ခန်တယ်သည် တိမ်ပင်လယ်၌ ဆယ်စုနှစ်ကျော်ကြာ အသက်မွေးခဲ့သူဖြစ်သည့်အတွက် ဇိုမိုတို့အဖွဲ့အား မြူခိုးများထဲမှ အောင်မြင်စွာ ဦးဆောင်ခေါ်ထုတ်နိုင်ခဲ့သည်။
သို့သော်လည်း မြူခိုးများထဲမှ လွတ်မြောက်လာသည့်အတွက် ဝမ်းသာရမည့်အစား သူတို့သည် ပြင်းထန်သော တိုက်ပွဲတစ်ခု၏ အကြွင်းအကျန်များကိုသာ တွေ့လိုက်ရသည်။ ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်မှာ ထင်ရှားနေသည်။
ခန်တယ်သည် မြေပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး ကျန်ရစ်ခဲ့သော တိုက်ပွဲအမှတ်အသားများကို ဂရုတစိုက် စစ်ဆေးလိုက်သည်။
ခဏအကြာတွင် သူ ပြန်မတ်တတ်ရပ်လိုက်သည်။
သူ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း ယခင်ထက်ပို၍ တည်ငြိမ်နေသည်။
"အရှင်... ဒါ တိမ်တိုက်သံတမန် တွေရဲ့ လက်ချက်ပဲ..."
"တိမ်တိုက်သံတမန် ဟုတ်လား..."
ဇိုမို နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။
ခန်တယ် ရှင်းပြလေတော့သည်။
"တိမ်တိုက်သံတမန်ဆိုတာ တိမ်ပင်လယ်မှာပဲ တွေ့ရတဲ့ ပဉ္စမအဆင့် တိမ်သားရဲတစ်မျိုးပါ။ သူတို့က အရမ်း မြန်ဆန်ပြီး နယ်မြေစိုးမိုးလိုစိတ် အရမ်းပြင်းထန်တဲ့အတွက် နယ်မြေထဲ ကျူးကျော်လာသူတွေကို ရန်သူအဖြစ် သဘောထားပြီး တိုက်ခိုက်တတ်ကြပါတယ်..."
သူ၏ မျက်နှာမှာ လေးနက်သွားပြီး "အရှင်... အရင်တုန်းက ဒီနေရာမှာ တိမ်တိုက်သံတမန်တွေ တစ်ခါမှ မရှိခဲ့ဖူးဘူး" ဟု ဆက်လက်ပြောကြားသည်။
ထိုအချိန်၌ ဇိုမို၏ ရင်ထဲတွင် အန္တရာယ်၏ အငွေ့အသက်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။ မြူခိုးများထဲမှ အလင်းတန်းတစ်ခုသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ထိုးထွက်လာပြီး သူ့မျက်နှာရှေ့သို့ ရောက်ရှိလာသည်။
ထိုခဏတွင် ဇိုမို၏ လက်သည် မြှောက်ရုံသာ ရှိသေးသည်။
အလင်းတန်းမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်းလှသည်။
ကံကောင်းထောက်မစွာဖြင့် ဇိုမိုသည် မြေပြင်ရှိ အမှတ်အသားများကို မြင်လိုက်သည်ကတည်းက ကြိုတင်သတိရှိနေခဲ့သည်။
သူသည် ခန္ဓာကိုယ်အတွင်းရှိ ရှန်စွမ်းအားများကို စွမ်းအားသုံးရပ်အဖြစ် ပြောင်းလဲထားနှင့်ပြီးဖြစ်သည်။ ဇိုမို လန့်သွားသော်လည်း တုန်လှုပ်ခြင်းမရှိဘဲ အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ကာကွယ်ရန် လက်မောင်းမြှောက်ရန် အချိန်မမီတော့သည်ကို သိလိုက်ရသဖြင့် သူ လက်ဖဝါးကို လှန်လိုက်ပြီး လက်ပြန်ဖြင့် ရိုက်ထုတ်လိုက်သည်။
