“ ခဲ့ခဲ့... ဒီ ယဲ့ပေရွှမ် က ဘယ်ဌာနကလဲ။ သူက အပြင်စည်းတပည့်တစ်ယောက်ပဲမလား။ စီနီယာတွေကို ဘယ်လို ရိုသေရမလဲ ဆိုတာ သင်ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ် “
ရန်ရှု၏ မျက်နှာ မည်းသည်းသွားသည်။ သူသည် ဓားပညာဌာန ၏ အတွင်းစည်းတွင် အတော်လေး နာမည်ကြီးသူ ဖြစ်သည်။ ပြီးခဲ့သည့် အတွင်းစည်းတပည့် ပြိုင်ပွဲတွင်လည်း ထိပ်ဆုံး အယောက်ငါးဆယ် စာရင်းဝင်ခဲ့သည်။
အခြား ဌာနများမှ ဂျူနီယာညီအစ်ကို အနည်းငယ်ကို ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်ရုံဖြင့် ယဲ့ပေရွှမ်ကို ပညာပေးရန်မှာ အားစိုက်ထုတ်စရာပင် မလိုပေ။
၎င်းကို ကြားသောအခါ နျင်းခဲ့ခဲ့၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် ချက်ချင်း လင်းလက်သွားသည်။ “ စီနီယာအစ်ကိုရန်... ရှင်က အကောင်းဆုံးပဲ ဆိုတာ ကျွန်မ သိသားပဲ။ အဲဒီ ယဲ့ပေရွှမ်က သောင်းပြောင်းပညာရပ်ဌာန ကလေ။ သူက သူ့ရဲ့ မျိုးရိုးနာမည် ဆန်းဆန်းလေးကြောင့်သာ သူတော်စင်တစ်ပိုင်းချူ ရဲ့ မျက်စိကျတာကို ခံခဲ့ရတာ “
“ ဒါပေမဲ့ သူက သောင်းပြောင်းပညာရပ်ဌာနမှာ ခဏတောင် မနေလိုက်ရဘူး။ ဌာနမှူးချူ က သူ့ကို တောင်အောက် ကန်ချလိုက်တယ်လို့ ကျွန်မ ကြားတယ် “
သူမ စကားပြောလေလေ ပို၍ တက်ကြွလာလေလေ ဖြစ်ပြီး၊ ရန်ရှု၏ မျက်နှာ ပို၍ပင် မည်းသည်းလာ၏။ သူ့ အကြည့်များက ချစ်ခင်ကြင်နာမှုမှ ရွံရှာမုန်းတီးမှုသို့ ပြောင်းလဲသွားသည်ကို လုံးဝ သတိမထားမိလိုက်။
“ ထွက်သွားစမ်း “
ရန်ရှုက သူ့အနား ကပ်ဖားနေသော နျင်းခဲ့ခဲ့ကို ရုတ်တရက် ဘေးသို့ တွန်းထုတ်လိုက်သည်။
နျင်းခဲ့ခဲ့က သူ့ကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။ “ စီနီယာအစ်ကိုရန်... ဘာလို့ ရုတ်တရက်ကြီး တွန်းထုတ်လိုက်ရတာလဲ။ ကျွန်မကို နောက်တစ်ခါ ဒီလိုဆက်ဆံမယ်ဆိုရင် ရှင်နဲ့ စကားမပြောတော့ဘူးနော် “
ဖြန်း
ရန်ရှုက နျင်းခဲ့ခဲ့၏ မျက်နှာကို ဖြတ်ရိုက်လိုက်ပြီး တင်းမာစွာ ပြောလိုက်သည်။ “ ဒီနေ့ ငါ မင်းကို ရိုင်းစိုင်းရုံတင် မကဘူး၊ ရိုက်ပါ ရိုက်ဦးမှာ “
ပါးရိုက်ခံလိုက်ရသဖြင့် နျင်းခဲ့ခဲ့ မှင်တက်သွားပြီး ပါးကို အုပ်ကာ မျက်ရည်များ စီးကျလာသည်။ သူမက ရန်ရှုကို နာကြည်းမုန်းတီးမှုဖြင့် စူးရဲစွာ ကြည့်လိုက်သည်။
ဘေးဘက်တွင် စုချင်း၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး အော်ဟစ်လိုက်သည်။ “ စီနီယာအစ်ကိုရန်... ရှင် ဘာလုပ်နေတာလဲ “
“ ဟမ့် “
