြန်ပြေးရမည့် အခြေအနေပင်။
သို့သော်လည်း တင်းကျန်းကဲ့သို့ ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦး ပါလာခြင်းမှာ ကံကောင်းခြင်းပင် ဖြစ်ပြီး သူတို့အနေဖြင့် ပဉ္စမအဆင့် တိမ်သားရဲများကို အလွယ်တကူ ဖြေရှင်းနိုင်ပေလိမ့်မည်။
"ရှစ်ရှူး... သူတို့ကို ကယ်သင့်သလား..."
မင်ကျင်းက မြစ်ကမ်းပါးရှိ ဆိုးရွားသော အခြေအနေကို ကြည့်ကာ သနားစိတ်ဖြင့် မေးလိုက်သည်။
တင်းကျန်းက တစ်ဖက်ကမ်းသို့ လှမ်းကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် တားမြစ်လိုက်သည်။
"ငါတို့မှာ လုပ်စရာ ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိတယ်... လမ်းမလွှဲကြနဲ့..."
"ရှစ်ရှူး... ငါတို့ မြစ်ကို ဖြတ်ကူးရမှာလား..."
မင်ကျင်းက စမ်းသပ်မေးမြန်းလိုက်သည်။ သူတို့တွင် အရေးကြီးသော တာဝန်ရှိမှန်း သိသော်လည်း ရာသီမဟုတ်ဘဲ ပေါ်လာသော တိမ်မြူသလင်းစီးကြောင်းနှင့် တိမ်မြစ်ထဲတွင် မရှိသင့်သော ရေခဲသက်ပြင်း သားရဲများ ရှိနေခြင်းမှာ ဤနေရာတွင် ပုံမှန်မဟုတ်သော အခြေအနေတစ်ခု ရှိနေကြောင်း ပြသနေသည်။
"အင်း... ငါ့နောက်က လိုက်ခဲ့..."
တင်းကျန်းက တည်ငြိမ်စွာ မိန့်ဆိုလိုက်သည်။ သူသည် ဇိုမိုတို့အဖွဲ့အား တစ်ချက်မျှ ဝေ့ကြည့်လိုက်ပြီးနောက် အကြည့်လွှဲကာ ရှေ့ဆက်ထွက်ခွာသွားတော့သည်။
တင်းကျန်းသည် အေးဆေးတည်ငြိမ်စွာပင် လှမ်းထွက်လိုက်ပြီး တိမ်မြစ်ပေါ်သို့ ခြေချလိုက်သည်။ မြေပြင်မာပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ သူ၏ခြေလှမ်းတိုင်းမှာ တည်ငြိမ်ပြီး အလျင်အမြန် မရှိလှပေ။ သူ၏ တပည့်သုံးဦးမှာလည်း သူ့နောက်မှ အစီအရီ လိုက်ပါလာကြပြီး တင်းကျန်း နင်းမှတ်ထားသော ခြေရာအတိုင်း ထပ်တူနင်းကာ လျှောက်လှမ်းလာကြသည်။
တင်းကျန်း တိမ်မြစ်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် တိမ်မြစ်ရေများ ရုတ်တရက် ဆူပွက်လာသည်။ ရေတွက်မရနိုင်သော အေးစက်သည့် အပြာရောင် အလင်းတန်းများမှာ တိမ်မြစ်ထဲမှ မိုးရွာသကဲ့သို့ သူတို့လေးဦးအပေါ်သို့ ပစ်ခတ်ထွက်လာသည်။
သို့သော် တင်းကျန်း၏ မျက်နှာထားမှာ ပုံမှန်အတိုင်းပင် ဖြစ်ပြီး ထိုအရာများကို မမြင်သကဲ့သို့ လုံးဝလှုပ်ရှားခြင်း မရှိပေ။ ထိုအပြာရောင် အလင်းတန်း မုန်တိုင်းမှာ မမြင်ရသော နံရံတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ စွမ်းအင်အစအနများအဖြစ် ကွဲကြေပျက်စီးသွားသည်။
တင်းကျန်းနှင့် တပည့်များမှာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ တစ်ဖက်ကမ်းသို့ တည်ငြိမ်စွာ လမ်းလျှောက်ထွက်လာနိုင်ခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူ အားလုံးမှာ အံ့ဩတကြီး ဖြစ်သွားကြသည်။
"သိပ်စွမ်းတာပဲ..."
