ကြည်လင်တိမ်မြွေကြီး၏ ဦးခေါင်းမှာ တစ်ဝက်ခန့်သာ ကျန်ရှိတော့သည်။
တိမ်စွမ်းအင်အချို့မှာ ပြန့်ကျဲသွားပြီး ဦးခေါင်းအတွင်းပိုင်း ဟာလာဟင်းလင်း ဖြစ်နေသောနေရာ၌ ဝဲပျံနေသည်။
ပြင်းထန်လှသော နာကျင်မှုကြောင့် ထိုသတ္တဝါကြီးမှာ အရူးအမူး တွန့်လိမ်နေတော့သည်။ လီ ပေါင်း ဒါဇင်နှင့်ချီသော နေရာအတွင်းရှိ တိမ်တိုက်များအားလုံး ဆွဲယူခံလိုက်ရပြီး လေပြင်းများမှာ ဓားသွားများကဲ့သို့ ဖြတ်သန်းတိုက်ခတ်နေသည်။
သားရဲရိုင်းကြီးကော... ဘယ်ရောက်သွားပါလိမ့်…။
ဇိုမို မျက်လုံးအပြူးသားဖြင့် သားရဲရိုင်းကြီး၏ အရိပ်အယောင်ကို ရှာဖွေရန် အရူးအမူး ဝေ့ဝဲကြည့်သော်လည်း မည်သည့်နေရာမှာမျှ ရှာမတွေ့တော့ပေ။
အကြောင်းရင်းမရှိဘဲ သူ့ရင်ထဲ၌ ဝမ်းနည်းမှုလှိုင်းတစ်ခု ဖြတ်သန်းသွားသည်။ သားရဲရိုင်းကြီးမှာ ရှေးဟောင်းကန္တာရ ယဇ်ပူဇော်ခြင်းကျင့်စဉ်ကို သုံး၍ ဆင့်ခေါ်ထားသော ယောင်သားရဲတစ်ကောင်သာ ဖြစ်ပြီး အမှန်တကယ် သေဆုံးသွားမည်မဟုတ်မှန်း သူသိသော်လည်း စိတ်ထဲ၌မူ ဝမ်းနည်းမှုအစအနတစ်ခုကို ခံစားနေရဆဲပင်။
သူ့အတွက်မူ သားရဲရိုင်းကြီးသည် အရှုံးမရှိနိုင်သော တည်ရှိမှုတစ်ခုဖြစ်ပြီး အရေးကြီးသော အချိန်များစွာတွင် သူ့အား ကယ်တင်ပေးခဲ့သည့် ရဲဘော်ရဲဘက်တစ်ဦးနှင့် တူလှသည်။ ဇိုမိုသည် တွန့်လိမ်နေဆဲဖြစ်သော ကြည်လင်တိမ်မြွေကြီးအား စိုက်ကြည့်လိုက်ရင်း မိမိကိုယ်မိမိ လုံလောက်အောင် မသန်မာသည့်အတွက် အပြစ်တင် မုန်းတီးမိသည်။
ငတုံးငှက်မှာ အန္တရာယ်ကို အာရုံခံမိသဖြင့် ပိုမိုမြန်ဆန်စွာ ပျံသန်းလိုက်သည်။ ကြည်လင်တိမ်မြွေကြီး၏ ပုံရိပ်မှာ ဇိုမို၏ မြင်ကွင်းထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
အဝေးမှ စောင့်ကြည့်နေသော တင်းကျန်း၏ တည်ငြိမ်နေသော မျက်လုံးများထဲ၌ တွေ့ရခဲသော ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ သူသည် နောက်သို့ လှည့်ကြည့်ကာ ကြည်လင်တိမ်မြွေကြီး၏ ဧရာမခန္ဓာကိုယ်ကြီးကို အကြည့်မခွာနိုင်အောင် ဖြစ်နေသည်။
"အဆင့် ၈ ယောင်သားရဲ... ဒါက ငါတောင် ကြောက်ရွံ့ရမယ့်အရာပဲ”
တင်းကျန်း၏ ရင်ထဲ၌ နောင်တအစအနတစ်ခု ခံစားလိုက်ရသည်။ သူသည် မင်ကျင်းနှင့် အခြားတပည့်များကို ခေါ်မလာခဲ့သင့်ပေ။
