‘ဒီလူတွေက လူတွေရော ဟုတ်ရဲ့လား...’
သက်လတ်ပိုင်းလူကြီးက အစကတော့ အခန်းဈေးကို မေးချင်နေခဲ့တာပါ။ ဒါပေမဲ့ အထဲမှာနေတဲ့သူက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သောင်းချီတန်တဲ့ ပစ္စည်းတွေကို ပေါ့ပေါ့ပါးပါး ထုတ်ပြလိုက်တာကို မြင်လိုက်ရတဲ့အခါ ဒီအိမ်ကိုလည်း သူ မတတ်နိုင်ဘူးဆိုတာကို သဘောပေါက်သွားတော့သည်။
လုချန်ကလည်း ရှောင်ရွှီ ထုတ်ပြလိုက်တဲ့ အရာတွေကို မြင်တော့ မျက်လုံးတွေ လင်းလက်သွားသည်။
“ဟို... စားပွဲထိုးမလေး... မင်းအတွက် အဲဒီ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ငါ သိမ်းထားပေးမယ်လေ... ဖက်တီးကို အမြဲတမ်း ဒုက္ခသွားမပေးပါနဲ့”
“ရပါတယ်... ဒါပေမဲ့ ရှင့်မှာ အဲဒီလောက် ကြီးတဲ့ သိုလှောင်လက်စွပ် ရှိလို့လား... ဒီနေ့ တစ်ယောက်ယောက်က ရှင့်ဆီကို နောက်ထပ် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး လေးထောင် လာပို့ဦးမယ်ဆိုတာ မမေ့နဲ့ဦးနော်”
“အော်... ဟုတ်သားပဲ”
လုချန်က သူ့ခေါင်းသူ ပြန်ရိုက်လိုက်သည်။
သူတို့ စကားပြောလို့မှ မဆုံးသေးခင် ကောင်းကင်ယံကနေ လူရိပ်နှစ်ခုက တည်းခိုခန်းအဝင်ဝဆီ တန်းတန်းမတ်မတ် ပျံသန်းလာကြသည်။ တောင်ကြားသခင်စွန်းနဲ့ သူ့သမီးပင်။
မြေပြင်ပေါ် ဆင်းသက်လိုက်တာနဲ့ တစ်ပြိုင်နက် လေထုထဲမှာ ပျံ့နှံ့နေတဲ့ ပြင်းထန်လှတဲ့ အရက်နံ့ကြီးကို တောင်ကြားသခင်စွန်း ရလိုက်သည်။
“သူဌေးလု... မနေ့က ကျွန်တော် တစ်ခုခုကို လွတ်သွားခဲ့ပုံရတယ်”
ဒီလူတွေက မနေ့ညက သောက်စားမူးယစ်ပြီး ပျော်ပါးနေခဲ့ကြတာ ဖြစ်ရမယ်ဆိုတာကို သူ ချက်ချင်း သဘောပေါက်လိုက်သည်။
“မပြောပါနဲ့တော့ဗျာ... တကယ်ကို အဓိပ္ပာယ်မရှိလွန်းတာ... သောက်တဲ့သူတိုင်း လမ်းမပေါ်မှာ အသိစိတ်လွတ်ပြီး လဲကျကုန်တာချည်းပဲ”
“ဟားဟား... ဒါက ဘဝပါပဲ... လည်ချောင်းထဲ အရက်ကောင်းလေး ဝင်သွားမှတော့ ဘယ်နေရာဖြစ်ဖြစ် အိပ်လို့မရစရာလား... သူဌေးလု... ဒီမှာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး လေးထောင်... ခင်ဗျားအတွက် ကျွန်တော် စုဆောင်းလာခဲ့ပြီ”
