“အို... ဘာကိစ္စများလဲ”
သခင်လေးလျိုက ဝေ့ဇီချင်းရဲ့ အခက်တွေ့နေတဲ့ မျက်နှာထားကို ကြည့်ပြီး မေးလိုက်သည်။
“ဒီလိုပါ”
ဝေ့ဇီချင်းက ခုနက ဖြစ်ပျက်ခဲ့သမျှကို အဆီပိုတွေထည့်ပြီး ပြောပြလိုက်သည်။ ဇာတ်လမ်းအစအဆုံးက ရှင်းလင်းပေမဲ့ သူမရဲ့ ပြောပြချက်ထဲမှာတော့ သူမက တစ်ဖက်လူကို ချက်ချင်း ခြေထောက်နဲ့ကန်တဲ့ အကြောင်းပြချက်မရှိ ရမ်းကားတဲ့ အမျိုးသမီး မဟုတ်သလို ငွေ ၃၀ လျန်နဲ့ အခန်းလာဝယ်တဲ့သူလည်း မဟုတ်တော့ပေ။ တကယ်တမ်း အရှက်မရှိတဲ့သူတွေက လုချန်နဲ့ သူ့အပေါင်းအပါတွေ ဖြစ်သွားတော့သည်။
“သခင်မလေးဝေ့ ပြောပုံအရဆိုရင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး လေးဆယ်တန်တဲ့ အိမ်ကို သခင်မလေးက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာပေးပြီး အမြန်ရအောင် ဝယ်ချင်ခဲ့တာကို ရောင်းတဲ့သူက ပိုက်ဆံလည်းယူသွားသေးတယ်... အိမ်ကိုလည်း မရောင်းဘူး ငြင်းတယ်ဆိုတဲ့ သဘောပေါ့”
“ဟုတ်ပါတယ်... သူက သူ့အိမ် ဘယ်လောက်တန်ဖိုးကြီးကြောင်းတွေ ပြောပြီး ကျွန်မရဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာကို စရန်ငွေလို့ပဲ သတ်မှတ်တယ်တဲ့လေ... ပြီးတော့ ကျွန်မကို ပြန်လည်းမအမ်းဘူး”
“အဓိပ္ပာယ်မရှိတာ”
ဒီစကားကို ကြားလိုက်ရတဲ့အခါ သခင်လေးလျိုက ချက်ချင်း ဒေါသထွက်သွားသည်။
“ဒီလောကကြီးမှာ ဒီလိုလူမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ... ကျွန်တော့်ကို အဲဒီနေရာ မြန်မြန် လိုက်ပို့ပါ... ဘယ်သူကများ ဒီလောက် အကြောင်းပြချက်မရှိ ရိုင်းစိုင်းနေရတာလဲ”
သူ့တုံ့ပြန်မှုကို ကြည့်ပြီး ဝေ့ဇီချင်းက ကြိတ်ပျော်သွားသည်။ သခင်လေးလျိုက စိတ်ထားနွေးထွေးတဲ့သူဆိုတာ သူမ အစောကြီးကတည်းက သိထားခဲ့တာလေ။ သူတို့ ပထမဆုံး ဆုံတွေ့ခဲ့ကြတုန်းက သခင်လေးလျိုက တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ လှည့်လည်သွားလာနေခဲ့တာ။ အခု သူမ အသုံးချလိုက်တာကလည်း အဲဒီ နွေးထွေးတဲ့ စိတ်ထားကိုပါပဲ။ သခင်လေးလျိုက အဲဒီတည်းခိုခန်းက တကယ်တမ်း ဘယ်လောက် တန်ဖိုးကြီးတယ်ဆိုတာကိုမှ မသိတာ။
“ဇီချင်း... သမီး ဘာလုပ်နေတာလဲ... ဒီလူက ဘယ်သူလဲ”
သက်လတ်ပိုင်းလူကြီးက သူ့သမီး တခြားတစ်ယောက်နဲ့ စကားပြောနေတာကို မြင်တော့ ရှေ့ထွက်လာပြီး မေးလိုက်သည်။
“အဖေ... သမီး မိတ်ဆက်ပေးမယ်... သူက ပထမအဆင့်ဂိုဏ်း အဝီစိတောင်ရဲ့ တောင်သခင်လေး... သခင်လေးလျိုတဲ့”
“သြော်... သခင်လေးလျိုကိုး... လေးစားအားကျနေတာ ကြာပါပြီ”