ထိုအခါ တောက်ပသော စာလုံးတစ်လုံး ထွက်ပေါ်လာလေတော့သည်။
နေမင်းလက်ဝါးကျမ်း…။
ဖြန်း…
ဇိုမို၏ နေမင်းလက်ဝါးကျမ်းသည် ထိုအလင်းတန်းအား တိတိကျကျ ထိမှန်သွားသော်လည်း မမျှော်လင့်ဘဲ အလင်းတန်းမှာ ကွဲကြေသွားခြင်း မရှိချေ။
ထိုအရာသည် ကန်ထွက်သွားသော ဘောလုံးတစ်လုံးကဲ့သို့ နေမင်းလက်ဝါးကျမ်း၏ စွမ်းအားကို အသုံးချကာ လွတ်မြောက်သွားခြင်းဖြစ်သည်။
ထို့နောက် ရိုက်ချက်၏ အရှိန်ဖြင့် နောက်သို့ လွင့်ထွက်သွားရာမှ အရှိန်ပိုတက်လာကာ တိမ်မြူခိုးများထဲသို့ ပြန်လည်ပျောက်ကွယ်သွားတော့သည်။
ဇိုမိုတစ်ယောက် အံ့အားသင့်သွားပြီး ကိုယ်ပေါ်ရှိ အမွှေးအမျှင်များပင် ထောင်ထလာသည်။
သူ၏ ရန်သူများကို အမြဲ နှိမ်နင်းနိုင်ခဲ့သော နေမင်းလက်ဝါးကျမ်းသည်ပင် ဤသတ္တဝါအား အနာတရ မဖြစ်စေနိုင်သည်ကို သူ လုံးဝ မယုံကြည်နိုင်ပေ။
“ဒါ မဖြစ်နိုင်ဘူး” ဟု သူ တွေးလိုက်မိသည်။
တိုက်ပွဲမှာ ခဏတာအတွင်း ဖြစ်ပျက်သွားသော်လည်း ဇိုမို ဝေ့ရှန်းနှင့် အခြားသူများမှာ ထိုသတ္တဝါ၏ ပုံပန်းသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
တိမ်တိုက်သံတမန်၏ ပုံစံမှာ အလွန်ထူးဆန်းလှသည်။
ပြားချပ်နေသော ခန္ဓာကိုယ်ထဲမှ နှာမောင်းလေးခု ထွက်နေသည်။ နှာမောင်းတစ်စင်းစီ၏ ထိပ်ဖျားတွင် အလင်းလုံးတစ်ခုစီရှိကာ ခန္ဓာကိုယ်တစ်ခုလုံးအား အလင်းများဖြင့် ဖုံးလွှမ်းထားသည်။ ပျံသန်းသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး လွန်စွာမြန်ဆန်သောနှုန်းဖြင့် လည်ပတ်နေပြီး နှာမောင်းလေးခုမှာ အစွန်းတစ်ဖက်သို့ စုစည်းသွားသည်။ ထိုအခါ ၎င်းသည် လေဟာနယ်ဒိုင်းကိုပင် ပြားချပ်သွားစေပြီး မြှားတိုတစ်ခုကဲ့သို့ ဖြစ်သွားတော့သည်။
ဇိုမို၏ နေမင်းလက်ဝါးကျမ်း၏ စွမ်းအားကို ကောင်းစွာသိရှိထားကြသည့် ဝေ့ရှန်းနှင့် ကျုံးရူတို့၏ မျက်နှာများမှာ အနည်းငယ် ပြောင်းလဲသွားသည်။
တိမ်တိုက်သံတမန်သည် တိုက်ရိုက်ရိုက်ချက်ကို ခံနိုင်ရည်ရှိပြီး ဒဏ်ရာမရသည်ကို မြင်သောအခါ သူတို့နှစ်ဦးလုံး တုန်လှုပ်သွားကြသည်။ ထို့အပြင် ၎င်း၏ လျင်မြန်သော အမြန်နှုန်းမှာလည်း အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
သူတို့သည် တိုက်ပွဲအတွေ့အကြုံများစွာရှိသည့် ကျင့်ကြံသူများဖြစ်ကြသဖြင့် အန္တရာယ်ကို ချက်ချင်း သိမြင်လိုက်ကြသည်။
