"မစ္စတာချိုက်... ကျွန်တော် ခင်ဗျားအကူအညီ နည်းနည်းလိုတယ်"
လုချန်က အသံသြသြဖြင့် စကားဟလိုက်သည်။ ချိုက်ကျိကွမ်၏ နွေးထွေးသောအသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။
"ဘာအကူအညီများလဲဗျာ... ကျွန်တော် ကူညီပေးနိုင်တာရှိရင် ဝမ်းသာအားရ ကူညီပေးပါ့မယ်"
အဘိုးကြီးချိုက်က အလွန်တက်ကြွစွာဖြင့် ပြောဆိုနေသည်။ သူက ဤလျှို့ဝှက်ဆန်းပြားသော အဖွဲ့အစည်းနှင့် ဆက်ဆံရေးကောင်းမွန်အောင် အသည်းအသန် ကြိုးပမ်းနေခြင်းပင်။ မည်သို့ပင်ဆိုစေ ဝိညာဉ်သခင်များစွာ ရှိနေသည့် အဖွဲ့အစည်းတစ်ခုလေ။ ဤသည်က အတိုင်းအဆမဲ့သော ခွန်အားနှင့် ဩဇာလွှမ်းမိုးနိုင်စွမ်းတို့ကို ကိုယ်စားပြုနေသည်။
"အနီးအနားက တခြားအခြေစိုက်မြို့တော်တွေဆီကို အမဲလိုက်ဖို့ ကျွန်တော့်လူတွေ စေလွှတ်မလို့ စီစဉ်နေတာပါ" လုချန်က ရှင်းပြလိုက်သည်။ "အရင်ကလိုမျိုးပဲ အရောင်းအဝယ် ကိစ္စ ဆက်လုပ်လို့ ရမလား"
ချိုက်ကျိကွမ်က လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။
"ရတာပေါ့ဗျာ ဘယ်အခြေစိုက်မြို့တော်တွေကို သွားမလဲဆိုတာသာ ပြောပါ" ဟု ဆိုလေသည်။
" D4၊ D5၊ D7 နဲ့ D8 အခြေစိုက်မြို့တော်တွေဆီပါ"
လုချန်က ခဏမျှ စဉ်းစားလိုက်သည်။ D6 အခြေစိုက်မြို့တော်အနီးရှိ ခံတပ်မြို့အချို့ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။
"ကောင်းပါပြီ... ဒေသခံ မဟာမိတ်ဌာနခွဲတွေကို ကျွန်တော် အခုချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်... ခင်ဗျားလူတွေ အချိန်မရွေး သွားလို့ရပါတယ်"
"အဲဒီ အခြေစိုက်မြို့တော် လေးခုစလုံးရဲ့ တိုက်ရိုက်တာဝန်ခံက ကျွန်တော်ပါပဲ"
ချိုက်ကျိကွမ်က တာဝန်အားလုံးကို ယူလိုက်လေသည်။
"ကျေးဇူးပါပဲ"
ဖုန်းချသွားပြီးနောက် လုချန်က တာဝန်များ စတင်ခွဲဝေပေးလိုက်သည်။ သူ၏ ကိုယ်ပွားသုံးခုကို D4 အခြေစိုက်မြို့တော်ဆီသို့ စေလွှတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအခြေစိုက်မြို့တော်က တောရိုင်းနယ်မြေ ၈၀ ကျော်ကို အုပ်ချုပ်ရသောကြောင့်ပင်။ ခံတပ်မြို့ငါးခုအနက် အကြီးဆုံးဖြစ်ပြီး တောရိုင်းနယ်မြေထဲတွင် သားရဲအများဆုံးရှိသော အခြေစိုက်မြို့တော်လည်း ဖြစ်သည်။ D5၊ D7 နှင့် D8 အခြေစိုက်မြို့တော်များဆီသို့တစ်မြို့လျှင် ကိုယ်ပွားနှစ်ခုစီ စေလွှတ်လိုက်သည်။
နောက်ဆုံးတွင် D6 အခြေစိုက်မြို့တော်ထဲ၌ ကိုယ်ပွားတစ်ခုကို ချန်ရစ်ထားခဲ့သည်။ ၎င်း၏ စွမ်းရည်က မူလစွမ်းရည်၏ ၅% ခန့်သာ ရှိသည်။ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲသူအဖြစ် ထားရှိခဲ့ခြင်းပင်။
"ငါသာ ရုပ်သွင်ပြောင်းလဲနိုင်ရင် သိပ်ကောင်းမှာပဲ" လုချန်က မိမိကိုယ်ကို ရေရွတ်လိုက်သည်။
