အားလုံးက ကိုယ့်နေရာနဲ့ကိုယ် ဝင်ထိုင်လိုက်ကြပြီး ပထမအဆင့် ဂိုဏ်းချုပ်အနည်းငယ်က အရက်ကောင်းတွေကို ထုတ်ယူကာ လူတိုင်းရဲ့ ခွက်တွေထဲ ဖြည့်ပေးလိုက်ပြီး အတူတကွ မြှောက်ချီလိုက်ကြသည်။
“လာ... ဒီည မမူးမချင်း မပြန်ကြေးပဲ”
“အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်... အမူးပြေအောင် ကိုယ့်ကျင့်ကြံခြင်းစွမ်းအားကို သုံးခွင့်မပြုဘူး... ဒီနေ့ လီဆယ်ဖို့ ကြိုးစားတဲ့သူ ဘယ်သူမဆို သူ့ရဲ့ ကျင့်ကြံခြင်းတစ်ဆင့်ကို ဖျက်ဆီးပစ်ရမယ်”
“ကောင်းတယ်... လာ... ချီးယားစ်”
တည်းခိုခန်းထဲမှာ ရယ်မောသံအမျိုးမျိုး လွှမ်းခြုံသွားပြီး အားလုံးက အရသာရှိလှတဲ့ ဟော့ပေါ့ကို မြိန်ရည်ယှက်ရည် စားသုံးနေကြသည်။ လေထုက သဟဇာတဖြစ်ပြီး ပျော်ရွှင်စရာကောင်းနေတာကြောင့် အားလုံးရဲ့ ရင်ထဲအသည်းထဲကနေကို ကြည်နူးပျော်ရွှင်နေကြသည်။
အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ အရက်အိုး မရေမတွက်နိုင်အောင် ပြောင်သလင်းခါသွားခဲ့ပြီ။
“အရက်ဘယ်မှာလဲ... ထပ်ယူခဲ့ဦး”
စွန်းဝမ်ကတော့ အရက်မူးပြီး အသိစိတ်လွတ်လုနီးပါး ဖြစ်နေပြီ။ လုချန်နဲ့ သူ့ကြားက အက်ကြောင်းကို အားလုံးက မြင်နေရတာကြောင့် အဲဒါကို ဖယ်ရှားပစ်ဖို့အတွက် ဒီည လူတော်တော်များများက စွန်းဝမ်ဆီ သွားပြီး အရက်တိုက်နေကြခြင်း ဖြစ်သည်။ သူတို့က စွန်းဝမ်ကို တည်းခိုခန်းရဲ့ အုပ်စုငယ်လေးထဲကို ပြန်လည်ဝင်ရောက်လာစေချင်ကြသည်။ ယောက်ျားတွေကြားမှာ အရက်ဆိုတာ သံယောဇဉ်ကို တည်ဆောက်ဖို့ အမြန်ဆန်ဆုံး နည်းလမ်းပဲလေ။
သူတို့က စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတွေဖြစ်လို့ အရက်သောက်တာက သူတို့ခန္ဓာကိုယ်ကို ထိခိုက်စေမှာ ပူစရာမလိုပေ။ ဒါကြောင့် အရက်တိုက်တဲ့နေရာမှာ တစ်ယောက်ထက် တစ်ယောက် ပိုပြီး အစွမ်းပြနေကြသည်။
“ဝိုး... အရသာရှိလိုက်တာ... တကယ်ကို အရသာရှိတာပဲ”
ခရမ်းရောင်ဝတ် လိုလီမလေးကလည်း သူမဘာသာ အရက်တစ်ခွက် ငှဲ့လိုက်ပြီး ဆရာဖြစ်သူရဲ့ ဘေးမှာထိုင်ကာ ဟော့ပေါ့အိုးထဲက အစားအစာတွေကို တရစပ် စားနေသည်။ သူမရဲ့ လက်သေးသေးလေးက ပါးစပ်နားမှာ ဟိုဘက်ဒီဘက် ယပ်ခတ်နေပြီး မျက်နှာလေးကလည်း နီရဲနေသည်။ ဟော့ပေါ့ရဲ့ အပူရှိန်ကြောင့်လား၊ ဒါမှမဟုတ် သောက်ထားတဲ့ အရက်ကြောင့်လား မသိပေမဲ့ သူမပုံစံလေးက အရမ်းကို ချစ်စရာကောင်းနေသည်။