ထူထပ်သော တိမ်မြူခိုးများသည် သူတို့၏ မြင်ကွင်းအား အဓိက အဟန့်အတားဖြစ်စေသော်လည်း တိမ်သားရဲများအတွက်မူ အကောင်းဆုံး ရုပ်ဖျက်စရာ ဖြစ်နေသည်။
ဝေ့ရှန်း၏ ဓားနက်ကြီး ထိပ်ဖျားမှာ အနည်းငယ် မြင့်တက်လာသည်။ ကျုံးရူ၏ လက်ထဲ၌လည်း ကြက်ခြေခတ်တရားစက် ပေါ်လာကာ ရန်သူကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။
ခန်တယ်မှာ ရင်တုန်နေသည်။ တိမ်တိုက်သံတမန်သည် တိမ်ပင်လယ်တွင် အမဲလိုက်သည့် ကျင့်ကြံသူများ အကြောက်ဆုံး သတ္တဝါဖြစ်သည်။
ရေခဲသက်ပြင်း သားရဲများမှာ တိမ်မြစ်ထဲတွင်သာ နေထိုင်ကြသော်လည်း တိမ်တိုက်သံတမန်များမှာမူ တိမ်ပင်လယ် အနက်ပိုင်းတွင် တွေ့ရတတ်ပြီး နှစ်စဉ်နှစ်တိုင်း ၎င်းတို့ကြောင့် ကျင့်ကြံသူများစွာ အသက်ဆုံးရှုံးကြရသည်။
တိမ်တိုက်သံတမန်များမှာ ပဉ္စမအဆင့်သာ ရှိသော်လည်း သူတို့၏ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် မြူဖုံးနေသော ပတ်ဝန်းကျင်တို့ကြောင့် ကာကွယ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း ၎င်းတို့မှာ မိမိတို့နယ်မြေမှ ထွက်ခွာခဲကြသည်။ ယခင် ဤနေရာတွင် မရှိခဲ့ဖူးသဖြင့် ယခုနှစ် တိမ်ပင်လယ်ထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေသနည်းဟု ခန်တယ် စိုးရိမ်စွာ တွေးတောနေမိသည်။
သူသည် အံ့အားသင့်လွန်းသဖြင့် မယုံကြည်နိုင်ဖြစ်နေသည်။
"သတိထားကြ ဒီအကောင်ရဲ့ လေဟာနယ်ဒိုင်းက ထူးဆန်းတယ်"
ဇိုမို အရင်ဆုံးသတိဝင်ကာ အော်ဟစ်သတိပေးလိုက်သည်။
ဇိုမိုစကားပင် မဆုံးသေးခင်မှာပင် တိမ်မြူခိုးများထဲမှ အလင်းတန်းများစွာသည် မိုးသီးများကဲ့သို့ ထူထပ်စွာ ပစ်ခတ်ထွက်လာတော့သည်။
ဒေါင်...
ကြီးမားသော ခေါင်းလောင်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။
အသံမှာ သိပ်မကျယ်လောင်သော်လည်း တိမ်တိုက်များထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ပဲ့တင်ထပ်နေသည်။ ကျုံးရူအား ဗဟိုပြု၍ လီပေါင်းငါးလီအတွင်းရှိ တိမ်မြူခိုးများမှာ ထိုခဏ၌ စီးဆင်းမှု ရပ်တန့်သွားသည်။
၎င်းသည် ကျုံးရူ ရှားရှားပါးပါး အသုံးပြုလေ့ရှိသော သတ်ကွက်ဖြစ်သည့် အမှန်တရားစကားတော်ပင် ဖြစ်သည်။
နန်ရှန်ရွာတွင် သူအသုံးပြုခဲ့စဉ်ကနှင့် ယှဉ်လျှင် ယခုအသုံးပြုသည့် အမှန်တရားစကားတော်၏ စွမ်းအားမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားပြီဖြစ်သည်။
