မြို့တော်ပြင်ပတွင် တောင်ကြားသခင်စွန်းက သမီးဖြစ်သူနှင့်အတူ ခရီးဆက်နေသည်။
“အဖေ... အဖေက ဘာလို့ သူ့ကို သဘောတူလိုက်ရတာလဲ... ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်တောင်နော်... မီးတောက်တစ်ခု ငှားရုံလေးကို မီးစေ့အကြောင်းတွေ ပြောနေသေးတယ်... အဲဒါက လိမ်နေမှန်း သိသာကြီးကို... အဓိပ္ပာယ်မရှိတာတွေ”
တောင်ကြားသခင်စွန်း၏ သမီးဖြစ်သူ စွန်းရှောင်ရှောင်က မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။
“ရှောင်ရှောင်... သမီး မှားနေပြီ... အဖေ သမီးကို ရှေးဟောင်းကျမ်းစာတွေ ပိုဖတ်ဖို့ အစောကြီးကတည်းက ပြောထားသားပဲ... ဒါပေမဲ့ သမီးက ကဗျာတွေ သီချင်းတွေကိုပဲ သဘောကျနေပြီး ကျင့်ကြံသူတွေအနေနဲ့ ဘာကို ဂရုစိုက်သင့်တယ်ဆိုတာကို ဘာမှ နားမလည်ဘူး... သူဌေးလုက မဟာဆရာသခင်တစ်ယောက်ပဲ... စွမ်းအားကြီးမားတဲ့ ဘယ်ပညာရှင်မဆို သူတို့လုပ်သမျှ အရာရာတိုင်းမှာ ကံတရားရဲ့ အကြောင်းအကျိုးဆက်စပ်မှုကို လိုက်နာကြတယ်... ဒါက နက်နဲတဲ့ သဘောတရားတစ်ခုပဲ... သူဌေးလုဆီမှာ အစစ်အမှန် သမာဓိမီး ရှိတာ မှန်ပေမဲ့ ငါတို့က တစ်ခါမှ ဆုံဖူးခဲ့ကြတာ မဟုတ်ဘူး... တကယ်လို့ သူက အကြောင်းပြချက်မရှိဘဲ မီးစေ့ကို ငါ့ဆီ ငှားလိုက်မယ်ဆိုရင် ဒီအကြောင်းအကျိုးဆက်စပ်မှုကို သူ ချိုးဖောက်သလို ဖြစ်သွားလိမ့်မယ်... ဒီနေ့ ပြိုင်ပွဲမှာလိုမျိုးပေါ့... သူဌေးလုဆီမှာ မူလကတည်းက လူတိုင်းကို ဖိနှိပ်နိုင်တဲ့ စွမ်းအားတွေ ရှိနေပေမဲ့ သူက ဒီအကြောင်းအကျိုးဆက်စပ်မှုကို ဆက်ပြီး လိုက်နာနေတုန်းပဲ... ဟင်းချက်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ဟင်းချက်စွမ်းရည်နဲ့ပဲ အနိုင်ယူရမယ်ဆိုတဲ့ သဘောပေါ့... သမီး နားလည်လား”
တကယ်လို့ တောင်ကြားသခင်စွန်းရဲ့ စကားတွေကိုသာ လုချန် ကြားလိုက်ရမယ်ဆိုရင် သူ ဘာတွေတွေးနေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။ ဒါပေမဲ့ သေချာ ပြန်စဉ်းစားကြည့်ရင်တော့ လုချန်က လုံးဝ တခြားတစ်မျိုးကို သဘောပေါက်သွားနိုင်လေသည်။
အချိန်တွေ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်း ညနေခင်းသို့ ရောက်ရှိလာသည်။ ကောင်းကင်ယံ တဖြည်းဖြည်း မှောင်မိုက်လာချိန်တွင် တည်းခိုခန်း၏ ပင်မတံခါးကြီးများ ပွင့်လာခဲ့သည်။
တံခါးအပြင်ဘက်မှာ စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီးက ဆက်မစောင့်နိုင်တော့ဘဲ တည်းခိုခန်းထဲသို့ အလုအယက် ဝင်ရောက်လာကြသည်။ တည်းခိုခန်းထဲရှိ စားပွဲတိုင်းပေါ်တွင် အကြည်ရောင်နှင့် အနီရောင် ဟင်းရည်များ ရှင်းလင်းစွာ ပိုင်းခြားထားသည့် အိုးကြီးတစ်လုံးစီ ရှိနေသည်။ စားပွဲများပေါ်တွင် ဟင်းလျာအမျိုးမျိုးကိုလည်း ချထားလေသည်။ လုချန်က သူတို့ကို ဟော့ပေါ့စားပွဲဖြင့် ဧည့်ခံရန် ရည်ရွယ်ထားပုံရ၏။
အိုးထဲမှ ဟင်းရည်များက ဆူပွက်နေပြီဖြစ်ပြီး အခန်းတစ်ခုလုံးတွင် အခြေခံဟင်းရည်အိုး၏ ထူးခြားလှသော ရနံ့များ ပြည့်နှံ့နေသည်။ ဝင်လာသူတိုင်းနီးပါး အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကြသည်။
“ဂိုဏ်းချုပ်စွန်းဝမ် မရောက်လာသေးဘူးလား”
လုချန်က မီးဖိုချောင်ထဲမှ ထွက်လာရင်း မေးလိုက်သည်။
“အဘိုးကြီးစွန်းကတော့... ဟူး...”
