ဖေကျင်း ဆိုသော အမည်နာမကို ကြားလိုက်ရချိန်တွင် ချယ်လီ၏ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။ ဖေမိသားစုဆိုသည်က သာမန်မိသားစုတစ်ခု မဟုတ်ပေ။ ဤကမ္ဘာကြီး၏ အုပ်ချုပ်သူ လူတန်းစားများ ဖြစ်ကြသည်။ မိသားစု၏ ဌာနချုပ်က လူသားယဉ်ကျေးမှု၏ ဗဟိုချက်များထဲမှ တစ်ခုဖြစ်သော A7 အခြေစိုက်မြို့တော်တွင် တည်ရှိသည်။ ထို့ပြင် ဖေမိသားစုက ကော်ပန်းဂရု၏ အစုရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။
သို့သော် ဒီလို သခင်လေးမျိုးက ဘာဖြစ်လို့ ဒီလို ဆင်းရဲပြီး ခေါင်ဖျားတဲ့ နေရာမျိုးကို ရောက်လာရတာလဲ။ ချယ်လီက နားမလည်နိုင်အောင် ဖြစ်နေမိသည်။ သူမက လုချန်နှင့် လော့နျန်ဝေကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော နောင်တတရားများ ပြည့်နှက်နေသည်။
လုချန်က အဆင့် D-6 အခြေစိုက်မြို့တော်တွင် အလွန် နာမည်ကြီးသည်။ သို့သော် လူတိုင်းက သူ့ကို သိကြသည် သို့မဟုတ် မှတ်မိကြသည်တော့ မဟုတ်ပေ။ ထို့ပြင် သူ၏ ခွန်အားများ စဉ်ဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ ရုပ်ရည်သွင်ပြင်ရော အငွေ့အသက်ပါ... နေ့စဉ်နှင့်အမျှ နီးပါး ပြောင်းလဲနေခဲ့သည်။ သူ၏ ကိုယ်ပေါ်မှနေ၍ နတ်ဘုရားတစ်ပါး၏ အငွေ့အသက်များ တစ်နေ့တခြား ပိုမို ထွက်ပေါ်လာနေသည်။
ဆွေမျိုးများနှင့် သူငယ်ချင်းများပင် သူ့ကို မြင်လိုက်ရချိန်တွင် အနည်းငယ် မှင်သက်သွားတတ်ကြသည်လေ။ အခြားသူများကိုတော့ ဆိုဖွယ်ရာ မရှိတော့ပေ။ ချန်ယောင်ကလည်း သူတို့နှစ်ဦးကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ဦးကို မြင်လိုက်ရသည့် စက္ကန့်လေးမှာပင် သူမ၏ မျက်လုံးများထဲတွင် မနာလိုမှုများ လက်သွားသည်။
“ဒီကောင်မလေးက ဘာလို့ ဒီလောက်တောင် လှနေရတာလဲ ပြီးတော့ ဒီယောကျ်ားက ဘာလို့ သခင်လေးဖေကျင်းထက်တောင် ပိုချောနေရတာလဲ...”
သို့သော် အရောင်းဝန်ထမ်းတစ်ယောက်ပီပီ သူမ၏ မျက်လုံးထဲမှ မနာလိုမှုများကို ကျွမ်းကျင်စွာ ဖုံးကွယ်ထားလိုက်သည်။ သို့တိုင်အောင် လုချန်က သူမရှိရာဘက်ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပေ။ အမှန်တကယ်တော့ သူ၏ ရင်ထဲတွင် မျှော်လင့်ချက်အချို့ပင် ပေါ်ထွက်လာခဲ့သေးသည်။
“လာပြီဟေ့... နောက်ဆုံးတော့ ငါလည်း အခြေအနေမသိတဲ့ အလိုလိုက်ခံထားရတဲ့ သခင်လေးတွေနဲ့ ကြုံရတော့မှာလား...”