တောင်ကြားသခင်စွန်းက သေသပ်လှပတဲ့ သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ သေတ္တာကြီးရှစ်လုံး ထွက်ပေါ်လာပြီး သေတ္တာတစ်လုံးစီတိုင်းမှာ စိတ်ဝိညာဉ်ကျောက်တုံး ရှစ်ရာစီ အပြည့်အမောက် ပါဝင်သည်။ လုချန်နဲ့ အတည်ပြုပြီးနောက်မှာ အဲဒါတွေကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်ပြီး တော်တော်လေး တန်ဖိုးကြီးလှတဲ့ အဲဒီသိုလှောင်လက်စွပ်ကိုပါ လုချန်ဆီ ကမ်းပေးလိုက်သည်။
“ကောင်းပြီ”
လုချန်က မျက်လုံးကိုမှေးကာ ခေါင်းညိတ်လိုက်သည်။ သူ့သိုလှောင်လက်စွပ်က နေရာမဆံ့တော့ဘူးလို့ ခုနလေးတင် ပြောနေခဲ့တာ... အခုတော့ တောင်ကြားသခင်စွန်းက တစ်ကွင်း လာပို့ပေးလေပြီ။
“ဒါနဲ့... ခင်ဗျားက ပစ္စည်းကို ဘာနဲ့ သယ်သွားဖို့ စီစဉ်ထားလဲ”
“ဒါနဲ့ပါ”
တောင်ကြားသခင်စွန်းက သေတ္တာငယ်လေးတစ်လုံးကို ကမ်းပေးလိုက်သည်။
လုချန်က ခေါင်းညိတ်ကာ လှမ်းယူလိုက်ပြီး တည်းခိုခန်းထဲ ဝင်ဖို့ လှည့်ထွက်သွားသည်။
သူတို့ဘေးမှာတော့ ဝေ့ဇီချင်းနဲ့ သူမရဲ့ ဖခင်ဖြစ်သူက လုံးဝကို ဆွံ့အမှင်တက်နေကြပြီ။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ထောင်ချီပေးပြီး ပစ္စည်းလာဝယ်တာလား... ဘယ်လို ပစ္စည်းမျိုးကများ အဲဒီလောက်အထိ တန်ဖိုးကြီးနေရတာလဲ။
တည်းခိုခန်းအဝင်ဝကို သူတို့ စိုက်ကြည့်နေကြပြီး ခဏအကြာမှာတော့ လုချန်က သေတ္တာကို ပြန်သယ်လာကာ တောင်ကြားသခင်စွန်းကို ကမ်းပေးလိုက်တာကို မြင်လိုက်ရသည်။
တောင်ကြားသခင်စွန်းက သေတ္တာကို တုန်ယင်စွာ လှမ်းယူလိုက်ပြီး ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ အထဲမှာတော့ မီးတောက်တစ်ခုက လောင်ကျွမ်းနေပြီး သူ့မျက်နှာကို လင်းထိန်သွားစေသည်။ ဒီမီးတောက်ကို ကြည့်ရင်း တောင်ကြားသခင်စွန်းမှာ စကားတောင် မပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေမိသည်။
အစစ်အမှန် သမာဓိမီး... ဆေးဖော်စပ်ခြင်းအတွက် ဒဏ္ဍာရီလာ အထွတ်အမြတ် မီးတောက်က အခု သူ့လက်ထဲ ရောက်နေပြီလေ။
အခုကစပြီး ဆေးတောင်ကြားက ကယ်တင်ခံရရုံတင်မကဘဲ ရှေ့ကို ဧရာမ ခြေလှမ်းကြီးတစ်ခု လှမ်းနိုင်တော့မည်။
သက်လတ်ပိုင်းလူကြီးက တောင်ကြားသခင်စွန်းရဲ့ စိတ်လှုပ်ရှားနေတဲ့ အမူအရာကို ကြည့်ရင်း ဇဝေဇဝါဖြစ်သွားသည်။ ဒါက သိသိသာသာကြီး မီးတောက်တစ်ခုသက်သက်ပဲလေ... ဒါကို ဝယ်ဖို့အတွက် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ထောင်ချီ ပေးရတယ်တဲ့လား... သူက အရမ်းကို နားမလည်နိုင်ဖြစ်သွားပြီး တောင်ကြားသခင်စွန်းကို မေးလိုက်သည်။
