တုကူးဖူကွေ့က ဝေ့ဇီချင်းတို့အုပ်စုဆီကို လျှောက်လာခဲ့သည်။
“ခင်ဗျားတို့က အိမ်ဝယ်ချင်တာမလား... ကျွန်တော့်အိမ်ကို လာကြည့်လှည့်... အဲဒါက အသက်သာဆုံးပဲ”
တံခါးအပြင်ဘက်က သက်လတ်ပိုင်းလူကြီးက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
“ဟုတ်ပါတယ်... ကျွန်တော်တို့က တကယ်ဝယ်ချင်တာပါ... ဒါကြောင့် ဈေးကိုလည်း မှန်မှန်ကန်ကန်လေး ဖြစ်စေချင်ပါတယ်”
“ပြဿနာမရှိပါဘူး... ခင်ဗျားတို့ ဖုန်တွေပေလူးပြီး ခရီးပန်းလာတာကို ကျွန်တော် မြင်ပါတယ်... တကယ်လို့ ခင်ဗျားတို့က ဈေးသက်သာချင်တယ်ဆိုရင်လည်း ရပါတယ်”
ဖက်တီးက ဒီလိုပြောလိုက်ပြီးနောက် သူ့အိမ်ဆီကို ခြေလှမ်းခပ်သွက်သွက် လျှောက်သွားလိုက်သည်။ အမြင့် ဆယ်မီတာကျော် တည်ဆောက်ထားတဲ့ အိမ်တံခါးကို ဖွင့်လိုက်သည်။ ပြီးခဲ့တဲ့အကြိမ် လုချန် လှောင်ပြောင်ပြီးနောက် တံခါးကို သစ်သားတံခါးနဲ့ အစားထိုးထားတာကြောင့် အပြင်ကနေ ဘာမှမမြင်ရပေ။ ဒါပေမဲ့ တံခါးပွင့်သွားတဲ့အခါမှာတော့...
ဒီအခိုက်အတန့်မှာ တုကူးဖူကွေ့ရဲ့ အခန်းထဲကနေ အရောင်အသွေးစုံလင်တဲ့ အလင်းတန်းတွေ ထွက်ပေါ်လာသည်။
အဲဒီအလင်းတန်းတွေထဲမှာ အရောင်အမျိုးမျိုး ရောယှက်နေပြီး တချို့က ကြီးမြတ်ခမ်းနားတဲ့ ရွှေရောင်တွေနဲ့ ပြည့်နှက်နေကာ တချို့ကတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေရဲ့ ထူးခြားလှတဲ့ အဖြူရောင်အလင်းတန်းတွေ ဖြစ်ကြသည်။
“ဒါက...”
တုကူးဖူကွေ့က အနေရခက်စွာနဲ့ သူ့ခေါင်းကို ကုတ်လိုက်သည်။
“ကျွန်တော် အိမ်ကို အလှဆင်တုန်းက သိပ်ပြီး ဂရုမစိုက်မိလိုက်ဘူး... ကြမ်းပြင်မှာ ရွှေစင်ကြွေပြားတွေ ခင်းထားရုံလေးပါ... ကြမ်းပြင်ပေါ်မှာ ရွှေတုံးပေါင်း ၁၄၀၀ လောက် ရှိမယ်... တစ်တုံးကို လေးဂျင်ခွဲလောက် အလေးချိန်ရှိတယ်... တကယ်လို့ ခင်ဗျားတို့က တကယ်လိုချင်တယ်ဆိုရင် ဒီရွှေ ဂျင်ထောင်ပေါင်းများစွာရဲ့ ဈေးကို တစ်ဝက်လျှော့ပေးမယ်... အဲဒါက ခင်ဗျားတို့အတွက် လျှော့ဈေးလို့ သဘောထားလိုက်... ဟိုဟာကတော့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးထောင်နဲ့ ထုဆစ်ထားတဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ကုတင်ပဲ... အဲဒါကိုတော့ မူလဈေးအတိုင်းပဲ ထားလိုက်ပါ... ထုဆစ်ခကို မယူတော့ပါဘူး... အိမ်ကို ခြောက်မီတာ အမြင့်တင်ထားပြီး အတွင်းနံရံတွေကိုလည်း ရွှေတွေ ကွပ်ထားတယ်... အဲဒီအပင်တွေက တခြားကုန်းမြေတိုက် လေးခုကနေ အထူးတလည် သယ်ဆောင်လာတာ... အရမ်းရှားပါးတဲ့အတွက် အဲဒါတွေကို ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးဆယ်လို့ပဲ ထားလိုက်ပါတော့... ပြီးတော့ တခြား အလှဆင်ပစ္စည်း အသေးစားလေးတွေ ရှိသေးတယ်... အဲဒါတွေကိုလည်း ခင်ဗျားတို့ကို ရောင်းပေးမယ်... စုစုပေါင်း ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးထောင့်ငါးရာ... ဘယ်လိုလဲ”