ဇိုမို တံတွေးကို အနိုင်နိုင်မြိုချလိုက်ရင်း ရေရွတ်လိုက်သည်။
"ဒီလူက သေချာပေါက် သာမန် ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး..."
ဝေ့ရှန်း၏ မျက်နှာပေါ်တွင်လည်း လေးစားအားကျမှုများ ပေါ်လွင်လာသည်။ တင်းကျန်း ထုတ်ပြလိုက်သော စွမ်းအားမှာ သူတို့ထက် များစွာ သာလွန်နေသည်မှာ ထင်ရှားသည်။
သို့သော် ထိုလေးစားမှုနေရာတွင် စိတ်ဓာတ်တက်ကြွမှုက လျင်မြန်စွာ အစားထိုးဝင်ရောက်လာသည်။ သူ မသိလိုက်မသိဘာသာပင် လက်ထဲမှ ဓားနက်ကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
တိမ်အနှစ်သာရ အများအပြားကို မျိုချပြီးနောက် ပုံစံ လုံးဝပြောင်းလဲသွားသော ဓားနက်ကြီးသည် ဝေ့ရှန်း၏ တိုက်ခိုက်လိုစိတ်ကို ခံစားမိသကဲ့သို့ သူ့လက်ဖဝါးထဲတွင် တုန်ခါနေသည်။ ဝေ့ရှန်းသည် ထိုတုန်ခါမှုကို ခံစားရင်း ရှည်လျားကျဉ်းမြောင်းသွားသော ဓားအား ချစ်မြတ်နိုးစွာ ပွတ်သပ်လိုက်သည်။
ခန်တယ်မှာမူ သေမင်းမေးရိုးကြားမှ လွတ်မြောက်လာခဲ့သည့်အလား သက်ပြင်းချလိုက်သည်။
အတွေ့အကြုံရှိသူပီပီ သူ၏ ဖြူဖပ်ဖြူရော် မျက်နှာထားမှာ တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာပြီး စကားစလိုက်သည်။
"အရှင်... ဉာဏ်ကောင်းပါတယ်... ရေခဲသက်ပြင်း သားရဲတွေက ပဉ္စမအဆင့် လင်းသားရဲတွေပါ။ သူတို့ မှုတ်ထုတ်တဲ့ ရေခဲသက်ပြင်းက ရေခဲတမျှ အေးစက်လွန်းလို့ သာမန် လင်းသံချပ်ဝတ်တွေနဲ့ မကာကွယ်နိုင်ပါဘူး..."
သူ၏ အကြည့်များမှာ မြစ်ကမ်းပါးရှိ ရေခဲရုပ်တုများအပေါ် ကျရောက်သွားပြီးနောက် ဝမ်းနည်းစွာဖြင့် သက်ပြင်းချမိသည်။
ထိုအချိန်တွင် တိမ်မြစ်ရေများမှာ ပိုမိုမြင့်တက်လာပြီး ရေခဲသလင်းတုံးများမှာလည်း မြစ်ကမ်းပါးဆီသို့ လျှံကျလာသည်။
"အရှင်... ပြန်လှည့်ကြရအောင်..."
ခန်တယ် သတ္တိမွေးပြီး တိုက်တွန်းလိုက်သည်။ သူ၏အသံတွင် ကြောက်ရွံ့မှုများ လွှမ်းခြုံနေသည်။
"ဒီလက်အောက်ငယ်သား တိမ်ပင်လယ်ထဲမှာ အသက်မွေးလာတာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ... ဒါပေမဲ့ တစ်ခါမှ ဒီလိုအခြေအနေမျိုး မမြင်ဖူးခဲ့ပါဘူး..."
ရုတ်တရက် အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့သော ကျင့်ကြံသူအချို့သည် ကြောက်ရွံ့သော မျက်နှာထားများဖြင့် နောက်ပြန် လဲကျလာကြသည်။
"ကြည်လင်တိမ်မြွေကြီး ... ကယ်ကြပါဦး..."