“သူ့ကို ဆုံးမပြီးသွားရင်... သူ့အဖေ ထွက်လာမှာလား ပြီးရင် သူ့အဘိုးလား ဒါမှမဟုတ် သူ့ရဲ့ ဘိုးဘေးကြီးလား...”
“ဖေကျင်း... ဟုတ်လား..”
“နားထောင်ရတာ ငါးအသေးလေးတွေ၊ ပုစွန်ဆိတ်လေးတွေတော့ မဟုတ်လောက်ဘူး...”
ဤအချိန်တွင် လုချန်၏ သွေးများက စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်နေခဲ့သည်။
“နောက်ဆုံးတော့ ငါလည်း ဒီလို ဂန္ထဝင်ဇာတ်ကွက်မျိုးနဲ့ ကြုံရပြီပေါ့...” ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့ပြီးကတည်းက ဦးစွာ ယုံကြည်နိုင်စရာမရှိလောက်အောင် အစွမ်းထက်သော Cheat Code တစ်ခု ရခဲ့သည်။ ထို့နောက် နိုင်ငံတော်၏ ကံကြမ္မာနှင့် ယှက်နွှယ်နေသည်ဟု ဆိုနိုင်သော မိသားစုနောက်ခံနှင့် လူမှုအဆင့်အတန်းမျိုး ရှိနေပြန်သည်။ ဝတ္ထုတွေထဲက ဗီလိန်တွေရဲ့ နောက်ခံအားလုံးက သူ့ကိုယ်ပေါ်မှာ လာပေါင်းဆုံနေသကဲ့သို့ပင်။ ဤအရာက လုချန်ကို အနည်းငယ် စိတ်ပျက်စေခဲ့သည်။
ယခုမူ သူ အစွမ်းပြပြီး မျက်နှာဖြတ်ရိုက်ဖို့ အခွင့်အရေး ရလာခဲ့သည်။ ဝတ္ထုတွေထဲက ဇာတ်လိုက်တစ်ယောက်ဖြစ်ရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာကို သူ အမြဲတမ်း ခံစားကြည့်ချင်နေခဲ့သည်။ အငယ်ကောင် အရိုက်ခံရရင် အကြီးကောင် ထွက်လာမယ်။ အသေးအဖွဲလေးတစ်ခုကနေ စပြီး အခြေအနေတစ်ခုလုံးကို သက်ရောက်သွားမယ့် ကွင်းဆက်တုံ့ပြန်မှုမျိုးပင်။ ဒီလို ဇာတ်ကွက်မျိုးက ဂန္ထဝင်ဆန်ပြီး ဘယ်တော့မှ ရိုးအီမသွားပေ။
ဂန္ထဝင်ဝတ္ထုတွေထဲမှာတောင် ဇာတ်လိုက်က လမ်းမပေါ်က အနိုင်ကျင့်တဲ့သူကို ရိုက်နှက်လိုက်ရာကနေ အများရဲ့ ပစ်မှတ်အဖြစ် ပြောင်းလဲသွားတတ်သည်။ ဘာလို့လဲဆိုတော့ အဲဒီ မကောင်းဆိုးဝါးက တကယ်တော့ မင်းသားတစ်ပါး ဒါမှမဟုတ် သူဌေးသားတစ်ယောက် ဒါမှမဟုတ် ဧကရာဇ်ရဲ့ ဆွေမျိုး ဒါမှမဟုတ် အစေခံတစ်ယောက် ဖြစ်နေလို့ပင်။ လုချန်က သိချင်နေသည်။ အဲဒီအနိုင်ကျင့်တဲ့သူတွေသာ သူ့လိုလူမျိုးနဲ့ ကြုံလာခဲ့ရင် ဇာတ်ကွက်က ဘယ်လိုများ ပြောင်းလဲသွားမလဲ။
