အစစ်အမှန် သမာဓိမီး...
တောင်ကြားသခင်စွန်းရဲ့ စကားက အားလုံးကို သိသိသာသာ အံ့အားသင့်သွားစေသည်။
သူ ဘာပြောလိုက်တာလဲ... ဒဏ္ဍာရီလာ အစစ်အမှန် သမာဓိမီးတဲ့လား... သူဌေးလုက ဟင်းချက်ဖို့ အစစ်အမှန် သမာဓိမီးကို သုံးတာတဲ့လား...
မဖြစ်နိုင်လိုက်တာ...
လုချန်က သာမန်မဟုတ်ဘူးဆိုတာ သူတို့ သိထားပြီးသားဖြစ်ပေမဲ့ အခု ဒီစကားကို ကြားလိုက်ရချိန်မှာတော့ သူတို့အားလုံး လုချန်ကို အထင်သေးမိခဲ့မှန်း သဘောပေါက်သွားကြသည်။
သူက တကယ်ကြီး ဟင်းချက်ဖို့ အစစ်အမှန် သမာဓိမီးကို သုံးတာလား...
“ခင်ဗျား အမြင်မှားတာ မဟုတ်ဘူးမလား... ကျွန်တော့်ရဲ့ ဆရာဦးလေးငယ်က ဟင်းချက်တဲ့နေရာမှာ အစစ်အမှန် သမာဓိမီးကို သုံးတယ်ဆိုပါလား...”
“စီနီယာလျို... ကျွန်တော် ဆေးဖော်စပ်တဲ့ပညာကို ကျင့်ကြံလာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပါပြီ... အစစ်အမှန် သမာဓိမီးအကြောင်းကိုလည်း ဆယ်စုနှစ်ပေါင်းများစွာ လေ့လာခဲ့တာပါ... အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ပေမဲ့ အဲဒီခံစားချက်ကတော့ သေချာပေါက် မမှားနိုင်ပါဘူး”
တောင်ကြားသခင်စွန်းက ပြောလိုက်သည်။
“ရှူး...”
တည်းခိုခန်းထဲက လူတွေအားလုံးက လုချန်ဆီ တစ်ပြိုင်နက် လှမ်းကြည့်လိုက်ကြသည်။
မိုက်လိုက်တာ...
တကယ်ကို လန်ထွက်နေတာပဲ...
သူက အစစ်အမှန် သမာဓိမီးကိုတောင် ဟင်းချက်ဖို့ သုံးတယ်တဲ့...
လူအများကြီးရဲ့ အကြည့်တွေအောက်မှာ လုချန်က ခေါင်းကုတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့နေတဲ့ဟန်ဖြင့်...
“အင်း... အဲဒါက တကယ်ပဲ အစစ်အမှန် သမာဓိမီးပါ...”
တကယ်ကြီးပါလား...
လုချန် ကိုယ်တိုင် ဝန်ခံလိုက်တာကြောင့် အားလုံးက လေးစားအားကျသွားကြသည်။
စွမ်းအားဆိုတာ ဘာလဲ... ဒါကမှ အစစ်အမှန် စွမ်းအားပဲ...
အစစ်အမှန် သမာဓိမီးကို ဟင်းချက်ဖို့ သုံးတာတဲ့လေ...
“သူဌေးလု... ကျွန်တော် ခင်ဗျားဆီကနေ မီးတောက်တစ်ခုလောက် ငှားပါရစေလို့ ရဲရဲဝံ့ဝံ့ တောင်းဆိုပါရစေ...”
“ကျွန်တော့်ဆီက မီးငှားမလို့... ဘာလုပ်ဖို့လဲ...”