“လူကြီးမင်းက မီးတောက်တစ်ခုကို ဝယ်ဖို့အတွက် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ထောင်ချီ သုံးလိုက်တာလား... သိပါရစေ... ဒီမီးတောက်က တည်းခိုခန်းရဲ့ ထိပ်တန်းရတနာများလား”
သူ့အမြင်မှာတော့ ပထမအိမ်မှာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ကုတင် ရှိသည်။ ဒုတိယအိမ်မှာ အာကာသကျောက်တုံးတွေ သုံးပြီး ခင်းကျင်းထားတဲ့ အာကာသအစီအရင် ရှိပြီး မုန်ညင်းစေ့ထဲက အာကာသလို အာနိသင်မျိုး ပိုင်ဆိုင်ထားသည်။ တတိယအိမ်မှာတော့ အဲဒီအမျိုးသမီးက ချမ်းသာမှန်း သိသာနေတာမို့ သူ ထည့်မတွက်တော့။
ဒီတည်းခိုခန်းနဲ့ ပတ်သက်ရင်လည်း အထဲမှာ အဆုံးစွန် ထိပ်တန်းရတနာ တစ်ခုခုတော့ ရှိရမှာပင်။ ဒီမီးတောက်က အဲဒီအထဲက တစ်ခုဖြစ်နိုင်ပြီး တန်ဖိုးအကြီးဆုံးတောင် ဖြစ်နိုင်ငဘ်။ ဘာပဲဖြစ်ဖြစ် ဒါက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ထောင်ချီ တန်ဖိုးရှိတာလေ။
တည်းခိုခန်းတစ်လုံးတည်းက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းဆယ်ချီ တန်တယ်ဆိုတဲ့ လုချန်ရဲ့ အဆိုကိုတော့ သူ သေချာပေါက် ယုံမှာမဟုတ်ပေ။
သက်လတ်ပိုင်းလူကြီးရဲ့ စကားကို ကြားလိုက်ရတဲ့အခါ တောင်ကြားသခင်စွန်းက အနေရခက်စွာနဲ့ ခေါင်းကုတ်လိုက်သည်။
“ရိုးရိုးသားသား ပြောရရင် ဒီမီးတောက်က ကျွန်တော့်အတွက်တော့ တကယ်ကို ထိပ်တန်းရတနာပါ... ဒါပေမဲ့ သူဌေးလုအတွက်တော့ ဟင်းချက်တဲ့နေရာမှာ သုံးတဲ့ မီးတောက်တစ်ခု သက်သက်ပါပဲ”
“ဘာ...”
သက်လတ်ပိုင်းလူကြီးက ချက်ချင်း အာမေဋိတ်သံ ထွက်သွားသည်။ သူက တောင်ကြားသခင်စွန်းကို စိုက်ကြည့်လိုက်သည်။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ထောင်ချီ ထုတ်ပေးနိုင်တဲ့သူဆိုတာ သေချာပေါက် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ရမည်။ အနည်းဆုံးတော့ သူ့ရဲ့ နားလည်မှုအရ ပထမအဆင့် ဂိုဏ်းချုပ်တစ်ယောက်တောင် အဲဒီလောက် စိတ်ဝိညာဉ်ကျောက်တုံး အများကြီး မထုတ်ပေးနိုင်ဘူးလေ။
ဒါပေမဲ့ ဒီလိုပုဂ္ဂိုလ်ကြီးရဲ့ မျက်လုံးထဲမှာ ထိပ်တန်းရတနာဖြစ်နေတဲ့အရာက တည်းခိုခန်းမှာ ဟင်းချက်ဖို့ သုံးတဲ့အရာတဲ့လား...