ဘာပဲဖြစ်ဖြစ် နောက်ခံကို ပြောရမယ်ဆိုရင် လုချန်၏ မိသားစုက လူသားလောက၏ ထိပ်တန်း အထက်တန်းလွှာ မိသားစုများထဲမှ တစ်ခုဖြစ်သည်။ အဆင့်အတန်းကို ပြောရမယ်ဆိုရင် သူက လူသားမျိုးနွယ် မဟာမိတ်အဖွဲ့၏ အမြင့်ဆုံး အခွင့်အရေးများကို ခံစားခွင့်ရှိသူဖြစ်သည်။ ထို့ပြင် သူက အလွန်တရာ အစွမ်းထက်သည်။ တိုက်ခိုက်ရေးစွမ်းရည်ကို ပြောရမယ်ဆိုရင် သိုင်းကွက်များကို အသုံးမပြုထားသော အဆင့်C နဝမအလွှာ စစ်သည်တော်တစ်ယောက်နှင့်ပင် ယှဉ်နိုင်စွမ်းရှိသည်။ လုချန်က ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ လေသံက မလိုလားအပ်စွာ တင်းမာနေသည်။
"မမလေး... မင်းက ငါ့ကို အဲဒီလောက်တောင် အနိုင်ကျင့်ရ လွယ်တယ်လို့ ထင်နေတာလား"
စကားပြောနေစဉ် သူ၏ အငွေ့အသက် အနည်းငယ်ကို ထုတ်ဖော်လိုက်သည်။ ထိုစက္ကန့်တွင် ချန်ယောင်မှာ သားရဲအလောင်းတောင်ကြီးများနှင့် သွေးပင်လယ်ကြီးတစ်ခုထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော သားရဲပေါင်း မရေမတွက်နိုင်အောင် များပြားလှသော အကောင်များက သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ နာကြည်းမုန်းတီးမှုများဖြင့် သူမကို စိုက်ကြည့်နေကြသည်။ သူမ၏ ဝိညာဉ်တစ်ခုလုံး ရေခဲရိုက်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူမ မျက်နှာတစ်ခုလုံး ဖြူလျော့သွားပြီး အကြောက်လွန်သွားတော့သည်။ မနေနိုင်တော့ဘဲ အော်ဟစ်လိုက်မိသည်။
"အား... သခင်လေးဖေ... ကယ်ပါဦး"
ချန်ယောင်၏ အော်ဟစ်သံက ဆိုင်တစ်ခုလုံးတွင် ချက်ချင်း ပဲ့တင်ထပ်သွားတော့သည်။ အဝတ်အထည်ဆိုင်၏ အခြားတစ်ဖက်တွင် ပုံရိပ်ခုနစ်ခု ရပ်နေကြသည်။ အမျိုးသား ငါးဦးနှင့် အမျိုးသမီး နှစ်ဦးက ရုပ်ရည်ချောမောလှပကြပြီး တစ်ယောက်ချင်းစီတိုင်းထံမှ မြင့်မြတ်သော အငွေ့အသက်များ ထွက်ပေါ်နေကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့က အထက်တန်းလွှာ အသိုင်းအဝိုင်းမှ ဆင်းသက်လာကြသူများဖြစ်ကြောင်း သိသာလှသည်။
