ပြိုင်ပွဲတစ်ခု... ပြီးတော့ ဆက်တိုက် ပြီးမြောက်သွားတဲ့ မစ်ရှင်နှစ်ခု။
ဒီပြိုင်ပွဲကြောင့် တည်းခိုခန်းရဲ့ နာမည်က နေရာအနှံ့ကို ကျော်ကြားသွားခဲ့ပြီ။ တခြား ကုန်းမြေတိုက်လေးခုဆီကနေ အပြေးအလွှား လာရောက်အားပေးကြတဲ့ ပရိသတ်အရေအတွက် အများအပြားကို ကြည့်ရင် ဒီတစ်ကြိမ်မှာ လုချန်တစ်ယောက် နာမည်သတင်း ကြီးကျယ်ခမ်းနားစွာ မွှေးပျံ့သွားတော့မယ်ဆိုတာ သေချာနေသည်။
မစ်ရှင် ပြီးမြောက်သွားတာနဲ့ တစ်ပြိုင်နက် လူအုပ်ကြီးရဲ့ အားပေးသြဘာသံတွေကို လျစ်လျူရှုကာ သူ့ကို တည်းခိုခန်းထဲ တိုက်ရိုက် ပြန်လည်ပို့ဆောင်ပေးလိုက်သည်။
လုချန်နဲ့ ရင်းနှီးတဲ့သူတွေကတော့ သူ ဝှစ်ခနဲ ပျောက်ကွယ်သွားတတ်တဲ့ ပညာရပ်ကို ရိုးအီနေပြီဖြစ်လို့ ဘာမှမထူးဆန်းတော့ပေ။ လုချန် ပျောက်ကွယ်သွားတဲ့ စက္ကန့်ပိုင်းမှာပဲ ဂုဏ်ပြုစကားပြောဖို့ တည်းခိုခန်းဆီ အားလုံး အပြေးအလွှား သွားကြသည်။
ပြိုင်ပွဲကွင်းပြင်ပမှာ ဟင်းပွဲတွေကိုကြည့်ပြီး သွားရေကျနေခဲ့တဲ့ သက်လတ်ပိုင်းလူကြီးကလည်း သူ့သမီးကိုဆွဲကာ တည်းခိုခန်းသွားတဲ့လမ်းကို မေးမြန်းပြီး ကမန်းကတန်း လိုက်လာခဲ့သည်။
တည်းခိုခန်းရှေ့ကို သူတို့ ရောက်သွားတဲ့အခါမှာတော့ တံခါးတွေကို တင်းကျပ်စွာ ပိတ်ထားတာကို တွေ့လိုက်ရသည်။
လုချန် ကိုယ်တိုင် ပိတ်ထားခဲ့ခြင်းပင်။ သူက ဒီတစ်ကြိမ် မစ်ရှင် ပြီးမြောက်လို့ ရလာတဲ့ ဆုလာဘ်ပစ္စည်းတွေကို ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူနေမိသည်။
ဖန်တီးခြင်းပုံစံကြမ်း နှစ်ခု။
တစ်ခုက ‘အဆင့်မြင့် ဈေးဆိုင်' လို့ နာမည်တပ်ထားပြီး အဆင့်မြှင့်တင်ဖို့နဲ့ တည်ဆောက်ဖို့ ဖန်တီးခြင်းကျောက်တုံး တစ်တုံး လိုအပ်သည်။ လုချန်ကို စိတ်လှုပ်ရှားစေတာက ဒီပုံစံကြမ်း မဟုတ်ဘဲ အခြားတစ်ခု ဖြစ်နေသည်။
သူ ဖွင့်ကြည့်ဖို့ ပြင်လိုက်ချိန်မှာပဲ တည်းခိုခန်းဆီကနေ အသိပေးချက်တစ်ခု ဝင်လာသည်။
[ကမ္ဘာ့အမြင် မစ်ရှင်ကို လက်ရှိ ထုတ်ပြန်နေပါတယ်... ဤပုံစံကြမ်းကို ကမ္ဘာ့အမြင် မစ်ရှင် ပုံစံကြမ်းအဖြစ် ပြောင်းလဲနိုင်ပါတယ်... ပြောင်းလဲမလား...]