ခန်တယ် ရပ်တန့်သွားသည်။ ထိုခဏတွင် သူ့အကြည့်များ မှင်သက်သွားသည်။
ကြီးမားသော မြွေခေါင်းကြီးတစ်ခု တိမ်မြူခိုးများထဲမှ ရုတ်တရက် ထိုးထွက်လာပြီး စကားပြောနေသော ကျင့်ကြံသူအား တစ်လုပ်တည်း မျိုချလိုက်သည်။ မြွေခေါင်းကြီးသည် ကျန်းရာချီ မြင့်မားသော တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလှသည်။
ထို ရှေ့တွင် ကျင့်ကြံသူများသည် ပုရွက်ဆိတ်များကဲ့သို့ သေးငယ်လွန်းလှသည်။ ၎င်းအား တိမ်မြူခိုးများဖြင့် ဖွဲ့စည်းထားပြီး မီးခိုးရောင် မျက်လုံးကြီးနှစ်လုံးမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။ ဤမြွေခေါင်းကြီး တစ်ခုတည်းကပင် လူအချို့၏ စိတ်ကို ပြိုကွဲသွားစေရန် လုံလောက်နေပြီ ဖြစ်သည်။
ယခုအချိန်တွင် ဇိုမိုနှင့် အခြားသူများပင် တည်ငြိမ်မနေနိုင်ကြတော့ပေ။ သူတို့၏ မျက်နှာထားများ အကြီးအကျယ် ပြောင်းလဲသွားသည်။
မြွေခေါင်းကြီး တစ်ခုတည်းသည်ပင် ဤမျှ ကြောက်စရာကောင်းနေပါက မြွေတစ်ကောင်လုံး၏ ကိုယ်လုံးမှာ မည်မျှ ကြီးမားလိုက်မည်နည်း။
ပို၍ ကြောက်စရာကောင်းသည်မှာ ထိုဧရာမသတ္တဝါကြီး ထုတ်လွှတ်နေသည့် အရှိန်အဝါပင်ဖြစ်သည်။
၎င်းသည် အနီးပတ်ဝန်းကျင်ရှိသူများကို အသက်ရှူပင် ကျပ်သွားစေလောက်အောင် ပြင်းထန်လွန်းလှသည်။ ဤသတ္တဝါကြီးမှာ မိမိတို့နှင့် အဆင့်ချင်းမတူညီကြောင်း ဇိုမိုချက်ချင်းပင် ရိပ်မိလိုက်သည်။ တုံ့ဆိုင်းနေမည့်အချိန်မဟုတ်တော့ဟု ယူဆကာ သူသည် အာဂွီကို ဆွဲကိုင်၍ တိမ်မြစ်ရှိရာသို့ ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ပြေးထွက်လိုက်သည်။
"သွားကြစို့..."
ဝေ့ရှန်းနှင့် ကျုံးရူတို့မှာလည်း ဇိုမိုနှင့် တစ်သားတည်း ဖြစ်နေကြသည်။
သေရေးရှင်ရေး အခြေအနေတွင် ဝေ့ရှန်းသည် တုန်ယင်နေသော ခန်တယ်အား ဆွဲခေါ်လိုက်သည်။ ကျုံးရူသည်လည်း ချက်ချင်း လှုပ်ရှားလိုက်သည်။ လေးညှို့မှ ပစ်လွှတ်လိုက်သော မြှားများကဲ့သို့ပင် သူတို့တစ်ဖွဲ့လုံး မြစ်ဘက်သို့ အလုအယက် ပြေးထွက်သွားကြသည်။
သာမန်အချိန်တွင် ဘာကိုမျှ ဂရုမစိုက်တတ်ဟန်ရှိသည့် ငတုံးငှက်မှာမူ ယခုအခါတွင် အမြန်ဆုံး ဖြစ်နေပြီး ပုံမှန်မဟုတ်သော အရှိန်နှုန်းဖြင့် အဖွဲ့၏ ရှေ့ဆုံးမှ ပျံသန်းနေလေသည်။
သူတို့နောက်မှ လိုက်ပါလာသော ဧရာမသတ္တဝါကြီးနှင့် ယှဉ်လိုက်ပါက မြစ်ထဲမှ ရေခဲသက်ပြင်း သားရဲများမှာ ချစ်စရာကောင်းသော အိမ်မွေးတိရစ္ဆာန်လေးများနှယ် ဖြစ်နေတော့သည်။ မြစ်ထဲမှ အပြာရောင်အလင်းတန်းများမှာ မိုးရေစက်များအလား ဇိုမိုတို့အဖွဲ့ဆီသို့ ပစ်ခတ်ဝင်ရောက်လာသည်။