“ဟေ့ကောင်လေး... ဒီနေ့ မင်းရဲ့ တပည့်မလေးကို ခေါ်လာတာ... ဒီအခွင့်အရေးကို အသုံးချပြီး အဆင့်အတန်းတက်အောင် မင်းရဲ့ တပည့်ကို ငါ့ရဲ့ ဆရာဦးလေးငယ် ဇနီးဖြစ်အောင် လုပ်ပေးမလို့လား”
အတော်လေး မူးနေပြီဖြစ်တဲ့ အဘိုးကြီးလျိုက ယိမ်းယိုင်ကာ လျှောက်လာပြီး ငွေရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးရဲ့ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။
ငွေရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးရဲ့ မျက်နှာက သိသိသာသာကို မည်းမှောင်သွားသည်။ အဘိုးကြီးလျို ပြောင်းလဲသွားပြီဆိုတာကို သူ သဘောပေါက်လိုက်သည်။ အရင်က အဘိုးကြီးလျိုဆိုရင် ကြင်နာတတ်ပြီး နည်းနည်း စည်းကမ်းတင်းကျပ်ပေမဲ့ အခုပုံစံကတော့ သူ့အသက်အရွယ်ကိုတောင် လုံးဝ ဂရုမစိုက်တော့တဲ့ ပုံစံပင်။
သူတောင်းစားအဘိုးအိုက အမျိုးသမီးလေးယောက်ကို အရက်သောက်ဖို့ တိုက်တွန်းရင်း တစ်ငုံသောက်လိုက်တိုင်း 'ခယ်မလေး' လို့ ခေါ်နေတာကို ကြည့်ပြီးနောက်မှာတော့ အဘိုးကြီးလျို ဘာလို့ ဒီလိုဖြစ်သွားရတာလဲဆိုတာကို သူ နားလည်သွားသည်။
အရက်အိုးတွေ လျော့နည်းသွားပေမဲ့ အားလုံးက လုံလုံလောက်လောက် မမူးသေးတာတော့ အသေအချာပင်။
“မင်းတို့အရက်က မကောင်းပါဘူးကွာ... အရည်အသွေး အရမ်းညံ့တယ်”
သူတောင်းစားအဘိုးအိုက ပြောလိုက်သည်။
“ငါ့ကို ဘာခံစားချက်မှ မပေးနိုင်ဘူး”
“ဘယ်သူ့ဆီမှာ ထုတ်မတိုက်ရသေးတဲ့ အရက်ကောင်းတွေ ကျန်သေးလဲ”
“သောက်ရတာ အားမရသေးဘူး... အရက်မလောက်ဘူးလို့ ခံစားရတာ ဒါ ပထမဆုံးအကြိမ်ပဲ”
“အရက်လား... ကျွန်တော့်ဆီမှာ နည်းနည်း ရှိတယ်”
လုချန်က ပြောလိုက်သည်။
“သူဌေးလုဆီမှာ အရက်ရှိတယ် ဟုတ်လား... အရင်က တစ်ခါမှ မကြားဖူးပါဘူး”
“ဟားဟားဟား... သူဌေးလုဆီမှာ အရက်ရှိတယ်ဆိုတော့ အရမ်းကောင်းတာပေါ့... သူဌေးလုရဲ့ အရက်ဆိုမှတော့ စဉ်းစားနေစရာတောင် မလိုဘူး... အရက်ကောင်းဖြစ်မှာ သေချာတယ်”