တိမ်ပင်လယ်ထဲတွင် ဤမျှအန္တရာယ်များလိမ့်မည်ဟု သူထင်မထားခဲ့သလို ကြည်လင်တိမ်မြွေကြီးကဲ့သို့ အဆင့် ၈ သားရဲမျိုး ရှိနေလိမ့်မည်ဟုလည်း မတွေးမိခဲ့ပေ။ အဆင့် ၈ ယောင်သားရဲဆိုသည်မှာ အစာကွင်းဆက်၏ အထက်ဆုံးအဆင့်ရှိသူများဖြစ်ပြီး ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူများပင် ရန်မစရဲသော အစွမ်းထက် တည်ရှိမှုများ ဖြစ်ကြသည်။
မင်ကျင်းတို့ကဲ့သို့ ကျင့်ကြံသူများဆိုလျှင် ထိုသတ္တဝါမျိုးနှင့်တွေ့ပါက ပြေးရန်ပင် အခွင့်အရေး ရကြမည်မဟုတ်ပေ။
"ဒီတစ်ခေါက်တော့ တကယ် ကံကောင်းသွားတာပဲ။ မြစ်ကို ဖြတ်ကျော်ချိန်မှာသာ အနည်းငယ် နှေးသွားခဲ့ရင် အန္တရာယ်က ကြီးမားသွားလိမ့်မယ်"
သို့သော်လည်း သူ၏အကြည့်မှာ မြစ်ကို ယခုလေးတင် ဖြတ်ကျော်လာသည့် လူများအပေါ်၌ စိုက်ကျသွားသညိ။ သူ၏မျက်လုံးထဲ၌ သတ်ဖြတ်ခြင်း အငွေ့အသက်များ လက်ခနဲ ဖြစ်သွားသည်။
ထူးဆန်းသော သားရဲကြီးအား ဆင့်ခေါ်လိုက်သည့် ခဏ၌ သူ၏နှလုံးသား တုန်လှုပ်သွားခဲ့သည်ကို သူရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ သူသည် သားရဲရိုင်းကြီးကို မမှတ်မိသော်လည်း သားရဲရိုင်းကြီး ပေါ်လာသည်နှင့် ထွက်ပေါ်လာသော ထူးခြားသည့် ရှေးဟောင်းအငွေ့အသက်များက သူ၏ အာရုံကို ချက်ချင်း ဖမ်းစားခဲ့သည်။
သားရဲရိုင်းကြီး၏ အသေခံတိုက်ကွက်မှာ ကြည်လင်တိမ်မြွေကြီးအား ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်ကို မြင်လိုက်ရသောအခါ တင်းကျန်းတစ်ယောက် ထိုသားရဲရိုင်းကြီး၏ စွမ်းအားကို ပြန်လည် အကဲဖြတ်လိုက်ရသည်။
ကြည်လင်တိမ်မြွေကြီးဆိုသည်မှာ အဆင့် ၈ ယောင်သားရဲတစ်ကောင်ပင် ဖြစ်သည်။ ဤမျှ အစွမ်းထက်သည့် သတ္တဝါကို ဆင့်ခေါ်နိုင်သော ကျင့်ကြံသူတစ်ယောက်မှာ နောက်ခံအင်အားကြီးမားပြီး ရိုးရှင်းသည့် လူမျိုးမဟုတ်ကြောင်း သူ သဘောပေါက်လိုက်သည်။
တင်းကျန်းအနေဖြင့်မူ ယောင်ပညာရပ်များဘက်သို့ လုံးဝ တွေးမိခြင်းမရှိပေ။
အဖွဲ့နှစ်ခုကြားတွင် အကွာအဝေးတစ်ခုရှိနေပြီး မြစ်ပြင်မှာလည်း တိမ်မြူခိုးများ ဖုံးလွှမ်းထားသဖြင့် အမြင်အာရုံမှာ ပိတ်ဆို့ခံထားရသည်။ ထို့ပြင် သူတို့၏ အာရုံအားလုံးမှာ ကြည်လင်တိမ်မြွေကြီးအပေါ်၌သာ ရှိနေခဲ့သည်မဟုတ်ပါလား။
အဆင့် ၈ ယောင်သားရဲဆိုသည်မှာ တင်းကျန်းကိုယ်တိုင်ပင် လက်ချိုးရေတွက်ရလောက်အောင်သာ မြင်ဖူးခဲ့ခြင်းဖြစ်သည်။ သားရဲရိုင်းကြီး ပေါ်လာမှသာလျှင် ထိုလူများက တင်းကျန်း၏ အာရုံစိုက်မှုကို ရရှိခဲ့ကြခြင်း ဖြစ်သည်။
