ဝေ့ဇီချင်းက ကြီးကျယ်ခမ်းနားတဲ့ ဟန်ပန်နဲ့ မတ်တတ်ရပ်နေသည်။ သူမနောက်က ဖုန်တွေပေလူးနေတဲ့ လူအုပ်ကြီးသာ မရှိဘူးဆိုရင် သူမက ထွက်ပြေးပုန်းရှောင်နေရသူလို့ ဘယ်သူမှ ယုံမှာမဟုတ်ပေ။
လုချန်က သူ့ခေါင်းကို ယမ်းပြီး အသိစိတ်ပြန်ဝင်အောင် ကြိုးစားလိုက်သည်။ မတ်တတ်ရပ်နိုင်တဲ့ အင်အားရလာတဲ့အခါ တည်းခိုခန်းတံခါးကိုဖွင့်ပြီး သူ့ဘာသာ လန်းဆန်းစေတဲ့ ရေနွေးကြမ်း တစ်ခွက်ဖျော်ကာ မော့သောက်လိုက်သည်။ အဲဒီ အံ့ဖွယ်ခံစားမှုကြီးက သူ့စိတ်ထဲကို ချက်ချင်း လွှမ်းခြုံသွားပြီး အိပ်ချင်စိတ်တွေကို ဖယ်ရှားပေးလိုက်ကာ သူ့ကို အထူးတလည် ကြည်လင်လန်းဆန်းသွားစေသည်။ အဲဒီနောက်မှ သူ အပြင်ကို ပြန်ထွက်လာခဲ့သည်။
လုချန်က သူ့အနောက်က အိမ်ထဲကို ဝင်သွားတာကို မြင်တော့ ဝေ့ဇီချင်းက သိသိသာသာကို အံ့အားသင့်သွားသည်။ သူက ဆင်းရဲသားတစ်ယောက်လို့ သူမ ထင်ခဲ့တာ... ဒါပေမဲ့ သူ့မှာ အိမ်တစ်လုံး ရှိနေပါလား။ အတော်ပဲ... သူမရဲ့ လူဆယ်ယောက်ကျော်က နေစရာမရှိဖြစ်နေတာဆိုတော့ သူ့အိမ်ကို ဝယ်လိုက်တာပဲ ကောင်းပါတယ်။
“ဟေ့... ဒီကိုလာခဲ့”
သူမက လုချန်ကို လက်ညှိုးနဲ့ ကွေးခေါ်လိုက်ပြီး အရမ်းကို အာဏာပြတဲ့ ပုံစံဖမ်းထားသည်။
“မလာဘူး”
လုချန်က ခေါင်းခါလိုက်သည်။
“ရော့... ဒါတွေ ယူလိုက်”
ဝေ့ဇီချင်းက အလှမ်းဝေးတဲ့နေရာကနေ သားရေအိတ်ငယ်လေးတစ်ခုကို ပစ်ပေးလိုက်သည်။ အထဲမှာတော့ ငွေစအချို့ ပါဝင်သည်။
“ဒီငွေတွေက နင့်အတွက် အရက်ဝယ်သောက်ဖို့ လောက်ပါတယ်... နင့်အနောက်က အိမ်ကို ငါ့ဆီ ရောင်းလိုက်”
“မင်းက ငါ့ရဲ့ တည်းခိုခန်းကို ဝယ်ချင်တာလား”
“ဟက်... နင် မမြင်ဘူးလား... နင့်ရဲ့ စုတ်ပြတ်နေတဲ့ အိမ်လိုမျိုးကို တည်းခိုခန်းလို့ ခေါ်လို့ရသေးတာလား... ထားပါတော့... နင် ပြောချင်တာ ပြော... ငါ့ဆီသာ ရောင်းပြီး မြန်မြန် ထွက်သွားလိုက်တော့”
“မင်း တကယ် ဝယ်မှာလား”
လုချန်က သူမကို ထပ်ပြီး အတည်ပြုလိုက်သည်။
“သေချာပေါက် ဝယ်မှာပေါ့”
“ဒါဆို ငါတို့ သဘောတူပြီးပြီနော်... နောက်ဆုတ်လို့ မရဘူး”
“ဟာသတွေ လာမလုပ်နဲ့... နင့်လို ဆင်းရဲသားတစ်ယောက်ဆီကနေ ငါ့စကားကို ငါ ပြန်ရုတ်သိမ်းစရာလား”
“ကောင်းပြီ”
လုချန်က ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ မင်းပေးတဲ့ ပိုက်ဆံက မလောက်သေးဘူး”