စောစောက အနည်းငယ် စိတ်ပျက်နေပုံရတဲ့ လူအုပ်ကြီးက ရုတ်တရက် ပြန်လည် စိတ်လှုပ်ရှားလာကြသည်။ သူတို့က လုချန်အပေါ် မျက်ကန်းယုံကြည်မှု ရှိနေကြသည်လေ။
လုချန်က ဒီနေ့မှ အသစ်တည်ဆောက်ထားတဲ့ ကောင်တာဆီ လျှောက်သွားလိုက်သည်။ 'ရေခဲနှလုံးသား ကျောက်စိမ်း ဝိုင်အရက်' က တစ်အိုးကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး ဈေးရှိသည်။
တိုက်ရိုက်ပဲ အိုးနှစ်ဆယ်စာ လဲလှယ်လိုက်တာကြောင့် လုချန်မှာ တော်တော်လေး ချမ်းသာသွားသလို ခံစားလိုက်ရသည်။
ဆိုင်ထဲက ပစ္စည်းတွေအပေါ် ဝယ်ယူခွင့် ကန့်သတ်ချက် မရှိပေ။
အရက်အိုးတွေကို ကြည့်လိုက်ရုံနဲ့တော့ သာမန်အရက်အိုးတွေနဲ့ ဘာမှမကွာခြားလှပေ။
“သူဌေးလုရဲ့ အရက်ကောင်းကို မြည်းစမ်းကြည့်ချင်လှပြီ”
ပထမအဆင့် ဂိုဏ်းချုပ်တစ်ယောက်က ပြောရင်း အရက်အိုးတစ်အိုးကို ကိုယ်တိုင် သွားသယ်လာခဲ့သည်။ ထို့နောက် အဖုံးကိုဖွင့်ကာ အနံ့ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကြွယ်ဝလှတဲ့ ရနံ့တစ်ခုက သူ့နှာခေါင်းထဲ ပြည့်နှံ့သွားသည်။ အနံ့ခံကြည့်ရုံနဲ့တင် ဒါက အရမ်းကောင်းတဲ့ အရက်ဆိုတာ သူ သိလိုက်သည်။
“လာ လာ... အားလုံးပဲ ခွက်တွေ ဖြည့်လိုက်ကြ”
ပုံမှန်ဆိုရင် ဒီလိုအရက်ကောင်းမျိုးကို အားလုံးက ဖြည်းဖြည်းချင်း အရသာခံပြီး သောက်ကြမှာ ဖြစ်ပေမဲ့ အခုချိန်မှာတော့ သူတို့အားလုံးက တော်တော်လေး မူးယစ်နေကြပြီမို့ အကျိုးဆက်တစ်ခုတည်းကိုပဲ ဦးတည်သွားစေသည်။ အားလုံးက ဒီ 'ရေခဲနှလုံးသား ကျောက်စိမ်း ဝိုင်အရက်' ကြောင့် မူးလဲသွားကြတော့သည်။
သူတို့က အရသာကိုတောင် သေချာ ဂရုတစိုက် မခံစားလိုက်ရပေ။
လုချန်ကိုယ်တိုင်တောင် မလွတ်ကင်းခဲ့ပေ။
၄၉ နှစ်တိုင်တိုင် ချက်လုပ်ထားတဲ့ ရေခဲနှလုံးသား ကျောက်စိမ်း ဝိုင်အရက်ရဲ့ စစ်မှန်မှုက စကားလုံးသက်သက် မဟုတ်ဘူးလေ။
၂၁ ရာစုမှာ ဆယ်နှစ်သက်တမ်း၊ အနှစ်နှစ်ဆယ်သက်တမ်းရှိတယ်ဆိုတဲ့ အရက်တွေက ဈေးကွက်ထဲမှာ နေရာတိုင်း ရှိနေပေမဲ့ အဲဒါတွေက တကယ်တမ်း အဲဒီလောက် အချိန်အကြာကြီး ချက်လုပ်ထားတာ မဟုတ်ဘဲ အနှစ်နှစ်ဆယ် သက်တမ်းရှိတဲ့ အရက်ဟောင်းနည်းနည်းကို ရောစပ်ထားတာမျိုးသာ ဖြစ်သည်။
