သူတို့ဆီသို့ ပြေးဝင်လာသော အရိပ်လေးခုကို ရင်ဆိုင်ရချိန်တွင် လုချန်က အေးစက်စက် တစ်ချက်သာ လှည့်ကြည့်လိုက်သည်။ အကြည့်ချင်း ဆုံသွားသည့် ထိုခဏ ကမ္ဘာကြီးတစ်ခုလုံး သူတို့အပေါ် ပြိုကျဖိစီးလာသကဲ့သို့ လူလေးယောက်လုံး ခံစားလိုက်ရသည်။ သူတို့၏ မျက်လုံးများ တစ်ပြိုင်နက်တည်း အပေါ်သို့ လန်တက်သွားသည်။ ပြေးလွှားနေရင်း အရှိန်ဖြင့်ပင် သတိလစ်သွားကြသည်။
“ဒုတ်.. ဒုတ်.. ဒုတ်.. ဒုတ်..”
သေခါနီး ငါးများသဖွယ် ခန္ဓာကိုယ်လေးခုက ချောမွေ့နေသော ကြွေပြားကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ချန်ယောင်၊ ချယ်လီနှင့် သူမနောက်မှ လိုက်လာသော ညီမဖြစ်သူတို့ အားလုံး တောင့်တင်းသွားကြသည်။ ရေခဲပန်းပုရုပ်များ သို့မဟုတ် ရွှံ့ရုပ်များနှယ် ထိုနေရာတွင် ငေးကြောင်ကြောင် ရပ်နေမိကြသည်။ ကြောက်လွန်းသဖြင့် တစ်ချက်မျှပင် မလှုပ်ရဲကြပေ။
"မင်းတို့ အဲဒီတန်ဖိုးကို ပေးဆပ်နိုင်မှာ မဟုတ်ဘူး"
လုချန် အရင်က ပြောခဲ့သော စကားကို ချယ်လီ ရုတ်တရက် သတိရသွားသည်။ ယခုတော့ ထိုစကား၏ အဓိပ္ပာယ်ကို သူမ အပြည့်အဝ နားလည်သွားသည်။ သူက လူမှ မဟုတ်ပေ။ လူ့အရေခွံခြုံထားသော မိစ္ဆာတစ်ကောင်ပင်။ ဖေကျင်းကို မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်ခဲ့သည်။ တစ်ချက်လေး ကြည့်လိုက်ရုံမျှဖြင့် စစ်သည်တော်စစ်စစ် လေးယောက်ကို ဖိနှိပ်ခြေမွပစ်နိုင်ခဲ့သည်။
ချန်ယောင်၏ မျက်လုံးများက အာရုံလွတ်နေသည်။ အကြောက်တရား၏ လွှမ်းမိုးမှုကို အပြည့်အဝ ခံလိုက်ရသည်။ လူတစ်ယောက် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားသောအခါ သူမ ကြောက်လွန်း၍ သေးပါ ထွက်ကျသွားလေသည်။ လော့နျန်ဝေက မျက်လုံးများ ပြူးကျယ်သွားသည်။
သူမ၏ မျက်တောင်လေးများ တုန်ခါနေကာ လုချန်အား လှမ်းကြည့်လိုက်သည်။ ဖေကျင်း ပြောခဲ့သော စကားများကို သူမလည်း ကြားခဲ့သည်။ အရှက်ရမှုနှင့် ဒေါသတို့ကြောင့် သူမ၏ မျက်လုံးများက စူးရှထက်မြက်သွားခဲ့သေးသည်။ သို့သော် သူမ ဘာမှ တုံ့ပြန်ခွင့် မရလိုက်ခင်မှာပင် ဖေကျင်းမှာ ဤအခြေအနေသို့ ရောက်ရှိသွားသည်။
သူမက ဆက်မတွေးတော့ပေ။ လုချန်အနားသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ထို့နောက် သူ၏ ခါးကို တင်းကြပ်စွာ ဖက်တွယ်ထားလိုက်သည်။ လုချန်က မျက်တောင်တစ်ချက် ခတ်သွားသည်။ သူမ၏ ရုတ်တရက် ဖက်တွယ်မှုကြောင့် အနည်းငယ် လန့်သွားခဲ့သည်။ ထို့နောက် သူက ရယ်မောလိုက်သည်။ နွေးထွေးမှု တစ်ရပ်က သူ၏ ရင်ဘတ်ထဲသို့ စီးဆင်းဝင်ရောက်လာသည်။ သူက ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်း ဟန်ပန်သို့ ပြန်လည်ပြောင်းလဲသွားကာ သူမကို ပြန်လည် ပွေ့ဖက်ထားလိုက်သည်။