လုချန်က တစ်ချက်လေးတောင် တုံ့ဆိုင်းမနေဘဲ [ပြောင်းလဲမည်] ကို ချက်ချင်း ရွေးချယ်လိုက်သည်။
ထွက်ပေါ်လာတဲ့ ပစ္စည်းက သူ့ကို ရူးသွပ်သွားစေလုမတတ်ပင်။
[ပုံရိပ်ယောင် မိုဘိုင်းဖုန်းဆိုင်... ကမ္ဘာ့အမြင် မစ်ရှင်ပစ္စည်း... ဖန်တီးခြင်းကျောက်တုံး မလိုဘဲ တည်ဆောက်နိုင်ပါသည်]
မိုဘိုင်းဖုန်းတဲ့။
ဒါက ၂၁ ရာစုမှာဆို လူတိုင်းမှာရှိတဲ့ မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်ပေမဲ့ ဒီနေရာမှာတော့ နတ်ဘုရားအဆင့် ထိပ်တန်းရတနာတစ်ခုထက်တောင် ပိုပြီး အဖိုးတန်သေးသည်။ ဒီကမ္ဘာတစ်ခုလုံးမှာ တစ်လုံးမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူးလေ။
ဒါက သူရဲ့ မွေးရပ်မြေ... ၂၁ ရာစုက ထွက်ကုန်တစ်ခုပင်။
ဒီပုံစံကြမ်းကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ လုချန်ရဲ့ စိတ်တွေ ဗြောင်းဆန်သွားသည်။ သေချာ စဉ်းစားသုံးသပ်ဖို့ အချိန်လိုတာကြောင့် တည်းခိုခန်းတံခါးတွေကို သူ အမြန်ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။
တည်းခိုခန်းနဲ့ ပတ်သက်သမျှ အရာအားလုံးကို သူ သေချာ ဂရုတစိုက် စဉ်းစားကြည့်လိုက်သည်။ တည်းခိုခန်းက ရှန်းရှလောကမှာ တည်ရှိနေပေမဲ့ အခြားသော ကမ္ဘာပေါင်းများစွာနဲ့ပါ ချိတ်ဆက်နိုင်စွမ်းရှိပုံရသည်။
လုချန်က ဝတ္ထုတွေ ဖတ်ဖူးသူမို့ ဒီလို ခန့်မှန်းချက်မျိုးကို အလွယ်တကူ လက်ခံနိုင်လေသည်။ အစားအသောက်နယ်မြေဆိုတာက ရှင်းရှင်းလင်းလင်းကို နောက်ထပ် ကမ္ဘာတစ်ခုမှာ ရှိနေတာ။ ဒါတင်မကသေးဘူး။ တည်းခိုခန်းနဲ့ ချိတ်ဆက်နေတဲ့ နောက်ထပ် ကမ္ဘာတစ်ခုလည်း ရှိနေသေးသည်။ အဲဒါကတော့ ၂၁ ရာစုပင်။
ခုနက ပြိုင်ပွဲအတွင်းမှာ ထွက်ပေါ်လာတဲ့ ပဲချိုအနှစ်နဲ့ ဝေ့ကျိရှန်းပဲငံပြာရည်တို့က ၂၁ ရာစုက ထွက်ကုန်တွေဆိုတာ သိသာလွန်းနေသည်။ ဒါတွေအားလုံးကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက် လုချန်မှာ ရဲတင်းတဲ့ ခန့်မှန်းချက်တစ်ခု ရှိလာခဲ့သည်။ တကယ်လို့သာ မိုဘိုင်းဖုန်းဆိုင်ဆိုတာ တကယ်ရှိလာခဲ့ရင် ဖုန်းထဲက အရာတွေကရော ၂၁ ရာစုနဲ့ ချိတ်ဆက်နိုင်မလား ဆိုတာပဲ ဖြစ်သည်။
မိုဘိုင်းဖုန်းတွေကို တည်းခိုခန်းက သူ့ဘာသာသူ အလိုအလျောက် ထုတ်လုပ်နိုင်မှာတော့ သေချာပေါက် မဟုတ်ဘူး။ သူ ဒီကမ္ဘာကို ရုတ်တရက်ကြီး ရောက်လာသလိုမျိုးပဲ မိုဘိုင်းဖုန်းတွေကိုလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုခုက သယ်ဆောင်လာတာ ဖြစ်ရမည်။
ဒီအတွေးက နည်းနည်းလေးမှ ရုတ်တရက်ဆန်မနေပါ။ ကမ္ဘာကူးပြောင်းခြင်းကိုတောင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သူတစ်ယောက်အတွက် နောက်ထပ် ဘယ်အရာကများ ရုတ်တရက်ဆန်နေဦးမှာလဲ။
