ရှေ့က လမ်းမပေါ်မှာ လူရိပ်ပေါင်း ဒါဇင်နဲ့ချီ ပြန့်ကျဲနေတာကို ဝေ့ယီချီ မြင်လိုက်ရသည်။ လေထုထဲက အရက်နံ့နဲ့ ရံဖန်ရံခါ ကြားနေရတဲ့ အိပ်မက်ယောင်သံတွေ၊ ဟောက်သံတွေသာ မရှိဘူးဆိုရင် ဒီနေရာမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သူမ တကယ်ကို ထင်မိမှာပင်။
“အရက်သမား အုပ်စုကြီးပါလား”
မြို့တံခါးပြင်ပကတည်းက စိတ်မရှည်ဖြစ်နေခဲ့တဲ့ အမျိုးသမီးက ရွံရှာတဲ့ အမူအရာနဲ့ ပြောလိုက်သည်။ အချိန်အတော်ကြာ ထွက်ပြေးလာခဲ့ရလို့ အားလုံးနီးပါး ဖုန်တွေပေလူးပြီး စုတ်ပြတ်သတ်နေပေမဲ့ သူမ တစ်ယောက်တည်းကသာ သန့်ရှင်းသပ်ရပ်နေတာက သိသာလွန်းနေသည်။
“မြေပြင်ပေါ်မှာ ဒီလိုကြီး အိပ်နေရတယ်လို့... ဘယ်လောက်တောင် စုတ်ပြတ်နေလိုက်သလဲ”
“ကွေ့ပတ်သွားဖို့ လမ်းရှာကြည့်ရအောင်... သူတို့ကို အနှောင့်အယှက် မပေးပါနဲ့... သူတို့အားလုံးလည်း အသက်လုပြေးလာရတဲ့သူတွေ ဖြစ်မှာပါ... ဟူး... လောကကြီးက ဒီလိုပါပဲလေ”
အသက်ပိုကြီးတဲ့ အမျိုးသမီးတစ်ယောက်က တိုးတိုးလေး သက်ပြင်းချလိုက်သည်။
အားလုံးက ဖြတ်သွားဖို့ လမ်းရှာလိုက်ကြသည်။
“ရွံစရာကောင်းလိုက်တာ... နေရာတိုင်းမှာ အန်ထားတာချည်းပဲ”
သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့ အမျိုးသမီးက အဆက်မပြတ် ညည်းညူနေသည်။
“ဝေ့ဇီချင်း... အသံတိုးတိုးလုပ်စမ်းပါ”
တစ်ယောက်က ဆူပူလိုက်သည်။
“ဒီက လူတိုင်းက အသက်လုပြေးနေရပြီး တစ်နေ့စာ တစ်နေ့ ရုန်းကန်နေရတာ... ဒီကို ရောက်လာကြတယ်ဆိုတာက အဲဒီ အကျင့်ပျက်အရာရှိတွေကြောင့် လမ်းစပျောက်ပြီး ဒုက္ခရောက်နေကြလို့ဆိုတာ သက်သေပြနေတာပဲ”
“သိပါတယ်... ပွစိပွစိ လာမလုပ်နဲ့”
သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့ အမျိုးသမီးက စိတ်မရှည်စွာနဲ့ ပြန်ပြောလိုက်သည်။
ဒီအချိန်မှာ တည်းခိုခန်းရှိတဲ့ လမ်းပေါ်မှာ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ လူဆယ်ယောက်ကျော်က အချိန်အတော်ကြာ ရှာဖွေခဲ့ပေမဲ့ နေရာကောင်းတစ်ခုကို မတွေ့ခဲ့ရပေ။ နောက်ဆုံးတော့ လွတ်နေတဲ့ မြေကွက်လပ်တစ်ခုမှာပဲ နေရာချလိုက်ရပြီး မိုးလင်းလာတဲ့အခါမှပဲ အစီအစဉ်ဆွဲဖို့ ဆုံးဖြတ်လိုက်ကြသည်။
ညဉ့်နက်လာတာနဲ့အမျှ ဟောက်သံအမျိုးမျိုးက ဆူညံလာပြီး အနားယူလို့ မရနိုင်အောင် ဖြစ်လာသည်။