"အဲဒီလိုဆိုရင် အချိန်တိုင်း အပြည့်အစုံ လက်နက်တပ်ဆင်ထားစရာ မလိုတော့ဘူး။...အရမ်းလည်း ထင်ပေါ်နေမှာ မဟုတ်ဘူး... A1 အခြေစိုက်မြို့တော်ကို ရောက်ရင်တော့ ဒီလို ဓာတ်သဘာဝ အတတ်ပညာမျိုး ရှာတွေ့ကောင်း ရှာတွေ့နိုင်ပါရဲ့"
ထို့နောက် သူက တောရိုင်းနယ်မြေထဲမှ ထွက်ခွာခဲ့သည်။ မြို့ထဲသို့ ပြန်လည်ရောက်ရှိလာသည်။ ရုတ်တရက် သူက သတိရသွားသည်။ မိဘများကို သူ သုံးရက်ကြာမှ ပြန်လာမည်ဟု ပြောထားခဲ့သည်လေ။
"ငါ အခုချက်ချင်း ပြန်သွားရင်... ရှင်းပြရခက်နေမှာပေါ့" လုချန်က အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။
ထို့ကြောင့် သူ အိမ်မပြန်တော့ဘဲ ဇိမ်ခံဟိုတယ်တစ်ခုတွင် အထူးအခန်းကို တိုက်ရိုက် ကြိုတင်မှာယူလိုက်သည်။ သို့သော် ဟိုတယ်သို့ မသွားမီ လုချန် အဝတ်အစားအချို့ကို ဦးစွာ ဝယ်ယူလိုက်သည်။ သူ၏ အဝတ်အစားများအားလုံးက တိုက်ပွဲအတွင်း ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ဓာတ်သဘာဝ ကိုယ်ရံချပ်ဝတ်ကြီး ဝတ်ဆင်ထားလျက်နှင့် သွားလာလှုပ်ရှားရသည်မှာ အလွန် အဆင်မပြေလှပေ။ ထို့ကြောင့် သန့်ရှင်းသပ်ရပ်ပြီး စတိုင်ကျသော ပေါ့ပေါ့ပါးပါး အဝတ်အစားတစ်စုံကို ဝယ်ယူလိုက်သည်။
ထို့နောက် ဟိုတယ်သို့ ထွက်လာခဲ့သည်။ ဤဟိုတယ်က မြို့တော်၏ အခမ်းနားဆုံး ဇိမ်ခံဟိုတယ်ကြီးပင်။ ဧည့်ခန်းမကြီးက ကျယ်ဝန်းပြီး လင်းထိန်နေသည်။ ကောင်တာနောက်တွင် ဧည့်ကြိုကောင်မလေးတစ်ယောက် ရပ်နေသည်။ ဤအချိန်တွင် သူမ၏ အာရုံများအားလုံးက ဖုန်းစခရင်ပေါ်သို့သာ လုံးလုံးလျားလျား ကျရောက်နေသည်။ ခြေသံများ ကြားလိုက်ရချိန်တွင် သူမက အနည်းငယ် စိတ်လွင့်နေသလိုဖြင့် ခေါင်းမော့လာသည်။
လုချန်က သူ၏ အခန်းအကြောင်း မေးမြန်းရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ကောင်မလေးက ဧည့်သည်ကို ခေါင်းမော့ကြည့်လာသည်။ သို့သော် သူမ၏ အကြည့်များ လုချန်အပေါ်သို့ ကျရောက်သွားသည့် စက္ကန့်လေးမှာပင် သူမ၏ နှလုံးသားက တစ်ချက် ခုန်သွားတော့သည်။
သူမရှေ့မှ အမျိုးသားက ရုပ်ရည်ချောမောရုံသာမက သူ၏ ဝတ်စားဆင်ယင်မှုကလည်း အတော်လေး ထူးခြားနေသည်လေ။ ခရမ်းရောင် ချပ်ဝတ်ကြီးတစ်ခုက သူ၏ အရပ်ရှည်ရှည်နှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားပေါ်တွင် တင်းကျပ်စွာ ကပ်နေသည်။ ဤအရာက သူ့ကို ကောင်းကင်ဘုံမှ ဆင်းသက်လာသော စစ်ပွဲနတ်ဘုရားတစ်ပါးအလား ထင်မှတ်ရစေသည်။ သူမက မျက်တောင်များ တဖျတ်ဖျတ် ခတ်လိုက်မိသည်။ သို့သော် ဤအမျိုးသားက အနည်းငယ် ရင်းနှီးနေသလိုပင်။ သူမ သူ့ကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားနေရသည်။
“နေဦး... ဒါ လုချန် မဟုတ်လား... တီဗီထဲက လုချန်လေ...”