ဖက်တီးက ဂရုမစိုက်တဲ့ မျက်နှာထားနဲ့ မိတ်ဆက်ပေးနေပြီး သူ့စိတ်ကြိုက် လျှော့ဈေးတွေ ပေးကာ ရွှေ ဂျင်ထောင်ပေါင်းများစွာရဲ့ ဈေးကိုလည်း လိုသလို လျှော့ချပစ်လိုက်သည်။
တံခါးအပြင်ဘက်မှာတော့ ဝေ့ဇီချင်းနဲ့ သူမရဲ့အုပ်စုက အိမ်ထဲကို ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြသည်။
'ဘုရားရေ... ဒါက ဘယ်လိုလူမျိုးလဲ... ကြမ်းပြင်ခင်းဖို့အတွက်တင် ရွှေ ဂျင်ထောင်ပေါင်းများစွာကို သုံးထားတယ်... နံရံတွေကလည်း ရွှေတွေ ကွပ်ထားပြီး အိပ်တာကလည်း ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ကုတင်ပေါ်မှာတဲ့လား...'
ခုနလေးတင် သူတို့ကို 'ဆင်းရဲသားတွေ' လို့ ခေါ်နေခဲ့တဲ့ ဝေ့ဇီချင်းက ချက်ချင်း နှုတ်ဆိတ်သွားသည်။ ဒီအချိန်မှာ သူမရဲ့ မျက်နှာပေါ်မှာ ပူထူနေတဲ့ ခံစားချက်ကိုသာ ရလိုက်တော့သည်။
သက်လတ်ပိုင်းလူကြီးကလည်း တံတွေးကို ခပ်ပြင်းပြင်း မြိုချလိုက်မိသည်။
“ဘယ်လိုလဲ... ဈေးနှုန်းက အရမ်း သင့်တော်တယ်မလား... ဝယ်ပြီးတာနဲ့ ချက်ချင်း ဝင်နေလို့ရတယ်... ဒါပေမဲ့ ကျွန်တော် ပြောထားမယ်နော်... ခင်ဗျားတို့ နေစရာမရှိလို့ ရောင်းပေးတာ... တကယ်လို့ ဝယ်ပြီး ပြန်ရောင်းစားဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ မရောင်းဘူး”
တုကူးဖူကွေ့က ဖြုန်းတီးတတ်ပေမဲ့ တခြားသူတွေအတွက် အလွယ်တကူ လမ်းခင်းပေးမှာတော့ မဟုတ်ပေ။
ဒါပေမဲ့ ရွှေစင်လှေကားကို လမ်းမပေါ် ပေါ့ပေါ့ပါးပါး ပစ်ချထားတာကတော့ တခြားကိစ္စတစ်ခုပေါ့။
၂၁ ရာစုက လူအတော်များများလိုပါပဲ... အပြင်ထွက်ပြီး အဝတ်အစားဝယ်တဲ့အခါ ယွမ်ဆယ်ဂဏန်းလောက် သက်သာနိုင်တာကိုတောင် ဈေးဆစ်ဖို့ ပျင်းကြပေမဲ့ ဂိမ်းဆော့တဲ့အခါမှာတော့ ဂိမ်းပိုက်ဆံ တစ်ယွမ်လေးအတွက်နဲ့ တခြားကစားသမားတစ်ယောက်ကို တစ်နေကုန် ဈေးဆစ်ချင် ဆစ်နေတတ်ကြသည်။
“ဟို... ဒီထက် ပိုသက်သာတာလေးများ မရှိဘူးလား”
သက်လတ်ပိုင်းလူကြီးက တိုးတိုးလေး မေးလိုက်သည်။
'ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးထောင့်ငါးရာတဲ့... ဒါက နောက်နေတာလား'
“ဈေးပိုပေါတာကို ပြောတာမလား... ကျွန်တော် သွားမေးကြည့်ပေးမယ်”
တုကူးဖူကွေ့က ဖေ့ယီရှန်ရဲ့ အခန်းဆီ ပြေးသွားပြီး တံခါးကို ခေါက်လိုက်သည်။
မကြာခင်မှာပဲ ဖေ့ယီရှန်က သမ်းဝေရင်း တံခါးလာဖွင့်ပေးပြီး အဝင်ဝမှာ ရပ်နေတဲ့ တုကူးဖူကွေ့ကို တွေ့လိုက်ရသည်။
“ဖက်တီး... နင် ဘာလုပ်မလို့လဲ”
“အဟမ်း... သူဌေးလုက မင်းအိမ်ကို ရောင်းမလားလို့ လာမေးခိုင်းတာ”
“အိမ်ရောင်းမလို့...”