ဝေ့ဇီချင်းက မြေပြင်ပေါ်မှာ အဝတ်ပျော့ပျော့လေးတစ်ခု ခင်းလိုက်ပြီး တလူးလူးတလွန့်လွန့်နဲ့ အဆက်မပြတ် ရေရွတ်နေသည်။ သူမ နားထဲကို ဝင်လာတဲ့ ဆူညံသံအမျိုးမျိုးက ယင်ကောင်တွေ ဝဲပျံနေသလိုမျိုး သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။
အချိန်ဘယ်လောက်ကြာသွားမှန်း မသိပေမဲ့ ကောင်းကင်က စတင်လင်းထိန်လာသည်။
ဝေ့ဇီချင်းက မြေပြင်ပေါ်ကနေ ရုတ်တရက် ခုန်ထလိုက်ပြီး ဒေါသထွက်နေတဲ့ မျက်နှာထားနဲ့ အရက်မူးနေတဲ့ လူအုပ်ကြီးဆီ လျှောက်သွားလိုက်သည်။
မှိန်ပျပျ အလင်းရောင်ကို အခွင့်ကောင်းယူပြီး ဝေ့ဇီချင်းက ဘေးဘီကို ဝေ့ကြည့်လိုက်တဲ့အခါ ဒီလူတွေအားလုံးက ကြမ်းတမ်းပြီး ရက်စက်တဲ့ ရုပ်သွင်တွေ ရှိနေတာကို တွေ့လိုက်ရလို့ သူမရဲ့ ဒေါသထွက်ချင်စိတ် တစ်ဝက်လောက် ချက်ချင်း လျော့ကျသွားသည်။ ရုတ်တရက်ဆိုသလိုပဲ သာမန်အရည်အသွေးရှိတဲ့ ပိတ်ကြမ်းကို ဝတ်ဆင်ထားပြီး ဆင်းရဲသားတစ်ယောက်မှန်း သိသာပေမဲ့ ကြင်နာတတ်တဲ့ မျက်နှာထားရှိတဲ့ လူငယ်တစ်ယောက်ကို သူမ မြင်လိုက်ရသည်။ ဒါက သူမရဲ့ ဆူပွက်နေတဲ့ ဒေါသတွေကို ချက်ချင်း ထွက်ပေါက်ပေးလိုက်သလိုပါပဲ။
“ဟေ့လူ... ထစမ်း”
သူမက အဲဒီလူကို ခြေထောက်နဲ့ ကန်လိုက်သည်။
“အင့်...”
လုချန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း သူ့နားထဲမှာ အသံတစ်ခု မြည်လာပြီးနောက် တစ်ယောက်ယောက်က သူ့ကို ခြေထောက်နဲ့ ကန်လိုက်တာကို ခံစားလိုက်ရသည်။
သူ မျက်လုံးဖွင့်ကြည့်ချင်ပေမဲ့ ခေါင်းတွေမူးဝေနေပြီး ဘယ်လိုမှ ဖွင့်လို့မရပေ။ မျက်လုံးကို နည်းနည်းလေး ဖွင့်ကြည့်လိုက်တဲ့ အခိုက်အတန့်မှာပဲ ဂျင်တစ်သောင်းလောက် လေးလံနေသလို ခံစားလိုက်ရလို့ ချက်ချင်း ပြန်မှိတ်လိုက်ပြီး တစ်ဖက်လှည့်ကာ ဆက်အိပ်နေလိုက်သည်။
သူမ ခြေအောက်က လူငယ်က သေချာပေါက် နိုးလာပြီး သူမကို စိုက်ကြည့်ပြီးနောက် လျစ်လျူရှုသွားတာကို ဝေ့ဇီချင်း မြင်လိုက်ရလို့ သူမ ပိုပြီး ဒေါသထွက်သွားသည်။
“ဆင်းရဲတဲ့ သူတောင်းစားအုပ်စု... ထကြစမ်း”
သူမက လုချန်ကို ထပ်ကန်လိုက်ပြီး ဒီတစ်ကြိမ်တော့ ဝေ့ဇီချင်းက အားပိုထည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမက ကျင့်ကြံသူတစ်ယောက်လေ။ ဒီအကန်ကြောင့် လုချန်မှာ စူးရှတဲ့ နာကျင်မှုကို ခံစားလိုက်ရသည်။