စွန်းဝမ်နှင့် ဆက်ဆံရေးကောင်းမွန်သော ဂိုဏ်းချုပ်တစ်ယောက်က သက်ပြင်းချလိုက်သည်။ ပြီးခဲ့သည့်အကြိမ်က ထိုကိစ္စ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စွန်းဝမ်က လုချန်ကို အားနာစိတ်ဖြစ်ကာ ဓာတ်ကြီးငါးပါးခန်းမသို့ ပြန်သွားခဲ့ပြီး ယနေ့အထိ ပြန်မလာခဲ့တော့ပေ။
“ကျုပ် သွားရှာလိုက်မယ်”
ကြယ်နှစ်ပွင့်အဆင့် အာကာသသခင်ဖြစ်သော ငွေရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးက ပြောလိုက်ပြီး တည်းခိုခန်းထဲမှ ထွက်သွားသည်။
တုကူးဖူကွေ့က ပြုံးဖြီးဖြီးဖြင့် အဝင်ဝမှ ဝင်လာပြီး အားနာတမ်းမရှိ စားပွဲတစ်လုံးကို ရှာကာ ဝင်ထိုင်လိုက်သည်။
ယခုအချိန်တွင် နေရာထိုင်ခင်း အစီအစဉ်က တော်တော်လေးကို တမင်တကာ စီစဉ်ထားပုံရသည်။ အမျိုးသမီးလေးယောက်က သဘာဝကျကျပင် လုချန်နှင့် စားပွဲတစ်လုံးတည်း အတူထိုင်ကြပြီး တုကူးဖူကွေ့ကလည်း ထိုစားပွဲတွင်ပင် ဝင်ထိုင်လေသည်။
အဘိုးကုနှင့် သူ၏ အဖော်နှစ်ယောက်ကိုလည်း ဖိတ်ကြားထားသည်။
“အဘိုးကြီးကု... မရီးရွဲ့လျန်... ဒီမှာ လာထိုင်ကြ”
အဘိုးကုကို သိသော ပထမအဆင့် ဂိုဏ်းချုပ်တစ်ယောက်က သူ့ကို လက်လှမ်းပြလိုက်သည်။ တစ်ဖက်လူ၏ နွေးထွေးသော အမူအရာကို မြင်လိုက်ရသောအခါ အဘိုးကုမှာ ခေတ္တမျှ ဇဝေဇဝါ ဖြစ်သွားရသည်။
သူတို့က အချင်းချင်း သိကြသော်လည်း မိတ်ဆွေတွေတော့ မဟုတ်ခဲ့ကြပေ။ လွန်ခဲ့သည့် ဆယ်နှစ်က စိတ်ဝိညာဉ်တောင် ပြိုင်ပွဲအတွင်း သူတို့နှစ်ဖက်စလုံးက တောင်တွေပြို၊ မြေတွေကွဲအက်လုမတတ် သေရေးရှင်ရေးတမျှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြဖူးသည်။ သို့သော် အခု တည်းခိုခန်းထဲမှာတော့ အားလုံးက နှစ်ပေါင်းများစွာ ခင်မင်လာခဲ့တဲ့ မိတ်ဆွေဟောင်းတွေလို ပြုမူနေကြသည်။
တည်းခိုခန်း၏ ဆွဲဆောင်မှုက မျက်စိဖြင့် မမြင်နိုင်သော်လည်း အစွမ်းထက်စွာ လွှမ်းမိုးထားပြီး ရန်သူဟောင်းများကို မိတ်ဆွေများအဖြစ် ပြောင်းလဲပေးလိုက်လေပြီ။
“သူဌေးလုက ဒီနေ့ ဒကာခံမယ်ကြားလို့ ကျုပ်လည်း မျက်နှာပြောင်တိုက်ပြီး လာခဲ့တာပဲ”
ဖေ့ယွမ်ကလည်း အထဲသို့ ဝင်လာရင်း ပြောလိုက်သည်။
“ကြိုဆိုပါတယ်... ကြိုဆိုပါတယ်...”
