“စီနီယာအစ်ကိုကြီး”
ရှောင်ယန် ဓားပျံစီး၍ ပျံသန်းဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ယဲ့ပေ့ရွှမ် မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားရုံမက မျက်ရည်ပင် ဝဲမိလေ၏။
သူသည် တစ်ချိန်က ဂုဏ်သိက္ခာကြီးမားလှသည့် သူတော်စင်တစ်ပိုင်း အဆင့်ရှိသူဖြစ်ခဲ့ပြီး ယခုတစ်ဖန် ပြန်လည်မွေးဖွားလာချိန်တွင် သူသည် ထျန်ရွှမ်း ကုန်းမြေကို ကြီးစိုးကာ ပါရမီရှင်အားလုံးကို ဖိနှိပ်ရန် မျှော်လင့်ထားခဲ့သည်။
သို့သော် သူ၏ ကျင့်စဉ်လမ်းကြောင်းမှာ ဤမျှအထိ အန္တရာယ်များလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။
စွမ်းအားကြီး ဆရာသမားရှိခြင်း၊ အစွမ်းထက်သော ရတနာများပိုင်ဆိုင်ခြင်းနှင့် အတိတ်ဘဝက လွဲချော်ခဲ့သမျှသော ကံတရားအားလုံးကိုပင် ပိုင်ဆိုင်ထားသော်လည်း...
ယဲ့ပေ့ရွှမ်မှာမူ အနည်းငယ်မျှပင် မပျော်ရွှင်ပေ။
အခွင့်အလမ်းကောင်းတစ်ခုနှင့် ကြုံတိုင်း သူသည် လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသည်။
၎င်းကပင် သူ့အား ဘဝ၏ အဓိပ္ပာယ်ကို မေးခွန်းထုတ်စေသည်။
ရှောင်ယန် ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။ “ပဉ္စမညီလေး၊ မင်း အဆင်ပြေလား”
“ကျွန်တော် အဆင်ပြေပါတယ်၊ ဒါပေမဲ့ သတိထားပါ စီနီယာအစ်ကိုကြီး။ သူတို့က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အနက်ရောင်နတ်ဆိုးသူခိုး တွေပဲ။ နည်းလမ်းအမျိုးမျိုးနဲ့ကို ကောက်ကျစ်ရက်စက်ကြတယ်”
ရှောင်ယန်၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ အနက်ရောင်နတ်ဆိုးသူခိုးအဖွဲ့ဆိုတာ တစ်ခါမှ မကြားဖူးဘူး။ ကောင်းကင်ဇာစ်မြစ်အဆင့် က အမှိုက် တွေမလား။”
ယဲ့ပေ့ရွှမ် “...”
ဤသည်မှာ ဝမ်တောက်ကျောင်းတော်မှ ထိပ်တန်းပါရမီရှင်တစ်ယောက်၏ ယုံကြည်မှုမျိုးလား
အနက်ရောင်နတ်ဆိုးသူခိုးများမှာမူ ဤစကားကို ကြားလိုက်ရသောအခါ သူတို့၏ မျက်လုံးများသည် လူသတ်လိုစိတ်များဖြင့် တောက်လောင်လာတော့သည်။
“မင်း အရှက်မရှိတဲ့ ကောင်စုတ်၊ မင်းအဘိုး မျက်နှာတစ်ထောင်ကို ချောင်းမြောင်းတိုက်ခိုက်ရဲတယ်ပေါ့လေ။ နာမည် ပြောစမ်း”
ခက်ထန်သော အသံတစ်ခု ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ဝတ်ရုံနက်ဝတ်ဆင်ထားသော လူတစ်ယောက်သည် တောအုပ်ထဲမှ ထွက်လာခဲ့၏။
အနက်ရောင်နတ်ဆိုးသူခိုးဂိုဏ်းဝင် ဆယ့်သုံးယောက်စလုံးသည် ရှောင်ယန်နှင့် ယဲ့ပေ့ရွှမ်ကို လျင်မြန်စွာ ဝိုင်းရံလိုက်ကြသည်။
ရှောင်ယန် တည်ငြိမ်စွာပင် ပြောလိုက်၏။ “ဝမ်တောက်ကျောင်းတော် ရှောင်ယန် “