သူတို့က တစ်ခုခုကို ငြင်းခုံနေကြသည်။ ကောင်မလေးတစ်ယောက်က အမျိုးသားငါးဦးထဲတွင် အချောမောဆုံးဖြစ်သော လူငယ်လေးကို ကြည့်လိုက်သည်။ သူမက ချိုသာနူးညံ့သော လေသံလေးဖြင့် ပြောလိုက်သည်။
"သခင်လေးဖေ... ဒီလို အဆင့်နိမ့်ခံတပ်မြို့လေးက အဝတ်အစားကို မမလေးကျုံးက တကယ် သဘောကျပါ့မလား"
လူငယ်လေးက ပြုံးလျက် ပြန်ပြောသည်။
"မင်းတို့ နားလည်မှာ မဟုတ်ပါဘူး... ဒီဂါဝန်က ဒီနယ်မြေမှာရှိတဲ့ အတော်ဆုံးနဲ့ အထူးချွန်ဆုံး ဖက်ရှင်ဒီဇိုင်နာတစ်ယောက်က ဒီဇိုင်းဆွဲထားတာလို့ ငါ့အဖေဆီကနေ သိထားတယ် ဒါကိုသာ လီယာ့ကို လက်ဆောင်ပေးလိုက်ရင်... သူမ အရမ်း ဝမ်းသာသွားမှာ သေချာတယ်"
ကောင်မလေးက ထိုစကားကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်လုံးများထဲ၌ စိတ်ပျက်မှုများ ပြည့်နှက်သွားသည်။ သူမလည်း ထိုဂါဝန်ကို လိုချင်နေခဲ့သည်။ ထိုဂါဝန်ကို ပထမဆုံးအကြိမ် မြင်လိုက်ရကတည်းက သူမ အချစ်ကျွံသွားခဲ့ရသည်။ ကျုံးလီယာအတွက် အခြားပစ္စည်းများ ဝယ်ပေးရန် ဖေကျင်းကို ဖြောင်းဖျဖို့ သူမ ရည်ရွယ်ထားခဲ့သည်။
နာမည်ကြီး မိန်းမကြိုက်တဲ့ ဒီသခင်လေးဖေကျင်းက အဲဒီမိန်းမကို ဒီလောက်တောင် စိတ်ဝင်စားနေလိမ့်မယ်လို့ သူမ တစ်ခါမှ မထင်ထားခဲ့မိပေ။ သူမက ဖေကျင်း၏ တရားမဝင် မိန်းမငယ်များထဲမှ တစ်ယောက်ပင်။ အခြားကောင်မလေးကတော့ ဖေကျင်း၏ နောက်လိုက်တစ်ယောက်၏ ညီမဖြစ်သည်။ တစ်ဖက်လူက သူမကို ဤနေရာသို့ အထူးတလည် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ဖေကျင်း၏ ကုတင်ပေါ်သို့ သူမကို ပို့ဆောင်ပေးရန် အခွင့်အရေးရှာနေခြင်းဖြစ်သည်။ မိသားစုကို ဖေမိသားစုနှင့် နီးစပ်လာစေရန် ကူညီပေးနိုင်ရန်အတွက်ပင်။ တရားမဝင် မိန်းမငယ်လေးက ဖေကျင်း၏ မျက်နှာပေါ်ရှိ အပြုံးကို ကြည့်လိုက်သည်။ သူမ ဒေါသထွက်လွန်း၍ အံကြိတ်ထားမိသည်။
“ဒီခွေးသူတောင်းစားက ခုလေးတင် ရင်သားအထွားကြီးနဲ့ အရောင်းဝန်ထမ်းမလေးနဲ့ အိပ်ခဲ့တာ မဟုတ်ဘူးလား ပြီးတာနဲ့ ချက်ချင်း ကျုံးလီယာဆီကို အာရုံပြောင်းသွားပြန်ပြီလား...”