သက်လတ်ပိုင်းလူကြီးက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။
ပထမအဆင့်ဂိုဏ်းဆိုတာ သူတို့အတွက် လုံးဝကို ရိုသေလေးစားရမယ့် တည်ရှိမှုတစ်ခုပင်။
“သခင်မလေးဝေ့... သခင်မလေး ပြောတဲ့ အဲဒီ အရှက်မရှိတဲ့လူက ဘယ်နားမှာလဲ သိပါရစေ”
“ရှေ့နားက အဲဒီတည်းခိုခန်းမှာပါ”
ဝေ့ဇီချင်းက လက်ညှိုးထိုးပြလိုက်သည်။
“ကောင်းပြီ... ဒါဆို ကျွန်တော် သွားပြီး သူ့ကို အကျိုးအကြောင်း ပြောပြလိုက်ပါ့မယ်”
သခင်လေးလျိုက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီး လုချန်ဆီ လျှောက်သွားလိုက်သည်။ ဒီတစ်ကြိမ် သူ လာခဲ့တာက အဝီစိတောင်ရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ သူ့အဖေကို လာရှာတာဖြစ်သည်။ သူ့အဖေ ဒီမြို့တော်ထဲမှာ ရှိနေတယ်ဆိုတာကိုပဲ သိပြီး အတိအကျ ဘယ်နေရာမှာလဲဆိုတာတော့ သူမသိပေ။ လုချန်ဆိုတဲ့ တည်ရှိမှုကို သူ သိထားပေမဲ့ မျက်နှာတော့ မမြင်ဖူးခဲ့ပေ။
“ဇီချင်း... သမီး ဘာလုပ်နေတာလဲ... သခင်လေးလျိုကို ဘာတွေ ပြောလိုက်တာလဲ”
“ငွေတွေ ပြန်ရအောင် ကူညီပေးဖို့ သူ့ကို ပြောလိုက်တာပေါ့... အဖေ... အဲဒါက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာ အပြည့်နော်... အဲဒီလိုကြီး အလကား ပေးလိုက်လို့ ဘယ်ဖြစ်မလဲ”
“သမီးရယ်... ဟူး...”
သက်လတ်ပိုင်းလူကြီးက သက်ပြင်းချလိုက်သည်။
“သမီး ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ... ခုနက သမီးကိုယ်တိုင် သဘောတူခဲ့တာလေ”
“အဲဒီတော့ ဘာဖြစ်လဲ... ဒီလောကကြီးမှာ စွမ်းအားက အရာအားလုံးပဲလေ... အဖေပဲ သမီးကို အမြဲတမ်း အဲဒီလို သင်ပေးခဲ့တာ မဟုတ်ဘူးလား... အခု အဝီစိတောင်ရဲ့ တောင်သခင်လေးက သွားတောင်းပေးမှာဆိုတော့ သူ မပေးဘဲ နေရဲသေးလို့လား”
“သမီး တကယ်ကို နားမလည်တာပဲ... ခုနက မီးလာငှားတဲ့သူကတောင် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ထောင်ချီကို ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်တာ... သူတို့ရဲ့ စွမ်းအားက ပထမအဆင့်ဂိုဏ်းထက် သေချာပေါက် မနိမ့်ပါဘူး... တည်းခိုခန်းပိုင်ရှင်က ပထမအဆင့်ဂိုဏ်းကို ကြောက်မယ်လို့ သမီး ထင်နေတာလား”
“အဖေက သူ့ကို အထင်ကြီးလွန်းနေတာပါ”
သခင်လေးလျိုက လုချန်ဆီ လျှောက်သွားလိုက်သည်။ မြေပြင်ပေါ်မှာ လူရိပ်ပေါင်း ဒါဇင်နဲ့ချီ လဲလျောင်းနေပြီး သူတို့ပုံစံတွေက ရင်းနှီးနေသလို သူ ထင်လိုက်မိသည်။
'အဖေ...'