တောင်ကြားသခင်စွန်းက သေတ္တာကို ပိတ်လိုက်ပြီး မီးတောက်ကို ပြီးပြည့်စုံစွာ ထိန်းသိမ်းထားလိုက်သည်။ ဒီသေတ္တာက ထူးဆန်းတဲ့ မီးတောက်တွေကို သိမ်းဆည်းဖို့ အထူးပုံစံထုတ်ထားတာ ဖြစ်သည်။ မီးတောက်တွေက အဲဒီအထဲမှာ ပိုပြီးတောင် ကောင်းကောင်းလောင်ကျွမ်းနိုင်ပြီး ငြိမ်းသွားမှာ မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ် သူဌေးလု... ကျွန်တော် အရင် ခွင့်ပြုပါဦး... နောက်တစ်နေ့ကျမှ အရက်လာသောက်ပါဦးမယ်”
“ကြိုဆိုပါတယ်”
လုချန်က ပြန်ဖြေလိုက်သည်။ သူ့ကို ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်ပေးခဲ့တဲ့ ဒီဆေးတောင်ကြား ဂိုဏ်းချုပ်ကို သူ အရမ်းကို သဘောကျ ကျေနပ်နေသည်။
သူက အခုလေးတင် ရထားတဲ့ သိုလှောင်လက်စွပ်ကို လက်ထဲမှာ ပွတ်သပ်လိုက်သည်။
“စားပွဲထိုးမလေး... အဲဒီ စိတ်ဝိညာဉ်ကျောက်တုံးတွေ အားလုံးကို ဒီထဲ ထည့်ပေးပါဦး”
ဝေ့ဇီချင်းကတော့ စကားတစ်ခွန်းမှ မဟနိုင်တော့ဘဲ အဲဒီနေရာမှာတင် ရပ်နေမိသည်။
ခုနလေးတင် သူမက အရမ်းကို အားမာန်အပြည့်နဲ့ သူ့ကို ဆင်းရဲသား၊ သူတောင်းစားလို့ ခေါ်ခဲ့တာလေ။ ပြီးတော့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာလေးနဲ့ ဒီအခန်းတွေကို ဝယ်ဖို့ ကြွားဝါပြီး ကြိုးစားခဲ့သေးတယ်။
အခုရော...
အခန်းတွေ ဝယ်ဖို့ နေနေသာသာ... ဟင်းချက်တဲ့ မီးကိုတောင် သူမ မတတ်နိုင်ဘူး။
သူမ ခေါင်းတောင် မဖော်ရဲလောက်အောင် ရှက်ရွံ့သွားပေမဲ့ နောက်ထပ် ဘာဆက်လုပ်ရမလဲ။ သူမရဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာက သူ့ဆီမှာ ရှိနေသေးတယ်လေ။ အဲဒါက သူတို့ရဲ့ ပိုင်ဆိုင်မှု အားလုံးပဲ။
သက်လတ်ပိုင်းလူကြီးက ဝေ့ဇီချင်းကို အကြိမ်ကြိမ် မျက်စောင်းထိုးပြီး တောင်းပန်ဖို့ အချက်ပြကာ မျက်စိမှိတ်ပြနေသည်။ ဒါပေမဲ့ ဝေ့ဇီချင်းက မမြင်သလို ဟန်ဆောင်နေလေသည်။
မတတ်နိုင်တဲ့အဆုံး သက်လတ်ပိုင်းလူကြီး ကိုယ်တိုင် ဝင်ပြောရတော့သည်။
“အဲဒါက... သခင်လေး... တကယ်တော့ ခုနက ကျွန်တော်တို့က ဗဟုသုတနည်းပြီး အိမ်ဈေးတွေကို မှားခန့်မှန်းမိသွားတာပါ... အဲဒီ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာကို ကျွန်တော်တို့ကို ပြန်ပေးမယ်ဆိုရင်... ကျွန်တော် တခြားအိမ်တွေကို သွားကြည့်လို့ ရမလား”
“ခင်ဗျားတို့ မဝယ်တော့ဘူးလား”
လုချန်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေသည်။
“ဟုတ်ကဲ့... မဝယ်တော့ပါဘူး”
သက်လတ်ပိုင်းလူကြီးက ပြန်ဖြေလိုက်သည်။
“အာ... ကောင်းပြီလေ... ထားလိုက်ပါတော့”
လုချန်က ခေါင်းခါလိုက်ပြီး အခန်းထဲ ပြန်လှည့်ဝင်ဖို့ ပြင်လိုက်သည်။
“သခင်လေး... ခဏနေပါဦး”
သက်လတ်ပိုင်းလူကြီးက လှမ်းခေါ်လိုက်သည်။
“အဲဒီ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာက...”