သူက ငွေစတွေကို သူ့အင်္ကျီထဲ ပေါ့ပေါ့ပါးပါး ထည့်လိုက်သည်။
“တကယ်လို့ မင်း တကယ် ဝယ်ချင်တယ်ဆိုရင် ပိုက်ဆံ ထပ်ပေါင်းပေးရမယ်”
“နင့်ရဲ့ အိမ်စုတ်လေးကို ဝယ်တာ ငွေ ၃၀ လျန်တောင် မလောက်ဘူးလား”
“မလောက်ဘူး”
“ရယ်ရတယ်နော်”
ဝေ့ဇီချင်းက လုချန်ဆီ လျှောက်လာခဲ့သည်။
“ဒါဆို ပြောစမ်းပါဦး... ဒီလို သေးငယ်ပြီး စုတ်ပြတ်နေတဲ့ အိမ်လေးအတွက် နင် ဘယ်လောက် လိုချင်တာလဲ”
လုချန်က လက်တစ်ချောင်း ထောင်ပြလိုက်ပြီး...
“ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းလောက်ပဲ ထားပါတော့”
“နင် ငါ့ကို ကစားနေတာလား”
ဝေ့ဇီချင်းရဲ့ မျက်လုံးတွေက ချက်ချင်း စူးရှသွားသည်။
သူမရဲ့ အမူအရာကို မြင်တော့ လုချန်က လှောင်ပြုံးပြုံးလိုက်ပြီး...
“ငါ မင်းကို ကစားနေတာ မဟုတ်ဘူး... ဒါက ဈေးနှုန်းပဲ... ငါ မင်းကို လျှော့တောင် လျှော့ပေးထားသေးတယ်... ဒီ ငွေ ၃၀ လျန်ကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအဖြစ် စရန်ငွေသဘောမျိုး သတ်မှတ်ပေးလိုက်မယ်... မင်း မဝယ်ဘူးဆိုရင်တောင် စရန်ငွေကို ပြန်မအမ်းဘူးနော်”
“နင် သေချင်နေတာလား”
ဝေ့ဇီချင်းက လုချန်ဆီ ချက်ချင်း ပြေးဝင်လာသည်။
ဝေ့ယီချီက သူမကို လမ်းခုလတ်မှာ ဝင်တားလိုက်သည်။
“ပြဿနာ မရှာပါနဲ့”
“ဝေ့ယီချီ... နင်က ဘာလို့ နေရာတိုင်းမှာ ပါနေရတာလဲ... နင် တော်တော် ဝင်စွက်ဖက်ချင်နေတာပဲ”
“ဇီချင်း”
သူတို့အနောက်ကနေ အသက်ကြီးတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက် ရှေ့ထွက်လာသည်။
ဘယ်သူ့ကိုမှ မျက်နှာမထောက်ဘဲ ရန်လိုနေတဲ့ ဝေ့ဇီချင်းက သက်လတ်ပိုင်းလူကြီးကို မြင်လိုက်တဲ့အခါ တော်တော်လေး ငြိမ်ကျသွားသည်။ သူမက လုပ်လက်စကို ရပ်တန့်လိုက်ပြီး ဝေ့ယီချီကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။
သက်လတ်ပိုင်းလူကြီးက လျှောက်လာပြီး လုချန်ကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။
“သခင်လေး... ကျွန်တော့်သမီးရဲ့ လုပ်ရပ်တွေက နည်းနည်း လွန်ကဲသွားတယ်... ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့... ကျွန်တော်တို့က မနေ့ညကမှ ရောက်လာတာဖြစ်ပြီး နေစရာနေရာတစ်ခုကို တကယ် ရှာချင်နေတာပါ... သခင်လေးရဲ့ အိမ်ကို ဝယ်ချင်တယ်ဆိုတာက တကယ် စိတ်ရင်းမှန်နဲ့ပါ... ဒါပေမဲ့ ဈေးနှုန်းက...”