ဒါပေမဲ့ ဒီ 'ရေခဲနှလုံးသား ကျောက်စိမ်း ဝိုင်အရက်' ကတော့ အဲဒီလောက် ကြာရှည်တဲ့ သက်တမ်းတစ်ခုကို တကယ်ဖြတ်သန်းပြီးမှ ရင့်ကျက်လာတဲ့ အရက်ဖြစ်သည်။ တစ်ငုံလောက်သောက်ပြီး ဖြည်းဖြည်းချင်း အရသာမခံ၊ အစာမကြေစေဘူးဆိုရင် ခေါင်းထဲကို အလွယ်တကူ တက်သွားနိုင်လေသည်။
ဒါပေမဲ့ ဒီလူတွေကတော့ ခွက်ကြီးတွေနဲ့ တစ်ကျိုက်တည်း မော့သောက်ပြီး သူတို့ကိုယ်သူတို့ အသိစိတ်လွတ်တဲ့အထိ သောက်နေကြခြင်းပင်။
လုချန်က မီးတောက်တိုင်းပြည်မှာ 'စစ်သူကြီးရဲ့အချစ်' သီချင်းကို လက်တစ်ဖက်တည်းနဲ့ တီးခတ်သီဆိုပြီး လူတွေကို အံ့သြမှင်တက်သွားအောင် လုပ်ခဲ့ဖူးတယ်လို့ ကျင်ကျောင်းက ပြောပြလိုက်သည်။
ဒါကို ကြားလိုက်ရတဲ့အခါ အားလုံးက လုချန်ကို နောက်တစ်ကြိမ် ထပ်လုပ်ပြဖို့ မြှောက်ပင့်ပေးကြတော့သည်။
“သူဌေးလုက ဂီတမှာလည်း ကျွမ်းကျင်မယ်လို့ မထင်ထားဘူး”
“တစ်ပုဒ်လောက်... တစ်ပုဒ်လောက်...”
ဒီလိုအသံတွေ ထွက်ပေါ်လာပြီး ရှောင်ရွှီကပါ လူအုပ်ကြီးနဲ့ ပူးပေါင်းကာ လုချန်ကို မြန်မြန် ဖျော်ဖြေပြဖို့ တိုက်တွန်းလာသည်။
ရှောက်ချင်းကလည်း တော်တော်လေး ရဲတင်းလာသည်။ လူအများကြီး ရှိနေတာကြောင့် သူမ အနည်းငယ် ကြောက်နေသေးပေမဲ့ ဖေ့ယီရှန်ရဲ့ ဘေးကနေ လိုက်ပါလာပြီး လက်သေးသေးလေးတွေကို တဖြောင်းဖြောင်း တီးကာ လုချန်ကို သီချင်းဆိုဖို့ တိုက်တွန်းနေသည်။
“မင်းတို့ နားထောင်ချင်တယ်ဆိုရင်လည်း ဆိုပြရတာပေါ့”
အရက်မူးနေတဲ့ လုချန်ကလည်း ပိုရဲတင်းလာပြီး အသံကုန်ဟစ်ကာ အူတော့သည်။ အဲဒီနောက် သူက တည်းခိုခန်းပြင်ထွက်ပြေးသွားပြီး အဝင်ဝမှာ သံမီးဖိုတစ်ခု သွားချလိုက်ကာ ဟော့ပေါ့စားရုံနဲ့ ပျင်းစရာကောင်းတယ်၊ အသားကင် နည်းနည်းလောက် လိုသေးတယ်လို့ ပြောလေသည်။
တခြားသူတွေကလည်း အရက်ခွက်တွေကို ကိုင်ထားဆဲဖြစ်ပြီး တည်းခိုခန်းပြင်ကို ထွက်လာကြသည်။ ဒီအရက်မူးနေတဲ့ အုပ်စုကြီးက အရူးတွေလို အော်ဟစ်ဆူညံနေကြရင်း တည်းခိုခန်းအဝင်ဝဆီ ပြေးသွားကြသည်။
သူတို့ကို အပြစ်တင်လို့တော့ မရပါဘူး... ဘာလို့လဲဆိုတော့ 'ရေခဲနှလုံးသား ကျောက်စိမ်း ဝိုင်အရက်' ရဲ့ အရှိန်က အရမ်းကို ပြင်းထန်လွန်းလို့လေ။