ဤအချိန်တွင် မည်သူမျှ လက်လျှော့မထားကြတော့ပေ။ ဇိုမိုမှာလည်း ရူးသွပ်နေသကဲ့သို့ ဖြစ်နေပြီး သူ၏လက်ချောင်းထိပ်များမှ ယောင်ပညာရပ်များမှာ အဆုံးအစမရှိ ပျံသန်းထွက်ပေါ်လာသည်။ ယောင်ပညာရပ်ကို အသုံးပြုရာတွင် သူ၏ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေပြီဟုပင် ဆိုရပေမည်။ သူသည် ဘာကိုမျှ ချန်မထားရဲသလို စဉ်းစားရန်ပင် အချိန်မရှိတော့ပေ။ ဝေါင်း…
သူ့နောက်မှ တိမ်ပင်လယ်ကြီးမှာ တုန်ခါသွားသကဲ့သို့ ထင်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးတစ်ခုမှာ လေပြင်းမုန်တိုင်းတစ်ခုအလား ဖြတ်သန်းသွားသည်။ ထိုကဲ့သို့ ပြင်းထန်သော စွမ်းအားကြီးရှေ့တွင် ရေခဲသက်ပြင်း သားရဲများ၏ အပြာရောင် အလင်းတန်းများမှာ လေထဲမှ ဖယောင်းတိုင်မီးကဲ့သို့ပင် အားနည်းလွန်းနေပြီး အလွယ်တကူ ငြိမ်းသတ်သွားကြသည်။
"ရှေးဟောင်းကန္တာရ ယဇ်ပူဇော်ခြင်းကျင့်စဉ်"
ဇိုမိုသည် နောက်လှည့်မကြည့်ဘဲ သူတတ်မြောက်ထားသမျှထဲတွင် အစွမ်းအထက်ဆုံး ယောင်ပညာရပ်ကို နောက်သို့ ပစ်လွှတ်လိုက်သည်။
သားရဲရိုင်းကြီးတစ်ကောင် ပေါ်ထွက်လာသည်။ မီးအိမ်အရွယ်အစားရှိသော သွေးရောင်မျက်လုံးကြီးများမှာ ကြောက်မက်ဖွယ် အလင်းရောင်ဖြင့် လက်ခနဲ ဖြစ်သွားသည်။ သားရဲရိုင်းကြီး ပေါ်လာသည်နှင့် သူတို့ဆီသို့ တိုးဝင်လာသော စွမ်းအားလှိုင်းကြီးကို လက်တစ်ချက်တည်းဖြင့်ပင် ဖျက်ဆီးပစ်လိုက်သည်။
ကြည်လင်တိမ်မြွေကြီးနှင့် ယှဉ်လိုက်ပါက သားရဲရိုင်းကြီးမှာ များစွာသေးငယ်နေသည်။
သို့သော်လည်း သားရဲရိုင်းကြီးမှာ တစ်ဖက်လူအား စူးစိုက်ကြည့်နေသည်။ ပြင်းထန်လှသော တိုက်ပွဲစိတ်ဓာတ်များမှာ သူ၏သွေးရောင်မျက်လုံးများထဲတွင် မြင့်တက်လာသည်။
ကြည်လင်တိမ်မြွေကြီးမှာလည်း သားရဲရိုင်းကြီး၏ စွမ်းအားကို အာရုံခံမိသွားသည်။ သူ၏ ဟာလာဟင်းလင်းဖြစ်သော မီးခိုးရောင် မျက်လုံးများထဲတွင် လျှပ်စီးများ စုစည်းကာ သားရဲရိုင်းကြီးအား စိုက်ကြည့်လိုက်သည်။ ထို့နောက် သားရဲရိုင်းကြီးမှာ ဝပ်လိုက်ပြီး ကြည်လင်တိမ်မြွေကြီးဆီသို့ ခုန်အုပ်လိုက်သည်။
ရှေးဟောင်းကန္တာရ ယဇ်ပူဇော်ခြင်းကျင့်စဉ်သည် ဇိုမို၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးကို အကုန်အစင် စုပ်ယူလိုက်သည်။ အကယ်၍ စွမ်းအားသုံးရပ်ကို တစ်ခုနှင့်တစ်ခု အပြန်အလှန် ပြောင်းလဲ၍သာ မရပါက ယခုကဲ့သို့ ယောင်ပညာရပ်များစွာကို အသုံးပြုပြီးနောက်တွင် ဇိုမိုအနေဖြင့် ထိုကျင့်စဉ်ကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
