သူမရှေ့တွင် သူစိမ်းယောကျာ်းတစ်ယောက် ရပ်နေသည်။ သို့သော် လော့နျန်ဝေက တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။ သူ့ကို လေဟာနယ်တစ်ခုလိုသာ သဘောထားလိုက်သည်။ ထို့နောက် လုချန်ဘက်သို့ လှည့်ကြည့်ကာ လမ်းမဘက်သို့ ဦးတည်လိုက်သည်။
“လုချန်.. သွားရအောင်... ငါတို့ ဘာမှ ထပ်မဝယ်ချင်တော့ဘူး”
“ဒီနေ့ ငါ စိတ်အခြေအနေ ကောင်းနေတယ်... ဘာပြဿနာမှ မဖြစ်ချင်ဘူး”
“တခြားဆိုင်တွေ သွားကြည့်ကြတာပေါ့”
ဖေကျင်းက မျက်လုံးပြူးကာ ဆွံ့အသွားသည်။ သူတို့အားလုံး သစ်ငုတ်တိုများနှယ် ရပ်တန့်သွားကြသည်။ ဖေကျင်းက အံသြမှင်တက်နေမိသည်။ သူ့ကို လုံးဝ အဖက်မလုပ်ခဲ့ပေ။ လုံးဝကို လျစ်လျူရှုသွားခြင်းပင်။ ဒီလိုကိစ္စမျိုး သူ့ဘဝတွင် တစ်ခါမှ မကြုံဖူးခဲ့ပေ။
သူ ဘယ်သွားသွား အမြဲတမ်း လူအများ၏ အာရုံစိုက်ရာ ဗဟိုချက်ဖြစ်ခဲ့သည်။ ကြယ်ရံလမင်းပမာ ဝန်းရံခံခဲ့ရသည်။ လူတိုင်းက သူ့ကို မျက်နှာချိုသွေးကာ မျက်နှာလိုမျက်နှာရ လုပ်ကြသည်။ သူလိုချင်သည်ဆိုလျှင် မရနိုင်သော အရာဟူ၍ မရှိခဲ့ပေ။ ကျုံးမိသားစုမှ ကျုံးလီယာပင်လျှင် သူ့ကို လုံးဝ လျစ်လျူရှုရန် မဝံ့ရဲခဲ့ပေ။ သူမက သူ့ကို လက်မခံခဲ့သော်လည်း သူ့တည်ရှိနေမှုကိုတော့ ဘယ်သောအခါမှ မသိကျိုးကျွန် မပြုရဲခဲ့ပေ။
သို့သော် အောက်ခြေခံ မြို့ငယ်လေးတစ်ခုမှ ဒီမိန်းမကတော့ သူ့ကို လေဟာနယ်တစ်ခုလို လျစ်လျူရှုရဲခဲ့သည်။ တစ်ခါမှ မခံစားဖူးသော အရှက်ရမှုနှင့် ဒေါသမီးတောက်တို့က ရင်ထဲတွင် ဆူပွက်လာသည်။ တစ်ချိန်တည်းမှာပင် လောဘမီးတောက်တို့က မျက်လုံးထဲတွင် တောက်လောင်သွားသည်။ သူက ဤမိန်းမကို ခုတင်ပေါ် ဆွဲခေါ်သွားပြီး ဆိုးရွားစွာ အရှက်ခွဲပစ်ချင်သည်။ သူမ၏ ဟန်လုပ်ထားသော မာနဆိုသည်များကို မြေမှုန့်အဖြစ် နင်းချေပစ်ချင်သွားသည်။
လော့နျန်ဝေ၏ စကားကို ကြားသောအခါ လုချန်၏ မျက်နှာ ရှုံ့မဲ့သွားသည်။
“ဘာပြဿနာမှမဖြစ်ချင်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ...”
“လူ့အရေခြုံထားသော ဒီမိစ္ဆာကောင်ကို ကြည့်စမ်း သူက အတွင်းထဲထိ ဆွေးမြည့်ပုပ်ဟောင်းနေပြီ...”
