အဆင့် D-6 အခြေစိုက်မြို့တော် မဟာမိတ်ဌာနချုပ် အဆောက်အအုံတွင် ချိုက်ကျိကွမ်က ကော်ဖီကို ဖြည်းညင်းစွာဖြင့် အရသာခံ သောက်သုံးနေသည်။ သူ၏ အကြည့်များက အဝေးတစ်နေရာဆီသို့ ရောက်ရှိနေသည်။ လုချန်က သူ့အား ပြောထားခဲ့သည်။ နောက်ထပ် ငါးရက်အကြာတွင် လုချန်က ဤအခြေစိုက်မြို့တော်မှ ထွက်ခွာတော့မည်ဟု ဆိုသည်။ ယင်းအဓိပ္ပာယ်မှာ ချိုက်ကျိကွမ်အနေဖြင့် ဤနောက်ကျကျန်ရစ်ကာ ခေါင်ဖျားလှသော နေရာဆိုးကြီးမှ အဆုံးသတ် ထွက်ခွာခွင့်ရတော့မည် ဆိုသည့်သဘောပင်။
ထိုစဉ် သူ၏ ဖုန်းမြည်လာခဲ့သည်။ သူက ခေါင်းလှည့်ကာ ဖုန်းစခရင်ကို တစ်ချက်ကြည့်လိုက်သည်။ ရှေ့တန်းစခန်းတပ်မှူး လျန်ဝမ်ကျွင်းထံမှ ဖုန်းခေါ်ဆိုမှုဖြစ်နေသည်။
“ဒီအချိန်ကြီး ဘာလို့ ဖုန်းဆက်ရတာလဲ”
"ဟလို... လျန်ဝမ်ကျွင်း ဘာကိစ္စရှိလို့လဲ" ချိုက်ကျိကွမ်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ဆရာ... ကျွန်တော် သတင်းပို့စရာ ရှိလို့ပါ" လျန်ဝမ်ကျွင်းက ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ် အလျင်အမြန် ရှင်းပြလေသည်။
"အဲဒါကြောင့် ဆရာ... လက်ရှိအခြေအနေကို ကျွန်တော် ဆက်ပြီး မကိုင်တွယ်နိုင်တော့ဘူးလို့ ခံစားရလို့ပါ..."
ချိုက်ကျိကွမ်က ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ ဤစက္ကန့်တွင် သူ၏မျက်နှာပေါ်ရှိ ပျင်းရိပျင်းတွဲနှင့် သက်တောင့်သက်သာဖြစ်နေသော အမူအရာများ အစအနမကျန် ပျောက်ကွယ်သွားသည်။
"မင်း ဘာပြောလိုက်တယ်" သူက မေးလိုက်သည်။
သူ၏ အသံက ရုတ်ခြည်း စူးရှကျယ်လောင်သွားသည်။
"နောက်တစ်ခေါက် ပြန်ပြောစမ်း"
လျန်ဝမ်ကျွင်းက ဖြစ်စဉ်တစ်ခုလုံးအား ထပ်မံ သတင်းပို့ရပြန်သည်။ ချိုက်ကျိကွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
"ငါ့ကို စောင့်နေ အခုချက်ချင်း ငါ လာခဲ့မယ်"
ထို့ထက်ပို၍ သူက ဘာမှ ဆက်မပြောတော့ပေ။ ဖုန်းကို ချက်ချင်းချလိုက်ပြီး ရုံးခန်းထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။ အဆောက်အအုံ၏ အပြင်ဘက် ကောင်းကင်ယံကို ပစ်ခွဲလိုက်သည့်အလား အသံထက်မြန်သော ပေါက်ကွဲသံများ တစ်ဆက်တည်း ထွက်ပေါ်လာသည်။ ချိုက်ကျိကွမ်က ကောင်းကင်ပေါ်သို့ တိုက်ရိုက် ပစ်တက်သွားခြင်းပင်။ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။ စက္ကန့် ၅၀သာ ကြာမြင့်လိုက်သည်။ သူက ရှေ့တန်းစခန်းသို့ ရောက်ရှိသွားသည်။