အဲဒီမှာ လဲနေပြီး အိပ်မက်ထဲမှာ ပွစိပွစိ ပြောနေတဲ့ လူတွေထဲက တစ်ယောက်က သူ့အဖေ ဖြစ်နေတာကို သူ ရုတ်တရက် သတိထားမိလိုက်သည်။
သူက ခြေနှစ်လှမ်းတည်းနဲ့ အပြေးအလွှား သွားလိုက်ပြီး အကြိမ်အနည်းငယ် လှမ်းခေါ်လိုက်ပေမဲ့ ဘာတုံ့ပြန်မှုမှ မရပေ။ သူ့အဖေ အရက်မူးနေတယ်ဆိုတာ သိသာလွန်းလှသည်။
သခင်လေးလျိုမှာ ပြောမပြတတ်အောင် စိတ်ပျက်သွားမိသည်။ သူ့အဖေကို ရှာတွေ့သွားပြီဆိုမှတော့ အလောတကြီး လုပ်စရာ မလိုတော့ပေ။ မျက်မှောက်က ကိစ္စကို အရင်ရှင်းဖို့ သူ ဆုံးဖြတ်လိုက်သည်။
လုချန်ရဲ့ ရှေ့ကို ရောက်သွားတဲ့အခါ သူတစ်ပါးရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ဘာလို့ အတင်းအဓမ္မ သိမ်းယူထားတာလဲလို့ သူက လုချန်ကို မေးလိုက်သည်။
“ငါက ဘယ်သူ့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို သိမ်းယူထားလို့လဲ”
“သခင်မလေးဝေ့က ကျွန်တော့်ကို အားလုံး ပြောပြပြီးပြီ... ခင်ဗျားက သူ့ဆီကနေ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာ ယူထားပြီး အိမ်လည်း မရောင်းဘူး... ပိုက်ဆံလည်း ပြန်မပေးဘူးဆို”
“ဒါက စရန်ငွေလေ... ဘယ်နေရာမှာမှ စရန်ငွေကို ပြန်အမ်းရတယ်ဆိုတဲ့ အကြောင်းပြချက် မရှိဘူး”
“နင်က အရှက်မရှိတဲ့ကောင်”
ဒီအချိန်မှာ ဝေ့ဇီချင်းလည်း ရောက်လာခဲ့ပြီ။
“သိသိသာသာကြီး နင် မရောင်းဘူးလို့ ဆုံးဖြတ်ပြီး ငါတို့ပိုက်ဆံကိုလည်း ယူထားသေးတယ်... ပြီးတော့ ငါတို့က မဝယ်တာပါလို့ စွပ်စွဲနေသေးတယ်... စရန်ငွေကို ပြန်မအမ်းဘူးလို့ ပြောတာက နားထောင်လို့တော့ ကောင်းပါတယ်... ဒါပေမဲ့ ဒါက ဓားပြတိုက်တာနဲ့ ဘာကွာလို့လဲ... ငါတို့ကို အားနည်းတဲ့သူတွေမို့လို့ အနိုင်ကျင့်ချင်နေတာလား”
“မင်း ပြောချင်ရာပြောပါ”
လုချန်က ဂရုမစိုက်တဲ့ဟန်နဲ့ လက်ယမ်းပြလိုက်သည်။ ရှန်းရှလောကကို ရောက်လာကတည်းက သူက အရှက်မရှိတဲ့သူတွေကို အများကြီး မြင်ဖူးနေခဲ့ပြီလေ။ ဝေ့ဇီချင်းက ပထမဆုံးလူ မဟုတ်သလို သူကလည်း ဒါတွေကို ယဉ်ပါးနေပြီ ဖြစ်သည်။
“နင်က တကယ်ကြီး အဆုံးထိ လူဆိုးလုပ်ဖို့ စီစဉ်ထားတာပေါ့လေ... သခင်လေးလျိုက ဘယ်သူလဲ နင် သိလား... သူက အဝီစိတောင်ရဲ့ တောင်သခင်လေးဟဲ့”
“အဝီစိတောင်”
ဘေးနားက တုကူးဖူကွေ့က ဒီစကားကို ကြားတော့ ရယ်ချလိုက်သည်။