သူ့နာမည်ကို ကြားလိုက်ရသောအခါ သူတို့၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုတစ်ခု ဖြတ်ပြေးသွားပြီး မသိစိတ်ဖြင့် နောက်သို့ ဆုတ်မိသွားကြသည်။
မိမိရဲဘော်များ၏ စိတ်ထဲမှ ကြောက်ရွံ့မှုကို သတိထားမိလိုက်သော မျက်နှာတစ်ထောင်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။ “အော်... မင်းက ဝမ်တောက်ရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ တစ်ယောက်ပေါ့”
“ဟုတ်တယ်။”
ရှောင်ယန်သည် သူ၏လက်ထဲမှ ဓားရှည်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ငါဘယ်သူလဲဆိုတာ သိပြီးပြီဆိုတော့ မင်းတို့ဘာသာမင်းတို့ အဆုံးစီရင်ကြမလား၊ ဒါမှမဟုတ် ငါကပဲ လမ်းပြပေးရမလား”
အနက်ရောင်နတ်ဆိုးသူခိုးဂိုဏ်းဝင်များသည် ရက်စက်ကြမ်းကြုတ်မှုကြောင့် နာမည်ကျော်သူများဖြစ်သည်။ သူတို့သည် အမြဲတမ်း သူတစ်ပါးကို လှောင်ပြောင်သူများသာ ဖြစ်၏။
ယခုမူ ငယ်ရွယ်သော ကောင်စုတ်လေးတစ်ယောက်၏ စော်ကားမှုကို ခံလိုက်ရသောအခါ သူတို့၏ ဒေါသများမှာ ပေါက်ကွဲထွက်ကုန်တော့သည်။
“မင်းတစ်ယောက်တည်းနဲ့ ငါတို့ကို သတ်မယ်ပေါ့။ ညီအစ်ကိုတို့၊ အနက်ရောင်နတ်ဆိုးအစီအရင်ကို ခင်းကြ”
မျက်နှာတစ်ထောင်၏ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ကျန်ရှိသော ဆယ့်နှစ်ယောက်မှာ အစီအရင်အလံများကို ထုတ်ယူကာ တိုက်ပွဲပုံစံ စတင်ခင်းကျင်းလိုက်ကြသည်။
ရှောင်ယန်သည် မာနကြီးသော်လည်း လူမိုက်တစ်ယောက်တော့ မဟုတ်ပေ။ သူတို့ လှုပ်ရှားလာသည်ကို မြင်လိုက်ရသောအခါ အတိုက်ခံရမည့်အချိန်ကို သူ စောင့်မနေတော့ပေ။
သူ့ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အေးစက်စွာ ပြောလိုက်သည်။
“ဓားပေါင်းတစ်သောင်း အတူတကွ ပျံသန်းတဲ့ မြင်ကွင်းကို မင်းတို့ မြင်ဖူးကြလား”
နတ်ဆိုးသူခိုးဂိုဏ်းဝင်များ “...”
“ဓားတစ်သောင်းတို့အပြန်”
ရှောင်ယန်သည် သူ၏ဓားကို ကျော့ရှင်းစွာ ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော ဓားအလင်းတန်းများသည် ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားပြီး အနက်ရောင်နတ်ဆိုးသူခိုးများအပေါ်သို့ မိုးစက်မိုးပေါက်များကဲ့သို့ ကျဆင်းလာတော့သည်။
သူတို့မှာ အစီအရင်ကို အဆုံးသတ်ရန် အချိန်မရလိုက်ဘဲ ဓားမုန်တိုင်းကို ခုခံရန်အတွက် လက်နက်များကို အလျင်အမြန် ဆွဲထုတ်လိုက်ကြရသည်။
ချွင် ချွင် ချွင်
လက်နက်ချင်း ထိခိုက်သံများကြားတွင် နတ်ဆိုးသူခိုးဂိုဏ်းဝင်အချို့မှာ ဒဏ်ရာများ ရကုန်ကြပြီ ဖြစ်သည်။
“အစ်ကိုကြီး၊ ဒီကောင်က တော်တော်မာတာပဲ မြန်မြန်၊ ထွက်ပြေး.. အား”