“ဝေ့ဇီချင်း... နင် ဘာလုပ်နေတာလဲ”
ဟိုဘက်မှာတော့ သူမနဲ့အတူလာတဲ့ သက်လတ်ပိုင်းအမျိုးသမီးက သူမရဲ့ လုပ်ရပ်ကို မြင်သွားပြီး အမြန်လှမ်းပြောကာ ပြေးလာခဲ့သည်။
“ငါ ဘာလုပ်နေလို့လဲ... သေချာပေါက် သူတို့ကို အသံတိုးတိုးလုပ်ဖို့ ပြောနေတာပေါ့... ဆင်းရဲသားအုပ်စု... နေစရာမရှိရင်လည်း ထွက်သွားကြလေ... ဒီမှာ လာလှဲပြီး လမ်းပိတ်နေတာ မြင်ရတာကိုက ရွံစရာကောင်းတယ်”
“အသံတိုးတိုးလုပ်စမ်းပါ”
သက်လတ်ပိုင်းအမျိုးသမီးက သူမကို ဆွဲလိုက်ပြီး ပါးစပ်ပိတ်သွားစေသည်။
“ဝေ့ယီချီ... သူ့ကို သွားကြည့်လိုက်ဦး”
“ဟုတ်ကဲ့”
ဝေ့ယီချီက လုချန်အနားကို အမြန်လျှောက်သွားလိုက်သည်။
ဒီအချိန်မှာတော့ လုချန်ရဲ့ ရင်ထဲမှာ ရိုးရှင်းတဲ့ 'လခွမ်း' ဆိုတဲ့ စကားလုံးလောက်နဲ့တောင် ရှင်းပြလို့မရအောင် ဖြစ်နေပြီ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း ရုတ်တရက် အတိုက်ခိုက်ခံလိုက်ရတာလေ။ အဲဒီ စူးရှတဲ့ နာကျင်မှုကြောင့် သူ မူးဝေနေတာကနေ သတိလစ်လုနီးပါး ဖြစ်သွားပြီး သူ့စိတ်တွေက ချက်ချင်းကို တစ်ဝက်ကျော်လောက် ကြည်လင်သွားသည်။ သူက မျက်လုံးတွေကို အတင်းအားယူပြီး ဖွင့်လိုက်သည်။
သူ့မျက်လုံးထဲ ဝင်လာတာက ရုပ်ဆိုးတဲ့ အမျိုးသမီးတစ်ယောက်။
“လခွမ်း... သရဲ... သရဲ...”
လုချန်က ချက်ချင်း အော်ဟစ်လိုက်ပြီး မှောက်လျက်အနေအထားကနေ ထထိုင်ကာ ခြေထောက်တွေကို မြေပြင်ပေါ် ဆက်တိုက် ကန်ကျောက်ရင်း လက်ရောခြေပါ သုံးပြီး နောက်ကို ဆုတ်သွားသည်။
ခုနလေးတင် ဆန့်ထုတ်ထားတဲ့ ဝေ့ယီချီရဲ့ လက်က လေထဲမှာ တန့်သွားသည်။ လန့်ဖြန့်သွားတဲ့ လုချန်ကို ကြည့်ရင်း သူမရဲ့ နှုတ်ခမ်းတွေထက်မှာ ခါးသီးတဲ့ အပြုံးတစ်ခု ပေါ်လာသည်။
ဒီအမျိုးသား ရုတ်တရက် အော်ဟစ်လိုက်တာက ပုံမှန်ပဲဆိုတာ သူမ နားလည်ပါသည်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူမတို့ မိသားစု လုပ်ကြံခံရပြီး အကြောင်းပြချက်မရှိဘဲ မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ သူမ အသက်ရှင်လွတ်မြောက်လာခဲ့ပေမဲ့ သူမရဲ့ တစ်ကိုယ်လုံးက အရေပြားတွေ မီးလောင်ကျွမ်းသွားပြီး မျက်နှာပေါ်မှာ အကောင်းပကတိ အသားဆိုလို့ ဘာမှမရှိတော့ဘဲ အရေပြားတွေအားလုံး တွန့်လိပ်နေတာကြောင့် တကယ်ကို ကြောက်စရာကောင်းနေသည်။ သူမရဲ့ မျက်လုံးပြူးပြူးကြီးတွေပဲ ကျန်တော့ပြီး သေချာကြည့်မယ်ဆိုရင်တော့ အဲဒီမျက်လုံးတွေက ထူးခြားစွာ တောက်ပနေတာကို တွေ့ရလိမ့်မည်။ တကယ်လို့ အဲဒီ မတော်တဆမှုသာ မဖြစ်ခဲ့ဘူးဆိုရင် သူမက အလှပန်းလေးတစ်ပွင့် ဖြစ်နေမှာဆိုတာ မှန်းဆကြည့်လို့ ရနိုင်ပါသည်။
ရုတ်တရက် နိုးလာတဲ့ လုချန်က ဘာတွေဖြစ်သွားလဲဆိုတာကို သဘောပေါက်ဖို့ စက္ကန့်အနည်းငယ်လောက် အချိန်ယူလိုက်ရသည်။ အနီးအနားမှာ လူဆယ်ယောက်ကျော် ရပ်နေပြီး ဖုန်တွေပေလူးကာ ခရီးပန်းလာတဲ့ပုံစံနဲ့ အခုလေးတင် ရောက်လာတဲ့ပုံပေါက်နေသည်။ ပြီးတော့ သူ့ရှေ့က လူကလည်း သရဲမဟုတ်။
လုချန်က သူကိုယ်တိုင် လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ ဝန်ခံပေမဲ့ သူ့ရဲ့ တန်ဖိုးထားမှုတွေကတော့ မှန်ကန်နေဆဲပင်။ သတိပြန်ဝင်လာပြီးနောက် ခုနက သူ့လုပ်ရပ်က နည်းနည်း ရိုင်းပျသွားမှန်း သိလိုက်တာကြောင့် အမြန်ပြောလိုက်သည်။
“အဟမ်း... တောင်းပန်ပါတယ်... ကျွန်တော် အိပ်ချင်မူးတူး ဖြစ်နေလို့ပါ”
“ကိစ္စမရှိပါဘူး”
ဝေ့ယီချီက ပြုံးပြီး ခေါင်းခါပြကာ ဂရုမစိုက်တဲ့ပုံစံမျိုး ပြလိုက်သည်။ နှစ်တွေတစ်လျှောက် အေးစက်တဲ့ အကြည့်ပေါင်းများစွာကို သူမ ခံစားခဲ့ရပုံပေါ်သည်။ သူမက လုချန်ကို မေးလိုက်သည်။
“ရှင်ရော... တစ်ခုခု ထိခိုက်သွားသေးလား”
“မဖြစ်ပါဘူး”
လုချန်က ဟိုဒီ နည်းနည်း လှုပ်ရှားကြည့်လိုက်တော့ နည်းနည်း ကိုက်ခဲနေတာကို ခံစားလိုက်ရသည်။ ရောင်သွားတာ ဖြစ်နိုင်တယ်။ 'မြေကမ္ဘာ' အခန်းထဲမှာ ဆယ်မိနစ်လောက် အိပ်လိုက်ရင် ပျောက်သွားလောက်ပါတယ်။ စောစောက ဝေ့ဇီချင်းရဲ့ အကန်က သူ့ပခုံးကို ထိသွားတာလေ။ လုချန်ရဲ့ ခန္ဓာကိုယ်က ဟင်းလျာတွေကတစ်ဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ဆင့်ကို ဖြတ်သန်းထားလို့သာပေါ့... မဟုတ်ရင် အဲဒီအကန်က သာမန်လူတစ်ယောက်ရဲ့ လက်မောင်းကို ကျိုးသွားစေမှာ အသေအချာပင်။
“ဘာဖြစ်နိုင်မှာလဲ... ဒီသူတောင်းစားတွေက အရမ်း သန်မာတယ်... ငယ်ငယ်ကတည်းက အရိုက်ခံလာရတာလေ”
ဝေ့ဇီချင်းက လက်နှစ်ဖက်ကို ပိုက်ထားပြီး ဂရုမစိုက်တဲ့ပုံစံနဲ့ ပြောလိုက်သည်။