“အဖေ... ဘာသခင်လေးလဲ... သူက သိသိသာသာကြီး ဆင်းရဲသားတစ်ယောက်ကို”
ဝေ့ဇီချင်းက ဝင်ပြောဖို့ မမေ့ခဲ့ပေ။
“အိုး... ခင်ဗျားတို့က တကယ် အိမ်ဝယ်မလို့ပေါ့”
“ဟုတ်ပါတယ်... ဒါကြောင့် ကျေးဇူးပြုပြီး သခင်လေးလည်း စိတ်ရင်းမှန်နဲ့ ဈေးနှုန်းတစ်ခုလောက် ပြောပေးပါ”
“ဒါက ကျွန်တော့်ရဲ့ စိတ်ရင်းမှန်နဲ့ ဈေးနှုန်းပါပဲ... ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်း... တစ်တုံးလေးတောင် လျှော့မရောင်းနိုင်ဘူး”
“နင် သိသိသာသာကြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ”
ဝေ့ဇီချင်းက သူ့ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“မတတ်နိုင်ရင်လည်း မတတ်နိုင်ဘူးပေါ့... ငါ အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်လို့ မပြောနဲ့”
လုချန်က သူမကို အေးစက်စက် ကြည့်လိုက်သည်။
“ငါတို့က မတတ်နိုင်ဘူး ဟုတ်လား... နင့်ကိုယ်နင် ပြန်ကြည့်စမ်း... ဒီအိမ်ကလေ... ငါ ပြောမယ်... အများဆုံးတန်လှ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး လေးဆယ်ပဲ”
ဝေ့ဇီချင်းက အော်ပြောလိုက်သည်။
“အိုး... ငွေ ၃၀ လျန် မဟုတ်ဘူးလား”
“နင်...”
ဝေ့ဇီချင်းက စကားမှားသွားမှန်း သိလိုက်သည်။ လုချန်ကို လက်ညှိုးထိုးရင်း သူမမျက်နှာမှာ ဒေါသတွေ ပြည့်နှက်နေသည်။ စောစောက သူမ ပစ်ပေးလိုက်တဲ့ ငွေ ၃၀ လျန်က အိမ်ကို ဈေးနှိမ်ပြီး ဝယ်ဖို့သက်သက်သာ ဖြစ်သည်။ သူမက အဆက်မပြတ် 'ဆင်းရဲသား' လို့ ခေါ်ပြီး မြင့်မားတဲ့ဟန်ပန် ဖမ်းနေပေမဲ့ တကယ်တမ်းမှာတော့ သူမတို့အုပ်စုက လူဆယ်ယောက်ကျော်မှာ ပိုက်ဆံ သိပ်မကျန်တော့ပေ။
“ငါက ဘာဖြစ်လဲ... ငါက ဘာဖြစ်လဲ... မတတ်နိုင်ရင်လည်း မတတ်နိုင်ဘူးပေါ့... အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့”
“ဘယ်သူက မတတ်နိုင်ဘူးလို့ ပြောလဲ”
လုချန်ရဲ့ ရန်စမှုကြောင့် ဝေ့ဇီချင်းက သူမလက်ချောင်းပေါ်က သိုလှောင်လက်စွပ်ကို ချက်ချင်း ချွတ်လိုက်ပြီး လုချန်ရှေ့ကို ဒေါသတကြီး ပစ်ချလိုက်သည်။
“နင် သေချာကြည့်ထား... အထဲမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာ ရှိတယ်... နင့်ရဲ့ အိမ်စုတ်လေးကို ဝယ်ချင်ရုံတင် မကဘူး... နင့်အနီးအနားက အိမ်တွေအားလုံးကိုပါ ငါ ဝယ်မယ်”
“ဝေ့ဇီချင်း... နင်”
သိုလှောင်လက်စွပ်ကို မြင်လိုက်တဲ့အခါ ဝေ့ယီချီ အံ့သြမှင်တက်သွားသည်။ အဲဒီအထဲမှာ သူတို့အားလုံး စုပေါင်းပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေ အားလုံးပါဝင်ပြီး ဝေ့ဇီချင်းကို အထူးတလည် သိမ်းဆည်းထားဖို့ အပ်နှံထားတာလေ။
“အေးဆေး... အေးဆေး”