ပြီးတော့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကသာ မိုဘိုင်းဖုန်းတွေကို သယ်ဆောင်လာပေးခဲ့ရင် အဲဒီဖုန်းတွေကိုသုံးပြီး သူ ၂၁ ရာစုနဲ့ တစ်နည်းနည်း ချိတ်ဆက်နိုင်မလား။
လုချန်ရဲ့ စိတ်ထဲမှာ ဒီအတွေး ပေါ်လာတာနဲ့ တစ်ပြိုင်နက် ဘယ်လိုမှ ဖျောက်ဖျက်ပစ်လို့ မရတော့ဘဲ စွဲထင်သွားတော့သည်။ တကယ်လို့သာ ဘေးမှာ လူတစ်ယောက်ယောက် ရှိနေခဲ့ရင် လုချန်ရဲ့ မျက်လုံးတွေ သွေးလိုနီရဲနေတာကို သေချာပေါက် မြင်တွေ့ရလိမ့်မည်။ ဒါက အရမ်းကို စိတ်လှုပ်ရှားလွန်းနေတဲ့ လက္ခဏာပင်။
အခုအချိန်မှာ လုချန်က တခြားဘာကိုမှ ထည့်မစဉ်းစားချင်တော့။ ဒီ မိုဘိုင်းဖုန်းဆိုင်ကိုပဲ ဆောက်ချင်နေမိသည်။ ပထမဆုံး မိုဘိုင်းဖုန်းတစ်လုံးကို သူ့လက်ထဲ ရောက်လာတာနဲ့ တစ်ပြိုင်နက် အရာများစွာကို သူ သဘောပေါက်နားလည်သွားမှာ သေချာသည်။
ဒါပေမဲ့ လက်မောင်းကို ပင့်တင်ကာ စိတ်လှုပ်ရှားစွာနဲ့ တည်ဆောက်ရေးပုံစံကြမ်းကို ဖြန့်ချလိုက်ချိန်မှာတော့ သူ ချက်ချင်း လေလျှော့သွားတော့သည်။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းဆိုတဲ့ မတန်တဆ ဈေးနှုန်းကြီးက လက်ရှိ သူ့အခြေအနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလေ။
“ပိုက်ဆံရှာရမယ်... ပိုက်ဆံရမယ့် နည်းလမ်းကို ရှာမှ ဖြစ်တော့မယ်...”
သူ့စိတ်ကို အတတ်နိုင်ဆုံး ငြိမ်သက်အောင် ထိန်းချုပ်လိုက်ပြီး တည်းခိုခန်းတံခါးတွေကို ဖွင့်ပေးလိုက်သည်။ ချက်ချင်းဆိုသလိုပဲ မရေမတွက်နိုင်တဲ့ ဂုဏ်ပြုစကားသံတွေက အလုံးအရင်းနဲ့ ဝင်ရောက်လာတော့သည်။
“ဆရာဦးလေးငယ်... ခင်ဗျား အရမ်းမိုက်တာပဲ...”
အသက်တစ်ရာကျော်နေပြီဖြစ်တဲ့ အဘိုးကြီးလျိုက အထဲဝင်လာရင်း အာမေဋိတ်သံနဲ့ ပြောလိုက်သည်။
'ဆရာဦးလေးငယ်' ဆိုတဲ့ အခေါ်အဝေါ်ကို ကြားလိုက်ရချိန်မှာတော့ လုချန်မှာ အရမ်းကို အနေရခက်သွားသည်။ ဒီ အဘိုးကြီးလျိုက အဝီစိတောင်ရဲ့ မဟာအကြီးအကဲလေ။ သူ့သားဆိုရင်တောင် အသက် ခုနစ်ဆယ်ကျော်နေပြီ။
“အဟမ်း... အဲဒီလို မခေါ်ပါနဲ့... ကျွန်တော်တို့ သက်ဆိုင်ရာ မျိုးဆက်အလိုက်ပဲ သတ်မှတ်ကြတာပေါ့...”
“ဘယ်ရပါ့မလဲ ဆရာဦးလေးငယ်ရဲ့... ကျွန်တော့်ဆရာက သူ့တပည့်အဖြစ် ခံယူပြီးပြီဆိုမှတော့ ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်လို့ ပြောထားတာ... ပြီးတော့ ဂိုဏ်းမှာ အရေးအကြီးဆုံးက မျိုးဆက်အဆင့်အတန်း ခွဲခြားဖို့ပဲတဲ့...”
အဘိုးကြီးလျိုက လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်သည်။
'ခင်ဗျားအမေကြီးရဲ့မျိုးဆက်ကို သွားခွဲခြားနေလိုက်ပါလား...'