“မဟုတ်သေးပါဘူး... သူက တီဗီထဲကထက် ပိုပြီး ချောနေသလိုပဲ... ပြီးတော့ တစ်ခုခု ကွဲပြားနေသလိုပဲ... တခြားလူများလား...”
သူမက တစ်ခဏမျှ တွေဝေသွားသည်။ ထိုစဉ် လုချန်က စားပွဲကို လက်ချောင်းဖြင့် ခေါက်လိုက်သည်။
"မင်္ဂလာပါ... မစ္စတာလု"
သူမက ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။
"ဒါက လူကြီးမင်းရဲ့ အခန်းသော့ပါရှင့်"
စကားပြောနေစဉ် အလွန်အမင်း စိတ်လှုပ်ရှားကာ ထိတ်လန့်နေသောကြောင့် သူမက အခန်းသော့ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
"လူကြီးမင်းရဲ့ အခန်းဆီကို ကျွန်မ လိုက်ပို့ပေး..."
"မလိုပါဘူး" လုချန်က သူမစကားကို ဖြတ်ပြောလိုက်သည်။ "အခန်းသွားတဲ့လမ်းကိုပဲ ပြပေးပါ"
သူမ၏ အမူအရာက အနည်းငယ် စိတ်ပျက်သွားကြောင်း သိသာစွာ ပေါ်လွင်နေသည်။ သို့သော် သူမက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး အခန်းသွားရာလမ်းကို ညွှန်ပြပေးလိုက်သည်။ လုချန် လှည့်ထွက်သွားချိန်တွင် သူမအား မုန့်ဖိုးအနည်းငယ်ကို ပေါ့ပေါ့ပါးပါးပင် ပေးလိုက်သည်။
“ယွမ် ၈,၀၀၀...”
သူမက မယုံနိုင်စွာဖြင့် မျက်လုံးပြူးကာ ကြည့်နေမိသည်။ ၎င်းက သူမ၏ တစ်လစာ လစာငွေပင်။
“မစ္စတာလုက တကယ်ကိုပဲ... လက်ဖွာလွန်းတယ်”
သူမ၏ ရင်တွေ တဒိန်းဒိန်း ခုန်နေသည်။ စိတ်ကူးယဉ် အိပ်မက်တွေတောင် မက်ချင်လာသည်။ သို့သော် သူမက ထိုအတွေးကို ချက်ချင်း ဟန့်တားလိုက်သည်။ တစ်ဖက်လူက သူမကို ကြည့်လိုက်ချိန်တွင် မျက်လုံးထဲ၌ အေးစက်မှုများကိုသာ မြင်တွေ့ခဲ့ရသည်လေ။ အခြား မည်သည့် အဓိပ္ပာယ်မျှ မရှိခဲ့ပေ။
ထို့ပြင် သူ့တွင် ချစ်သူကောင်မလေး ရှိနေကြောင်း လူတိုင်း သိကြသည်။ ထိုနေ့က သူက ထိုကောင်မလေးအတွက် မဟာမိတ်အဖွဲ့တစ်ခုလုံး၏ အင်အားကိုပင် အသုံးချခဲ့သည် မဟုတ်ပါလား။
လုချန်က အခန်းထဲသို့ ဝင်ရောက်သွားသည်။ ရေချိုးကာ သန့်ရှင်းသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် အစားအသောက်များကို မှာယူလိုက်သည်။ အခန်းတွင်း ဝန်ဆောင်မှုက လျင်မြန်စွာ ရောက်ရှိလာသည်။ မီးသွေးဖြင့် ကင်ထားသော ရွှေရောင် ဝက်ပေါင်ကင်၊ ငရုတ်သီးမှုန့်များ ဖြူးထားပြီး နူးညံ့ကာ အစပ်နှင့် အထုံအရသာ ပြည့်စုံလှသည်။
ရတနာရှစ်ပါး လော့ချီ သားရဲအသည်း၊ ဆေးဘက်ဝင်အပင်များ၊ ရှာလကာရည်တို့နှင့် တွဲဖက်ပြင်ဆင်ထားသည်။ စွမ်းအင် ထမင်းလည်း ပါဝင်သည်။ ဆန်စေ့တိုင်းတွင် စကြာဝဠာစွမ်းအင်များ ကြွယ်ဝစွာ ပါဝင်နေသည်။ အဆင့်D စစ်သည်တော်များကိုပင် သူတို့၏ ဝိညာဉ်သွေးကြောများ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်သည်။