တိမ်တိုက်သံတမန်တို့၏ ထူးဆန်းသော လေဟာနယ်ဒိုင်းများသည် ကျုံးရူ၏ အမှန်တရားစကားတော်ကို မတားဆီးနိုင်ခဲ့ပေ။ အလင်းတန်းများမှာ ရုတ်တရက် တန့်သွားကြပြီး လုံးလုံးလျားလျား ရပ်တန့်မသွားစေကာမူ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ လုံးဝပျောက်ကွယ်သွားခဲ့သည်။
ဇိုမို ဝေ့ရှန်းနှင့် ကျုံးရူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ပင် မျှတလှသည်။ ကျုံးရူ လှုပ်ရှားလိုက်သည်နှင့် ဇိုမိုနှင့် ဝေ့ရှန်းတို့က တစ်ပြိုင်နက်တည်း အရှိန်ဖြင့် ဝင်ရောက်တိုက်ခိုက်ကြသည်။
တိမ်မြူခိုးတို့၏ အကြောက်ဆုံးအရာမှာ မီးလျှံပင်ဖြစ်သည်။
တိမ်မြူခိုးများသည် ရေငွေ့များဖြင့် ဖွဲ့စည်းထားသဖြင့် နေပူရှိန်နှင့် ထိတွေ့လျှင် လျင်မြန်စွာ ပြန့်ကျဲသွားစမြဲဖြစ်သည်။
ဇိုမို၏ မီးထိန်းချုပ်မှု စွမ်းရည်မှာ ဝိညာဉ်သန္ဓေအဆင့်နှင့် ယှဉ်နိုင်သည့်အထိ ရောက်ရှိနေပြီဖြစ်သည်။ သူသည် မဟာနေမင်း မိုခန္ဓာမှတဆင့် မဟာနေမင်း အလွှာလိုက်မီးလျှံကို ဖန်တီးကာ နေမင်းသလင်းမျိုးစေ့နှင့် ပေါင်းစပ်ထားသူဖြစ်သည်။
နေမင်းနတ်ကျောင်းတော်တွင် ရှန်မီးလျှံများ၏ နှစ်ခြင်းခံထားရသည့် သူ့အတွက် မီးထိန်းချုပ်နိုင်စွမ်းမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများကိုပင် လွှမ်းမိုးနိုင်သည်။
သူ လက်နှစ်ဖက်ကို စုစည်းလိုက်ရာ ရွှေရောင်မီးလျှံများမှာ လက်တစ်ခွင် လွှမ်းခြုံသွားသည်။ သူ လက်ကို ပြန်ဖြန့်လိုက်သည်နှင့် မီးလျှံများမှာ ကောင်းကင်သို့ ပစ်တင်လိုက်သော ရွှေရောင်ပိတ်စကြီးသဖွယ် ပျံ့နှံ့သွားကာ တိမ်တိုက်သံတမန် အားလုံးကို အုပ်မိုးလိုက်တော့သည်။
ဝေ့ရှန်း၏ တိုက်ကွက်မှာလည်း ပြိုင်ဘက်ကင်းလှသည်။ သူသည် ဓားနက်ကြီးအား စက်ဝိုင်းပုံစံ ဝေ့ယမ်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအနှစ်သာရများမှာ လေဆင်နှာမောင်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်သွားသည်။ ထူထပ်သော တိမ်မြူခိုးများမှာ ဓားအနှစ်သာရကြောင့် လွင့်စင်သွားပြီး ဒါဇင်နှင့်ချီသော နေရာလွတ်ကြီးတစ်ခု ချက်ချင်းဖြစ်ပေါ်လာသည်။
တိမ်မြူခိုးများ ကင်းစင်သွားသဖြင့် တိမ်တိုက်သံတမန် ဒါဇင်ပေါင်းများစွာ ပေါ်ထွက်လာကြသည်။
၎င်းတို့မှာ ကျုံးရူ၏ တိုက်ကွက်ကြောင့် ထိခိုက်နေကြသည်ဖြစ်ရာ ယခုအခါ ပစ်မှတ်များမှာ ရှင်းလင်းစွာ ပေါ်လာပြီဖြစ်သည်။ ဝေ့ရှန်းအနေဖြင့် ဤအခွင့်အရေးကို လွဲချော်ရန် အကြောင်းမရှိတော့ပေ။