“ရိုးရိုးသားသား ပြောရရင် ကျွန်တော်က ဆေးတောင်ကြားက လာတာပါ... အခု ဆေးတောင်ကြားမှာ ကပ်ဘေးကြီးတစ်ခု ကြုံနေရတယ်... နှစ်ရာနဲ့ချီပြီး လောင်ကျွမ်းနေတဲ့ ဆေးမီးတောက်က ငြိမ်းတော့မလို့ ဖြစ်နေတာပါ... ဒါကြောင့် ဆေးမီးတောက်ကို ရှာဖွေဖို့ ကျွန်တော် တောင်ကြားထဲကနေ အထူးတလည် ထွက်လာခဲ့တာ... ဒီနေရာကို မတော်တဆ ဖြတ်သွားရင်းနဲ့ သူဌေးလုက အစစ်အမှန် သမာဓိမီးနဲ့ ဟင်းချက်နေတာကို မြင်လိုက်ရတယ်... ဒါက ဆေးမီးတောက်ထက် အဆင့်တစ်ဆင့် အပြည့်အဝ ပိုမြင့်တဲ့ ဆေးဖော်စပ်ခြင်းအတွက် ဒဏ္ဍာရီလာ အထွတ်အမြတ် မီးတောက်ပဲလေ... ဒါကြောင့် ကျွန်တော့်ရဲ့ ဆေးတောင်ကြားကို ကယ်တင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ဒီမီးတောက်ကို ငှားရမ်းဖို့ သူဌေးလုဆီ လာခဲ့တာပါ...”
တောင်ကြားသခင်စွန်းက အကောက်ကြံလိုစိတ် မပါဘဲ ရိုးသားစွာ ပြောလာသည်။
‘ဆေးတောင်ကြား...’
တစ်ဖက်လူရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ကြားလိုက်ရချိန်မှာတော့ လုချန်ရဲ့ မျက်လုံးတွေ ချက်ချင်း လင်းလက်သွားသည်။ ဒီရှန်းရှလောကမှာ အချမ်းသာဆုံးလူတွေက ဆေးဖော်စပ်သူတွေနဲ့ လက်နက်သွန်းလုပ်သူတွေ ဖြစ်တယ်လို့ စာအုပ်တွေထဲမှာ အစောကြီးကတည်းက မှတ်တမ်းတင်ထားတာလေ။ သာမန်လူတွေ နားမလည်နိုင်တဲ့ နည်းလမ်းတွေကို သူတို့က ပိုင်ဆိုင်ထားတာကြောင့် ဧရာမ ဥစ္စာဓနတွေကို စုဆောင်းနိုင်ကြသည်။ အခြေခံအားဖြင့် ဒါက လက်ဝါးကြီးအုပ်ထားတဲ့ လုပ်ငန်းတစ်ခုပင်။ ဆေးလုံးတွေရဲ့ အမြတ်အစွန်းက ၂၁ ရာစုက ဆေးဝါးတွေထက် အဆပေါင်းများစွာ ပိုများသည်။
‘ဆေးဖော်စပ်သူ’ ဆိုတဲ့ ဝေါဟာရကကိုက ဥစ္စာဓနရဲ့ သင်္ကေတပဲ။ ပြီးတော့ သာမန်ချမ်းသာတာမျိုး မဟုတ်ဘူး... အလွန်အမင်းကို ချမ်းသာကြွယ်ဝတာ။ ထိပ်တန်းအဆင့် ဆေးဖော်စပ်သူတစ်ယောက်ဆိုရင် တုကူးမိသားစုထက်တောင် ပိုများတဲ့ ပိုင်ဆိုင်မှုတွေ ရှိနိုင်သေးသည်။ ဒါက စကားလုံးသက်သက် မဟုတ်ဘူး... အစစ်အမှန် လက်တွေ့ပင်။
ပြီးတော့ အခုအချိန်မှာ လုချန် အလိုအပ်ဆုံးက ဘာလဲ... စိတ်ဝိညာဉ်ကျောက်တုံးတွေလေ...
တောင်ကြားသခင်စွန်း ပေါ်လာတာက သူ့ရဲ့ အရေးပေါ် ပြဿနာကို ဖြေရှင်းပေးလိုက်သလိုပါပဲ။
“ခင်ဗျားကို မီးငှားဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့...”