ဖေ့ယီရှန်က အနည်းငယ် အံ့အားသင့်သွားသည်။
“ဘယ်သူက ဝယ်ချင်လို့လဲ”
“ငါလည်း သူတို့ကို မသိပါဘူး... ဒါပေမဲ့ သူဌေးလုက တစ်ယောက်ယောက်ဆီကနေ စရန်ငွေတောင် ယူထားပြီးပြီလို့ ပြောတာ ကြားလိုက်ရလို့ ငါ့ကို လာမေးခိုင်းတာ”
“သူကတော့ တကယ်ကို ကစားတတ်တာပဲ... ဘာတွေများ ဖြစ်နေတာလဲ... ငါ့အိမ်ကို ရောင်းဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ မနေ့ညက စီနီယာအာက အရက်တွေ အလွန်အကျွံသောက်ပြီးတော့ ငါ့အတွက် အာကာသအစီအရင်တချို့ကို ပင်ပင်ပန်းပန်းနဲ့ ထွင်းထုပေးသွားတယ်လေ... ပြီးတော့ အစီအရင်ရဲ့ အချက်အချာနေရာမှာ အာကာသကျောက်တုံး တစ်တုံးတောင် ထည့်ထားသေးတယ်လို့ ပြောသွားတယ်... အရင်က စတုရန်းမီတာ တစ်ရာကျော်ပဲ ရှိပေမဲ့ အခုတော့ အထဲမှာ နေရတာ စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်သလို ခံစားရတယ်... တကယ်လို့ ရောင်းမယ်ဆိုရင်တော့ အရင်ဈေးနဲ့ မရတော့ဘူးနော်”
စီနီယာအာဆိုတာ ပိုင်သခင်ကြီးက 'ရှောင်အာ' (ဆိုင်အကူလေး) လို့ ခေါ်တဲ့ ငွေရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးကို ဆိုလိုသည်။ မနေ့ညက အရက်ဝိုင်းမှာ အားလုံးက အဲဒီအခေါ်အဝေါ်ကို သဘောတူလိုက်ကြသည်။ 'စီနီယာအာ' ဆိုတဲ့ နာမည်က နားထောင်လို့ သိပ်မကောင်းပေမဲ့ အားလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူ လက်ခံခဲ့ကြသည်။
“လခွမ်း... အာကာသကျောက်တုံး...”
ဒါကို ကြားလိုက်ရတဲ့အခါ ဖက်တီးရဲ့ မျက်လုံးတွေက ချက်ချင်း ပြူးကျယ်သွားပြီးနောက် ရယ်မောလိုက်သည်။
“ခယ်မလေး... ခင်ဗျားတော့ အမြတ်ကြီး ထွက်သွားပြီပဲ... အဲဒီ အာကာသကျောက်တုံး တစ်တုံးတည်းကတင် အနည်းဆုံး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်တန်တယ်... ကျွန်တော့် မိသားစုက အဲဒါကို ဝယ်ဖို့ ကမ်းလှမ်းခဲ့ဖူးပေမဲ့ သူက သင်္ချိုင်းထဲအထိ ယူသွားမယ့် ရတနာတစ်ခုလို သဘောထားပြီး ဘယ်လိုမှ မရောင်းခဲ့ဘူး... အဲဒါကို သူက မနေ့ညက သုံးလိုက်တယ်ပေါ့”
“ငါ့ကို ခယ်မလေးလို့ မခေါ်နဲ့”
ဖေ့ယီရှန်က သူ့ကို မျက်စောင်းထိုးလိုက်သည်။
“သူက သုံးလိုက်တယ်လေ... မနေ့ညက သူ့ကို ငါတို့ တားလို့မှ မရတာ”
“ကောင်းပြီလေ... ကြည့်ရတာ သူတို့က ခင်ဗျားအိမ်ကိုလည်း မတတ်နိုင်လောက်ဘူးထင်တယ်... အာကာသကျောက်တုံး တစ်တုံးရယ်၊ ကြယ်နှစ်ပွင့်အဆင့် အာကာသသခင် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေးထားတာရယ် ပေါင်းလိုက်ရင် အနည်းဆုံး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ခြောက်ထောင်လောက်တော့ တန်မှာပဲ”
ဖက်တီးက ခန့်မှန်းတွက်ချက်လိုက်ပြီး သက်လတ်ပိုင်းလူကြီးဘက်ကို လှည့်ကာ မေးလိုက်သည်။
“ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ခြောက်ထောင်တဲ့... ဝယ်မလား”
“ခြောက်ထောင်...”