ဝူခုန်းဓားဂိုဏ်း၏ နှစ်ပေါင်းရာနှင့်ချီသော သမိုင်းကြောင်းကို ပိုင်ဆိုင်သည့် လေဟာနယ်အနက်ရောင် ဓားဖြင့် ဝေ့ရှန်းသည် မိမိ၏ အထွတ်အထိပ် စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သာမန်မျက်စိဖြင့် မမြင်နိုင်သော ဓားစွမ်းအားတို့သည် လေထုကို တွန်းကန် ဆွဲငင်လိုက်ကြရာ တိမ်တိုက်သံတမန်တို့၏ ကာကွယ်ရေး လေဟာနယ်ဒိုင်းများမှာ ဂျွတ်ဂျွတ်မြည်အောင် အက်ကွဲကုန်တော့သည်။
တစ်ချိန်တည်းမှာပင် ဇိုမိုသည်လည်း လက်တစ်ဖက်ကို ဝေ့ဝဲလိုက်ကာ ကျန်လက်တစ်ဖက်အား လိမ်ချိုးလိုက်သည်။
တိမ်တိုက်သံတမန်များအား ပိတ်မိထားသော မီးလျှံပိတ်စကြီးမှာ ရုတ်တရက် ကျုံ့ဝင်သွားတော့သည်။
တိမ်တိုက်သံတမန်များမှာ ကျယ်လောင်စွာ အော်မြည်နေကြသည်။
သူတို့သည် အမှန်တရား စကားတော်၏ အကျိုးသက်ရောက်မှုမှ ရုန်းထွက်နိုင်ခဲ့သော်လည်း လွှမ်းမိုးနိုင်စွမ်းရှိသော မဟာနေမင်း အလွှာလိုက်မီးလျှံမှာ သူတို့၏ လေဟာနယ်ဒိုင်းများပေါ်တွင် ကပ်တွယ်ကာ ဆက်တိုက် လောင်ကျွမ်းနေတော့သည်။
မဟာနေမင်း အလွှာလိုက်မီးလျှံမှာ ဆဋ္ဌမအဆင့် မီးလျှံပင် ဖြစ်လေသည်။
တိမ်တိုက်သံတမန်များမှာ ထိတ်လန့်သွားကြသည်။ သူတို့သည် မီးလျှံစက်ဝန်းအတွင်း၌ အရူးအမူး ရုန်းကန်ပြီး ထွက်ပြေးရန် ကြိုးစားကြသည်။
သို့သော်လည်း မဟာနေမင်း အလွှာလိုက်မီးလျှံ၏ ရက်စက်ကြမ်းကြုတ်မှုမှာ သူတို့ ထင်ထားသည်ထက် များစွာ သာလွန်နေသည်။ ၎င်းက တိမ်တိုက်သံတမန်များ၏ လေဟာနယ်ဒိုင်းများအား စုတ်ဖြဲပစ်လိုက်သည်။
ဒိုင်းများ ပေါက်ထွက်သွားသည်နှင့် မီးလျှံသည် တိမ်တိုက်သံတမန်များအား တိုက်ရိုက် လောင်ကျွမ်းပစ်လိုက်သည်။ သူတို့ မည်မျှပင် ရုန်းကန်နေပါစေ ထိုခန္ဓာကိုယ်များမှာ မျက်စိရှေ့တွင်ပင် တဖြည်းဖြည်း ပျောက်ကွယ်သွားကြတော့သည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ဇိုမိုပတ်လည်ရှိ တိမ်တိုက်သံတမန် အားလုံး ရှင်းလင်းသွားတော့သည်။
ဝေ့ရှန်းသည်လည်း အားကျမခံပေ။ သူ၏ ဓားအနှစ်သာရမှာ ဓားအနှစ်သာရ ရုပ်လုံးပေါ်ခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး နယ်နိမိတ်၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအဆင့်မှာ ပုံမှန်အားဖြင့် ဝိညာဉ်သန္ဓေအဆင့် ဓားကျင့်ကြံသူများသာ ရောက်ရှိနိုင်သော အဆင့် ဖြစ်လေသည်။
အနက်ရောင် ဟာလာဟင်းလင်း ဓားအနှစ်သာရမှာ အဆုံးမရှိသော လေဟာနယ်ကြီးကဲ့သို့ နက်ရှိုင်းပြီး အတိုင်းအဆ မရှိပေ။