နောက်ဆုံးတော့ တစ်ယောက်က ဆက်မတောင့်ခံနိုင်တော့ဘဲ 'ဒုတ်' ခနဲ မြေပြင်ပေါ် ပြုတ်ကျသွားသည်။ သူက မတ်တပ်တောင် မရပ်နိုင်လောက်အောင် မူးနေပြီလေ။
တစ်ယောက်က စတင်လိုက်တာနဲ့ နောက်ကနေ 'ဒုတ်... ဒုတ်...' ဆိုတဲ့ အသံတွေ ဆက်တိုက် ထွက်ပေါ်လာသည်။ ပထမအဆင့် ဂိုဏ်းချုပ်တွေ အများကြီးက ကောင်းကင်ကို စောင်လုပ်ပြီး မြေကြီးကို အိပ်ရာလုပ်ကာ လှဲအိပ်လိုက်ကြသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ တချို့ဆို ဟောက်တောင် ဟောက်နေကြပြီ။
အမျိုးသမီးအနည်းငယ် ကတော့ အဆင်ပြေကြသည်။ သူတို့လည်း ဆက်မခံနိုင်တော့မှန်း သိလိုက်တာနဲ့ ခရမ်းရောင်စကတ်နဲ့ လိုလီမလေးကို ဆွဲခေါ်ပြီး သူတို့အခန်းတွေဆီ အမြန် ပြန်သွားကြသည်။ ဒီအုပ်စုက စီနီယာ မဟာဆရာသခင်တွေ ပါဝင်တဲ့အုပ်စုဖြစ်ပြီး သူတောင်းစားအဘိုးအိုက ဦးဆောင်ပြီး မြေပြင်ပေါ် အိပ်တာ ပြဿနာမရှိပေ။ ဒါပေမဲ့ သူတို့က အမျိုးသမီးတွေဖြစ်လို့ ဒီလိုအခြေအနေမျိုးထိ အရက်သောက်ပြီး မြေပြင်ပေါ် အိပ်နေတာက မသင့်တော်သလို ကြားရတာလည်း မကောင်းဘူးလေ။
လုချန်က အသားကင်တွေကို ကင်နေရင်း သူ့ဆီကိုလည်း မူးယစ်မှုလှိုင်းလုံးကြီး ရိုက်ခတ်လာတာကို ခံစားလိုက်ရသည်။
ဒီအချိန်မှာပဲ တည်းခိုခန်းရဲ့ ဖွင့်ချိန် ကုန်ဆုံးသွားပြီး တည်းခိုခန်းရဲ့ ပင်မတံခါးကြီး ပိတ်သွားကာ အသားကင်မီးဖိုနဲ့ အရာအားလုံး ပျောက်ကွယ်သွားသည်။ လုချန်လည်း ယိုင်လဲသွားပြီး တည်းခိုခန်း အဝင်ဝကနေ ဆယ်မီတာ အကွာလောက်မှာ အိပ်ပျော်သွားတော့သည်။
တည်းခိုခန်းရှေ့မှာတော့ အလယ်ပိုင်းကုန်းမြေတိုက် တစ်ခုလုံးမှာ ထင်ရှားကျော်ကြားလှတဲ့ ပထမအဆင့် ဂိုဏ်းချုပ်တွေ၊ ကြယ်နှစ်ပွင့်အဆင့် အာကာသသခင်တွေ၊ ပထမအဆင့်ဂိုဏ်းက မဟာအကြီးအကဲတွေ အစရှိတဲ့ ကြီးမားတဲ့ နောက်ခံအသီးသီးရှိကြတဲ့ လူရိပ်ပေါင်း ဒါဇင်နဲ့ချီပြီး မြေပြင်ပေါ်မှာ ဟိုတစ်ယောက် ဒီတစ်ယောက် ပြန့်ကျဲနေကြလေသည်။
မြို့တော်ပြင်ပမှာတော့ ညအမှောင်ကို အကာအကွယ်ယူပြီး လူတစ်စုက မြို့ရိုးဆီ ချဉ်းကပ်လာကြသည်။