"ကောင်မလေး.. ကိုယ့်ကို စိတ်ပူနေတာလား... ကိုယ် မပြောခဲ့ဘူးလား၊ ကိုယ်ရှိနေသရွေ့ ဘာပြဿနာမှ မဖြစ်စေရပါဘူးဆို"
လော့နျန်ဝေက ဘာမှ ပြန်မဖြေခဲ့။ ခေါင်းကို ညင်သာစွာသာ ညိတ်ပြလိုက်သည်။ သူမ၏ ပါးပြင်လေးကို သူ၏ ရင်ဘတ်ပေါ်သို့ အပ်ထားလိုက်သည်။ အချစ်ဟုခေါ်သော ဝဲကယောက်တစ်ခုထဲသို့ နက်ရှိုင်းစွာ ကျဆင်းသွားသကဲ့သို့ သူမ ခံစားနေရသည်။ ထိုထဲမှ သူမ ပြန်မထွက်ချင်တော့ပေ။ ထို့နောက် လုချန်က ချယ်လီဘက်သို့ လှည့်ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဒီအဝတ်အစားကို သေချာ ထုပ်ပိုးပေးပါ"
ထိုသို့ပြောပြီးနောက် လော့နျန်ဝေ၏ လက်ကိုဆွဲကာ ငွေရှင်းကောင်တာဆီသို့ လျှောက်သွားလိုက်သည်။ ချယ်လီက မသိစိတ်၏ စေ့ဆော်မှုဖြင့် ခြေလှမ်းများကို ရွှေ့လိုက်သည်။ သူမ၏ ခြေလက်များက တောင့်တင်းနေပြီး မျက်နှာအမူအရာက ထုံထိုင်းနေသည်။ တုန်ယင်နေသော လက်များဖြင့် သူမ၏ စကတ်ကို ဆွဲဆန့်ကာ ရှေ့သို့ တိုးလာသည်။
ဆိုင်အတွင်းရှိ လူတိုင်းက ဖြစ်ပျက်သွားသမျှ အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ ဝင်ပြောရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲကြပေ။ ကုန်တိုက်၏ အထက်တန်း စီမံခန့်ခွဲသူများပင် အရိပ်အယောင်မျှ ထွက်မလာကြပေ။ ချယ်လီက ထုပ်ပိုးထားသော အိတ်ကို ကမ်းပေးလိုက်သည်။ သူမ၏ လက်များက ပြင်းထန်စွာ တုန်ယင်နေဆဲပင်။ လုချန်က မေးလိုက်သည်။
"ဘယ်လောက်ကျလဲ"
အပြေးအလွှား ရောက်လာသော ဆိုင်မန်နေဂျာက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာသည်။
“မ.. မလိုပါဘူးရှင်... ပိုက်ဆံပေးစရာ မလိုပါဘူး ဒါက ကျွန်မတို့ဆိုင်ကနေ ဒီမိန်းကလေးအတွက် လက်ဆောင်ပေးတာပါ.. မလိုပါဘူးရှင်...”
လုချန်က တစ်ဖက်လူအား စိုက်ကြည့်လိုက်သည်။ သေလူတစ်ယောက်ကို ကြည့်နေသည့်အလား။
ထို့နောက် တည်ငြိမ်စွာဖြင့် ထပ်မေးလိုက်သည်။
ဆိုင်မန်နေဂျာ ခြေထောက်များ ခွေယိုင်သွားသလို ခံစားလိုက်ရသည်။ ဘေးနားရှိ စားပွဲကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ကြမ်းပြင်ပေါ်သို့ ပုံကျမသွားစေရန်ပင်။ သူမက တုန်ယင်သော အသံဖြင့် ဖြေလာသည်။
"ကိုးထောင်ပါ..."