ကောင်းကင်ထက်မှ ကျဆင်းလာသော စိုးမိုးနိုင်စွမ်းရှိသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ စစ်သည်တော်တိုင်းက သူ ရောက်ရှိလာကြောင်းကို သတိပြုမိကြသည်။ မည်သူမျှ သူ့ကို သေချာမမြင်လိုက်ရသော်ငြား ကောင်းကင်ယံ၌ ဖြတ်သန်းရေးဆွဲသွားသော မျဉ်းဖြူကြိုးတန်းကြီးက အရာအားလုံးကို သက်သေပြရန် လုံလောက်နေပြီဖြစ်သည်။
သူတို့အားလုံး အလိုအလျောက်ပင် ကောင်းကင်ဆီသို့ ဦးညွှတ်လိုက်ကြသည်။ အနက်ရှိုင်းဆုံး လေးစားမှုကို ပြသလိုက်ခြင်းပင်။ ချိုက်ကျိကွမ်က ကွပ်ကဲရေးစင်တာထဲသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်လာသည်။ လျန်ဝမ်ကျွင်းက ထိုနေရာတွင် သတိဆွဲကာ ရပ်နေသည်။ သူတို့က မလှုပ်မယှက် စောင့်ဆိုင်းနေကြသည်။
"ဆရာ... အဲဒီ လျှို့ဝှက်ဆန်းပြားတဲ့သူတွေက နောက်ထပ် ဆယ်မိနစ်အတွင်း ဒီကို ရောက်လာပါလိမ့်မယ် ဘာများ အမိန့်ပေးချင်ပါသလဲ" လျန်ဝမ်ကျွင်းက မတ်တတ်ရပ်လျက် မေးလိုက်သည်။
"ဒီကိစ္စကို ငါကိုယ်တိုင် အပြည့်အဝ ကိုင်တွယ်မယ်" ချိုက်ကျိကွမ်က တည်ငြိမ်စွာ ပြောသည်။ "ဒါ မင်းနဲ့ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး"
"ဟုတ်ကဲ့ပါ ဆရာ" လျန်ဝမ်ကျွင်းက စစ်သေနာပတိ အလေးပြုခြင်းဖြင့် အရိုအသေပေးလိုက်ပြီးနောက် ထွက်ခွာသွားလေသည်။
ချိုက်ကျိကွမ်က ထိုနေရာတွင် ခေတ္တမျှ ရပ်နေမိသည်။ သူ၏ စိတ်အစဉ်က အလုပ်များနေသည်။ ထိုလျှို့ဝှက်ဆန်းပြားသော လူများက မည်သူများနည်း။ မည်သည့် အဖွဲ့အစည်းကများ နယ်မြေ ၁၃ တစ်ခုလုံးကို ၁၄ နာရီအတွင်း ရှင်းလင်းပစ်နိုင်ရန် ထိုမျှ အားကောင်းလွန်းသော ပညာရှင်များကို စေလွှတ်နိုင်ရသနည်း။ သူသာ D6 အခြေစိုက်မြို့တော်ရှိ ပညာရှင်အားလုံးကို စုစည်းလိုက်လျှင်ပင် ရက်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်ပြီး နျူကလီးယားဗုံး အသုံးပြုရန်ပင် ပြင်ဆင်ရလိမ့်ဦးမည်။
ဆယ်မိနစ်အကြာ ချိုက်ကျိကွမ်က အာရုံခံမိလိုက်သည်။ ကောင်းကင်ယံမှ အားကောင်းလွန်းသော အဆင့်D ဖိအားနှစ်ခု ကျဆင်းလာသည်။ သူက အပြင်သို့ ထွက်လိုက်သည်။ ခေါင်းမော့ကြည့်လိုက်ရာ ဓာတ်သဘာဝ ကိုယ်ရံချပ်ဝတ်များကို အပြည့်အဝ ဆင်မြန်းထားသော ပုံရိပ်နှစ်ခုက စခန်းဆီသို့ ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။ သူတို့ ခြေထောက်အောက်တွင် လက်နက်ကိုယ်စီ ရှိနေကြသည်။ သူတို့၏ နောက်တွင်တော့ ဆယ်မီတာကျော် ရှည်လျားသော သားရဲကြီးတစ်ကောင်၏ အလောင်းကို ဆွဲလာခဲ့သည်။
ချိုက်ကျိကွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
“အဆင့်D ဝိညာဉ်သခင် နှစ်ယောက်... သူတို့က ဘယ်အထူးတပ်ဖွဲ့ကများလဲ...”