တင်းကျန်းသည် ဇိုမိုတို့အဖွဲ့အား တိုက်ခိုက်သင့် မတိုက်ခိုက်သင့် စဉ်းစားနေသည်။ ဇိုမိုတို့အဖွဲ့အပေါ် သူ၏သဘောထားမှာ လျင်မြန်စွာ ပြောင်းလဲနေသည်။ ဇိုမိုတို့ တိမ်ပင်လယ် အနက်ပိုင်းသို့ ဝင်လာရသည့် ရည်ရွယ်ချက်ကို သူ မသိသော်လည်း တစ်စုံတစ်ရာသော ခြိမ်းခြောက်မှုကို သူ ခံစားနေရသည်။
ဇိုမိုတို့အဖွဲ့သည်လည်း တိမ်ပင်လယ်ထဲရှိ ထိုအရာကိုပင် လိုက်ရှာနေခြင်းများလားဟု သူ သံသယဝင်မိသည်။ သူ၏ တာဝန်အတွင်း၌ မည်သည့်အနှောင့်အယှက်မှ ဖြစ်မလာစေလိုပေ။
သို့သော်လည်း ဇိုမိုတို့အဖွဲ့၏ အကြည့်များနှင့် ဆုံမိလိုက်သောအခါ သူ ခံစားနေရသည့် သတ်ဖြတ်လိုစိတ်ကို ပြန်လည် ဖိနှိပ်လိုက်ရသည်။ အကြောင်းမှာ သူတို့၏ အကြည့်များထဲတွင် ဖုံးကွယ်မထားသော အလွန်အမင်း သတိထားမှုများ ပြည့်နှက်နေသောကြောင့်ပင်။
'တစ်ဖက်လူက ငါ့ကို ခုခံဖို့ အသင့်ပြင်ထားတာပဲ အတွေ့အကြုံရင့်တဲ့ ဝါရင့်တွေပဲ’
တင်းကျန်း ချက်ချင်း သဘောပေါက်သွားသည်။ သူ ထုံးစံအတိုင်း ပြုံးပြလိုက်ပြီး ဇိုမိုတို့အဖွဲ့အား ခေါင်းငြိမ့်ပြကာ သူ၏တပည့်သုံးဦးနှင့်အတူ လှည့်ထွက်သွားပြီး တိမ်ပင်လယ်ထဲ၌ ပျောက်ကွယ်သွားတော့သည်။
တိမ်မြစ်ကို ဘေးကင်းစွာ ဖြတ်ကျော်ပြီးသည့်တိုင် တစ်ဖက်ကမ်းမှ ကြည်လင်တိမ်မြွေကြီး၏ ဟိန်းဟောက်သံများကို ကြားနေရဆဲ ဖြစ်သည်။
သို့သော် တစ်စုံတစ်ရာသော အကြောင်းရင်းကြောင့် ကြည်လင်တိမ်မြွေကြီးမှာ မြစ်ကို အလွန်အမင်း ကြောက်ရွံ့ပုံရကာ ဖြတ်ကျော်မလာခဲ့ပေ။ ခဏအကြာတွင် အသံများ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားသည်။
အပိုင်းပိုင်းအစစ ဖြစ်သွားသော တိမ်မြစ်ရေများမှာ ရေခဲသလင်းတုံးများနှင့်အတူ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။
ငတုံးငှက်က သူ၏ခြေသည်းများကို လွှတ်ပေးလိုက်ရာ ဇိုမို မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ သူ၏ စွမ်းအင်များမှာ လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ဝေ့ရှန်း၏ မျက်နှာပေါ်တွင်လည်း ထိတ်လန့်မှု အရိပ်အယောင်များ ကျန်ရှိနေဆဲဖြစ်သည်။ ခန်တယ်မှာမူ အသိစိတ် ပြန်မဝင်နိုင်သေးဘဲ မှင်သက်နေဆဲ ဖြစ်သည်။
"သူ ခုနက ငါတို့ကို သတ်ဖို့ ကြံစည်နေတာ..."