လုချန်က မတ်တတ်ရပ်ကာ သူ့ကို နှုတ်ဆက်လိုက်သည်။
“ဟေ့လူ ဖေ့... ခင်ဗျားတို့ရဲ့ အရာသိခန်းမရဲ့ လုပ်ဆောင်နိုင်စွမ်းက တော်တော်ဆိုးတာပဲ... ပြီးခဲ့တဲ့အကြိမ်က ကျုပ် အပ်လိုက်တဲ့ အလုပ်တစ်ခုအတွက် သတင်းရဖို့ကို တစ်လလုံးလုံး အချိန်ယူခဲ့ရတယ်... ကျုပ် ခင်ဗျားကို မကျေနပ်နေတာ ကြာပြီ... ကဲ... ဒီနေ့ ဆုံတုန်းလေးတော့ ခင်ဗျား အရက်ခွက်နည်းနည်း ပိုသောက်မှ ရမယ်... ဟားဟားဟား”
အခြား ဂိုဏ်းချုပ်တစ်ယောက်က မတ်တတ်ရပ်ကာ ပြောလိုက်သည်။
“နည်းနည်း ပိုသောက်ရတာ ကိစ္စမရှိပါဘူး... ဒါပေမဲ့ သူဌေးလုဆီမှာ အရက်မှ မရှိတာကို”
ဖေ့ယွမ်က ခေါင်းခါလိုက်သည်။
“သူဌေးလုဆီမှာ မရှိပေမဲ့ ကျုပ်ဆီမှာ ရှိတယ်ဗျ... ဒီနေ့ သူဌေးလု ဒကာခံမယ်ဆိုတာ ကြားကြားချင်း နှစ်ပေါင်းများစွာ သိမ်းထားတဲ့ ကျုပ်ရဲ့ အရက်ကောင်းတွေကို အထူးတလည် ယူလာခဲ့တာ... ဒီည မမူးမချင်း မပြန်ကြေးပဲ”
“ဘာ... အရက်ကောင်း ဟုတ်လား...”
အဝင်ဝတွင် ရုတ်တရက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူရိပ်တစ်ခု ချက်ချင်း ပေါ်လာသည်။
“ဆရာ...”
အဘိုးကြီးလျိုက မတ်တတ်ရပ်ကာ အမြန်ပြေးသွားသည်။ ရောက်လာသူက တခြားသူမဟုတ်ဘဲ သူတောင်းစားအဘိုးအိုပင်။
“ဟားဟားဟား... အရက်ရှိတဲ့နေရာမှာ ဒီသူတောင်းစားအဘိုးကြီး မပါလို့ ဘယ်ဖြစ်မလဲ”
သူတောင်းစားအဘိုးအိုက ရယ်မောရင်း အထဲသို့ ဝင်လာသည်။
“စီနီယာ...”
သူတောင်းစားအဘိုးအို၏ အသွင်အပြင်ကြောင့် အားလုံးက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ကြသည်။ ဤသူသည် ပိုင်သခင်ကြီးကိုယ်တိုင် စီနီယာဟု ရိုရိုသေသေ ခေါ်ဆိုရသော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခု ဖြစ်လေသည်။
“အစ်ကိုကြီး... မတွေ့ရတာ ရက်တော်တော်ကြာပြီ... အစ်ကိုကြီးရဲ့ အခြေအနေက ထပ်ပြီး တိုးတက်လာပြန်ပြီပဲ”
လုချန်ကလည်း နှုတ်ဆက်လိုက်သည်။
“ညီလေး... ဒါတွေအားလုံးက မင်းကျေးဇူးတွေပါ... အဲဒီနေရာက ပြန်လာကတည်းက အရာတော်တော်များများကို ငါ ရှင်းရှင်းလင်းလင်း မြင်လာရပြီ... မင်းပြောတာ မှန်တယ်... ဒီသူတောင်းစားအဘိုးကြီးက တစ်ယောက်ယောက်ရဲ့ လှည့်စားမှုကို ခံလိုက်ရပုံပေါ်တယ်... ဒီလို အမုန်းတရားမျိုးကို ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ဘူး... တကယ်လို့သာ အခွင့်အရေးရရင် သူ့အရေခွံကိုဆုတ်ပြီး အကြောတွေကို ဆွဲထုတ်ပစ်မယ်”