ရန်ရှု အေးစက်စွာ နှာမှုတ်လိုက်သည်။ “ နောက်စကားတစ်ခွန်း ထပ်ပြောကြည့်စမ်း၊ စီနီယာအစ်ကိုချောင် ကိုပါ မင်းကို ပညာပေးခိုင်းပြီး မင်းနေရာ မင်းသိအောင် လုပ်ခိုင်းလိုက်မယ်။ မင်းတို့လို တောသူမတွေက သောင်းပြောင်းပညာရပ်ဌာနက လူတစ်ယောက်ကို ပြဿနာရှာလို့ ရမယ်များ ထင်နေကြတာလား “
စုချင်းသည် ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်လာကတည်းက ဤမျှလောက် အရှက်ခွဲခံရမှုမျိုး မကြုံဖူးခဲ့ပေ။ ဆရာတူတပည့်မောင်နှမ အများစုက သူမကို လေးစားသမှုဖြင့် ဆက်ဆံခဲ့ကြသည်။ သို့သော် ရန်ရှု၏ စကားများက မျက်နှာကို ဖြတ်ရိုက်ခံရသည်ထက်ပင် ပို၍ နာကျင်စေသည်။
သူမ နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ့ကို စူးရဲစွာ ကြည့်နေသော်လည်း စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ချေ။
သူမ၏ဘေးတွင် ချောင်ရို့တိ က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ “ ဂျူနီယာညီမလေး စုချင်း... ငါတို့ရဲ့ ခဏတာ ဇာတ်လမ်းလေးကို ထောက်ထားပြီး သတိပေးစကား တစ်ခွန်း ပြောလိုက်မယ်။ သူတော်စင်တစ်ပိုင်းချူ ရဲ့ ခွန်အားက မင်းလို သာမန် အပြင်စည်း တပည့် တစ်ယောက် နားလည်နိုင်တဲ့ အရာ မဟုတ်ဘူး။ ငါတို့ရဲ့ ဆက်ဆံရေးက ဒီမှာတင် ပြီးပြီ “
“ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို “
စုချင်းသည် အလွန်အမင်း မကျေမနပ် ဖြစ်နေသော်လည်း၊ သူမက နျင်းခဲ့ခဲ့ ကဲ့သို့ ဒေါသတကြီး ရမ်းကားခြင်း မပြုခဲ့ပေ။
“ ဂျူနီယာညီလေးရန်... သွားကြစို့ “
ချောင်ရို့တိ လှည့်ထွက်သွားသည်။ ရန်ရှုက မိန်းကလေး နှစ်ယောက်ကို နောက်တစ်ကြိမ် လှည့်မကြည့်တော့ဘဲ အနောက်မှ လိုက်သွားခဲ့သည်။
သူတို့သည် ဒေါသထွက်နေသော နျင်းခဲ့ခဲ့ နှင့် စုချင်းတို့ကို ချန်ရစ်ခဲ့သည်။
“ အစ်မကြီးချင်း... ကျွန်မတို့ ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး “
နျင်းခဲ့ခဲ့မှာ လက်ခံရန် ဆန္ဒမရှိသေးပေ။ သူမက ပါးရိုက်ခံရခြင်းကို ယဲ့ပေရွှမ် အပေါ်၌သာ အပြစ်ပုံချလိုက်သည်။
အကယ်၍ ထိုလူက အခြားသူများကို အနိုင်ကျင့်ရန် သူ၏ အဆင့်အတန်းကိုသာ အားမကိုးခဲ့လျှင်၊ သူမသည် ဤမျှ အစွမ်းထက်သော နောက်ခံကို ဆုံးရှုံးခဲ့ရမည် မဟုတ်ပေ။
စုချင်း ခေါင်းအသာညိတ်လိုက်ပြီး သူမ၏ အမူအရာက ထူးထူးခြားခြား ပြတ်သားနေသည်။ “ အဲဒီ တောသား ယဲ့ပေရွှမ် ကို ငါတို့ ရှုံးမယ်လို့ မယုံဘူး။ ငါတို့ လုံလောက်အောင် သန်မာနေသရွေ့ အကြီးအကဲတွေက သေချာပေါက် ငါတို့ဘက်က ရပ်တည်ပေးလိမ့်မယ် “