လုချန်က ခေါင်းညိတ်လိုက်သည်။ ဆိုင်မန်နေဂျာ စကားပင် မဆုံးလိုက်ပေ။ လုချန်က ငွေရှင်းလိုက်သည်။ ထို့နောက် လော့နျန်ဝေနှင့်အတူ လှည့်ထွက်သွားလေသည်။ လော့နျန်ဝေက နားမလည်နိုင်စွာဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။
"ဒီဂါဝန်က အဲဒီလောက်တောင် ဈေးကြီးတာလား... ယွမ်ကိုးထောင်တောင် ကျတာလား"
ထိုစကားကို ကြားသောအခါ လုချန်၏ မျက်နှာ ရှုံ့မဲ့သွားသည်။
“ဒီမိန်းမရဲ့ အမြင်က သိပ်ကျဉ်းမြောင်းလွန်းတယ်...”
“တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူမက ငါနဲ့အတူ ဒီကမ္ဘာကြီးရဲ့ အထွတ်အထိပ်မှာ ရပ်တည်ရမယ့်သူလေ”
“ဘယ်လိုလုပ်ပြီး အမြင်က ဒီလောက် ကျဉ်းမြောင်းနေရတာလဲ...”
သို့သော် လုချန် သူမကို အပြစ်မတင်ရက်ပေ။ သူမ၏ မိသားစုက သာမန်မိသားစုလေးသာ ဖြစ်သည်။ သူမ၏ ဖခင် သက်ရှိထင်ရှား ရှိစဉ်ကပင် အလယ်အလတ်တန်းစား အခြေအနေသာ ရှိခဲ့သည်။ ဖခင် ကွယ်လွန်သွားပြီးနောက်ပိုင်း သူမ၏ ဘဝက ပို၍ပင် ခက်ခဲကြမ်းတမ်းလာခဲ့သည်။ ငွေတစ်ပြားတစ်ချပ်ကိုပင် ဂရုတစိုက် တွက်ချက် သုံးစွဲနေရသည်။
“ဒါပေမဲ့.. နောက်ပိုင်းကျရင် ဒီကမ္ဘာကြီးရဲ့ အမှန်တရားကို သူမ ဖြည်းဖြည်းချင်း နားလည်လာဖို့ အချိန်ရလာမှာပါ...”
လုချန်နှင့် လော့နျန်ဝေတို့ ထွက်ခွာသွားကြသည်။ အမျိုးသမီး အဝတ်အထည်ဆိုင်ထဲမှ သူတို့ ထွက်လာချိန်တွင် လုချန်၏ စိတ်ဝိညာဉ်စွမ်းအင်က ထောင့်တစ်နေရာတွင် ပုန်းကွယ်နေသော အဆင့်D ဒသမအလွှာ စစ်သည်တော် လေးယောက်ကို ဖြတ်သန်းစကင်ဖတ်သွားသည်။ သူက ပြုံးလိုက်သည်။
သို့သော် ဘာမှ မလုပ်ခဲ့ပေ။ မကြာသေးမီက အရာအားလုံးက အရမ်းကို ချောမွေ့လွန်းနေသည်။ သူ့ဘဝတွင် ပျော်စရာလေးတွေ တစ်ခုခု ရှိလာဖို့ သူ တကယ်ကို မျှော်လင့်နေမိသည်။ သို့သော် သူ မျှော်လင့်ထားသောအရာ ဖြစ်မလာခဲ့ပေ။ အစစ်အမှန် ကမ္ဘာကြီးက တကယ်ကို ငြီးငွေ့စရာ ကောင်းလှသည်။ ထိုလူလေးယောက်က ဖေကျင်း၏ ကိုယ်ရံတော်များ ဖြစ်လောက်မည်။
သို့သော် ထင်ရှားပါသည်။ သူတို့က ဝတ္ထုတွေထဲကလို မိုက်မဲစွာ မလုပ်ဆောင်ခဲ့ကြပေ။ ထွက်ခွာသွားသော ထိုကျောပြင်ကို ကြည့်ရင်း အဆင့်D ဒသမအလွှာ စစ်သည်တော် လေးယောက်လုံး သက်ပြင်းချလိုက်မိကြသည်။ မိစ္ဆာကောင်ကြီးက နောက်ဆုံးတော့ ထွက်သွားသည်။ သူတို့ ဒီလိုဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ကြပေ။