လုချန် မျက်လုံးလှန်ကြည့်လိုက်မိသည်။ သူတောင်းစားအဘိုးအိုက သူ့ထက် ရာစုနှစ်ပေါင်းများစွာ ကြီးနေတာတောင် သူ့ကို ညီလေးလို့ ချက်ချင်း ခေါ်ခဲ့တာလေ။ ဒါက ဘယ်လို ဂိုဏ်းစည်းမျဉ်းမျိုးလဲ... ပြီးတော့ အရေးအကြီးဆုံးဆိုပါလား။
သူ နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ဖျောင်းဖျကြည့်ပေမဲ့ အဘိုးကြီးလျိုက အရမ်းကို ခေါင်းမာလွန်းနေတာကြောင့် လုချန်မှာ လက်လျှော့လိုက်ရတော့သည်။
ဒါက အရမ်းကို အနေရခက်တဲ့ အခြေအနေတစ်ခုကို ဖန်တီးလိုက်သလိုပင်။ အရင်က လုချန်နဲ့ တန်းတူ ဆက်ဆံခဲ့ကြတဲ့ ဂိုဏ်းချုပ်တွေက အခု အဘိုးကြီးလျိုရှေ့မှာ လုချန်ကို ဘယ်လိုခေါ်ရမှန်း မသိတော့ပေ။
တန်းတူဆက်ဆံရမလား... သူတို့က အဘိုးကြီးလျိုထက် မျိုးဆက်တစ်ခုစာလောက် ငယ်နေတာလေ။
“ကျွန်တော်တို့က ကျွန်တော်တို့ ဆက်ဆံရေးအတိုင်းပဲ နေကြတာပေါ့... လွှမ်းမိုးမခံကြပါနဲ့...”
လုချန်က ပြောလိုက်သည်။
“ဆရာဒေါ်လေးငယ်... မြန်မြန် ထိုင်ပါဦး...”
အဘိုးကြီးလျိုက ရှောင်ရွှီနဲ့ တခြားသူတွေ ဝင်လာတာကို မြင်တော့ သူ့နေရာကို ကိုယ်တိုင်ကိုယ်ကျ ဖယ်ပေးလိုက်သည်။
ရှောင်ရွှီရဲ့ မျက်နှာလေး ရဲတက်သွားသည်။
“ဆရာဒေါ်လေးငယ်တို့လည်း ထိုင်ကြပါဦး...”
အဘိုးကြီးလျိုက ထပ်ရောက်လာပြီး ကျင်ကျောင်းနဲ့ တခြားသူတွေကိုပါ ပြောလိုက်သည်။
“လုလေး... မင်း ကုန်းမြေတိုက်ငါးခု အစားအသောက်ပြိုင်ပွဲမှာ ချန်ပီယံဆု ရသွားတယ်ဆို...”
အဘိုးကြီးလျိုက ဂျူနီယာတစ်ယောက်လို ရိုရိုသေသေ အရိုအသေပေးနေပြီး တခြား ပထမအဆင့်ဂိုဏ်းချုပ်တွေ စကားမဟရဲဖြစ်နေချိန်မှာပဲ ထောင်ယွီက တံခါးဝကနေ ခပ်ကြွားကြွား ဝင်လာခဲ့သည်။
'လုလေး' ဆိုတဲ့ အခေါ်အဝေါ် တစ်ခုတည်းကပဲ သူ့ဆီကို မရေမတွက်နိုင်တဲ့ အကြည့်တွေကို ချက်ချင်း ရောက်လာစေခဲ့သည်။ အဲဒီအကြည့်တွေက ထိပ်တန်းပညာရှင် အသီးသီးဆီကနေ လာတာဖြစ်လို့ ထောင်ယွီမှာ နေရခက်သွားတော့သည်။
“ကျွန်တော် ပြောပြီးပြီလေ... ကျွန်တော်တို့က ကျွန်တော်တို့ ဆက်ဆံရေးအတိုင်းပဲ နေကြတာပေါ့လို့...”
လုချန်က နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
ကျင်ကျောင်းက အမြန်ရှေ့တိုးလာပြီး ထောင်ယွီကို ဘေးဆွဲခေါ်ကာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ရှင်းပြလိုက်သည်။
ကျင်ကျောင်း ရှင်းပြနေချိန်မှာ ထောင်ယွီရဲ့ အကြည့်တွေက အဘိုးကြီးလျိုနဲ့ လုချန်ကြားမှာ ရစ်ဝဲနေပြီး ရယ်ချင်စိတ်ကို မနည်းအောင့်အီးထားရလို့ သူ့မျက်နှာကြီး ရှုံ့မဲ့နေတာကို တွေ့လိုက်ရသည်။
“တောင်းပန်ပါတယ်... သူဌေးလု ရှိပါသလား...”