မူလကတော့ သူ့မှာ အဝီစိတောင်နဲ့ သိပ်ပြီး ပတ်သက်မှု မရှိခဲ့ပါ။ အလွန်ဆုံး သိကျွမ်းသူတွေလောက်ပဲ ရှိတာ။ ဒါပေမဲ့ မနေ့ညကတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့သည်။
ဒီဖက်တီးရဲ့ ကျင့်ကြံခြင်းက သိပ်မမြင့်ပေမဲ့ သူ့ရဲ့ အရက်သောက်နိုင်စွမ်းကတော့ သေချာပေါက် မှတ်သားလောက်စရာပင်။ မနေ့ညက သူနဲ့ သူတောင်းစားအဘိုးအိုတို့ အရက်ခွက်ပေါင်း ဒါဇင်နဲ့ချီ သောက်ခဲ့ကြပြီး စိတ်လှုပ်ရှားလွန်းလို့ ညီအစ်ကိုတွေအဖြစ် သစ္စာဆိုခဲ့ကြသည်။ ရလဒ်အနေနဲ့ သူက အဘိုးကြီးလျိုရဲ့ စီနီယာမျိုးဆက် ဖြစ်သွားခဲ့သည်။
အဘိုးကြီးလျိုက ဘယ်သူလဲ... အဝီစိတောင်ရဲ့ မဟာအကြီးအကဲလေ။
“ဟုတ်တယ်... အဝီစိတောင်... ဘာလဲ... နင် အခု ကြောက်သွားပြီလား”
ဝေ့ဇီချင်းက သူမရင်ဘတ်ကို ကော့လိုက်သည်။ 'အဝီစိတောင်' ဆိုတဲ့ စကားလုံးသုံးလုံးကို ပြောလိုက်တဲ့အခါ သူမက အဝီစိတောင်က သူမကိုယ်ပိုင် ဂိုဏ်းဖြစ်နေသလိုမျိုး အထူးတလည် ယုံကြည်မှုတွေ ပြည့်ဝနေခဲ့သည်။
တုကူးဖူကွေ့က ဝေ့ဇီချင်းကို တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ သခင်လေးလျိုကို ဆက်မေးလိုက်သည်။
“မင်းက အဝီစိတောင်ရဲ့ တောင်သခင်လေးဆိုတော့... လျိုရွှမ်က မင်းနဲ့ ဘာတော်လဲ”
“သူက ကျွန်တော့်အဖေပါ”
“အိုး... ဒါဆို ငါ နားလည်ပြီ”
တုကူးဖူကွေ့က ခေါင်းညိတ်လိုက်သည်။ ပြီးတော့ သူက သူ့ရဲ့ ဝဝကစ်ကစ် ခန္ဓာကိုယ်ကြီးကို ယိမ်းထိုးပြီး မြေပြင်ပေါ် လဲကျနေတဲ့ လူအုပ်ကြီးထဲမှာ လိုက်ရှာနေသည်။ နောက်ဆုံးတော့ လျိုရွှမ်ရဲ့ လူရိပ်ကို သူ ရှာတွေ့သွားပြီး ခြေလှမ်းကျဲကြီး နှစ်လှမ်းလောက် လှမ်းသွားကာ အော်ပြောလိုက်သည်။
“လျိုရွှမ်... မင်းသားက ပြဿနာလာရှာနေတယ်ကွ”
အသံက ကျယ်လောင်ပြီး ရုတ်တရက်ဆန်လှသည်။ တုကူးဖူကွေ့က သဘာဝကျကျပဲ စူးရှတဲ့ အသံပိုင်ရှင်ဖြစ်တာကြောင့် ဒီအော်သံက အားလုံးကို လန့်ဖြန့်သွားစေသည်။
အရက်မူးပြီး အိပ်မက်ထဲ မျောလွင့်နေဆဲဖြစ်တဲ့ လျိုရွှမ်က အဲဒီနေရာမှာတင် ချက်ချင်း အမူးပြေသွားသည်။ စိတ်ဝိညာဉ်ချီ တစ်ချက် လှည့်ပတ်လိုက်ပြီးနောက်မှာတော့ သူ့ခေါင်းထဲက မူးဝေနေမှုတွေ တော်တော်လေး ရှင်းလင်းသွားတော့သည်။
“ဟင်... ဘယ်သူက ပြဿနာရှာနေတာလဲ... ငါ့သားလား”