လုချန်က သိုလှောင်လက်စွပ်ကို အပြုံးလေးနဲ့ ကောက်ယူလိုက်သည်။
“အထဲမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာ ရှိတယ်... ပြီးတော့ ဒီလက်စွပ်ကို နောက်ထပ် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးဆယ်လို့ သတ်မှတ်ပေးလိုက်မယ်... စုစုပေါင်း အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာ့သုံးဆယ်ပေါ့... စောစောက စရန်ငွေနဲ့ပါ ပေါင်းလိုက်ရင် အခု နင် ငါ့ကို ကိုးဆယ့်ကိုးသန်း ကိုးသိန်း ကိုးသောင်း ကိုးထောင် ခုနစ်ရာ ကိုးဆယ့်ခြောက်တုံး ပေးဖို့ လိုသေးတယ်... ဒါက ခုနက ငါတို့ သဘောတူထားတဲ့အတိုင်းပဲ... ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို ငါ အရင်ယူထားလိုက်မယ်... ကျန်တာတွေ စုဆောင်းပြီးသွားရင် အိမ်ဝယ်ဖို့ ငါ့ဆီ လာခဲ့”
“သခင်လေး... ခင်ဗျားလုပ်ရပ်က မရိုးသားဘူးနော်”
လုချန်ရဲ့ စကားကို ကြားလိုက်တဲ့အခါ သက်လတ်ပိုင်းလူကြီးရဲ့ မျက်နှာက ချက်ချင်း အေးစက်သွားသည်။
“ကျွန်တော်က မရိုးသားဘူး...”
လုချန်က သူ့ခေါင်းနောက်စေ့ကို ကုတ်လိုက်သည်။
“ကောင်းပြီလေ... ဒါဆိုရင်လည်း ကျွန်တော်က လူတွေကို အနိုင်ကျင့်တယ်လို့ မပြောနဲ့တော့... ခင်ဗျားတို့က ကျွန်တော့်အိမ်ကို မတတ်နိုင်ဘူးဆိုတော့ နောက်တစ်အိမ် သွားကြည့်ရအောင်လေ... ဘယ်လိုလဲ”
လုချန်က ခဏလောက် စဉ်းစားလိုက်ပြီး...
“အသက်သာဆုံး တစ်အိမ်ကို သွားကြည့်ကြတာပေါ့”
သူက အိမ်ထဲကို ပြန်လှည့်ဝင်သွားပြီး လန်းဆန်းစေတဲ့ ရေနွေးကြမ်း တစ်ခွက် ဖျော်လိုက်သည်။ ပြီးတော့ တုကူးဖူကွေ့ရဲ့ ဝဝကစ်ကစ် ခန္ဓာကိုယ်ကြီးကို တည်းခိုခန်းထဲ ဆွဲသွင်းလာပြီး ရေနွေးကြမ်းကို အတင်းတိုက်လိုက်သည်။
အိပ်မက်ထဲမှာ ပွစိပွစိ ပြောနေတဲ့ တုကူးဖူကွေ့က ရေနွေးကြမ်း ဝင်သွားတာနဲ့ တစ်ပြိုင်နက် ချက်ချင်း အမူးပြေသွားသည်။ သူက ခေါင်းကို ဟိုဘက်ဒီဘက် ခါရမ်းလိုက်တော့ မျက်နှာပေါ်က အဆီတွေက တုန်ခါသွားပြီး လန့်ဖြန့်သွားတဲ့ ပုံစံနဲ့ ပြောလိုက်သည်။
“ဘာ... ဘာဖြစ်သွားတာလဲ”
“ဖက်တီး... တစ်ယောက်ယောက်က မင်းရဲ့အိမ်ကို ဝယ်ချင်လို့တဲ့... တံခါးဖွင့်ပြီး သူတို့ကို ပေးကြည့်လိုက်”
“မရောင်းဘူး”
ဖက်တီး (တုကူးဖူကွေ့) က မစဉ်းစားဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
“မြန်မြန်လုပ်ပါ... ငါ မင်းကိုယ်စား ဆုံးဖြတ်ပြီးသွားပြီ... သူတို့က စရန်ငွေတောင် ပေးပြီးသွားပြီ... အမြန်သာ ရောင်းလိုက်”
“နေဦး... နေပါဦး”
ဖက်တီးက လုချန်ရဲ့ မျက်နှာကို ကြည့်လိုက်သည်။
“သူဌေးလု... ခင်ဗျားက ကျွန်တော့်ကို နှင်ထုတ်ဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်”
“မင်းကို နှင်ထုတ်မယ်...”