လုချန်က အခက်တွေ့နေတဲ့ မျက်နှာထားမျိုး တမင်တကာ ဖန်တီးလိုက်သည်။
“သူဌေးလု... ကျေးဇူးပြုပြီး ပြောပါ...”
လုချန်ရဲ့ စကားက တောင်ကြားသခင်စွန်းကို ဝမ်းသာသွားစေသည်။ တစ်ဖက်လူက ဒီလိုပြောလာတယ်ဆိုတာ တစ်ခုခုတော့ ပြန်ပေးဆပ်ရမှာ မှန်ပေမဲ့ ငှားဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သဘောပဲလေ။ အဲဒီတော့ ဘာအရေးလဲ။ ဒါက ဆေးဖော်စပ်ခြင်းအတွက် အထွတ်အမြတ် မီးတောက်ပဲ။ ဆေးတောင်ကြားကို ကယ်တင်နိုင်ရုံတင် မကဘူး... မဟုတ်ဘူး... ကယ်တင်ရုံတင်မကဘဲ ဆေးတောင်ကြားကို နောက်ထပ် အဆင့်သစ်တစ်ခုအထိ မြှင့်တင်ပေးနိုင်တာ။ သူဌေးလုက ဘယ်လိုတောင်းဆိုမှုမျိုးပဲ လုပ်လုပ် သူ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ သူ့စိတ်ထဲမှာ ဆုံးဖြတ်ထားပြီးဖြစ်သည်။
“မီးတောက်ရဲ့ အရင်းအမြစ်က အကန့်အသတ် ရှိတယ်... တကယ်လို့ ခင်ဗျားက မီးတောက်ကို ယူချင်တယ်ဆိုရင် ကျွန်တော့်ကို စိတ်ဝိညာဉ်ကျောက်တုံးတွေ အရင်ပေးဖို့ လိုလိမ့်မယ်...”
‘စိတ်ဝိညာဉ်ကျောက်တုံးတွေ...’
ဒီစကားလုံးနှစ်လုံးကို ကြားလိုက်ရတဲ့အခါ တောင်ကြားသခင်စွန်းက ချက်ချင်း ဇဝေဇဝါ ဖြစ်သွားသည်။ စိတ်ဝိညာဉ်ကျောက်တုံးတွေက အဖိုးတန်တာ မှန်ပေမဲ့ အလွန်ကို အတွေ့ရများတဲ့ အရာတွေလေ။ လုချန်က သူ့ကို ကမ္ဘာမြေရတနာ တစ်ခုခုများ တောင်းဆိုမလားလို့ သူ မျှော်လင့်ထားခဲ့တာ။ တကယ်လို့ စိတ်ဝိညာဉ်ကျောက်တုံးတွေလောက် ဆိုရင်တော့ သူ့အတွက် ရဖို့ အလွယ်ကူဆုံး အရာပဲပေါ့။
“ဟုတ်တယ်... ကျွန်တော် စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုချင်တယ်... ဒါမှမဟုတ်ရင် ခင်ဗျားက မီးတောက် အရင်းအမြစ် တချို့ကို ယူသွားတဲ့အခါ ကျွန်တော် သုံးစရာ မကျန်တော့ဘဲ နေလိမ့်မယ်...”
“သူဌေးလုက စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်များများ လိုချင်တာလဲ သိပါရစေ...”
“အဲဒါက...”