ဓားအနှစ်သာရဖြင့် လွှမ်းခြုံခံထားရသော တိမ်တိုက်သံတမန်များ၏ လေဟာနယ်ဒိုင်းများမှာ တဖြည်းဖြည်း တိုက်စားခံရပြီး ပျောက်ကွယ်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များလည်း ထိုအမြန်နှုန်းအတိုင်းပင် ပျောက်ကွယ်သွားကြတော့သည်။
သုံးဦးသား၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တိမ်တိုက်သံတမန် ရာနှင့်ချီ သေဆုံးသွားခဲ့ရသည်။ ခန်တယ်၏ မျက်လုံးများမှာ အံ့အားသင့်လွန်းသဖြင့် ပြူးထွက်မတတ် ဖြစ်နေတော့သည်။
ချောက်... ချောက်...။
ဟူသော အသံများနှင့်အတူ လက်မအရွယ် အပြားလေးများစွာ လေထဲမှ ကျလာသည်။ သူတို့သုံးဦးမှာမူ မလှုပ်ရှားသေးဘဲ ပတ်ဝန်းကျင်အား ဂရုတစိုက် စစ်ဆေးရန် အသင့်အနေအထားဖြင့် ရှိနေကြသေးသည်။
သုံးဦးသား၏ ကျွမ်းကျင်လှသော ပူးပေါင်းဆောင်ရွက်မှုကို ကြည့်ရင်း ခန်တယ်တစ်ယောက် ထူးဆန်းသော ခံစားချက်တစ်ခု ရနေမိသည်။
အရှင်နှင့် အခြားသူများမှာ တိမ်ပင်လယ်၏ အန္တရာယ်များနှင့် အလွန်ရင်းနှီးနေကြသည့်အလား သူ ခံစားလိုက်ရသည်။ သူတို့သုံးဦး ပူးပေါင်းလိုက်သည်နှင့် တိမ်တိုက်သံတမန် ရာနှင့်ချီမှာ လက်ဖျောက်တစ်ချက်အတွင်း ပြာဖြစ်သွားခဲသည်။ ဤသည်မှာ သူ၏ အထင်အမြင်များအား အကြီးအကျယ် ရိုက်ချိုးလိုက်ခြင်းပင်။
တိမ်တိုက်သံတမန်များမှာ ပဉ္စမအဆင့် တိမ်သားရဲများသာ ဖြစ်သော်လည်း တိမ်ပင်လယ်ရှိ တိမ်သားရဲများထဲတွင် အဆင့်အတန်း မနိမ့်လှပေ။ အထူးသဖြင့် လျှပ်စီးနှင့်တူသော အမြန်နှုန်းနှင့် အရေအတွက် များပြားမှုကြောင့် တိမ်ပင်လယ်ထဲ၌ ကျင့်ကြံသူများစွာ သေဆုံးခဲ့ရသည်။
အရှင်တို့မှာ သူတို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း အချိန်တိုအတွင်းမှာပင် အားနည်းချက်ကို ရှာဖွေ၍ သတ်ပစ်နိုင်ခဲ့ကြသည်။ အရှင်တို့သည် တိမ်ပင်လယ်ထဲသို့ အမှန်ပင် ပထမဆုံးအကြိမ် ဝင်ဖူးသူများ ဖြစ်နိုင်သည်လော။
ဇိုမိုနှင့် အခြားသူများမှာ တိမ်ပင်လယ်ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော နေရာများကို ဖြတ်သန်းခဲ့ဖူးသည်ကိုမူ ခန်တယ်တစ်ယောက် မသိရှာပေ။
တံဆိပ်ခတ်မျိုးတုံးတိုက်ပွဲ စစ်မြေပြင်တွင် ဇိုမိုတို့အဖွဲ့မှာ အချိန်မရွေး ပေါ်လာနိုင်သည့် တစ္ဆေဝိညာဉ် များဖြင့် အသားကျနေခဲ့ပြီဖြစ်သည်။ သူတို့ လက်ချက်ဖြင့် ပျက်သုဉ်းခဲ့ရသော တစ္ဆေဝိညာဉ် အရေအတွက်မှာလည်း ရေတွက်၍ပင် မရနိုင်တော့ချေ။