သို့သော် သူမ ဘာပြောနိုင်မည်နည်း။ သူ့အတွက် သူမက ကစားစရာ အရုပ်လေးတစ်ရုပ်မျှသာ ဖြစ်သည်လေ။ သူတို့ တက်တက်ကြွကြွ စကားပြောဆိုနေကြစဉ် ရုတ်တရက် ချန်ယောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"သခင်လေးဖေ... ကယ်ပါဦး"
လူခုနစ်ယောက်စလုံး အသံထွက်ပေါ်လာရာဘက်ဆီသို့ ချက်ချင်း ဦးတည်သွားလိုက်ကြသည်။ ထိုပြခန်းဧရိယာသို့ ရောက်ရှိသွားချိန်တွင် ချန်ယောင် အမည်ရှိ အရောင်းဝန်ထမ်းမလေး မြေပြင်ပေါ်တွင် ဒူးထောက်နေသည်ကိုသာ မြင်တွေ့လိုက်ရသည်။ သူမ၏ အမူအရာက အလွန်အမင်း ထိတ်လန့်နေပုံရသည်။ မျက်လုံးများ ပြူးကျယ်နေသည်။ လောကတွင် အကြောက်မက်ဖွယ်အကောင်းဆုံး မကောင်းဆိုးဝါးကြီးကို မြင်တွေ့လိုက်ရသည့်အလား။
သူမ၏ ရှေ့တွင်တော့ အလွန်တရာ ချောမောလှပသော အမျိုးသားတစ်ဦး ရပ်နေသည်။ သူ၏ အငွေ့အသက်က ပြီးပြည့်စုံလွန်းလှသဖြင့် ဖေကျင်းပင် သူ၏ ဘေးတွင် ရပ်လိုက်ပါက တောသားတစ်ယောက်နှင့် တူသွားလိမ့်မည်။ ထိုသူစိမ်းအမျိုးသားက ထိုနေရာတွင် ရပ်နေသည်။ လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။ စကားဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ဖိအားပေးနိုင်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ဖေကျင်း၏ နောက်လိုက်တစ်ယောက်က အလျင်အမြန် ရှေ့ထွက်သွားလိုက်သည်။ သူတို့က ချန်ယောင်ကို တွဲထူလိုက်ကြသည်။ လုချန်က သူ၏ ဖိအားပေးနိုင်သော အငွေ့အသက်များကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ဘာမှ မဖြစ်ခဲ့သည့်အလားပင်။ နောက်လိုက်ဖြစ်သူက ချက်ချင်းပင် ကြိမ်းမောင်းလိုက်တော့သည်။
"ဟေ့... ဘာဖြစ်တာလဲ.. ဘာလို့ သခင်လေးဖေကို အကူအညီတောင်းရတာလဲ... ဘာလို့ မြေပေါ် လဲကျနေရတာလဲ"
ချန်ယောင်က လုချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သားရဲအလောင်းတောင်ကြီးများနှင့် သွေးပင်လယ်ကြီး၏ မြင်ကွင်းကို ပြန်လည်တွေးတောမိလိုက်ရာ သူမ၏ ခြေထောက်များ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေဆဲပင်။ သို့သော် သူမ၏ ဘေးတွင် ရပ်နေသော ဖေကျင်းကို မြင်လိုက်ရချိန်တွင် မျက်လုံးများ ချက်ချင်း လင်းလက်သွားတော့သည်။ ဇာတ်လမ်းကို ပိုပိုသာသာလေး လုပ်ကာ ပြဇာတ်ဆန်ဆန် ပြန်လည်ပြောပြလေတော့သည်။ လူခုနစ်ယောက်စလုံး ထိုစကားများကို ကြားလိုက်ရချိန်တွင် သူတို့အားလုံး၏ မျက်နှာများ မည်းမှောင်သွားကြတော့သည်။ နောက်လိုက်ဖြစ်သူက လုချန်၏ နှာခေါင်းတည့်တည့်သို့ လက်ညှိုးငေါက်ငေါက် ထိုးကာ ပြောလိုက်သည်။
"ခွေးကောင်... မင်းက မှတ်ပုံတင်ထားတဲ့ စစ်သည်တော်တစ်ယောက်လား အရပ်သားတွေကို တိုက်ခိုက်ရဲတယ်ပေါ့... မင်းကို ဘယ်သူက အဲဒီတာဝန် ပေးထားလို့လဲ"
"သူမက သခင်လေးဖေကျင်းရဲ့ အမိန့်နဲ့ လာတာကွ မင်းက သူမကို တိုက်ခိုက်ရဲတယ်ပေါ့ မင်းတော့ သွားပြီပဲ..."