ရုတ်တရက် သူ၏ခန္ဓာကိုယ်မှာ အောက်သို့ ပြုတ်ကျသွားပြီး တိမ်မြစ်ထဲသို့ ကျဆင်းတော့မည့်ဆဲဆဲတွင် သူ၏လည်ပင်း တင်းကျပ်သွားသည်ကို ခံစားလိုက်ရသည်။
ဤမျှအရေးကြီးသော အချိန်တွင် သူ့အား ဆွဲတင်ပေးသူမှာ အခြားသူမဟုတ် ငတုံးငှက်ပင် ဖြစ်သည်။ ဇိုမိုက ကျေးဇူးတင်သော အကြည့်ဖြင့် ငတုံးငှက်ကို မော့ကြည့်လိုက်သည်။ သို့သော် သူမ မျက်လုံးအပေါ် လှန်ပြနေသည်ကို မြင်လိုက်ရသည့်အခါ ဇိုမို၏ ဒေါသမှာ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။
ဇိုမို၏ ကျန်လက်တစ်ဖက်မှာ အာဂွီအား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ အာဂွီ၏ မျက်နှာတွင် မည်သည့်အရိပ်အယောင်မျှ မရှိဘဲ မိမိတို့ မည်မျှအန္တရာယ်များသည့် အခြေအနေတွင် ရှိနေမှန်း မသိသည့်အလား ငြိမ်သက်နေသည်။ တစ်ခါတရံတွင်မူ အာဂွီကဲ့သို့ အေးဆေးနေတတ်ခြင်းမှာလည်း မဆိုးလှဟု ဇိုမိုတွေးလိုက်မိသည်။ အာဂွီရင်ခွင်ထဲမှ မီးလေးနှင့် စေတီလေး တို့မှာမူ ကြောက်လန့်တကြားဖြင့် အော်မြည်နေကြသည်။
လူနှစ်ယောက်ကို ဆွဲထားရသော်လည်း ငတုံးငှက်မှာ ဝေ့ရှန်းနှင့် ကျုံးရူတို့ထက်ပင် ပိုမိုမြန်ဆန်နေသေးပြီး ရှေ့ဆုံးမှ ဦးဆောင်နေသည်။
နောက်ဆက်တွဲ မြင်ကွင်းက ဇိုမိုအား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ လူနှစ်ယောက်ကို ဆွဲထားရသည့်တိုင် ငတုံးငှက်မှာ အလွန်ပေါ့ပါးသွက်လက်ပြီး အပြာရောင် အလင်းတန်း မိုးရေစက်များကြားတွင် လှပစွာ ရှောင်တိမ်းသွားသည်။
အပြာရောင် အလင်းတန်း တစ်ခုမျှပင် သူတို့အား မထိမှန်ခဲ့ပေ။ ဝေ့ရှန်းနှင့် ကျုံးရူတို့မှာလည်း ရှောင်တိမ်းနေကြသော်လည်း အချို့သောအလင်းတန်းများကို ကာကွယ်ရန် ရပ်တန့်နေရသေးသည်။
"ငှက်အစစ်က အေးစက်စက်နဲ့ မဟုတ်ဘူးဆိုတာ ဒါမျိုးကိုး..." ဟု ဇိုမိုတွေးလိုက်မိသည်။
အံ့ဩနေရင်းပင် ဇိုမို၏ ဦးနှောက်မှာ လျင်မြန်စွာ အလုပ်လုပ်နေသည်။ ဤငှက်မှာ သူထင်ထားသည်ထက် ပိုမိုစွမ်းအားကြီးမားနေသည်။ ဤမျှ ကောင်းမွန်သော အလုပ်သမားမျိုးကို သူ မည်သို့မေ့လျော့နေရပါသနည်းဟု နှမြောတသဖြစ်မိသည်။ ဇိုမို တစ်ခုခုကို ကြံစည်နေသည်ကို သိလိုက်သည့်အလား ငတုံးငှက်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အောက်သို့ နိမ့်ဆင်းသွားသည်။
ငတုံးငှက်ကို မည်သို့အလုပ်ခိုင်းရမည်ကို စဉ်းစားနေသည့် ဇိုမိုမှာ ရုတ်တရက် သူ၏မြင်ကွင်းတစ်ခုလုံး အပြာရောင် ပြောင်းသွားသည်ကို ခံစားလိုက်ရသည်။