“ကလဲ့စားချေဖို့ ဘယ်လိုလုပ် မတွေးဘဲ နေနိုင်မှာလဲ ဘာပဲဖြစ်ဖြစ် ဒီလို မိသားစုကြီးတွေက ဆင်းသက်လာတဲ့ အမိုက်အမဲကောင်တွေက ပိုပြီး အန္တရာယ်ပေးတတ်ကြသည် မဟုတ်လား...”
သို့သော်လည်း တစ်ဖက်မှ တွေးကြည့်လျှင် နျန်ဝေ ထိုသို့ပြောရခြင်းမှာ သူ့အတွက် ပြဿနာ မရှာပေးချင်၍သာ ဖြစ်မည်။ လုချန်က ဂုဏ်ယူမိသလို ကူကယ်ရာမဲ့သလိုလည်း ခံစားလိုက်ရသည်။
"မင်းက ဒီလောက်တောင် နားလည်ပေးနိုင်မှတော့ ငါကလည်း မင်းကို စိတ်ပျက်အောင် မလုပ်နိုင်ဘူးလေ"
ထိုအခိုက်တွင် ဖေကျင်းဘေးရှိ မိန်းကလေးပင်လျှင် မှင်တက်သွားသည်။ ဖေကျင်းလို လူတစ်ယောက် ဤမျှ လုံးဝဥဿုံ လျစ်လျူရှုခံရလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးဖူးခဲ့ပေ။ သူက သူ့နောက်ခံကို ထုတ်ပြောလိုက်သည့်တိုင် မည်သူကမျှ အရေးမစိုက်ခဲ့သည်မှာ အံ့သြစရာပင်။လုချန်က လော့နျန်ဝေကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့... ငါ ရှိနေသရွေ့ ဘာပြဿနာမှ မဖြစ်စေရဘူး"
လော့နျန်ဝေက ခေါင်းညိတ်လိုက်သည်။ ဒီလူစုက ပြဿနာကောင်တွေ ဖြစ်မည်ဟု သူမ ခံစားနေရဆဲ ဖြစ်သော်ငြား လုချန်ကိုတော့ ယုံကြည်နေဆဲပင်။ ဖေကျင်းက ဖြည်းညင်းစွာပင် လုချန်ထံသို့ အကြည့်ရွှေ့လာသည်။ သူ၏ မျက်လုံးများက အေးစက်ကာ ကြောက်မက်ဖွယ် ကောင်းနေသည်။ လုချန်အား အထက်စီးမှ ငုံ့ကြည့်လိုက်သည်။ လေသံက ပြတ်တောက်နေသော်လည်း မေးခွန်းထုတ်စရာမလိုသော အာဏာသံ ပါဝင်နေသည်။
"ကောင်လေး.. မင်းက ငါ့ရှေ့မှာ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတယ်ပေါ့"
"မင်းပါးစပ် မင်း အချက်နှစ်ဆယ်လောက် ရိုက်လိုက် ပြီးရင် မင်းရဲ့ လက်တွေ ခြေထောက်တွေကို ဖြတ်ချလိုက်စမ်း"
"အဲဒီနောက် အဲဒီမိန်းမကို ငါ့ဆီအပ်"
"ဒါဆို ငါ စိတ်အခြေအနေ ကောင်းသွားပြီး မင်းရဲ့ ပြစ်မှုတွေကို ခွင့်လွှတ်ပေးကောင်း ခွင့်လွှတ်ပေးလိမ့်မယ်"
ဖေကျင်းနောက်ရှိ လူခြောက်ယောက်က အပျက်အစီးကို မြင်ချင်နေသော အကြည့်များဖြင့် ကြည့်လာကြသည်။ သူတို့အမြင်တွင် လုချန်မှာ လူမိုက်တစ်ယောက်သာ ဖြစ်သည်။ သူ့ရှေ့က လူဘယ်သူလဲဆိုသည်ကို သိသွားသည့်တိုင်အောင် ယခုထက်ထိ မာနကြီးနေဆဲပင်။ လုချန်က ဖေကျင်းအား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
“ဆိုတော့ကာ ဒါက ဝတ္ထုတွေထဲက ဇာတ်လိုက်တွေ ကြုံရတဲ့ အခြေအနေမျိုးလား...”