ကျုံးရူ ရုတ်တရက် ဆိုလိုက်သည်။
ဝေ့ရှန်းနှင့် ဇိုမိုတို့မှာ ထိုစကားကြောင့် မှင်သက်သွားကြသည်။ သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်နှာထားများမှာလည်း လေးနက်သွားကြသည်။ ကျုံးရူ၏ အာရုံခံနိုင်စွမ်းမှာ မည်မျှအံ့ဩဖို့ကောင်းလောက်အောင် ထက်မြက်ကြောင်း သူတို့ သိထားပြီးဖြစ်ရာ သူ၏စကားကို သံသယမဝင်ဝံ့ပေ။
"ရွှမ်ခုန်းဘုရားကျောင်းက ကတုံးတွေထဲမှာ လူကောင်း တစ်ယောက်မှ မရှိဘူး"
ဇိုမို မကျေမနပ်ဖြင့် ကျိန်ဆဲလိုက်သည်။ ဝေ့ရှန်းမှာမူ ထိုစကားကို ကြားရသောအခါ ရယ်မောလိုက်သည်။
ခန်တယ်မှာ တုန်ယင်နေသော အသံဖြင့် ဆိုသည်။
"အသက်ရှင်နေသေးတယ်... ငါ အသက်ရှင်နေသေးတာပဲ... ဒါ အိပ်မက် မဟုတ်လောက်ပါဘူးနော်..."
ဇိုမိုနှင့် ငတုံးငှက်တို့မှာ တစ်ပြိုင်နက်တည်း မျက်လုံးကို အပေါ်သို့ လှန်ပြလိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုမှာ တစ်ထပ်တည်း ကျနေသည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ စရိုက်ခြင်း ဆင်တူကြောင်း ထင်ရှားနေသည်။
ဝေ့ရှန်းက ခန်တယ်၏ ကျောကို ပုတ်ပေးကာ "ဒါ အိပ်မက် မဟုတ်ပါဘူး..." ဟု နှစ်သိမ့်ပေးလိုက်သည်။
ခန်တယ်မှာမူ ရူးသွားသကဲ့သို့ ဖြစ်နေသည်။
ထိတ်လန့်မှုမှ သူ မသက်သာသေးမှန်း အားလုံး သိထားကြသဖြင့် သူ့အမူအရာကို နားလည်ပေးလိုက်ကြသည်။ ဇိုမိုက လင်းဆေးလုံးအချို့ကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီးနောက် တင်ပျဉ်ခွေကာ တရားမှတ်လိုက်သည်။ ဝေ့ရှန်းနှင့် ကျုံးရူတို့သည် မမျှော်လင့်ထားသည့် အန္တရာယ်များ ထပ်မံပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် သူ့အား စောင့်ရှောက်ပေးထားလိုက်ကြသည်။
လင်းဆေးလုံးများ လည်ချောင်းထဲသို့ ရောက်သွားသည်နှင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည့် အပူလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤပုံစံမျိုးဖြင့် လင်းဆေးလုံးများကို စားသုံးရဲသည်မှာ ဇိုမိုတစ်ယောက်တည်းသာ ရှိပေမည်။
သူ၏ စွမ်းအင်လမ်းကြောင်းများမှာ သာမန်လူများထက် ပိုမိုကျယ်ဝန်းသလို လင်းစွမ်းအား လှည့်ပတ်သည့် လမ်းကြောင်းများမှာလည်း ထူးခြားကွဲပြားနေသည်။ ထို့ကြောင့် ပြင်းထန်သော လင်းစွမ်းအား စီးကြောင်းများ တစ်ခုနှင့်တစ်ခု တိုက်မိမည်ကို သူ စိုးရိမ်စရာမလိုပေ။
သူသည် ရွှေရောင်သစ်ရွက်ပေါ်ရှိ နည်းလမ်းများအတိုင်း ရှန်စွမ်းအား လှည့်ပတ်မှုကို ထိန်းချုပ်လိုက်သည်။ ထိုရှန်စွမ်းအား လှည့်ပတ်မှုမှာ စွမ်းအားသုံးရပ်ထက် ပိုမိုရှုပ်ထွေးသော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုမှာ မည်သည့်မန္တန် မိုကျင့်စဉ် သို့မဟုတ် ယောင်ပညာရပ်ထက်မဆို ပိုမိုကြီးမားလှသည်။
တစ်နာရီခန့် အကြာတွင် ဇိုမို မျက်လုံးဖွင့်လိုက်သည်။ သူ လုံးဝ ပြန်လည်လန်းဆန်းနေပြီ ဖြစ်သည်။ ဝေ့ရှန်းနှင့် ကျုံးရူတို့ သက်ပြင်းချလိုက်ကြသည်။
အကယ်၍ ဤသို့မြန်ဆန်စွာ နာလန်ထူနိုင်ခြင်းမှာ အခြားသူတစ်ယောက်အတွက်ဆိုလျှင် အံ့ဩစရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့နှစ်ဦးအတွက်မူ ဇိုမိုနှင့် ပတ်သက်လျှင် ပုံမှန်အရာဟူ၍ မရှိကြောင်း သိထားပြီးဖြစ်ရာ ထူးဆန်းသည်ဟု မထင်မှတ်ကြပေ။
ခန်တယ် တဖြည်းဖြည်း တည်ငြိမ်လာပြီ ဖြစ်သော်လည်း မျက်နှာမှာမူ အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေဆဲပင်။
"ခုနက အကောင်ကြီးက ဘာကြီးလဲ..."