အပေါ်စီးမှနေ၍ လုချန်ကလည်း သူ့ကို မြင်လိုက်သည်။ သံခမောက်အောက်မှနေ၍ သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
"အဘိုးကြီးချိုက် ဘယ်လေနှင်ရာကနေ ဒီရောက်လာတာလဲ"
သို့သော် သူက ဘာမှ အသံထွက်မပြောခဲ့ပေ။
အပြည့်အစုံ လက်နက်တပ်ဆင်ထားသော ပုံရိပ်နှစ်ခု မြေပြင်ပေါ်သို့ သက်ဆင်းလာသည်။ သားရဲကြီး၏ ဧရာမအလောင်းကြီးက မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားတော့သည်။ ထိုအချိန်တွင် အနီးအနား၌ လူအုပ်ကြီး စုရုံးနေကြပြီဖြစ်သည်။ သူတို့၏ အကြည့်များက စူးစမ်းချင်စိတ်နှင့် အံ့သြကြည်ညိုမှုတို့ ပြည့်နှက်နေသည်။ ချိုက်ကျိကွမ်က မျက်နှာပေါ်တွင် အပြုံးတစ်ခုချိတ်ဆွဲလျက် ရှေ့သို့ ထွက်လာခဲ့သည်။ သူက ယဉ်ကျေးစွာဖြင့် စကားဆိုသည်။
"မင်္ဂလာပါ လူကြီးမင်းတို့ ကျွန်တော်က အဆင့် D6 အခြေစိုက်မြို့တော်ရဲ့ တာဝန်ခံ ချိုက်ကျိကွမ် ဖြစ်ပါတယ်.... လူကြီးမင်းတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကိုများ မေးမြန်းခွင့်ပြုပါလား"
ကိုယ်ရံချပ်ဝတ်၏ အနောက်မှနေ၍ လုချန်က မျက်လုံးလှန်လိုက်မိသည်။
“ခင်ဗျား ကျုပ် ဘယ်သူလဲဆိုတာ သိပြီးသားပဲကို” သို့သော်ငြား သူက ပုံမှန် အသံသြသြဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"မစ္စတာချိုက်... တွေ့ရတာ ဝမ်းသာပါတယ် ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ ထုတ်ဖော်ပြောဆိုလို့မရတဲ့အတွက် စိတ်မကောင်းပါဘူး"
ချိုက်ကျိကွမ်က မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူက သူ၏ စိတ်စွမ်းအားကို အသုံးပြု၍ ထိုသူတို့၏ စွမ်းရည်ကို စမ်းသပ်ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် မအောင်မြင်ခဲ့ပေ။ သူက သူတို့၏ နောက်ခံအစစ်အမှန်ကို အကဲမဖြတ်နိုင်ခဲ့ချေ။ သို့တိုင်အောင် အမှန်တရားကို ဖော်ထုတ်ရန် သူက ဆက်လက်၍ ဖိအားမပေးခဲ့ပေ။ ဤသည်ကလည်း နည်းလမ်းတစ်ခုပင်။
"ဒီလိုဆိုမှတော့လည်း အထဲကို ဝင်ကြပါဗျာ အရောင်းအဝယ် ကိစ္စလေး ဆွေးနွေးကြတာပေါ့"
လုချန်၏ ကိုယ်ပွားနှစ်ခုက တစ်ပြိုင်နက် ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ကွပ်ကဲရေးစင်တာ၏ အစည်းအဝေးခန်းမထဲသို့ သူ၏နောက်မှ လိုက်ဝင်သွားကြသည်။ ရှည်လျားသော သတ္တုစားပွဲရှည်ကြီး၏ တစ်ဖက်တစ်ချက်တွင် ချိုက်ကျိကွမ်နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