ဒါပေမဲ့ ပြဿနာက လုချန် ဘာကိုမျှ မခံစားရခြင်းပင်။ ခြင်္သေ့တစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်၏ အော်ဟစ်သံကို ဂရုမစိုက်သကဲ့သို့ ဖြစ်သည်။ ထို့အပြင် သူက ခြင်္သေ့တစ်ကောင်မှ မဟုတ်တာ။ လုချန်က ရှေ့တစ်လှမ်းတိုးကာ လက်ကို မြှောက်လိုက်သည်။ ဖေကျင်းက သူ့အား သနားခံတော့မည်ဟု ထင်မှတ်သွားကာ ချက်ချင်းပင် လှောင်ပြုံး ပြုံးလိုက်သည်။
"အပိုတွေ ပြောမနေနဲ့.. ဘယ်လောက်ပဲ တောင်းပန်တောင်းပန် မင်းခံရမယ့် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရမှာမဟုတ်ဘူး"
"ဒါပေမဲ့ မင်းရဲ့ မိန်းမက ငါ့ကို ခုတင်ပေါ်မှာ သေချာပြုစုပေးနိုင်မယ်ဆိုရင်တော့ ငါ သဘောကောင်းပြီး မင်းအသက်ကို ချမ်းသာပေးကောင်း ပေးနိုင်တယ်..."
လုချန်၏ မျက်လုံးများက ချက်ချင်းပင် အေးစက်သွားသည်။ အစကတော့ သူ ဒီသခင်လေးကို နည်းနည်းပါးပါး ကစားပေးလိုက်ရုံသာ ရည်ရွယ်ခဲ့သည်။ ပါးကို ဖြတ်ရိုက်ပြီး သင်ခန်းစာ ပေးရုံလောက်သာ ဖြစ်သည်။ သို့သော် တစ်ဖက်လူက သေချင်စော် နံနေမှတော့ သူ့ကို အပြစ်တင်၍ မရတော့ပေ။ ဖေကျင်း စကားပင် မဆုံးလိုက်ခင် လုချန်က လှုပ်ရှားလိုက်သည်။
မြှောက်ထားသော လက်ဖြင့် ဖေကျင်း၏ ပခုံးကို ဖမ်းဆုပ်လိုက်သည်။ သူ၏ လက်ချောင်းများက အသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။ ပြင်းထန်သော အားကြောင့် အရိုးများ ကျိုးကြေသွားသည်။ ဖေကျင်း၏ မျက်တောင်များ ပင့်တက်သွားသည်။ သို့သော် သူ အသံတစ်သံမျှ ထွက်မလာခင်မှာပင် လုချန်၏ အခြားလက်တစ်ဖက်က ယပ်တောင်တစ်ခုနှယ် သူ၏မျက်နှာကို ရိုက်ချလိုက်သည်။
“ဘန်း”
လက်သီးချက် ကျရောက်သွားသည်။ ကြည်လင်နေသော ကောင်းကင်မှ လျှပ်တပြက် မိုးခြိမ်းသံကြီးတစ်ခုနှယ် ဖြစ်သည်။ အရှိန်ပြင်းပြင်း မောင်းနှင်လာသော ကုန်တင်ရထားကြီး ဝင်တိုက်သွားသကဲ့သို့ ဖေကျင်း ခံစားလိုက်ရသည်။ သို့သော် လုချန်၏ ပခုံးကို ဆုပ်ကိုင်ထားသော လက်က သံမဏိလက်ကောက်ဝတ်တစ်ခုသဖွယ် မြဲမြံနေသည်။ သူ့ကို ထိုနေရာတွင်ပင် အသေချုပ်ထားလိုက်သည်။ ထို့ကြောင့် လက်သီးချက်၏ အားတစ်ခုလုံးက သူ၏ မေးရိုးပေါ်သို့ ပုံကျသွားလေသည်။