တံခါးဝကနေ အနည်းငယ် စိမ်းသက်နေတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။
တံခါးဝမှာ လူရိပ်နှစ်ခု ပေါ်လာသည်။ သမီးဖြစ်သူနဲ့အတူ ရောက်လာတဲ့ သက်လတ်ပိုင်းလူကြီးပင်။
“တောင်ကြားသခင်စွန်း...”
အဲဒီလူ ပေါ်လာတာနဲ့ တစ်ပြိုင်နက် ချက်ချင်း မှတ်မိသွားကြသည်။ တည်းခိုခန်းထဲမှာ ပထမအဆင့် ဂိုဏ်းချုပ်တွေနဲ့ ပထမအဆင့်ဂိုဏ်းက မဟာအကြီးအကဲတွေ ရှိနေတာလေ။ သူတို့အားလုံးက အလယ်ပိုင်းကုန်းမြေတိုက်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေချည်းပဲမို့ ဆေးတောင်ကြားရဲ့ ဂိုဏ်းချုပ်ကို မှတ်မိနေတာက မဆန်းတော့ပေ။
“စီနီယာလျို...”
တောင်ကြားသခင်စွန်းက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။ ခုနက ပြိုင်ပွဲကို ကြည့်နေတုန်းက ဒီလူတွေကို သူ မြင်ခဲ့ပြီးသားလေ။
“ကျုပ်ရဲ့ ဆရာဦးလေးငယ်ဆီ ဘာကိစ္စရှိလို့လဲ...”
“အဲဒါက...”
တောင်ကြားသခင်စွန်းက လက်နှစ်ဖက် ထပ်ဆုပ်လိုက်ပြီး...
“ရိုးရိုးသားသား ပြောရရင် စီနီယာလျို... ကျွန်တော် ဒီကိုလာတာ သူဌေးလုဆီကနေ မီးတောက်တစ်ခုလောက် ငှားချင်လို့ပါ...”
“မီးတောက် ငှားမလို့လား... ကျုပ်ဆီမှာ ရှိတယ်...”
တည်းခိုခန်းထဲက ပထမအဆင့် ဂိုဏ်းချုပ်တစ်ယောက်က ရှေ့ထွက်လာသည်။
“ခင်ဗျားဆီမှာ မီးတောက် ရှိတယ်...”
“သောက်ကျိုးနည်း... ရှိတာပေါ့ဗျ... ဒီခေတ်ကြီးမှာ မီးခြစ်မပါဘဲ ဘယ်သူက အပြင်ထွက်တော့မှာလဲ...”
ပထမအဆင့် ဂိုဏ်းချုပ်က သူ့အင်္ကျီထဲ လက်နှိုက်ပြီး စီးကရက်တစ်လိပ်ကို ကျွမ်းကျင်စွာ ဆွဲထုတ်လိုက်ကာ နှုတ်ခမ်းကြား ညှပ်လိုက်သည်။ ထို့နောက် တည်းခိုခန်းပြင်ထွက်သွားပြီး 'ဖျစ်' ခနဲ မြည်သံနဲ့အတူ သူ့လက်ချောင်းပေါ်မှာ မီးတောက်တစ်ခု လင်းလက်သွားကာ ပါးစပ်ထဲက စီးကရက်ကို မီးညှိလိုက်သည်။ သူက အသက်ကို ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး သာယာယစ်မူးနေတဲ့ အမူအရာနဲ့ ပြောလိုက်သည်။
“တောင်ကြားသခင်စွန်း... ခင်ဗျားက ဆေးဖော်စပ်သူပဲ... မီးညှိတတ်တယ်မလား...”
တောင်ကြားသခင်စွန်းမှာ ကြည့်နေရင်း နဖူးကနေ ချွေးအေးတွေ စီးကျလာတော့သည်။
'လခွမ်း... ငါပြောတာက အစစ်အမှန် သမာဓိမီးကို ကွ... အခု မင်းက ဘာတွေ လာလုပ်ပြနေတာလဲ...'
“ဟို... ကျွန်တော် ငှားချင်တဲ့ မီးတောက်က ဒါမျိုးမဟုတ်ဘူး... သူဌေးလု ဟင်းချက်တဲ့နေရာမှာ သုံးတဲ့ အစစ်အမှန် သမာဓိမီးကို ပြောတာပါ...”
***