"ဒါက ဘာလဲ"
ဇိုမိုက မြေပြင်ပေါ်ရှိ အပြားငယ်တစ်ခုကို ကောက်ယူကာ မေးမြန်းလိုက်သည်။
ထိုအပြားမှာ လက်မအရွယ်ခန့်ရှိပြီး ဆင်စွယ်ကဲ့သို့ အထိအတွေ့မျိုး ရှိသည်။ ဖြူစင်နွေးထွေးသော အရောင်အသွေးရှိကာ မျက်နှာပြင်ပေါ်၌ သဘာဝအလျောက် ဖြစ်ပေါ်နေသော ပုံစံများ ဖုံးလွှမ်းနေသည်။
"ဒါက သံတမန်တံဆိပ်ပါ အရှင်"
ခန်တယ်၏ လေသံမှာ ပို၍ပင် ရိုသေလေးစားသွားသည်။
"တိမ်တိုက်သံတမန် တိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ သံတမန်တံဆိပ် တစ်ခုစီ ရှိပါတယ်။ သံတမန်တံဆိပ်ပေါ်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ တံဆိပ်အစီအရင်တွေ ပါရှိပါတယ်။ တံဆိပ်ကျင့်ကြံသူ အများအပြားက ဒါတွေကို တန်ဖိုးထား ဝယ်ယူကြပါတယ်။ အစီအရင်တွေကို လေ့လာဖို့အပြင် တိမ်အမျိုးအစား မှော်အဆောင်တွေ သွန်းလုပ်ဖို့အတွက်လည်း တော်တော် ကောင်းမွန်တဲ့ ကုန်ကြမ်းတွေပါပဲ"
‘သဘာဝ တံဆိပ်အစီအရင်တွေ ဟုတ်လား...’
ဇိုမို အာမေဍိတ် ပြုလိုက်မိသည်။ သူသည် သံတမန်တံဆိပ်အား သေသေချာချာ စစ်ဆေးလိုက်သည်။
သူ လျင်မြန်စွာပင် သဘောပေါက်သွားသည်။ ဤရှုပ်ထွေးနေပုံရသော ပုံစံများသည် တကယ်တမ်း၌ တံဆိပ်အစီအရင်များ ဖြစ်နေသည်။
‘တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ’
ဇိုမို၏ စိတ်ဓာတ်တို့မှာ တက်ကြွလာသည်။ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် အစီအရင်အား သူ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း အကြိမ်တိုင်း၌ သူ အံ့ဩရစမြဲပင်။
‘ကျင့်ကြံသူတွေရဲ့ အစီအရင်တွေက ဘယ်က စခဲ့တာလဲ...’
‘သဘာဝတရားဆီကပဲပေါ့’
အမှန်စင်စစ် ကျင့်ကြံသူပဲဖြစ်စေ ယောင်မို ဖြစ်စေ လူတိုင်း၏ ကျင့်စဉ်များမှာ မတူညီကြသော်လည်း အားလုံးမှာ သဘာဝတရား စကြာဝဠာကြီးဆီမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။
သဘာဝ အစီအရင်များ ပါဝင်သောအရာမှာ လက်နက်သွန်းလုပ်ရန်အတွက် အကောင်းဆုံး ကုန်ကြမ်းပင် ဖြစ်သည်။ ဇိုမိုသည် သံတမန်တံဆိပ်များ၏ တန်ဖိုးကို ချက်ချင်းပင် ရိပ်စားမိလိုက်သည်။
"အင်း... နှမြောစရာပဲ ဒီတစ်ခေါက် ငါတို့က ခရီးလောနေတာ"
ဇိုမိုက မြေပြင်ပေါ်ရှိ သံတမန်တံဆိပ်များကို ကောက်ယူရင်း ရေရွတ်လိုက်သည်။
"သတ်ရတာလည်း လွယ်တယ် ကုန်ကြမ်းကလည်း ကောင်းတယ် ဒီလောက် တွက်ချေကိုက်တဲ့ အမဲလိုက်ကွင်းမျိုး ဘယ်မှာ သွားရှာရမလဲ"
ခန်တယ် ချွေးစေးများ စီးကျလာသည်။