"ကြည်လင်တိမ်မြွေကြီးပါ..."
ခန်တယ်က တုန်ယင်စွာ ပြန်ဖြေလိုက်သည်။
"ဒါက တိမ်ပင်လယ်မှာ အစွမ်းအထက်ဆုံး တိမ်သားရဲပဲ။ ဟိုးအရင်ကတည်းက လူတွေ ပြောဖူးကြပေမယ့် ဘယ်သူမှ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးခဲ့ကြဘူး။ လူတော်တော်များများက မယုံကြဘူး ကျွန်တော်လည်း ဒါက တကယ်ရှိတယ်လို့ မထင်ခဲ့ဘူး။ ဒါကြီးက တကယ်ရှိလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့မိဘူး..."
"ကြည်လင်တိမ်မြွေကြီး ဟုတ်လား"
ဇိုမို၏ မျက်လုံးများက စဉ်းစားဟန် ဖြစ်သွားသော်လည်း သူ ဘာကိုမျှ ပြန်မမှတ်မိပေ။
"အဆင့် ဘယ်လောက်လဲ"
"ကျွန်တော်လည်း မသိပါဘူး"
ခန်တယ် ခေါင်းခါရင်း ပြန်ဖြေသည်။
"အဆင့် ၈ ဖြစ်လောက်တယ်"
ဝေ့ရှန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
"အဲဒါကြောင့် ဒီလောက် စွမ်းနေတာကိုး"
ဇိုမို မှင်သက်သွားပြီးမှ အံ့သြစွာ ပြောလိုက်သည်။
"အဲဒါကြောင့် သားရဲရိုင်းကြီးကို အနိုင်ယူနိုင်တာကိုး"
သူ စကားပြော၍ပင် မဆုံးသေး ပုယောင်၏ အေးစက်သော နှာမှုတ်သံက သူ့အသိစိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
"သောက်ကျိုးနည်း"
ဇိုမို၏ မျက်နှာထား တောင့်ခဲသွားသည်။
"ရှေးဟောင်းကန္တာရ ယဇ်ပူဇော်ခြင်းကျင့်စဉ်ကို မင်းဆီ လွှဲပေးလိုက်တာ တကယ် နှမြောစရာပဲ"
"ဟား... လေးစားထိုက်တဲ့ သားရဲရိုင်းကြီးက အဆင့် ၈ ရှိတဲ့ မြွေဖက်တီးလေးရဲ့ သတ်တာကို ခံလိုက်ရတယ်တဲ့... ဆရာကြီးရေ... ဆရာကြီး... ကျေးဇူးပြုပြီး ခေါင်းတလားထဲကနေ ပြန်မထွက်လာပါနဲ့ဦး"
"တိမ်ပင်လယ်ထဲမှာတောင် မင်းက ငါ့ကို အရှက်ခွဲနေတာပဲ ငါ တကယ်ပဲ ဒီလို အမှိုက်မျိုးကို တပည့်အဖြစ် လက်ခံမိတယ်... ငါ့မျက်လုံး ငါ ပြန်ဖောက်ထုတ်ပစ်သင့်တယ်"
"ဂိုဏ်းရဲ့ ကံဆိုးမှုပဲ"
"ယောင်ကမ္ဘာရဲ့ အရှက်ရမှုပဲ"
ပုယောင်တစ်ယောက် သူတတ်နိုင်သမျှ အထင်သေးမှုများနှင့် လှောင်ပြောင်မှုများအား ဇိုမိုအပေါ် ပစ်ပေါက်နေတော့သည်။
ဝေ့က ပြုံးလျက် ဝင်ပြောလိုက်သည်။
"မိုလေးကိုပဲ လုံးဝ အပြစ်တင်လို့ မရဘူးလေ ဆိုရိုးစကားအတိုင်းပေါ့... တုံးတဲ့ ကျောင်းသားဆိုတာ မရှိဘူး... ညံ့တဲ့ ဆရာပဲ ရှိတာ..."
သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ အသိစိတ်ပင်လယ်ထဲ၌ ပျံ့နှံ့သွားသည်။
"ဝေ့လေး... မင်း သေချင်နေတာ ထင်တယ်"
ပုယောင်က သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"တောင်းပန်ပါတယ်ကွာ…ငါ သိပါတယ်... ငါ သိပါတယ်... အမှန်တရားက နည်းနည်း ခါးတယ် ဆိုတာကိုလေ..."
ဝေ့၏ မျက်နှာမှာ အပြစ်ကင်းပြီး တောင်းပန်နေဟန် ရှိသော်လည်း အလွန် ဂုဏ်ယူနေပုံ ပေါက်နေသည်။
ဘုန်း ဘုန်း ဘုန်း...
သူတို့နှစ်ယောက် ချက်ချင်း ရန်ဖြစ်ကြတော့သည်။
ဇိုမို၏ မျက်နှာမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။
“ဒီနှစ်ကောင်ကတော့ တကယ်ကို အစွန်းရောက်တာပဲ”
သူ ခန်တယ်ဘက်သို့ လှည့်လိုက်သည်။
"ရေတိမ်သန္ဓေသားတွေရှိတဲ့ နေရာရောက်ဖို့ ဘယ်လောက် လိုသေးလဲ..."
ခန်တယ် စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။
"သိပ်မဝေးတော့ပါဘူး နောက်ထပ် နှစ်ရက်လောက် ခရီးနှင်ရင် ရောက်ပါပြီ ဒါပေမဲ့..."
သူ စကားကို ရပ်လိုက်သည်။
"ဒါပေမဲ့ ဘာဖြစ်လဲ..."
ဇိုမို မေးလိုက်သည်။
ခန်တယ် အံကြိတ်ကာ သူ့ခန့်မှန်းချက်ကို ပြောလိုက်သည်။
"အရှင်... အဲဒီမှာ ရေတိမ်သန္ဓေသားတွေ ရှိလိမ့်မယ်လို့ ဒီလက်အောက်ငယ်သား အာမမခံရဲပါဘူး တိမ်ပင်လယ်ထဲမှာ တစ်ခုခု အကြီးအကျယ် ဖြစ်ပျက်နေတာ သေချာတယ်..."
"အင်း... ဒါက မင်းအပြစ် မဟုတ်ပါဘူး"
ဇိုမိုက လက်ကာပြပြီး မတ်တတ်ရပ်လိုက်သည်။ ထို့နောက် ဆက်ပြောသည်။
"ငါတို့ ရေတိမ်သန္ဓေသားတွေ ရှာဖို့ ချက်ချင်း ထွက်ကြမယ်..."
ခန်တယ် တိတ်ဆိတ်စွာပင် ငြိမ်သက်သွားသည်။ တိမ်ပင်လယ်၏ ကျယ်ပြန့်မှုအောက်တွင် တစ်ဦးတည်း ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။ အရှင့်နောက်သို့ လိုက်ပါသွားခြင်းဖြင့် အနည်းဆုံး ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်တစ်ရပ် ရှိနေသေးသည် မဟုတ်ပါလား။
အဖွဲ့သားများမှာလည်း အသံတိတ်ပင် မတ်တတ်ရပ်၍ ခရီးဆက်ရန် ပြင်ဆင်ကြလေသည်။
တစ်နာရီခန့် ခရီးနှင်ပြီးနောက် ခန်တယ်၏ မျက်နှာသွင်ပြင်မှာ တဖြည်းဖြည်း မသာယာတော့ဘဲ တင်းမာလာသည်။ ထို့နောက် သူသည် ရုတ်တရက် လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်သည်။
"အရှင်... လမ်းကြောင်းက မမှန်ကန်တော့ပါဘူး..."
"လမ်းကြောင်းက မမှန်ဘူး ဟုတ်လား..."