"မဟာမိတ်အဖွဲ့က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး..."
"မဟာမိတ်အဖွဲ့က မင်းကို အလွတ်ပေးခဲ့ရင်တောင်... သခင်လေးဖေကို စော်ကားမိတဲ့အတွက် ဘယ်သူမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူးကွ..."
ဖေကျင်းက တည်ငြိမ်စွာပင် နေလိုက်သည်။ သူ၏ လက်များကို ညစ်ပေမခံလိုပေ။ သို့သော် သူ၏ အကြည့်များ လော့နျန်ဝေအပေါ်သို့ ကျရောက်သွားချိန်တွင် သူ၏ မျက်လုံးများ လင်းလက်သွားတော့သည်။ လျှပ်စစ်ဓာတ်လိုက်သွားသလိုမျိုး ခံစားလိုက်ရသည်။ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသည်။
“ဒီလောက်လှတဲ့ မိန်းကလေးမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ သူမက ကျုံးလီယာထက်တောင် ပိုပြီး ဆွဲဆောင်မှု ရှိနေသေးတယ်...”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
သူ၏ မျက်လုံးများထဲတွင် ဖုံးကွယ်မထားနိုင်သော ရမ္မက်ဆန္ဒများ ပြည့်နှက်နေသည်။
“ဟီးဟီး... ဒီလို လှပတဲ့ မိန်းကလေးမျိုးက ငါနဲ့ပဲ ထိုက်တန်တယ်။ ငါကလွဲရင်... ဒီလောကကြီးမှာ သူမရဲ့ ဘေးနားမှာ ရပ်ခွင့်ရှိတဲ့သူ တစ်ယောက်မှ မရှိဘူး...”
သူ၏ ဘေးရှိ ကောင်မလေးက ဖေကျင်း၏ မျက်နှာပေါ်ရှိ အမူအရာကို သတိပြုမိသွားသည်။ သူ၏ အကြည့်များနောက်သို့ လိုက်ကြည့်လိုက်ရာ လော့နျန်ဝေကို မြင်လိုက်ရချိန်တွင် သူမ ချက်ချင်း နားလည်သွားတော့သည်။ “ဒီကောင်မလေး သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အခေါ်ခံရတော့မှာ သေချာတယ်...”
ထို့နောက် သူမက လုချန်ကို သနားကရုဏာသက်စွာဖြင့် ကြည့်လိုက်သည်။
“ဒီလို ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသားလေး ပျက်စီးရတော့မှာပဲ...”
“ပထမအချက် - သူက ဖေကျင်းကို စော်ကားမိတယ်... ဒုတိယအချက် - သူက ဖေကျင်း မျက်စိကျနေတဲ့ ကောင်မလေးရဲ့ ဘေးမှာ ရပ်နေတယ်...”
“သူ့အတွက် ဝမ်းနည်းကြေကွဲပေးလိုက်ကြပါစို့...”
ဖေကျင်းက ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ သူက ချန်ယောင်ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပေ။ လော့နျန်ဝေဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ သူ တတ်နိုင်သမျှ အချောမောဆုံး အဆွဲဆောင်နိုင်ဆုံး အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် နှုတ်ခမ်းဟကာ စကားဆိုလိုက်သည်။
"မင်္ဂလာပါ မမလေး ကျွန်တော်က ဖေကျင်းပါ... ဒီကုန်တိုက်ကြီးရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ကော်ပန်းဂရုရဲ့ ပိုင်ရှင်ပါ"
" A7 အခြေစိုက်မြို့တော်က ဖေမိသားစုကပါ"
"လှပတဲ့ သခင်မလေး... သင့်ရဲ့ နာမည်လေးကိုများ သိခွင့်ရနိုင်မလားခင်ဗျာ"
***