သခင်လေးလျိုက သူ့အဖေကို နာမည်အပြည့်အစုံနဲ့ အခေါ်ခံလိုက်ရတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အဲဒီအခိုက်အတန့်မှာပဲ ဒီတည်းခိုခန်းက ဘယ်လိုနေရာမျိုးလဲဆိုတာကို သူ ချက်ချင်း သဘောပေါက်သွားတော့သည်။
တုကူးဖူကွေ့ရဲ့ အော်သံကြောင့် လျိုရွှမ် နိုးလာရုံတင်မကဘဲ အရက်မူးပြီး လဲနေကြတဲ့ တခြားလူတော်တော်များများလည်း တစ်ယောက်ပြီးတစ်ယောက် နိုးလာကြသည်။
“ဘယ်သူလဲ... ဘယ်သူက ပြဿနာရှာနေတာလဲ”
သူတို့က အမူးမပြေသေးခင်မှာတင် ဒီအသံတွေကို ပြုလုပ်လိုက်ကြပြီး သူတို့အသံတွေက အရက်မူးနေတဲ့ အသံတွေ အပြည့်ဖြစ်နေသည်။
“ဘာဖြစ်နေတာလဲ... ငါ့မြေးက ပြဿနာရှာနေတာလား”
အဘိုးကြီးလျိုက လေချဉ်တစ်ချက်တက်လိုက်ပြီး ရုတ်တရက် ထထိုင်လိုက်ကာ သခင်လေးလျိုကို ချက်ချင်း မြင်သွားပြီး ရယ်ချလိုက်သည်။
“ဟားဟား... မြေးလိမ္မာလေး... မင်း ဘယ်တုန်းက ရောက်တာလဲ... လာစမ်း... အဘိုးကို ပြပါဦး... မင်းအဖေ၊ အဲဒီကောင်စုတ်လေးက မင်း ခရီးထွက်သွားတယ်လို့ ပြောတယ်... ဒီတစ်ခါ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာကတည်းက အဘိုး မင်းကို မမြင်ရတာကြာပြီ”
သူတို့ရှေ့မှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းက သခင်လေးလျိုကို အံ့အားသင့်သွားစေရုံသာမက ဝေ့ဇီချင်းကိုလည်း နောက်တစ်ကြိမ် လုံးဝ တွေဝေသွားစေသည်။
'ဘာတွေ ဖြစ်နေတာလဲ... မြေပြင်ပေါ်မှာ လဲနေတဲ့သူတွေထဲက တစ်ယောက်က သခင်လေးလျိုရဲ့ အဖေတဲ့လား...'
'တစ်နည်းပြောရရင် ပထမအဆင့်ဂိုဏ်း အဝီစိတောင်ရဲ့ ဂိုဏ်းချုပ်ပေါ့...'
'ဒီလူတွေက သူတောင်းစားအုပ်စု မဟုတ်ဘူးလား...'
ဒီအချိန်မှာတော့ သူမ ခေါင်းတွေ မူးဝေလာပြီး သူမစိတ်တွေက လုံးဝ ဖရိုဖရဲ ဖြစ်သွားတော့သည်။
'ဒီတည်းခိုခန်းပိုင်ရှင်က တကယ်တော့ ဘယ်သူလဲ... ပြီးတော့ ပထမအဆင့် ဂိုဏ်းချုပ်ကို နာမည်အပြည့်အစုံနဲ့ ခေါ်နေတဲ့ အဲဒီ ဖက်တီးကရော... သူမ သိထားသလောက်ဆိုရင် မြို့တော်မှာ တည်းခိုခန်း တစ်ခုတည်းပဲ ရှိတာ... နေပါဦး...'
'ဒါက ငြိမ်းချမ်းရေးအသိုက်အမြုံပဲ...'
'ဒီလမ်းတစ်လမ်းလုံးမှာ တည်းခိုခန်း တစ်ခုတည်းပဲ ရှိတယ်...'
'ဒီတည်းခိုခန်းပိုင်ရှင်ကများ...'
“သူဌေးလု... ဘယ်သူကများ ဒီကိုလာပြီး ပြဿနာရှာရဲလောက်အောင် သတ္တိကောင်းနေတာလဲ”
***