"ဒါနဲ့..." ချိုက်ကျိကွမ်က စတင် စကားဟလိုက်သည်။ "ခင်ဗျားတို့က သုံးရက်ကြာ အမဲလိုက်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ဒီနယ်မြေကို တစ်ရက်တည်းနဲ့ ရှင်းလင်းပစ်နိုင်ခဲ့တယ်ပေါ့"
သူက ခပ်တိုးတိုး ရယ်မောလိုက်သည်။ လုချန်က ခေါင်းညိတ်လိုက်သည်။
"မဆိုးပါဘူး... အဲဒီ အဆင့်C သားရဲက အဲဒီလောက် အားနည်းနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး ကျွန်တော်တို့ ပြင်ဆင်ဖို့ သုံးရက်လောက် အချိန်ယူရမယ် ထင်ထားခဲ့တာ"
ချိုက်ကျိကွမ်၏ နှုတ်ခမ်းများက ပြင်းထန်စွာ ရှုံ့မဲ့သွားသည်။
“အားနည်းတယ် ဟုတ်လား...” အဲဒီ ကျိန်စာသင့်သားရဲက ကွပ်ကဲရေးခန်းမထဲမှာ ထိုင်နေတဲ့ သူ့ကိုတောင် အတော်လေး ဂနာမငြိမ် ဖြစ်စေခဲ့သည်။ သို့သော် သူက တည်ငြိမ်စွာပင် နေလိုက်သည်။ အခြား ပိုပိုသာသာ အမူအရာများ မပြခဲ့ပေ။
"ဒီအမဲလိုက်ခရီးစဉ်အတွက် ခင်ဗျားတို့ လူဘယ်နှယောက် စေလွှတ်ခဲ့တာလဲ" ချိုက်ကျိကွမ်က မေးလိုက်သည်။
"ဆယ်ယောက်ပါ" လုချန်က ပြန်ဖြေသည်။
ချိုက်ကျိကွမ်က တွေးတွေးဆဆဖြင့် ခေါင်းညိတ်လိုက်သည်။ “အဆင့်D အထက်တန်းစား စစ်သည်တော် ဆယ်ယောက် သူတို့ထဲမှာ အဆင့်-C တစ်ယောက်လောက် ပါကောင်း ပါနိုင်တယ်”
ဤသည်က သူတို့ ဘာကြောင့် ဤမျှ ရလဒ်ကောင်းရခဲ့သနည်း ဆိုသည်ကို ရှင်းပြနေခြင်းပင်။ ထို့နောက် သူက ဆက်လက်၍ စူးစမ်းမေးမြန်းခြင်း မပြုတော့ပေ။ ထို့အစား လုချန်က ရှေ့သို့ ကိုင်းညွတ်လာသည်။ သူက နှုတ်ခမ်းဟကာ မေးလိုက်သည်။
"မစ္စတာချိုက်... ကျွန်တော်တို့က နယ်မြေ ၁၃ လိုမျိုး အခြားနယ်မြေတွေကို ရှာဖွေနေတာပါ အဆင့်-C သားရဲ တစ်ကောင် နှစ်ကောင်လောက် ရှိနိုင်တဲ့ နေရာမျိုးပေါ့ ဒီအနီးအနားမှာ အဲဒီလိုမျိုး တခြားနယ်မြေတွေ ရှိတာကိုများ ခင်ဗျား သိထားလား"
ချိုက်ကျိကွမ်၏ နှုတ်ခမ်းများက ထပ်မံ ရှုံ့မဲ့သွားပြန်သည်။
“ဒီလိုနယ်မြေမျိုးသာ နေရာတိုင်းမှာ ရှိနေခဲ့ရင်... အဆင့် D6 အခြေစိုက်မြို့တော် တစ်ခုလုံး မြေပြင်နဲ့ တစ်ပြေးတည်း ဖြစ်နေတာ ကြာလှပေါ့...” သို့တိုင်အောင် သူ တွေးနေသည်များကို ထုတ်မပြောခဲ့ပေ။