ယွမ်လင်း သစ်သီးဖျော်ရည်က ချိုမြိန်ပြီး ပျစ်နှစ်နေကာ အာဟာရဓာတ်များ ကြွယ်ဝသည့်အပြင် စိတ်စွမ်းအားကိုပင် တိုးတက်စေနိုင်သည်။ သူ စားသုံးရန် ပြင်ဆင်နေစဉ် စဉ်းစားခန်း ဝင်လိုက်သည်။ ဦးစွာ လော့နျန်ဝေ၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ ည ၁၁ နာရီ ကျော်နေပြီဖြစ်သည်။ ဤထက် ပိုနောက်ကျမှ ဖုန်းဆက်လျှင် အဆင်ပြေမည် မဟုတ်ပေ။
လော့နျန်ဝေက သူမ၏ စာကြည့်စားပွဲတွင် ထိုင်နေသည်။ ဘေးပတ်လည်တွင် ထူထဲသော စာအုပ်ကြီးများ ရှိနေသည်။ မကြာမီ ကျင်းပမည့် ယဉ်ကျေးမှုတက္ကသိုလ် စာမေးပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် သူမ၏ ဖုန်းစခရင် လင်းလာသည်။ အပေါ်တွင် လုချန်၏ အမည် ပေါ်လာသည်။
သူမ၏ နှလုံးသားက ရုတ်တရက် အရှိန်ပြင်းပြင်း ခုန်လာတော့သည်။ သူမ၏ မျက်နှာပေါ်တွင် ထူးခြားသော အလင်းရောင်များ တောက်ပလာသည်။ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ ဖုန်းကို ကိုင်လိုက်သည်။
"နျန်ဝေ... ဒီနေ့ ဘယ်လိုနေလဲ"
ရင်းနှီးနေသော အသံတစ်သံက တစ်ဖက်မှ ထွက်ပေါ်လာသည်။
"အရမ်းကောင်းပါတယ်" သူမက ညင်သာစွာ ပြောလိုက်သည်။ "နင်ရော"
"ငါလည်း အဆင်ပြေပါတယ်.. မနက်ဖြန် နင် အားလား"
လော့နျန်ဝေက မျက်တောင်လေးများ ခတ်လိုက်မိသည်။ သူမ၏ ရင်တွေ ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်နေသည်။ သူမ တွေးနေသလိုမျိုးများလား။
"အင်း... ငါ့မှာ ဘာအရေးကြီးကိစ္စမှ မရှိပါဘူး"
"ငါနဲ့ အပြင်ထွက်လည်မလား" သူက အရင်လိုပဲ ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
သူမ၏ ပါးပြင်လေးများ ရဲတက်သွားသည်။ သို့သော် သူမ၏ အသံကို တည်ငြိမ်အောင် ဆက်လက်ထိန်းထားရန် ကြိုးစားလိုက်သည်။
"ရတာပေါ့ နင် ဘာတွေစီစဉ်ထားလဲ...."
"ဘာမှမရှိဘူး ရေစုန်မျောလိုက်ရအောင်လေ... အခြေအနေပေးတဲ့ဆီ သွားကြတာပေါ့ ဘယ်လိုလဲ"
"ကောင်းပြီလေ... ငါ သဘောကျတယ်" သူမက ပြုံးလိုက်သည်။ "ဒါဆို မနက်ဖြန် ငါ့အိမ်ကို လာခေါ်လှည့်"
"ကောင်းပြီ"
လုချန်က ဖုန်းချလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်လာသည်။ အစားအသောက်များက အရသာရှိလှသည်။ အလွန်မြန်ဆန်စွာ စားသောက်ပြီးစီးသွားသည်။ ထို့နောက် လုချန်က တိုက်ရိုက် အိပ်ရာဝင်လိုက်တော့သည်။ နောက်တစ်နေ့ နံနက်စောစောတွင် လုချန်က စောစောနိုးလာခဲ့သည်။ နေရောင်ခြည်က လိုက်ကာများကြားမှတဆင့် ဖြာကျနေသည်။ သူက Systemကို ဖွင့်လိုက်သည်။
“Sign-in လုပ်မယ်”
အမည် - လုချန်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၂,၃၀၇,၂၀၀
စိတ်စွမ်းအား - ၂,၃၀၇,၂၀၀
ဝိညာဉ်စွမ်းရည် - အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်း
***