သူတောင်းစားအဘိုးအိုက လှည့်စားခံရခြင်းအကြောင်း ပြောလိုက်သောအခါ ပြင်းထန်သောအအေးဓာတ်တစ်ခုက တည်းခိုခန်းတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားပြီး အားလုံးကို ရေခဲခန်းထဲ ကျရောက်သွားသလို ခံစားလိုက်ရစေသည်။ သူ၏ စွမ်းအားက ကြီးမားလွန်းလှသဖြင့် တည်းခိုခန်း၏ ထိန်းချုပ်နိုင်စွမ်းကိုပင် အနည်းငယ် ကျော်လွန်နေလေသည်။
လုချန်က သူ့ကို တားဆီးရန် အမြန်ရှေ့တိုးသွားသည်။ ထိုနေရာရှိ လူအားလုံးထဲတွင် သူတောင်းစားအဘိုးအို ပြောသည့် အမုန်းတရားကို သူ တစ်ယောက်တည်းကသာ နားလည်နိုင်သည်။ ထိုသူက သူတောင်းစားအဘိုးအိုကို မျိုးစေ့ပျိုးထောင်ရန် မြေယာတစ်ခုအဖြစ် ကျင့်ကြံအသုံးချခဲ့ခြင်း ဖြစ်သည်။ ထိုအချက်ကို လုချန်နှင့် သူတောင်းစားအဘိုးအိုတို့ ပထမဆုံး ဆုံတွေ့စဉ်ကတည်းက လုချန်က ပြောပြခဲ့ပြီးဖြစ်သည်။
‘ခင်ဗျားဆရာရဲ့ စကားတွေကို အပြည့်အဝ မယုံနဲ့’ ဟုပင်။
“အစ်ကိုကြီး... စိတ်အေးအေးထားပါ... ဒါကို ကျွန်တော်တို့ နောက်မှ ဆွေးနွေးလို့ ရပါတယ်... ကျွန်တော်တို့ရဲ့ လက်ရှိစွမ်းအားနဲ့ သူ့ကို ထိပ်တိုက်ရင်ဆိုင်လို့ မရသေးပါဘူး”
“ဟားဟား... ဒီအကြောင်းတွေ ဆက်မပြောကြတော့ပါဘူး... ဒီနေ့ သောက်ဖို့က အရေးအကြီးဆုံးပဲ”
သူတောင်းစားအဘိုးအိုက ထပ်မံရယ်မောလိုက်ပြီး တည်းခိုခန်းအတွင်းရှိ အပူချိန်ကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ယခုအခါ အားလုံးက သူတောင်းစားအဘိုးအို၏ ကြောက်မက်ဖွယ် စွမ်းအားကို နောက်တစ်ကြိမ် ထပ်မံကြုံတွေ့လိုက်ရပြန်သည်။ တည်းခိုခန်း၏ ဖိနှိပ်မှုစွမ်းအားအောက်တွင် သူတို့က စိတ်ဝိညာဉ်ချီကိုပင် အသက်သွင်း၍မရနိုင်သော်လည်း သူကမူ စိတ်စွမ်းအား သက်သက်ဖြင့် လေထုကို ပြောင်းလဲပစ်နိုင်လေသည်။
သူတောင်းစားအဘိုးအိုက သဘာဝကျကျပင် လုချန်၏ စားပွဲတွင် ဝင်ထိုင်လိုက်သည်။
“ခယ်မလေး လေးယောက်စလုံးက သူ့အားသာချက်နဲ့သူချည်းပဲ... ညီလေး... မင်းက တကယ်ကို ကံကောင်းတဲ့ကောင်ပဲ”
သူတောင်းစားအဘိုးအိုက မျက်လုံးကိုမှေးကာ ပြုံးရင်း ပြောလိုက်သည်။
“ရှင်... အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့... ဟိုသုံးယောက်ကမှ ရှင့်ရဲ့ ခယ်မလေးတွေ... ကျွန်မက မဟုတ်ဘူး”
ဖေ့ယီရှန်က ရှင်းပြလိုက်သည်။
“ကောင်မလေး... မင်းက တခြားသူတွေကို လှည့်စားလို့ရနိုင်ပေမဲ့ ငါ့ကိုတော့ လှည့်စားလို့ မရဘူး... မင်းလည်း ငါ့ညီလေးကို သဘောကျနေတယ်ဆိုတာ ဒီသူတောင်းစားအဘိုးကြီးက ကြည့်တာနဲ့တင် သိတယ်... ပြောစမ်းပါဦး... ဒီလောကက လူငယ်တွေထဲမှာ ငါ့ညီလေးထက် သာတဲ့သူ ဘယ်သူရှိလို့လဲ... မင်း သူ့ကို သဘောကျတာ လုံးဝကို သဘာဝကျပါတယ်... ဟားဟားဟား”
“အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့... ကျွန်မ သဘောမကျပါဘူး”
ဖေ့ယီရှန်က ထပ်မံရှင်းပြလိုက်သည်။
တည်းခိုခန်းအဝင်ဝတွင် နောက်ထပ် အာကာသလှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ခုနလေးတင် ထွက်သွားခဲ့သော ကြယ်နှစ်ပွင့်အဆင့် အာကာသသခင်က သူတို့ မတွေ့ရသည်မှာ ကြာပြီဖြစ်သော စွန်းဝမ်နှင့်အတူ ပြန်လည်ရောက်ရှိလာသည်။
“ဂိုဏ်းချုပ်စွန်း... ကျွန်တော်က ဒကာခံဖို့ဆိုတာ ရှားရှားပါးပါးကို... ခင်ဗျားကိုတောင် သီးသန့် လူလွှတ်ပြီး သွားခေါ်ခိုင်းရသေးတယ်... ဒီအတွက်တော့ ခင်ဗျား စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးမှရမယ်”
လုချန်က နောက်ပြောင်လိုက်သည်။
“သူဌေးလု... ကျွန်တော်...”
စွန်းဝမ်က တုံ့ဆိုင်းသွားပြီး စကားကို ရပ်လိုက်သည်။
“တော်ပါတော့ဗျာ...”
စွန်းဝမ်နှင့် ရင်းနှီးသော ဂိုဏ်းချုပ်တစ်ယောက်က သူ့ကို ဖမ်းဆွဲပြီး တည်းခိုခန်းထဲသို့ ဆွဲသွင်းလိုက်သည်။
“သူဌေးလု... စိတ်မပူပါနဲ့... ခဏနေရင် သူ့ကို မူးသွားအောင် တိုက်ဖို့က ကျုပ် တာဝန်ထားလိုက်... ဒီည သူ တည်းခိုခန်းတံခါးကနေ မတ်မတ် လျှောက်ထွက်သွားနိုင်ရင် ကျုပ်ရဲ့ ကျင့်ကြံခြင်းတစ်ဆင့်ကို ဖျက်ဆီးပစ်ပါ့မယ်လို့ ကတိပေးတယ်”
“သဘောတူတယ်”
လုချန်က တုံ့ပြန်လိုက်သည်။
“ဝိုး... အစ်ကိုကြီး... ကျွန်မတို့ ထပ်တွေ့ပြန်ပြီနော်”
တံခါးအပြင်ဘက်မှ ခရမ်းရောင်လူရိပ်လေးတစ်ခု ပြေးဝင်လာသည်။ အသံလေးက နူးညံ့ချိုသာနေပြီး မွှေးပျံ့သော လေပြေလေးတစ်ပွေကိုပါ သယ်ဆောင်လာခဲ့သည်။ သူမက အရပ်မရှည်သော်လည်း ခြေတံများက သိသိသာသာ ရှည်လျားသည်။ သူမ၏ မျက်နှာလေးက အရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းပြီး သာမန်ယောက်ျားတစ်ယောက်အတွက်တော့ အစွမ်းထက်သော လူသတ်လက်နက်တစ်ခုပင် ဖြစ်သည်။ သူမက တခြားသူမဟုတ်ဘဲ အရင်က ရွှေနဂါးကို သတ်ဖြတ်ရမယ့် မစ်ရှင်သွားလုပ်ရင်း တွေ့ခဲ့ဖူးတဲ့ ခရမ်းရောင်ဝတ် လိုလီမလေးပင်။
“သူဌေးလု”
ခရမ်းရောင်ဝတ် လိုလီမလေး၏ နောက်တွင်တော့ ငွေရောင်သံချပ်ကာဝတ် လူငယ်လေး ပါလာသည်။
“ကောင်းလိုက်တာ... အားလုံး ရောက်လာကြတာ တကယ်ကောင်းတာပဲ”
အခန်းထဲတွင် ရင်းနှီးကျွမ်းဝင်သော မျက်နှာများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသဖြင့် လုချန် အရမ်းကို ပျော်ရွှင်သွားသည်။ သူတို့ထဲတွင် ရှန်းရှလောက၌ သူ ရရှိခဲ့သော မိတ်ဆွေများအားလုံးနီးပါး ပါဝင်နေလေသည်။
***