“အဲဒါက စရန်ငွေလို့ ကျွန်တော် ပြောခဲ့ပြီးသားပဲ... အိမ်မဝယ်ဘူးဆိုရင် စရန်ငွေကို ပြန်မအမ်းဘူး... ခုနကတောင် ကျွန်တော်တို့ သဘောတူထားကြတယ် မဟုတ်လား”
လုချန်က ပြန်ပြောလိုက်သည်။
ဒါကို ကြားလိုက်ရတဲ့အခါ သက်လတ်ပိုင်းလူကြီးမှာ စကားမပြောနိုင်ဖြစ်သွားသည်။ သူ့သမီးနဲ့ ဒီလူငယ်ကြားက စကားပြောဆိုမှုတွေကို သူ ရှင်းရှင်းလင်းလင်း ကြားခဲ့တာလေ။ တစ်ဖက်လူက ဝယ်မှာ သေချာလားလို့ ထပ်ခါတလဲလဲ မေးခဲ့ပြီး သူ့သမီးကလည်း သေချာပေါက် ဝယ်မယ်လို့ ခပ်ပြတ်ပြတ် ပြောခဲ့တာ။
စည်းမျဉ်းတွေအရ ပြောပြီးသားစကားကို တည်ရမှာပဲ။ တကယ်လို့ တကယ်မဝယ်ဘူးဆိုရင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာ စရန်ငွေကို သဘာဝကျကျပဲ ပြန်အမ်းမှာ မဟုတ်ဘူး။ ဒီသဘောတရားက နေရာတိုင်းမှာ အကျုံးဝင်တယ်လေ။
ဒါပေမဲ့ သူ တကယ်ကို မစွန့်လွှတ်နိုင်ဘူး။ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာဆိုတာ သူတို့ရဲ့ ပိုင်ဆိုင်မှုအားလုံးပင်။ အဲဒါကိုသာ အရှုံးခံလိုက်ရရင် ဒီကာလအတွင်း သူတို့ စားဖို့သောက်ဖို့တောင် ပိုက်ဆံရှိတော့မှာ မဟုတ်ဘူးလေ။
ဝေ့ဇီချင်းရဲ့ အမူအရာက အကြိမ်ကြိမ် ပြောင်းလဲနေသည်။ အဲဒီအချိန်မှာပဲ လမ်းပေါ်မှာ နောက်ထပ် လူရိပ်တစ်ခု ပေါ်လာသည်။
ပြောင်းလဲနေတဲ့ ဝေ့ဇီချင်းရဲ့ အမူအရာက ဒီလူရိပ် ပေါ်လာတာကို မြင်တော့ ဝမ်းသာအားရ ဖြစ်သွားသည်။
တိုက်ဆိုင်လိုက်တာလို့ သူမ တွေးလိုက်သည်။ သူ ဝင်ပါပေးမယ်ဆိုရင် တည်းခိုခန်းပိုင်ရှင်က သူမရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပြန်ပေးရမှာပဲ မဟုတ်လား။
သူမက အဲဒီလူရိပ်ဆီ လက်လှမ်းပြလိုက်သည်။
“သခင်လေးလျို...”
လျှောက်လာတဲ့ လူရိပ်က အသံကို ကြားသွားသည်။
“အို... သခင်မလေးဝေ့... ဒီမှာ လာဆုံရမယ်လို့ မထင်ထားဘူး”
သခင်လေးလျိုလို့ ခေါ်တဲ့လူက ပြန်ထူးလိုက်သည်။
“ကျွန်မက မနေ့ညကမှ ရောက်တာပါ... ဒီနေ့ သခင်လေးလျိုနဲ့ လာဆုံမယ်လို့ မထင်ထားဘူး... တော်တော်လေး တိုက်ဆိုင်တာပဲ... ကျွန်မကို ဒုက္ခပေးနေတဲ့ ကိစ္စတစ်ခု ရှိလို့ပါ... အဲဒါ သခင်လေးလျိုကို တရားမျှတမှု ဖော်ဆောင်ပေးဖို့ အကူအညီတောင်းချင်လို့ပါ”
ဝေ့ဇီချင်းက သနားစရာကောင်းတဲ့ ပုံစံလေး ဟန်ဆောင်ကာ သခင်လေးလျိုရဲ့ ဘေးကို အမြန်သွားလိုက်ပြီး လုချန်ကို မကောင်းဆိုးဝါးဆန်ဆန် တစ်ချက် ကြည့်လိုက်သည်။ ‘ဟွန့်... အခု နင် မောက်မာပြလိုက်လေ... ဒီ သခင်လေးလျိုက အဝီစိတောင်ရဲ့ တောင်သခင်လေးကွ... သူ့ရှေ့မှာ နင် ဆက်ပြီး မောက်မာရဲသေးလား ကြည့်ကြသေးတာပေါ့’
***