သက်လတ်ပိုင်းလူကြီးက သူ အကြားအာရုံ မှားနေသလားဟု ထင်လိုက်မိသည်။
“ဟုတ်တယ်... ကြယ်နှစ်ပွင့်အဆင့် အာကာသသခင်က အာကာသကျောက်တုံးကို သုံးပြီး အိမ်ထဲမှာ အစီအရင်တစ်ခု ချထားပေးတာ... အဲဒါက မုန်ညင်းစေ့ထဲက အာကာသလို အာနိသင်မျိုး ရှိတယ်... ခြောက်ထောင်ဆိုတာက အရင်းဈေးပဲ ရှိသေးတာ”
“အဲဒါက...”
သက်လတ်ပိုင်းလူကြီးမှာ ရုတ်တရက် ခေါင်းတွေ မူးဝေသွားသလို ခံစားလိုက်ရသည်။
'လခွမ်း... လခွမ်း... လခွမ်း...'
'ဒီလူတွေက... ဒီလူတွေက ဘယ်လိုလူမျိုးတွေလဲ... တစ်ယောက်က သူ့အိမ်ကြမ်းပြင်ခင်းဖို့ ရွှေ ဂျင်ထောင်ပေါင်းများစွာကို သုံးထားပြီး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ကုတင်ပေါ်မှာ အိပ်တယ်... ပြီးတော့ နောက်တစ်ယောက်က သူ့အိမ်မှာ အစီအရင်ချဖို့ အာကာသကျောက်တုံးကို သုံးထားတယ်တဲ့လား...'
'တစ်ခုက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးထောင့်ငါးရာ... နောက်တစ်ခုက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ခြောက်ထောင်တဲ့... အစ်ကိုရာ... မြို့တော်က အချမ်းသာဆုံးလူတောင် အဲဒီလောက် ပိုက်ဆံမရှိဘူးကွ...'
“အဟမ်း... တခြားများ... ဈေးပိုသင့်တော်တာလေးများ မရှိတော့ဘူးလား”
စကားပြောရင်းနဲ့ သူ့အကြည့်တွေက တည်းခိုခန်းနဲ့ အနီးဆုံးအခန်းဖြစ်တဲ့ ရှောင်ရွှီရဲ့ အခန်းဆီကို ရောက်သွားသည်။
သူ့အကြည့်တွေ ရောက်သွားချိန်မှာပဲ တံခါးက အလိုအလျောက် ပွင့်လာပြီး လက်ထဲမှာ သေတ္တာတစ်လုံးကိုင်ထားတဲ့ နတ်သမီးလေးတစ်ပါးလို လှပတဲ့ အဖြူရောင်ဝတ် မိန်းကလေးတစ်ယောက် တံခါးဝမှာ ပေါ်လာသည်။
“ဖက်တီး... ဒီမနက်စောစောစီးစီး ရှင် ဒီလောက် တက်ကြွနေတာကို မြင်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ... တိုက်တိုက်ဆိုင်ဆိုင်ပဲ... မနေ့ညက အစ်ကိုကြီးက ကျွန်မတို့တစ်ယောက်ချင်းစီကို အကာအကွယ်လက်စွပ် တစ်ကွင်းစီ ပေးထားတယ်... အဲဒါကြောင့် ဒီသိုလှောင်လက်စွပ်ကို ကျွန်မ ထပ်ဝတ်လို့ မရတော့ဘူး... ရှင့်ရဲ့ သိုလှောင်လက်စွပ်က နေရာကျယ်တယ်လို့ ကြားတယ်... ဒါကြောင့် အထဲက ပစ္စည်းတွေကို ကူသိမ်းထားပေးပါဦး”
ရှောင်ရွှီက ပြောလိုက်သည်။
ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေက အလှအပကို မြတ်နိုးကြပြီး ရှောင်ရွှီလည်း ချွင်းချက်မဟုတ်ပေ။ သူမဆီမှာ ပိုကောင်းတဲ့ လက်စွပ်တစ်ကွင်း ရှိနေပြီဖြစ်လို့ နောက်ထပ် သိုလှောင်လက်စွပ်တစ်ကွင်းကို ဝတ်စရာ နေရာမရှိတော့ပေ။ လက်စွပ်နှစ်ကွင်း စွပ်ထားရင်လည်း ကြည့်ရဆိုးနေမှာလေ။ တုကူးဖူကွေ့လို စရိုက်မျိုးရှိတဲ့သူမှသာ လက်ဆယ်ချောင်းမှာ သိုလှောင်လက်စွပ် အကွင်းနှစ်ဆယ်လောက် ဝတ်ထားမှာဖြစ်သည်။
“အဲဒီအထဲမှာ ဘာတွေပါလို့လဲ”
တုကူးဖူကွေ့က သူမကို မေးလိုက်သည်။
“ကျွန်မ မေ့နေပြီ... သေချာ မကြည့်ရသေးဘူး... ရှင်ကြည့်ဖို့ ထုတ်ပေးမယ်လေ”
ရှောင်ရွှီက လက်တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေ ထွက်ပေါ်လာတော့သည်။
သိုလှောင်လက်စွပ်လိုမျိုး အာကာသဂုဏ်သတ္တိပါတဲ့ ပစ္စည်းတွေထဲမှာ နောက်ထပ် သိုလှောင်လက်စွပ်တစ်ခုကို ထည့်ထားလို့ မရပေ။ လုချန်ရဲ့ အိတ်ထဲမှာတော့ လက်စွပ်တွေ အပြည့်အမောက် ပါလာပြီး လမ်းလျှောက်တိုင်း တချွင်ချွင် မြည်နေတတ်သည်။
“တကယ်တော့ သိပ်ထူးထူးခြားခြားတွေ မဟုတ်ပါဘူး... ရောနှောနေတဲ့ ပစ္စည်းလေးတွေပါပဲ... ဒါတွေက ရှင် ကျွန်မကိုပေးထားတဲ့ အဆင့်မြင့် စိတ်ဝိညာဉ်လက်နက် အခုတစ်ရာ... အဖိုးတန်ဆေးဘက်ဝင်အပင် ဆယ်ဂျင်... ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့ တစ်ရာ... ပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံး အနှစ်သာရ အခုတစ်ရာ... ရွှေနဂါးဝိညာဉ်က ဘယ်ရောက်သွားလဲမသိဘူး... ဒါပေမဲ့ အဲဒါကလည်း ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်လောက်ပဲ တန်တာဆိုတော့ ထားလိုက်ပါတော့”
တံခါးရှေ့က မြေကွက်လပ်ပေါ်မှာ သေတ္တာအနည်းငယ် ထွက်ပေါ်လာပြီး ဝေ့ဇီချင်းနဲ့ သက်လတ်ပိုင်းလူကြီးရဲ့ မျက်လုံးတွေကို အဆက်မပြတ် ဆွပေးနေသည်။
'ဒီမြေပြင်ပေါ်မှာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် ရှိတယ်ဟုတ်လား...'
'အဆင့်မြင့် စိတ်ဝိညာဉ်လက်နက် ရာနဲ့ချီပြီးတော့...'
'စိတ်ဝိညာဉ်ကျောက်တုံး အနှစ်သာရ အခုတစ်ရာတဲ့လား... ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကနေ သန့်စင်ထားတဲ့ ကျင့်ကြံခြင်းအတွက် ရတနာလေ...'
“ဖြန်း...”
ကြက်သီးထဖွယ် အသံနဲ့အတူ သက်လတ်ပိုင်းလူကြီးက သူ အိပ်မက်မက်နေတာ မဟုတ်ဘူးဆိုတာကို အတည်ပြုဖို့ သူ့ပါးကိုသူ ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။
'ငါ ဘယ်နေရာကိုများ ရောက်လာတာလဲ...'
***