ထိုလူက ထွက်ပြေး ဟူသော အော်ဟစ်သံပင် မဆုံးသေးမီ ဓားအလင်းတန်းတစ်ခုသည် သူ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး ချက်ချင်းပင် သေဆုံးသွားလေ၏။
သူ့ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်လာရုံသာ ရှိသေးသည်။
နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာပင် ဓားချီမိုးစက်များ၏ ချေမှုန်းခြင်းကို ခံလိုက်ရတော့သည်။
လူငယ်မှာ ဤမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု မျက်နှာတစ်ထောင် တစ်ခါမျှ မမျှော်လင့်ထားခဲ့။ သူသည် စကားတစ်လုံးမျှပင် မပြောတော့ဘဲ သူ့ရဲဘော်များကိုပင် သတိမပေးတော့ဘဲ လှည့်ကာ ထွက်ပြေးတော့သည်။
သူ အသက်ရှင်နေသရွေ့ အနက်ရောင် နတ်ဆိုးသူခိုးဂိုဏ်းမှာ အမှန်တကယ် ပျောက်ကွယ်သွားမည် မဟုတ်ပေ။
ရှောင်ယန်သည် ထိုလူ ထွက်ပြေးသွားသည့် ဘက်သို့ ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွှတ်သွားသည်။ “မင်း ထွက်ပြေးနိုင်မယ် ထင်နေတာလား”
ထိုသို့ပြောပြီးနောက် သူ၏ဓားသည် မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အစက်အပြောက်လေးဆီသို့ ထိုးနှက်လိုက်သည်။
ချွင်။
လျှပ်စီးကဲ့သို့ မြန်ဆန်လှသော ဓားအလင်းတန်းတစ်ခုသည် မုန်တိုင်းကို ဖြတ်သန်းကာ
ဝေးလံသော နေရာမှ အမည်းစက်လေးကို ထိုးဖောက်သွား၏။
“အားးးးး”
ရင်နင့်စရာ အော်ဟစ်သံနှင့်အတူ အမည်းစက်လေးသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းသွားသည်။
ကျန်ရှိနေသော အနက်ရောင် နတ်ဆိုးသူခိုးဂိုဏ်းဝင်များသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ထွက်ပြေးရန် ပြင်လိုက်ကြ၏။
သို့သော် ရှောင်ယန်ကမူ ကရုဏာမထားဘဲ ထိုးနှက်ချက်မှသည် ခုတ်ပိုင်းချက်သို့ ပြောင်းလဲလိုက်သည်။
ဓားအလင်းတန်းမှာ လေထဲတွင် ဝှေ့ယမ်းသွားပြီး ခေါင်းပေါင်းများစွာသည် ချက်ချင်းပင် မြေပေါ်သို့ ပြတ်ကျသွားတော့သည်။
ခဏတာအတွင်းမှာပင် နတ်ဆိုးသူခိုးဂိုဏ်းဝင် ဆယ့်သုံးယောက်စလုံးမှာ အလောင်းများ ဖြစ်သွားကြသည်။ သူတို့၏ ဝိညာဉ်များပင်လျှင် လွတ်မြောက်နိုင်ခြင်း မရှိခဲ့ကြပေ။
ယဲ့ပေ့ရွှမ်သည် ဤမြင်ကွင်းကို ကြည့်ရင်း နဖူးတွင် ချွေးစေးများပင် ထွက်လာခဲ့သည်။
‘ ဒါက... စီနီယာအစ်ကိုကြီးလား။
အရမ်း အစွမ်းထက်လွန်းတယ်။ ဒုတိယစီနီယာအစ်ကိုက ပြိုင်ဘက်ကင်းပြီလို့ ငါထင်ခဲ့တာ၊ စီနီယာအစ်ကိုကြီးက ပိုပြီးတော့တောင် ကြောက်စရာကောင်းလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး’
‘ဒီနှစ်ယောက်ထဲက ဘယ်သူမဆို ငါ့ရဲ့ အတိတ်ဘဝက ကောင်းကင်ဘုံရဲ့ပါရမီရှင် အားလုံးကို ချေမှုန်းနိုင်လိမ့်မယ်။’