သူတို့က သခင်လေးကို ဒီအောက်ခြေခံ မြို့လေး၏ ကုန်တိုက်ထဲတွင် လမ်းလျှောက်ခွင့်ပြုလိုက်ရုံမျှသာ ဖြစ်သည်။ သို့သော် ထိုအရာက သူ့ကို ဤမျှ ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ အမျိုးသမီး အဝတ်အထည်ဆိုင်အနီးတွင် သူတို့ အသင့်အနေအထားဖြင့် စောင့်ကြည့်နေခဲ့ကြသည်။ လုချန် စတင် တိုက်ခိုက်လိုက်ချိန်တွင် သူတို့လည်း မသိစိတ်အရ ဝင်ရောက်တားဆီးရန် ပြင်ခဲ့ကြသည်။
သို့သော် သူ၏ လှုပ်ရှားမှုများကို သူတို့ လုံးဝ မမြင်နိုင်ခဲ့ပေ။ အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။ သူတို့ ဘာဖြစ်နေသလဲဆိုတာကို သတိထားမိချိန်တွင် ကိစ္စက ပြီးဆုံးသွားသည်။ ထို့ကြောင့် သူတို့ ဆက်လက် မလှုပ်ရှားရဲတော့ပေ။ သေရမှာကို ကြောက်သောကြောင့် ဖြစ်သည်။ သူတို့က ဓာတ်ပုံထဲက လူကို အမြန် ရှာဖွေစုံစမ်းခဲ့ကြသည်။
မည်သည့် တရားဝင် လမ်းကြောင်းများမှတစ်ဆင့်မျှ ဤလူ၏ အချက်အလက်ကို မရရှိခဲ့ပေ။ သို့သော် သီးခြား ဆိုရှယ်မီဒီယာ ဗီဒီယိုအကောင့်များတွင်တော့ လုချန်၏ ဗီဒီယိုတစ်ခုကို တွေ့ခဲ့ရသည်။ သူ၏ ကောင်မလေး၏ ညီမဖြစ်သူကို ကယ်တင်ရန်အတွက် မဟာမိတ်အဖွဲ့၏ အထက်တန်းအရာရှိများကို လှုံ့ဆော်ခဲ့သည့် ဗီဒီယိုပင်။
ဒါကို ကြည့်ရုံဖြင့် သူတို့ နားလည်သွားကြသည်။ ဤလူ့အရေခြုံ မိစ္ဆာကောင်လေးက ဤနေရာတွင် စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားသော သြဇာလွှမ်းမိုးမှု ရှိနေသည်ကိုပင်။ ထို့ကြောင့် သူတို့ သတိလက်လွတ် မနေရဲခဲ့ကြပေ။ လူလေးယောက်က အင်္ဂါမစုံတော့သော ဖေကျင်း၏ ကိုယ်လုံးတုံးကြီးနှင့် အခြားသူများထံသို့ ချဉ်းကပ်သွားကြသည်။ သူတို့အားလုံး သတိလစ်နေကြသည်။
ထို့နောက် သူတို့ ဖုန်းတစ်ကောခေါ်လိုက်သည်။ ဖေကျင်း၏ ဖခင်ထံသို့ တိုက်ရိုက် ဆက်သွယ်လိုက်ခြင်းပင်။ လက်ရှိ ဖေမိသားစု၏ ခေါင်းဆောင် အဆင့်C ပညာရှင် ဖေရန်ရွှန်းပင် ဖြစ်သည်။
A7 အခြေစိုက်မြို့တော် ဖေမိသားစု၏ မျိုးရိုးစဉ်ဆက် စံအိမ်ကြီးတွင် ဖေရန်ရွှန်းက သူ၏ စာကြည့်ခန်းထဲတွင် ထိုင်နေသည်။ လက်ရှိတွင် မိသားစု ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေသည်။ ရုတ်တရက် သူ့ဖုန်းက မြည်လာသည်။ သူ၏ သားဖြစ်သူ၏ ကိုယ်ရံတော်များထဲမှ တစ်ဦးဖြစ်သော လုံချောင်ထံမှ ဖြစ်သည်။ သူက ဖုန်းကို ကိုင်လိုက်သည်။