ဝေ့ယီချီရဲ့ နှလုံးသားက မြန်ဆန်စွာ ခုန်ပေါက်နေသည်။ မြို့တော်ထဲမှာ 'ငြိမ်းချမ်းရေးအသိုက်အမြုံ(သုခနယ်မြေ)' ရှိတယ်ဆိုတဲ့ သတင်း ပျံ့နှံ့သွားကတည်းက သူမတို့ မိသားစုက မြို့တော်ဆီ အပြေးအလွှား လာခဲ့ကြခြင်း ဖြစ်သည်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူမတို့ မိသားစုကို မဟာရှအင်ပါယာက အရာရှိတွေက တမင်သက်သက် လုပ်ကြံပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ လူတစ်ရာကျော်ရှိတဲ့ မိသားစုထဲက တစ်ဝက်လောက် အသတ်ခံခဲ့ရပြီး အယောက်ငါးဆယ်လောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့သည်။ လွန်ခဲ့တဲ့ နှစ်နှစ်ကတော့ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ပြီးနောက် အဲဒီ အကျင့်ပျက်အရာရှိကို သတ်ဖြတ်ပြီး ကလဲ့စားချေနိုင်ခဲ့ကြသည်။ သူတို့ရဲ့ ကြီးမားတဲ့ ကလဲ့စားချေမှု ပြီးမြောက်သွားပေမဲ့ မဟာရှအင်ပါယာရဲ့ ရဲမက်တွေက သူတို့ကို အဆက်မပြတ် လိုက်လံဖမ်းဆီးနေတာကြောင့် အခုဆိုရင် လူဆယ်ယောက်ကျော်လောက်ပဲ ကျန်တော့သည်။
သူတို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာပဲ 'ငြိမ်းချမ်းရေးအသိုက်အမြုံ' အကြောင်း သတင်းရခဲ့ပြီး မြို့တော်ဆီ တိုက်ရိုက် ဦးတည်လာခဲ့ကြသည်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရဲမက်တွေက လမ်းတွေပေါ်မှာ စစ်ဆေးမှုတွေ လုပ်နေခဲ့သည်။ သူတို့က ပုန်းရှောင်တိမ်းရှောင်လာခဲ့ပြီး အခုတော့ မြို့တော်မြို့ရိုးဆီကို နောက်ဆုံးမှာ ရောက်ရှိလာခဲ့ပြီ။
“ငါတို့ အထဲရောက်တာနဲ့ အဲဒီလမ်းဆီကို တန်းသွားကြမယ်... အားလုံး မြေပုံကို မြင်ဖူးပြီးသားပဲ... လမ်းမမှားစေနဲ့နော်”
“သိပါပြီ... သိပါပြီ”
ဝေ့ယီချီရဲ့ ဘေးက အမျိုးသမီးငယ်တစ်ယောက်က စိတ်မရှည်စွာနဲ့ ပြောလိုက်သည်။
“သတိထားတာ မမှားပါဘူး... သွားကြစို့”
လူရိပ်ဆယ်ခုကျော်က မြို့တော်ထဲကို တိုက်ရိုက် ဦးတည်ကာ တစ်ပြိုင်နက်တည်း အပေါ်ကို ပျံတက်သွားကြပြီး ရဲမက်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။ သူတို့က အလျင်အမြန် ထွက်ပြေးခဲ့ကြပြီး လူအနည်းငယ် ဒဏ်ရာရသွားပြီးနောက် ကောလာဟလတွေ ထွက်နေတဲ့ လမ်းဆီကို နောက်ဆုံးမှာ ရောက်ရှိသွားကြသည်။
ဒီလမ်းပေါ် ခြေချလိုက်တာနဲ့ တစ်ပြိုင်နက် ပြင်းထန်လှတဲ့ အရက်နံ့ကြီးက လေထုထဲမှာ ပျံ့နှံ့နေတာကို ရလိုက်သည်။
***