‘ ဒါပေမဲ့ ဒီလောက်သေးငယ်တဲ့ သောင်းပြောင်းပညာရပ်ဌာန ကနေ ပြိုင်ဘက်ကင်းပါရမီရှင် နှစ်ယောက်တောင် ဘယ်လိုများ ထွက်ပေါ်လာတာပါလိမ့် ‘
ထိုအချိန်တွင် မိုးကုတ်စက်ဝိုင်းမှ ပုံရိပ်တစ်ခု ပျံသန်းလာသည်။ ထိုပုံရိပ်လေးမှာ လွီယွဲ့အာ ဖြစ်ပြီး သူမ၏ လက်ထဲတွင် ရုပ်သေးရုပ်တစ်ခုကို ကိုင်ထားကာ စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီး၊ မျက်နှာတစ်ထောင်က နောက်တစ်ခါ ထပ်ပြီး ထွက်ပြေးသွားပြန်ပြီ။ အခုနက အစ်ကိုကြီး သတ်လိုက်တာက သူ့ရဲ့ ရုပ်သေးရုပ်တွေထဲက တစ်ခုပဲ ရှိသေးတယ်။”
ရှောင်ယန်က ပြုံးကာ ပြောလိုက်သည်။
“ကိစ္စမရှိဘူး။ သူ ဝေးဝေးမပြေးနိုင်ပါဘူး။ ရုပ်သေးဆရာတွေက ရုပ်သေးပေါင်းများစွာကို ထိန်းချုပ်နိုင်ပေမဲ့ သူက ကောင်းကင်ဇာစ်မြစ်အဆင့်မှာပဲ ရှိသေးတယ်။ သူ မိုင်တစ်ရာ ပတ်ဝန်းကျင်မှာ တစ်နေရာရာမှာ ပုန်းနေမှာ သေချာတယ်။”
၎င်းကို ကြားလိုက်ရသောအခါ ယဲ့ပေ့ရွှမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ “စီနီယာအစ်ကိုကြီးမှာ မျက်နှာတစ်ထောင်ကို ရှာနိုင်တဲ့ ခြေရာခံနည်းစနစ် ရှိလို့လား”
ရှောင်ယန်က ခေါင်းယမ်းလိုက်ပြီး ဟင်းလင်းပြင်ဆီသို့ လက်နှစ်ဖက်ကိုယှက်ကာ ပြောလိုက်သည်။”အကြီးအကဲရှန်း၊ အကူအညီတောင်းပါရစေ။ ဆရာက ပြောဖူးတယ်၊ ရန်သူကို သတ်ရင် အမြစ်ပြတ်အောင် သတ်ရမယ်တဲ့။”
ကောင်းကင်ယံမှ တိုးညှင်းသော အသံတစ်ခု ပဲ့တင်ထပ်လာသည်။
“ဒါက ဘာမှမဟုတ်ပါဘူး။ အနက်ရောင်နတ်ဆိုးသူခိုးတွေလို အမှိုက်မျိုးက သေသင့်တာပဲ။ သူ့ကို သတ်ရတာလည်း ချွင်းချက်မဟုတ်ပါဘူး။”
ယဲ့ပေ့ရွှမ်မှာ နောက်တစ်ကြိမ် ထပ်မံ မှင်တက်သွားရပြန်သည်။ စီနီယာအစ်ကို ရှောင်က သူ၏ တာအိုအစောင့်အရှောက်ကို အမှန်တကယ် စေခိုင်းနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့။
အတိတ်ဘဝတွင်မူ သူ၏ တာအိုအစောင့်အရှောက်သည် သူ၏ အသက်အန္တရာယ် အမှန်တကယ် စိုးရိမ်ရမှသာ လှုပ်ရှားလေ့ရှိသည်။
ဒါဟာ... ကောင်းကင်ဘုံရဲ့ပါရမီရှင်တွေကြားက ခြားနားချက်လား
ရှောင်ယန်က ပြုံးကာ ပြောလိုက်သည်။ “ဂျူနီယာညီလေးယဲ့၊ မိုင်တစ်ထောင်အတွင်းမှာ ဘာအန္တရာယ်မှ မရှိတော့ဘူး။ မင်း ဒီနေရာမှာပဲ အဆင့်တက်ချင်လား၊ ဒါမှမဟုတ် ပိုလုံခြုံတဲ့ နေရာတစ်ခု ရှာချင်လား”
ယဲ့ပေ့ရွှမ်က ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။ “ကျွန်တော် ဤနေရာမှာပဲ ကိုးရွက် ခရမ်းကြာ ကို သန့်စင်လိုက်ပါ့မယ်။ စီနီယာအစ်ကိုကြီး ကျွန်တော့်ကို ကာကွယ်ပေးပါဦး။”
“ဒီသိုလှောင်အိတ်တွေက ကျွန်တော်သတ်ခဲ့တဲ့ သားရဲတွေဆီက ရခဲ့တာ။ အစ်ကိုကြီး သဘောကျတာရှိရင် ယူနိုင်ပါတယ်။”