"ဘာကိစ္စလဲ"
သူက တည်ငြိမ်စွာ မေးလိုက်သည်။ တစ်ဖက်မှ တုန်ယင်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"သခင်ကြီး... သခင်လေးဆီမှာ ပြဿနာတက်နေပါတယ်"
ဖေရန်ရွှန်း၏ လေသံက ပြောင်းလဲမသွားပေ။
"ဘာဖြစ်တာလဲ"
လုံချောင်က ဖြစ်စဉ်တစ်ခုလုံးကို အမြန် ရှင်းပြလိုက်သည်။ ဖေရန်ရွှန်း၏ လက်အောက်ရှိ ရွှေရောင် လက်ရန်းကြီး ကျိုးပဲ့သွားသည်။
“ဘန်း...”
လေးလံသော ရွှေတုံးကြီးက ခရမ်းရောင် အုတ်ကြွပ်ပြားများပေါ်သို့ နားကွဲမတတ် အသံကြီးဖြင့် ပြုတ်ကျသွားသည်။ သူက ထိုင်ခုံမှ ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ သူ၏ မျက်လုံးများက လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
“နောက်တစ်ခေါက် ပြန်ပြောစမ်း”
သူ၏ အသံက နိမ့်ကျကာ မှိုင်းညို့နေသည်။ ဟိန်းဟောက်သံထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသေးသည်။ လုံချောင်မှာ ကြောက်လွန်း၍ သေးပါ ထွက်ကျတော့မလို ခံစားလိုက်ရသည်။ သူက အသံတုန်တုန်ယင်ယင်ဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြေလာသည်။
"သခင်ကြီး... အဲဒီလူရဲ့ နာမည်က လုချန်ပါ"
"သူ့ရဲ့ တရားဝင် အချက်အလက် ဘာတစ်ခုကိုမှ ကျွန်တော်တို့ ရှာမတွေ့ပါဘူး"
"ဒါပေမဲ့ မဟာမိတ်အဖွဲ့က သူ့ကို တော်တော်လေး အလေးထားပုံရတယ်"
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ကောင်မလေးရဲ့ ညီမကို ကယ်တင်ဖို့အတွက် D6 အခြေစိုက် မြို့တော် မဟာမိတ်အဖွဲ့ ဌာနခွဲရဲ့ အထက်တန်း တိုက်ခိုက်ရေးအင်အားစု တစ်ခုလုံးကို သူ လှုံ့ဆော်ခဲ့ပါတယ်”
"အဆင့်C ပညာရှင် ကြီးကြပ်ရေးမှူးတွေကိုတောင် လှုံ့ဆော်နိုင်ခဲ့တယ်"
ဖေရန်ရွှန်း၏ မျက်လုံးများက ဒေါသမီးတောက်များဖြင့် တောက်လောင်နေသည်။ သူ ဒေါသထွက်လွန်း၍ ရူးမတတ်ပင်။ သူက လုချန်နှင့် ပတ်သက်၍ စုဆောင်းထားသော အချက်အလက်များ အားလုံးကို ချက်ချင်း ပို့ပေးရန် အမိန့်ပေးလိုက်သည်။ ထို့နောက် အိမ်ရှိ မိသားစုမှ အကြီးအကဲများထံသို့ ဆက်သွယ်လိုက်လေသည်။
***