ဇိုမိုနှင့် အဖွဲ့သားများမှာ အံ့အားသင့်သွားကြသည်။
"ဒီလမ်းကို ဒီလက်အောက်ငယ်သား တကယ်ရင်းနှီးပါတယ်။ ဒါပေမဲ့ အစက သတိမထားမိလိုက်ဘူး အခုတော့ လမ်းမှားနေပြီဆိုတာ သေချာသွားပြီ။ ဒီလမ်းကို တစ်ယောက်ယောက်က အစီအရင်နဲ့ ဖုံးကွယ်ထားတာ ဖြစ်ရမယ်"
ခန်တယ်၏ မျက်နှာမှာ ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။
ဇိုမိုနှင့် အဖွဲ့သားတို့၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ထင်ဟပ်လာသည်။
သူသည် မျက်လုံးများကို မှိတ်၍ ရှန်စွမ်းအားများကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်လိုက်သည်။ ထို့နောက် မျက်လုံးပြန်ဖွင့်လိုက်သည့် ခဏ၌ သူ၏အကြည့်တို့တွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"ဒီကတုံးသောက်ရူးတွေ"
စကားအဆုံးတွင် သူ လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ သူ၏လက်ဖဝါး၌ အလင်းလုံးတစ်ခု ပေါက်ကွဲထွက်သွားကာ အလင်းတန်းများ ပတ်ဝန်းကျင်သို့ ဖြာထွက်သွားသည်။
ထိုအရာမှာ ပုံရိပ်ယောင် အစီအရင်တို့အား ဖြိုခွဲရာတွင် အသုံးပြုသည့် အရိုးကြေမွ ဖုံးကွယ်လျှပ်ပြက် အတတ်ပညာပင် ဖြစ်တော့သည်။
ပတ်ဝန်းကျင်ရှိ တိမ်ပင်လယ်မှာ တစ်ချက်မျှ လင်းလက်သွားသော်လည်း ပုံစံမပြောင်းလဲသေးပေ။ ဇိုမို၏ မျက်နှာမှာ ပို၍ပင် တင်းမာလာသည်။
နောက်ထပ် အရိုးကြေမွ ဖုံးကွယ်လျှပ်ပြက် တစ်ချက်ကို သူ ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။
တတိယအကြိမ်မြောက် အရိုးကြေမွ ဖုံးကွယ်လျှပ်ပြက်ကို အသုံးပြုပြီးမှသာ ပတ်ဝန်းကျင်ရှိ ရှုခင်းတို့မှာ လွင့်စင်ပျောက်ကွယ်ကာ အမှန်တရား ပေါ်ပေါက်လာတော့သည်။
ဝေ့ရှန်းနှင့် ကျုံးရူတို့၏ မျက်နှာအမူအရာတို့မှာ စိုးရိမ်တကြီး ဖြစ်နေကြသည်။
တစ်ဖက်လူ၏ ပုံရိပ်ယောင်အစီအရင်ကို သူတို့ လုံးဝ သတိမထားမိခဲ့သည်မှာ အလွန်ပင် အန္တရာယ်များလှသည်။ ဇိုမို၏ မျက်နှာမှာမူ အတော်ပင် မည်းမှောင်နေသည်။ တစ်ဖက်လူ ဖန်တီးထားသည့် ပုံရိပ်ယောင်ကို ဖြိုခွဲရန် အရိုးကြေမွ ဖုံးကွယ်လျှပ်ပြက်အား သုံးကြိမ်တိုင်တိုင် သုံးလိုက်ရခြင်းက သူတို့နှင့် တစ်ဖက်လူကြားတွင် ရှိနေသည့် စွမ်းအားကွာခြားချက်ကို ဖော်ပြနေခြင်းပင် ဖြစ်သည်။
တစ်ဖက်လူ၏ လုပ်ရပ်မှာ အလွန်ပင် ယုတ်မာလှသည်။ ၎င်းမှာ သာမန် ပုံရိပ်ယောင် အစီအရင်တစ်ခုမျှသာ ဖြစ်သော်လည်း သူတို့သာ သတိမပြုမိခဲ့ပါက လမ်းကြောင်းလွဲချော်သွားပေလိမ့်မည်။ တိမ်ပင်လယ်ထဲ၌ လမ်းပျောက်သွားပါက အသက်ရှင်လျက် ပြန်လည်ထွက်ခွာနိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။
"ခိုးသားကတုံးတွေ"
ခန်တယ် ပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်ရာ သူ့မျက်လုံးများမှာ ရုတ်တရက် အရောင်တောက်သွားသည်။
"ဘယ်နေရာကို ရောက်နေတယ်ဆိုတာ ကျွန်တော် သိပြီ"
စကားအဆုံးတွင် သူသည် ညာဘက်ရှိ တိမ်မြူခိုးများဆီသို့ အရှိန်ပြင်းစွာ ခြေဦးလှည့်လိုက်သည်။ ဇိုမိုနှင့် အဖွဲ့သားများမှာလည်း သူ့နောက်မှ အမီလိုက်ပါသွားကြသည်။
"ရွှမ်ခုန်းဘုရားကျောင်းက ဒီကတုံးတွေက ငါတို့ကို တကယ်ပဲ ခိုးကြောင်ခိုးဝှက်နဲ့ ပိတ်ဆို့ထားချင်နေတာပဲ..."