ဒီတစ်ခါတော့ လုချန် တကယ် အခက်တွေ့သွားပြီ။ ဘယ်လောက်တောင်းရင် သင့်တော်မလဲ။
ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းလို့ တိုက်ရိုက်တောင်းလိုက်ရင်... လခွမ်း... ဒါက အရမ်း လွန်လွန်းမသွားဘူးလား။ သူတို့ကို လန့်ပြေးအောင် လုပ်သလို ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဆေးဖော်စပ်သူတွေက ချမ်းသာတယ်ဆိုပေမဲ့ ဒီနေရာက ကုန်းမြေတိုက်ငါးခုပဲ ရှိသေးတာလေ။ ရှန်းရှလောကမှာဆိုရင် ကျွန်းငယ်လေး တစ်ကျွန်းစာလောက်ပဲ ရှိတာ။
တစ်ထောင်လို့ တောင်းမလား... ဒါကလည်း... အဆင်မပြေလောက်ဘူး။ ကောင်းပြီလေ... အလယ်အလတ် ဂဏန်းတစ်ခုကိုပဲ ရွေးလိုက်တော့မယ်။
“ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်...”
“ငါးထောင်...”
ဒီဂဏန်းကို ကြားလိုက်ရတဲ့အခါ တောင်ကြားသခင်စွန်းရဲ့ သမီးက အံ့အားသင့်စွာနဲ့ အာမေဋိတ်သံ ထွက်သွားသည်။
ဒီလူက တကယ်ကြီး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်တောင် လိုချင်တာလား။ ဒါက တကယ်ကို မတန်တဆ တောင်းဆိုမှုကြီးပဲ။
“ကောင်းပါပြီ...”
တောင်ကြားသခင်စွန်းက တစ်ချက်လေးတောင် တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။ တကယ်တော့ လုချန်က ဘယ်လောက်ပဲတောင်းတောင်း... တစ်သောင်းပဲဖြစ်ဖြစ်၊ နှစ်သောင်းပဲဖြစ်ဖြစ် သူ ငြင်းဆန်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒါက အစစ်အမှန် သမာဓိမီးလေ။ တကယ်လို့ ဒီအခွင့်အရေးကို လွတ်သွားခဲ့ရင် သူ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး။
“ဒါပေမဲ့ သူဌေးလု... ငါးထောင်ဆိုတာ တော်တော်များတဲ့ ပမာဏပဲ... အခုချက်ချင်းကြီး အဲဒီလောက် အများကြီး မထုတ်ပေးနိုင်ဘူး... ဒီမှာ တစ်ထောင် ရှိတယ်... ဒါကို စရန်ငွေအဖြစ် ထားလိုက်ပါ... ကျန်တာတွေကို ကျွန်တော် အမြန်ဆုံး စုဆောင်းပေးပါ့မယ်...”
တောင်ကြားသခင်စွန်းက သိုလှောင်လက်စွပ်တစ်ကွင်းကို ကမ်းပေးလိုက်သည်။ လက်စွပ်လေးက သေသပ်လှပတဲ့ ပုံပန်းသဏ္ဍာန်ရှိပြီး အဆင့်မြင့်ပစ္စည်းတစ်ခုဆိုတာ သိသာလှသည်။
“ပြဿနာမရှိပါဘူး... ပြဿနာမရှိပါဘူး...”
လုချန်က အပြုံးလေးနဲ့ သိုလှောင်လက်စွပ်ကို ချက်ချင်း လှမ်းယူလိုက်ပြီး သူ့အင်္ကျီထဲကို အမြန် ထည့်လိုက်သည်။
သူ အဲဒီလို လုပ်နေတာကို မြင်တော့ တောင်ကြားသခင်စွန်းရဲ့ သမီးက ‘ပိုက်ဆံမက်တဲ့ကောင်’ လို့ တီးတိုးရေရွတ်လိုက်သည်။
“သူဌေးလု... ဒါဆို ကျွန်တော်တို့ အရင် ခွင့်ပြုပါဦး... နောက်မှပဲ ပြန်လာပြီး ဒုက္ခပေးပါ့မယ်...”
“ရပါတယ်... ရပါတယ်...”