သူ့ကို ဘယ်သူက ရုတ်တရက်ကြီး လာရိုက်သွားတာလဲလို့ လုချန် တွေးနေတုန်းပဲ ရှိသေးသည်။ ဒီစကားကို ကြားလိုက်ရတော့ သူ ချက်ချင်း သဘောပေါက်သွားပြီး မျက်မှောင်ကြုတ်ကာ ဝေ့ဇီချင်းကို မေးလိုက်သည်။
“ခုနက ငါ့ကို ကန်သွားတာ မင်းလား”
“နင့်အဘွားက ကန်တာ... ဘာဖြစ်လဲ”
“ငါတို့ကြားမှာ ဘာရန်ငြိုးမှလည်း မရှိဘဲ ဘာလို့ ငါ့ကို ဒီလောက် ရက်ရက်စက်စက် ရိုက်ရတာလဲ”
“နင်တို့ သူတောင်းစားတွေက အရမ်း ဆူညံနေလို့ လူတွေ အိပ်လို့မရဘူးလေ... ငါက နင်တို့ကို ပညာပေးလို့ မရဘူးလား”
“ဒီလမ်းပေါ်မှာ ငါတို့လုပ်တာက နင်နဲ့ ဘာဆိုင်လို့လဲ”
“အို... သူတောင်းစားက မကျေမနပ်ဖြစ်နေသေးတယ်ပေါ့လေ”
ဝေ့ဇီချင်းက ခြေထောက်ကိုမြှောက်ပြီး လုချန်ဆီ လျှောက်သွားဖို့ ပြင်လိုက်ပေမဲ့ သူမဘေးက သက်လတ်ပိုင်းအမျိုးသမီးက ဆွဲထားလိုက်သည်။
“နင် စကားနည်းနည်းလျှော့ပြော... ဒီကိစ္စက အစကတည်းက နင့်အမှားပဲ”
“ကျွန်မက ဘာမှားလို့လဲ... ဒီလမ်းက အစကတည်းက ကျဉ်းကျဉ်းလေးကို မြေပြင်ပေါ်မှာ သူတောင်းစားအုပ်ကြီး လဲလျောင်းနေတော့ လူတွေ လမ်းလျှောက်လို့တောင် မရတော့ဘူး... ကျွန်မတို့က ငြိမ်းချမ်းရေးအသိုက်အမြုံကို အနိုင်နိုင် ရှာတွေ့ထားတာ... အခုတော့ ဒီလိုလူအုပ်ကြီးနဲ့ လာဆုံရသေးတယ်”
“သူ...တောင်း...စား... ဘယ်သူက သူတောင်းစားလို့ ခေါ်နေပြန်တာလဲ... ငါမင်းကို ပြောပြမယ်... အဲဒါ မနေ့ကမှ ငါ အသိအမှတ်ပြုထားတဲ့ အစ်ကိုကြီးကွ... အခုကစပြီး ငါ့ကို ဘယ်သူ အနိုင်ကျင့်ရဲလဲ ကြည့်ကြသေးတာပေါ့”
တုကူးဖူကွေ့ရဲ့ ဝဝကစ်ကစ် ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်မှာ အဆက်မပြတ် လူးလှိမ့်နေပြီး သူ့ပါးစပ်ကလည်း ပွစိပွစိ ပြောနေသည်။
“ဆင်းရဲတဲ့ကောင်... ဝလိုက်တာကလည်း လွန်ရော”
ဝေ့ဇီချင်းက တုကူးဖူကွေ့ကို ရွံရှာစွာ ကြည့်လိုက်သည်။
“အင့်... အရက်ကောင်း... အရက်ကောင်း”
ဖက်တီး တုကူးဖူကွေ့က ဝေ့ဇီချင်းရဲ့ စကားကို မကြားပုံရဘဲ အိပ်မက်ထဲမှာ မျောလွင့်နေဆဲပင်။
“ဒီခွက်ကို သောက်တဲ့သူ ဘယ်သူမဆို... ငါ နောက်ထပ် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ ထပ်လောင်းမယ်”
“အသုံးမကျတဲ့ကောင်... အိပ်မက်ထဲမှာတောင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်”
***