မျက်နှာအောက်ပိုင်းတစ်ခုလုံး အစအနအဖြစ် ကြေမွသွားသည်။ သွားများနှင့် အရိုးများက အနီနှင့် အဖြူရောင် သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားသည်။ ဖေကျင်း၏ မျက်လုံးများက မျက်လုံးအိမ်ထဲမှ ပြူးထွက်လာကာ ဖြူလွတ်သွားလေသည်။ သို့သော် လုချန်က ရပ်တန့်မသွားသေးပေ။ လက်တစ်ဖက်ဖြင့် ဖေကျင်း၏ လျှာကို လက်ချောင်းများကြား ညှပ်ဆွဲလိုက်သည်။
စိုရွှဲနေသော အသားစတစ်စကို တိုက်ရိုက် ဆွဲနှုတ်လိုက်ခြင်းပင်။ ဟင်းလင်းပွင့်နေသော ပါးစပ်ကြီးထဲမှ သွေးများက ရေပန်းတစ်ခုသဖွယ် ပန်းထွက်လာသည်။ တစ်ဖက်လူ ကြမ်းပြင်ပေါ်သို့ မလဲကျခင်မှာပင် လုချန်က သူ့ကို ထပ်ရိုက်ချလိုက်ပြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ လက်မောင်းနှစ်ဖက်က ပခုံးများဆီမှ ပြုတ်ထွက်သွားသည်။ ထို့နောက် အောက်သို့ ဆောင့်ချလိုက်သည်။ ဒူးခေါင်းများက နောက်ဘက်သို့ လည်ထွက်သွားလေသည်။ “ဂျွတ်.. ဂျွတ်..” ဟူသော ထူးဆန်းသည့် အရိုးကျိုးသံများ ထွက်ပေါ်လာသည်။
ဖေကျင်းက စုတ်ပြဲနေသော အရုပ်တစ်ရုပ်သဖွယ် ကြမ်းပြင်ပေါ်တွင် ခေါက်ချိုးကျိုးကာ လဲကျသွားသည်။ လုချန်က သူ၏ ကြီးမားသော လက်ကြီးဖြင့် ဖေကျင်း၏ ဆံပင်များကို ဆုပ်ကိုင်လိုက်သည်။ ခေါင်းကို ဆွဲမလိုက်ကာ ထို့နောက် လျင်မြန်သော လှုပ်ရှားမှုနှစ်ခုဖြင့် မျက်လုံးနှစ်လုံးလုံးကို ထိုးဖောက် ဖောက်ထုတ်လိုက်လေသည်။
ဟာလာဟင်းလင်း ဖြစ်သွားသော မျက်လုံးအိမ်များထဲမှ သွေးစမ်းရေ နှစ်သွယ်က ရေပန်းများသဖွယ် ပန်းထွက်လာသည်။ ကွဲအက်နေသော မျက်နှာပြင်တစ်လျှောက် သွေးများ စီးကျလာသည်။ သို့တိုင် လုချန်က မပြီးသေးပေ။ သူ၏ လက်ချောင်းများက တောက်ပသွားသည်။ ထက်မြက်သော အလင်းရောင်တစ်ခု လက်သွားသည်။
ခွဲစိတ်ကုသသည့် နည်းလမ်းများကို အသုံးပြုကာ ဖေကျင်း၏ ဝမ်းဗိုက်အောက်ပိုင်းကို တိုက်ရိုက် မွှေနှောက်ဖျက်ဆီးလိုက်လေသည်။ သခင်လေး ဖေကျင်း၏ ခန္ဓာကိုယ်က သေခါနီး ငါးတစ်ကောင်သဖွယ် ပြင်းထန်စွာ တုန်ခါသွားသည်။ စုတ်ပြဲနေသော လည်ချောင်းထဲမှ ပလုံစီနေသော၊ တအစ်အစ် အသံများ ထွက်ပေါ်လာသည်။