လုချန်က အဲဒီသားအဖနှစ်ယောက်ကို တည်းခိုခန်းအပြင်ဘက်အထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလိုက်သည်။
မိုဘိုင်းဖုန်းဆိုင် တည်ဆောက်ဖို့ လိုအပ်တဲ့ စိတ်ဝိညာဉ်ကျောက်တုံး အများစုကို ချက်ချင်း ရရှိသွားတာကြောင့် လုချန် အရမ်းကို ပျော်ရွှင်နေသည်။ အဲဒီမှာ ရှိနေတဲ့ လူအများကြီးကို ကြည့်ရင်း သူက လက်ကို ခပ်ကြွားကြွားလေး ဝှေ့ယမ်းလိုက်ပြီး...
“ဒီနေ့ နေ့လယ်ပိုင်း ဆိုင်မဖွင့်တော့ဘူး... ဒီည အားလုံးပဲ ညစာလာစားလှည့်ကြ... ကျွန်တော် ဒကာခံမယ်...”
လုချန် ကိုယ်တိုင် ဒကာခံတာတဲ့။
ဒါက ပထမဆုံးအကြိမ် မဟုတ်ပေမဲ့ ရှားပါးတဲ့ အခိုက်အတန့်တစ်ခုပင်။ ဒီနေ့ လုချန်က ကုန်းမြေတိုက်ငါးခုရဲ့ ပထမဆုံး ရှားပါးဟင်းလျာဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိသွားတဲ့အတွက် အားလုံးက ဝမ်းသာနေကြသည်။
အမျိုးသမီးတွေက အပြင်ထွက်သွားကြပြီး သူတို့ကိစ္စတွေ လုပ်ဖို့ အခန်းတွေဆီ ပြန်သွားကြသည်။ ရှောက်ချင်းက ဒီနေ့ စိတ်ခံစားချက် ကောင်းနေပုံရသည်။ လုချန်နဲ့ သူမကြားက နောက်ဆုံး ကန့်လန့်ကာကို ဖယ်ရှားလိုက်ပြီးနောက်မှာ သူမရဲ့ စိတ်ဒဏ်ရာက တော်တော်လေး လျော့ပါးသွားပုံရသည်။ သူမက ဖေ့ယီရှန်ရဲ့ နောက်ကနေ လိမ္မာရေးခြားရှိစွာ လိုက်ပါသွားပြီး အရင်လို ထိတ်လန့်ကြောက်ရွံ့နေတာမျိုး မရှိတော့ပေ။
ဒါကို မြင်ရတဲ့အတွက် လုချန် ဝမ်းသာသွားသည်။ ရှောက်ချင်းက ဒီလို လိမ္မာပြီး ချစ်စရာကောင်းနေတာ မှန်ပေမဲ့ အရင်က ပုံစံအတိုင်း ပြန်ဖြစ်သွားဖို့ကို သူ ပိုပြီး မျှော်လင့်မိသည်။
သူမကို အပြင်ပိုခေါ်သွားပေးဖို့ ဖေ့ယီရှန်ကို သူ မှာကြားလိုက်သည်။
တည်းခိုခန်း အဝင်ဝမှာ ရှိနေတဲ့ ရှောက်မိသားစုဝင်တွေကိုတော့ ဖယ်ရှားပစ်လိုက်ပြီ ဖြစ်သည်။ သူတို့ကို အဲဒီမှာ ဆက်ထားရင် မြင်ရတာ တကယ်ကို မျက်စိနောက်စရာ ကောင်းလွန်းလို့ပင်။ ပထမအဆင့် ဂိုဏ်းချုပ်တစ်ယောက်က တပည့်ဆယ်ယောက်ကျော်ကို အထူးစီစဉ်ပေးပြီး သူတို့ကို ရှောက်စံအိမ်မှာ နေ့တိုင်း သွားဆွဲချိတ်ထားစေသည်။ သေလုမျောပါး ဖြစ်နေချိန်မှာတောင် ရေတစ်ငုံ၊ ထမင်းတစ်လုတ်ပဲကျွေးပြီး သူတို့ရဲ့ အသက်ကို အတင်းအဓမ္မ ဆက်ရှင်သန်နေစေသည်။