သတ်ရတာ လွယ်တယ် ဟုတ်လား...။
တိမ်တိုက်သံတမန်များမှာ ကျင့်ကြံသူတို့ အတွေ့ဆုံးနှင့် အလိုချင်ဆုံးမဟုတ်သော သတ္တဝါများဖြစ်သော်လည်း အရှင့်ပါးစပ်ထဲတွင်မူ တွက်ချေကိုက်သည့် သားကောင်များ ဖြစ်နေလေပြီ။
ခန်တယ် တစ်ယောက် ဆွံ့အသွားလေတော့သည်။ သို့သော် အရှင်တို့သည် ခဏချင်းအတွင်း၌ပင် ရာနှင့်ချီ သတ်ပြလိုက်သည်ကို တွေးမိသောအခါ သူ ပါးစပ်ပိတ်နေရန်သာ ရွေးချယ်လိုက်တော့သည်။
ဇိုမိုသည် ကြက်သွေးရောင်ငှက်တပ်ဖွဲ့အား ခေါ်ဆောင်လာကာ တိမ်တိုက်သံတမန်များကို ဖမ်းဆီးခိုင်းရန်ပင် စတင် ကြံစည်နေသည်။
‘ဒါက သေချာပေါက် စီးပွားရေးကောင်းတစ်ခုပဲ’
တိမ်မြူခိုးထဲရှိ တိမ်တိုက်သံတမန်များမှာလည်း ဇိုမိုတို့အဖွဲ့၏ ရက်စက်သော တိုက်ခိုက်မှုကြောင့် ကြောက်ရွံ့သွားပုံရကာ နောက်ထပ် တစ်ကောင်မျှ ထွက်မလာကြတော့ပေ။
ဇိုမိုသည် မြေပြင်ပေါ်ရှိ သံတမန်တံဆိပ်များကို ကောက်ယူပြီးနောက် ခရီးဆက်ရန် ပြင်လိုက်သည်။
ရေတိမ်သန္ဓေသားအား ရှာဖွေတွေ့ရှိရန်မှာ အရေးအကြီးဆုံး ကိစ္စမဟုတ်ပါလား။
ခန်တယ်သည် နောက်တစ်ကြိမ် လမ်းပြရန် ရှေ့မှ ဦးဆောင်လိုက်ပြန်သည်။
ဇိုမို ခံစားနေရသည်မှာ သူတို့အဖွဲ့သည် တဖြည်းဖြည်းချင်း အောက်ဘက်သို့ နက်ရှိုင်းစွာ ဆင်းသက်နေခြင်းပင် ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ အပူချိန်မှာလည်း တရိပ်ရိပ် ကျဆင်းလာနေသည်။ တိမ်မြူခိုးများမှာ ပိုမို ထူထပ်လာသည်။
ဇိုမို ရုတ်တရက် သတိပြုမိလိုက်သည်မှာ ဤတိမ်မြူခိုး အချပ်လိုက်ကြီးများသည် သေးငယ်သော ရေခဲမှုန်လေးများဖြင့် ဖွဲ့စည်းထားခြင်းပင် ဖြစ်သည်။
ခန်တယ်၏ မျက်နှာသွင်ပြင်မှာ ပို၍ လေးနက်တင်းမာလာပြီး ခရီးနှင်နှုန်းမှာလည်း သိသိသာသာ နှေးကွေးသွားတော့သည်။
ဇိုမိုနှင့် အခြားသူများသည်လည်း ပတ်ဝန်းကျင်ကို အထူးသတိထားကာ ခန်တယ်၏ နောက်မှ ဂရုတစိုက် လိုက်ပါလာကြသည်။ သူတို့သည် အချိန်မရွေး တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ရှိနေကြသည်။
သူတို့အနေနှင့် တိမ်တိုက်သံတမန် အားလုံးအား အလွယ်တကူ သတ်ပစ်နိုင်ခဲ့သော်လည်း ပဉ္စမအဆင့်သာ ရှိသော တိမ်တိုက်သံတမန်များက ဇိုမို၏ နေမင်းလက်ဝါးကျမ်းကိုပင် အနည်းငယ် ခံနိုင်ရည်ရှိခဲ့သည်ကို အားလုံး သတိထားမိကြသည် မဟုတ်ပါလား။
သို့သော်ငြားလည်း ကံဆိုးစွာပင် မမျှော်လင့်ထားသော မတော်တဆမှုတစ်ခု ရုတ်တရက် ဖြစ်ပွားလာခဲ့လေတော့သည်။
***