ထို့နောက် လုချန်က အင်္ဂါမစုံတော့သော ထိုခန္ဓာကိုယ်ပေါ်သို့ လက်တင်လိုက်သည်။ ထူးဆန်းသော စွမ်းအင်လှိုင်းများ သူ၏ လက်ဝါးမှ ထွက်ပေါ်လာသည်။ သွေးထွက်နေသော ဒဏ်ရာများ ချက်ချင်း ကုစားခံလိုက်ရသည်။ ကျိုးပဲ့စုတ်ပြဲနေမှုများ အားလုံး အပြစ်အနာအဆာကင်းစွာ ပိတ်သွားလေသည်။
အကယ်၍ သူသာ ထိုသို့ မလုပ်ခဲ့လျှင် လူသားတို့၏ အဆင့်မြင့် ဆေးဘက်ဆိုင်ရာ နည်းပညာများဖြင့် ဖေကျင်း၏ ခန္ဓာကိုယ်နှင့် ခြေလက်များကို ပြန်လည် တည်ဆောက်နိုင်ကောင်း တည်ဆောက်နိုင်ပေမည်။ သို့သော် ယခုမူ သူက မျက်လုံး၊ ခြေ၊ လက် လုံးဝ မရှိတော့သော ကိုယ်လုံးတုံးကြီး အဖြစ်သာ ထာဝရ ရှင်သန်ရတော့မည် ဖြစ်သည်။ မွေးရာပါ အတိုင်းပင် ပြီးပြည့်စုံသွားသည်။
အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။ လုချန် နောက်ဆုံးအဆင့်ကို ပြီးဆုံးသွားသည့် အချိန်မှသာ ဖေကျင်း၏ နာကျင်မှုများက အာရုံကြောများမှတစ်ဆင့် ဦးနှောက်ဆီသို့ ရောက်ရှိသွားတော့သည်။ သွေးပျက်ဖွယ်ကောင်းသော လူမဆန်သော အော်ဟစ်သံကြီးတစ်ခု ထိုကြေမွနေသော ခန္ဓာကိုယ်ကြီးထဲမှ ပေါက်ကွဲထွက်လာသည်။ ပဲ့တင်သံများက တိတ်ဆိတ်နေသော ဆိုင်လေးအတွင်း ရိုက်ခတ်သွားလေသည်။
ဖေကျင်း၏ အဖွဲ့ဝင်များ နောက်ဆုံးတော့ သတိဝင်လာကြသည်။ သူတို့၏ သခင်လေး ကြမ်းပြင်ပေါ်တွင် သေခါနီး ငါးတစ်ကောင်လို တုန်ခါနေသည်ကို မြင်လိုက်ရသောအခါ မိန်းမများက ချက်ချင်းပင် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် ထိုနေရာတွင်ပင် မေ့လဲကျသွားသည်။ လက်ပါးစေ လေးယောက်၏ မျက်နှာများ အကြီးအကျယ် ပျက်ယွင်းသွားသည်။ သူတို့က ဒေါသတကြီးဖြင့် လုချန်ဆီသို့ ပြေးဝင်လာကြသည်။ သူတို့က အော်ဟစ်လိုက်သည်။
"ခွေးသူတောင်းစား မင်းတော့ ဘဝဆုံးပြီ မဟုတ်ဘူး... ငါတို့ မင်းကို အလွယ်တကူ သေခွင့်ပေးမှာ မဟုတ်ဘူး မင်းရဲ့ တစ်မိသားစုလုံး မင်းနဲ့အတူ မြေမြှုပ်ခံရမယ်"
***