ရှောင်ယန်က ပြုံးလိုက်သည်။ “ကောင်းပြီ၊ ဒါကို ငါ ထမင်းဖိုးအနေနဲ့ သဘောထားပြီး ယူလိုက်မယ်။”
မိုင်တစ်ရာခန့်အကွာ မြစ်တစ်ခု၏ အနက်ဆုံးနေရာတွင်
နတ်ဆိုးသူခိုးဂိုဏ်းချုပ် မျက်နှာတစ်ထောင်သည် အသက်ရှူခြင်းကို ဖုံးကွယ်သော နည်းစနစ် အသုံးပြုကာ ရေအောက်တွင် ပုန်းအောင်းနေ၏။
သူ အားထုတ်ကြိုးပမ်း တည်ဆောက်ခဲ့ရသော အဖွဲ့အစည်းကို ရှောင်ယန်က ဤမျှ လွယ်ကူစွာ ချေမှုန်းပစ်ခဲ့သည်ကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် နာကျည်းမှုများ တောက်လောင်နေလေ၏။
သူတို့ နတ်ဆိုးသူခိုးများသည် ယခင်က မြင့်မြတ်နယ်မြေများ မှ တပည့်များကိုပင် သတ်ဖူးသည်။ ထိုတပည့်များသည် အမြဲတမ်း ထိပ်တန်းလက်နက်များနှင့် ကိရိယာများကို ပိုင်ဆိုင်ထားကြသည်။
သို့သော် သူတို့တွင် တိုက်ပွဲအတွေ့အကြုံ အစစ်အမှန် မရှိကြဘဲ အများအားဖြင့် နည်းစနစ်များနှင့် ကိရိယာများကိုသာ အားကိုးကာ သူတို့၏ ရွယ်တူများအပေါ် လွှမ်းမိုးလေ့ရှိကြ၏။
သို့သော် ရှောင်ယန်မှာမူ... တိုက်ပွဲတွင် ကျင်လည်နေသည့် မိစ္ဆာတစ်ကောင်အလား။
“တောက်.. အဲ့ဒီကောင်စုတ်က ကောလာဟလတွေထက်တောင် ပိုကြောက်စရာကောင်းတယ်။ မင်းတို့လို တရားမျှတတဲ့ ကျင့်ကြံသူတွေက အမြဲတမ်း အသံအကျယ်ဆုံး ကြွားတတ်ကြတာ မဟုတ်ဘူးလား။ အခုမှ ဘာလို့ ရုတ်တရက်ကြီး နှိမ့်ချနေကြတာလဲ”
“ရှောင်ယန်၊ စောင့်နေလိုက်စမ်း။ တစ်နေ့ကျရင် ငါ မျက်နှာတစ်ထောင်က မင်းရဲ့ အရိုးတွေကို အမှုန့်ဖြစ်အောင် ကြိတ်ပစ်မယ်”
သူ့စကားပင် မဆုံးသေးမီ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားသည်။ ထို့နောက် အထက်မှ အထင်အမြင်သေးသော အသံတစ်ခု ထွက်ပေါ်လာ၏။
“ဝမ်းနည်းစရာပဲ။ မင်းမှာ အဲ့ဒီအခွင့်အရေး ရတော့မှာ မဟုတ်ဘူး။”
မျက်နှာတစ်ထောင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ၎င်းမှာ နီဗားနားရှင်သန်ခြင်းအဆင့်တစ်ယောက်မှ ထွက်ပေါ်လာသော အသံပင်။
နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာပင် ဝိညာဉ်တစ်ခုလုံး ပျက်စီးမတတ် နာကျင်မှုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ တိုးဝင်လာခဲ့သည်။ အလွန်အမင်း စိတ်ပျက်အားငယ်မှုသည် သူ၏ နှလုံးသားကို ဖုံးလွှမ်းသွားတော့သည်။
သူ ပြာအဖြစ်သို့ မပြောင်းလဲမီ နောက်ဆုံး နာကျည်းဖွယ် အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် ဖြတ်ပြေးသွား၏။
ရှောင်ယန်... မင်းလို အရှက်မရှိတဲ့ ကောင်စုတ်။ ကောင်းကင်ဘုံ ပါရမီရှင် ဆိုပြီးတော့ ငါ့လို အခြေခံအဆင့် ကျင့်ကြံသူလေးကို ချေမှုန်းဖို့ မင်းရဲ့ တာအိုအစောင့်အရှောက်ကို လွှတ်လိုက်တယ်ပေါ့လေ...။
***