“ဟုတ်တယ်လေ... တကယ်လို့ ခင်ဗျားက ကျွန်တော့်ကို မနှင်ထုတ်ဘူးဆိုရင် ဘာလို့ ကျွန်တော့်အိမ်ကို ရောင်းဖို့ ခင်ဗျားက ဆုံးဖြတ်ရတာလဲ”
တုကူးဖူကွေ့ရဲ့ စကားကို ကြားတော့ လုချန်က ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
“ငါက မင်းကို နှင်ထုတ်တာ မဟုတ်ဘူး... ဒီလူတွေက အိမ်ဝယ်ချင်တယ်လို့ အတင်းတောင်းဆိုနေကြလို့... အစက သူတို့က ငါ့အိမ်ကို ဝယ်မယ်ပြောတာ... ဒါပေမဲ့ စရန်ငွေပေးပြီးမှ မတတ်နိုင်ဘူးဆိုတာ သိသွားကြတယ်... အဲဒါနဲ့ ငါတွေးလိုက်တယ်... ငါတို့က လူတွေကို အနိုင်ကျင့်လို့ မရဘူးမလား... စရန်ငွေကလည်း ပြန်အမ်းလို့ မရဘူးဆိုတော့ သူတို့ကို နောက်တစ်အိမ်လောက် ပြပေးလိုက်မယ်လေ”
“လခွမ်း... ငါ ကြားတာ မမှားဘူးမလား”
တုကူးဖူကွေ့ရဲ့ ပါးစပ်ကြီး အဟောင်းသား ပွင့်သွားပြီး ချဲ့ကားနေတဲ့ ပုံစံပေါက်နေသည်။
“ခင်ဗျားရဲ့ တည်းခိုခန်းကို ဝယ်မလို့... ဘယ်သူက အဲဒီလောက် ချမ်းသာနေလို့လဲ... ငါ ဖက်တီးကတော့ အဲဒီလိုကိစ္စမျိုးကို အိပ်မက်တောင် မမက်ရဲဘူး”
“ကဲပါ... သူတို့ စိတ်မရှည်ဖြစ်နေပြီ... မြန်မြန်လုပ်ပြီး သူတို့ကို ပြလိုက်ပါ”
“အို... ကောင်းပါပြီ... မနေ့ကတည်းက ကျွန်တော့်အိမ်ကို မရှင်းလင်းရသေးတော့ နည်းနည်းလေး ကြည့်ရဆိုးနေလောက်တယ်”
ဖက်တီးက ခေါင်းညိတ်လိုက်ပြီး သူ့အင်္ကျီပေါ်က ဖုန်တွေကို ခါချလိုက်သည်။ သူ့အင်္ကျီမှာ ကပ်နေတဲ့ စိတ်ဝိညာဉ်ကျောက်တုံး အစအနတွေက မနေ့ညကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မဟုတ်ရင် ဝေ့ဇီချင်းက သူ့ကို ဆင်းရဲသားတစ်ယောက်လို့ အထင်မှားမှာ မဟုတ်ပေ။
***