အားလုံး တည်းခိုခန်းထဲက ထွက်သွားပြီး တံခါးတွေ ပိတ်လိုက်ပြီးတဲ့နောက်မှာတော့ လုချန်က ဆိုင်ရဲ့ ဖန်တီးခြင်းပုံစံကြမ်းကို ဖွင့်လိုက်ပြီး ဆိုင်ကို အဆင့်မြှင့်တင်ဖို့ ဖန်တီးခြင်းကျောက်တုံး တစ်တုံးကို အသုံးပြုလိုက်သည်။ သေချာတာပေါ့... စိတ်ဝိညာဉ်ကျောက်တုံးတွေလည်း ကုန်ကျသွားသေးသည်။ ပထမဆုံးအကြိမ် မီးဖိုချောင်ကို တည်ဆောက်တုန်းက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး လေးရာ့ငါးဆယ် ကုန်ကျခဲ့တာနဲ့ ယှဉ်ရင် ဒီတစ်ကြိမ် ကုန်ကျစရိတ်က ဆယ်ဆ တက်သွားသည်။ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး လေးရာ့ငါးဆယ် ကုန်ကျသွားခြင်းပင်။ ကံကောင်းထောက်မစွာနဲ့ပဲ လုချန်က စရန်ငွေလေးခုလေးတင် ရထားတာမို့ ဒါတွေကို သုံးရတာ နည်းနည်းလေးမှ နှမြောတွန့်တိုမနေခဲ့ပေ။
ဖန်တီးခြင်းကျောက်တုံးကို သုံးလိုက်တိုင်း အသွင်အပြင်က ပြောင်းလဲသွားလေ့ရှိသည်။ ကောင်တာရဲ့ အနောက်ဘက်မှာ မတ်တတ်ရပ်နေတဲ့ ဘီရိုတစ်လုံး ပေါ်လာသည်။ လူတစ်ရပ်ခွဲစာလောက် အမြင့်ရှိပြီး အနီရင့်ရောင်ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်တွေက လူတွေ သုံးလေ့ရှိတဲ့ တံခါးနှစ်ပေါက်ပါ ဘီရိုဒီဇိုင်းနဲ့ တစ်ပုံစံတည်းပင်။ ဘီရိုတံခါးတွေကိုတော့ ပိတ်ထားသည်။
ဒီတည်ဆောက်ရေးက အရမ်းကို မြန်ဆန်လှပြီး ဆယ်မိနစ်လောက်နဲ့တင် လုံးဝ ပြီးစီးသွားသည်။
လုချန်က ဘီရိုကို ကြည့်လိုက်တဲ့အခါ သူ့မျက်စိရှေ့မှာ ပုံရိပ်ယောင်တွေ ချက်ချင်း ထွက်ပေါ်လာသည်။
[ရေခဲနှလုံးသား ကျောက်စိမ်း ဝိုင်အရက်... အရည်အသွေးမြင့် ကုန်ကြမ်းပေါင်းများစွာကို အသုံးပြုကာ ၄၉ နှစ်တိုင်တိုင် ချက်လုပ်ထားသည်]
အဆင့်မြှင့်တင်လိုက်တဲ့ ဒီဆိုင်မှာ အံ့သြစရာကောင်းလောက်အောင် အရက်ယမကာတွေ ပေါ်လာခဲ့ပြီ။
မှတ်ချက်က ပြီးစလွယ် ရေးထားပေမဲ့ နာမည်ကို ကြည့်လိုက်တာနဲ့တင် ဒါက သာမန်ပစ္စည်း မဟုတ်ဘူးဆိုတာ လုချန် သိလိုက်သည်။ ဒီစနစ်က ကိုယ့်ပါးစပ် ကိုယ်ပြန်မရိုက်တဲ့ အရမ်းကို မာနကြီးတဲ့ကောင်လေ။
***