ဇိုမို အံကြိတ်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။
"တကယ်ဆိုရင် သူတို့နဲ့ ငါတို့ကြားမှာ ဘာရန်ငြိုးမှလည်း မရှိခဲ့ပါဘူး... သူတို့မှာ တစ်ခုခုများ ရည်ရွယ်ချက် ရှိနေတာလား... ငါတို့က သူတို့ကိစ္စကို ဝင်နှောင့်ယှက်မှာကို စိုးရိမ်နေကြတာများလား..."
ဝေ့ရှန်းမှာ တွေးတောရင်း မေးခွန်းထုတ်သည်။
ဇိုမို နှုတ်ခမ်းတွန့်ကာ အေးစက်စက် ပြုံးလိုက်သည်။
"သူတို့နောက်ကွယ်မှာ တစ်ခုခုတော့ ရှိနေတာ သေချာတယ်... မဟုတ်ရင် ဒီတိမ်ပင်လယ်ကြီးထဲအထိ သူတို့ ဘယ်လိုလုပ် ရောက်လာပါ့မလဲ... ရွှမ်ခုန်းဘုရားကျောင်းက ဝိညာဉ်သန္ဓေအဆင့် ကတုံးတစ်ယောက်ကိုတောင် ဆွဲဆောင်နိုင်တဲ့အရာဆိုတော့ သာမန်ရတနာတော့ မဖြစ်နိုင်ဘူး သူတို့က ငါတို့ကို အခုလို ကိစ္စထဲ ဆွဲထည့်လိုက်ပြီဆိုမှတော့... ဟီးဟီး..."
သူ အေးစက်စက် အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။
အမှန်စင်စစ် နှစ်ဖက်စလုံးမှာ လမ်းကြောင်းတစ်ခုတည်းတွင်သာ သွားလာနေကြခြင်း ဖြစ်သည်။ တစ်ဖွဲ့က ရတနာကို ရှာဖွေ တစ်ဖွဲ့က ဝိညာဉ်သန္ဓေသားကို ရှာဖွေနေကြခြင်းသာ ဖြစ်သည်။
တစ်ဖက်လူ ဤမျှအထိ ယုတ်မာကာ နောက်ကွယ်မှနေ၍ တိတ်တဆိတ် ထောင်ချောက်ဆင်လိမ့်မည်ဟု ဇိုမို လုံးဝ မထင်မှတ်ထားခဲ့မိပေ။
ရှောင်မိုကော၏ စရိုက်မှာ အကြွေးရှိလျှင် အတိုးချ၍ ပြန်ဆပ်တတ်သူမျိုး ဖြစ်သည်။ သူသည် မည်သည့်အခါမျှ အနစ်နာခံနေမည့်သူ မဟုတ်ချေ။
ဝိညာဉ်သန္ဓေအဆင့် ဖြစ်နေလျှင်ပင် ဇိုမို ဂရုမစိုက်တော့ပေ။ ရတနာနှင့် ပတ်သက်လျှင် သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသော်လည်း ထောင်ချောက်ဆင်သည့် နည်းဗျူဟာများတွင်မူ သူသည် အကြံဉာဏ်ပေါင်း သောင်းခြောက်ထောင်မက အနည်းဆုံး ထောင်နှင့်ချီ၍ ပိုင်ဆိုင်ထားသူ ဖြစ်သည်။
‘မင်းတို့နဲ့ ငါနဲ့ တွေ့ကြသေးတာပေါ့…’
ဇိုမို အံကြိတ်ကာ စိတ်ထဲမှ တေးထားလိုက်တော့သည်။
***