"အဆင့် D6 အခြေစိုက်မြို့တော် တစ်ခုလုံးမှာ ကန့်သတ်နယ်မြေဆိုလို့ နယ်မြေ ၁၃ တစ်ခုတည်းပဲ ရှိတာပါ" ချိုက်ကျိကွမ်က ပြောသည်။ "ဒါပေမဲ့ ခင်ဗျားတို့က အမဲလိုက်ချင်ရုံ သက်သက်ဆိုရင်တော့ နယ်မြေ ၁၈၊ ၂၉ နဲ့ ၂၀ ကို သွားကြည့်လို့ ရပါတယ်"
"ဒီနယ်မြေတွေမှာ နယ်မြေ ၁၃ လိုမျိုး အဆင့်C သားရဲတွေ မရှိပေမဲ့ အဆင့်D သားရဲတွေ အများကြီးရှိတယ် ဒသမအလွှာရောက်နေတဲ့ အဆင့်D သားရဲတချို့တောင် ရှိသေးတယ်"
"သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာချိုက်" လုချန်က ပြောလိုက်သည်။ "ဒါဆို... အခု အရောင်းအဝယ် ကိစ္စ စလိုက်ကြမလား"
ချိုက်ကျိကွမ်က ခေါင်းညိတ်လိုက်သည်။ သူက လေးနက်စွာ ပြောလေသည်။
"ဈေးကွက်ပေါက်ဈေးအရဆိုရင် အဆင့်C ပဉ္စမအလွှာ ဒါမှမဟုတ် အဲဒီအထက် သားရဲတစ်ကောင်ကို ယွမ် ထရီလီယံ ၄၀ နဲ့ ရောင်းလို့ရပါတယ် တရားဝင်မဟုတ်တဲ့ လမ်းကြောင်းတွေကို ကျွန်တော်တို့ အသုံးမပြုပေမဲ့ ဒီတစ်ကြိမ်မှာ ခင်ဗျားတို့က အဆင့် D-6 အခြေစိုက်မြို့တော်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးတစ်ခုကို ရှင်းလင်းပေးခဲ့တယ်လေ"
"ဈေးကွက်ပေါက်ဈေးအတိုင်း ထရီလီယံ ၄၀ ပေးပါ့မယ် ခင်ဗျားတို့ သဘောဘယ်လိုရှိလဲ"
လုချန်က ခေါင်းညိတ်လိုက်သည်။
"သဘောတူပါတယ် ဒီအကောင့်ထဲကို ငွေလွှဲပေးနိုင်ပါတယ်"
ထို့နောက် သူက သူ၏ ဘဏ်အကောင့်နံပါတ်ကို ထုတ်ပေးလိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် လုချန်၏ ဖုန်းမှ အချက်ပေးသံ ထွက်ပေါ်လာသည်။ သူ၏ အကောင့်ထဲသို့ ထရီလီယံ ၄၀ ရောက်ရှိလာခဲ့သည်။ ဤကမ္ဘာကြီးတွင် တစ်ထရီလီယံ ဆိုသည်မှာ တစ်ထရီလီယံပင် ဖြစ်သည်။ ၎င်းက ယူနစ်တစ်ခုမျှသာ မဟုတ်ပေ။ မူလတန်ဖိုးအတိုင်းသာ ဖြစ်သည်။
အဆင့်D နှင့်အထက် စစ်သည်တော်များသာ လက်လှမ်းမီနိုင်သော တန်ဖိုးပမာဏတစ်ခုပင်။ လုချန်က မတ်တတ်ထရပ်လိုက်သည်။ သူက ချိုက်ကျိကွမ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက် ကိုယ်ပွားနှစ်ခု လှည့်ကာ ထွက်ခွာသွားကြသည်။ ချိုက်ကျိကွမ်က သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများက မရေရာမှုများဖြင့် ပြည့်နက်နေသည်။ ခဏအကြာတွင် သူက လျန်ဝမ်ကျွင်းထံ ဖုန်းခေါ်လိုက်သည်။
"အလောင်းကို ရှင်းလိုက်တော့..."
***