တိမ်မြစ်မျက်နှာပြင်မှာ သူနှင့် တစ်တောင်ခန့်သာ ဝေးတော့သည်။
ရေခဲသလင်းတုံးများအောက်တွင် ပုန်းအောင်းနေသော ရေခဲသက်ပြင်း သားရဲများကိုပင် သူ အထင်းသား မြင်နေရသည်။ ငတုံးငှက်၏ လုပ်ရပ်မှာ တိမ်မြစ်ထဲမှ ရေခဲသက်ပြင်း သားရဲများအား တိုက်ရိုက်ရန်စလိုက်ခြင်းပင် ဖြစ်သည်။
ရေတွက်မရနိုင်သော အပြာရောင် အလင်းတန်းများမှာ သူ့မျက်နှာဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာကြသည်။ ဤတစ်ကြိမ်တွင် သူတို့၏ ပစ်မှတ်မှာ ဇိုမိုပင် ဖြစ်နေတော့သည်။
ဇိုမို လိပ်ပြာ လွင့်ထွက်သွားမတတ်ပင်။
အပြာရောင် အလင်းတန်းများက သူ့မြင်ကွင်းတစ်ခုလုံးအား ဖုံးလွှမ်းသွားသည်ကို သူ ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ထိုအခိုက် သူ၏လည်ပင်းမှာ ထပ်မံ၍ တင်းကျပ်သွားပြီးနောက် အပြာရောင် အလင်းတန်းများအားလုံးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။ ထိုခဏတွင် ဇိုမိုမှာ နှလုံးခုန်ပင် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဇိုမို ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး ဒေါသတကြီး ဆဲရေးဆိုလိုက်တော့သည်။
"မင်း... မင်းငတုံးငှက်... ဝက်ငှက်... ဖက်တီးငှက်... ငါ မင်းကို ကင်စားပစ်မယ်... အဟွတ် အဟွတ်... အား..."
လေထဲတွင် ဖရိုဖရဲ ဖြစ်နေရှာသော ဇိုမိုကို မြင်သည့်အခါ ဝေ့ရှန်းနှင့် ကျုံးရူတို့မှာ စာနာသည့်အကြည့်များဖြင့် ကြည့်နေမိကြသည်။
ဒေါသထွက်နေသည့် ငတုံးငှက်နှင့် ဝေးဝေးနေရန်ပင် သူတို့ သတိထား၍ ခပ်ခွာခွာလေး နေလိုက်ကြသည်။ ဒေါသပေါက်ကွဲနေသည့် ငတုံးငှက်နှင့် ယှဉ်လိုက်ပါက ရေခဲသက်ပြင်း သားရဲများမှာ အိမ်မွေးတိရစ္ဆာန်လေးများလောက်ပင် မရှိတော့ပေ။
ထိုအချိန်တွင်ပင် သူတို့၏ နောက်ကျောဘက်မှ ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုပြင်းထန်သော တုန်ခါမှုကြောင့် တိမ်မြစ်ရေများမှာ ဆူပွက်သွားသကဲ့သို့ ဖြစ်ပြီး ရေခဲသလင်းတုံးများမှာလည်း ရေထဲမှ ပစ်ခတ်ထွက်လာကြသည်။
ဘုန်း…
အသံအုပ်အုပ်ကြီးတစ်ခုနှင့်အတူ သူတို့အောက်မှ ကြီးမားလှသော တိမ်မြစ်ကြီးမှာ တစ်စုံတစ်ရာသော ဧရာမစွမ်းအားကြီးဖြင့် စုတ်ဖြဲခံလိုက်ရသကဲ့သို့ ကွဲအက်သွားသည်ကို ဇိုမိုနှင့် အခြားသူများ အံ့ဩတကြီး တွေ့လိုက်ရသည်။ အမှန်တကယ်ပင် ကွဲထွက်သွားခြင်း ဖြစ်သည်။
သူတို့အားလုံးမှာလည်း မနေနိုင်တော့ဘဲ ရပ်တန့်ကာ နောက်ပြန်လှည့်၍ အံ့ဩတကြီး ငေးမောကြည့်ရှုလိုက်မိကြသည်။
***