နျင်းခဲ့ခဲ့၏ မျက်လုံးများ အရောင်လက်သွားသည်။ “ အစ်မ ပြောတာ မှန်တယ်။ အကယ်၍ ကျွန်မတို့က အပြင်စည်း ပြိုင်ပွဲရဲ့ ထိပ်ဆုံး အယောက်တစ်ရာ စာရင်းထဲ ဝင်နိုင်ရင် ယဲ့ပေရွှမ် ထက် သေချာပေါက် ပိုသန်မာတယ်လို့ သတ်မှတ်ခံရမှာပဲ “
“ အင်း “
စုချင်းက ညင်သာစွာ ပြန်ဖြေလိုက်ပြီး လာမည့် ပြိုင်ပွဲတွင် လူတိုင်းကို အံ့ဩသွားစေရမည်ဟု တိတ်တဆိတ် သစ္စာဆိုလိုက်သည်။
အခြားတစ်ဖက်တွင် ချောင်ရို့တိသည် ရန်ရှုကို မြောင်တောင် ဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
ရန်ရှု မေးလိုက်သည်။ “ စီနီယာအစ်ကိုချောင်... ဂျူနီယာညီလေးယဲ့က ကျွန်တော်တို့ကို မျက်နှာသာ ပေးပါ့မလား “
ချောင်ရို့တိ တစ်ခဏမျှ စဉ်းစားလိုက်သည်။ “ သူ ငါတို့ကို မျက်နှာသာ မပေးရင်တောင် ရို့ချန် ကိုတော့ မျက်နှာသာ ပေးမှာပါ။ ပြီးရင် ငါ သူ့ကို ဆေးလုံး အနည်းငယ် ပေးလိုက်မယ်၊ ဒါဆိုရင် ဒီကိစ္စက ပြီးသွားလောက်ပါတယ် “
ရန်ရှု ခေါင်းညိတ်လိုက်သည်။ “ ဒါဆိုရင် ဒီကိစ္စကို စီနီယာအစ်ကို့ကိုပဲ လွှဲထားလိုက်တော့မယ်။ အခုကစပြီး စီနီယာအစ်ကို့ နောက်ကိုပဲ လိုက်တော့မယ် “
“ ပြဿနာ မရှိဘူး “
သူတို့နှစ်ဦး မြောင်တောင်ပေါ်သို့ ပျံသန်းတက်သွားစဉ် ယဲ့ပေရွှမ်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။
ချောင်ရို့တိ က ပထမဆုံး စကားပြောလိုက်သည်။ “ ဂျူနီယာညီလေး... ကျေးဇူးပြုပြီး ခဏ စောင့်ပါဦး “
အသံကို ကြားသောအခါ ယဲ့ပေရွှမ် မျက်မှောင်အသာကြုတ်သွားသည်။ သူ လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသော ပုံရိပ်နှစ်ခု အနီးနားသို့ ဆင်းသက်လာသည်ကို မြင်လိုက်ရသောအခါ ပို၍ မျက်မှောင်ကြုတ်သွားတော့သည်။
‘ ဒီကောင် နှစ်ကောင်က ဒီအထိလိုက်လာရဲတာလား။ သူတို့က ငါ ယဲ့ပေရွှမ် ကို ဘာမှမဟုတ်ဘူးလို့ ထင်နေတာလား ‘
သူက ပြောလိုက်သည်။ “ စီနီယာအစ်ကိုတို့... ခင်ဗျားတို့က နည်းနည်းလေးတောင် မစောင့်နိုင်ဘူးပေါ့လေ “
ရန်ရှု ရယ်မောလိုက်သည်။ “ မှန်တယ်။ ငါတို့ နည်းနည်း စိတ်မရှည် ဖြစ်နေခဲ့တာ။ စကားပုံ ရှိတယ်လေ။ ရန်ငြိုးဖွဲ့တာထက် ငြိမ်းချမ်းရေး ယူတာက ပိုကောင်းတယ် တဲ့။ ဂျူနီယာညီလေးယဲ့... စောစောက ငါ အသံနည်းနည်း ကျယ်သွားတယ်။ မင်း ငါ့ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ် “
“ … “
ယဲ့ပေရွှမ် မှင်တက်သွားသည်။ တစ်ဖက်က သူ့အပေါ် ဤကဲ့သို့ လှည့်ကွက်မျိုး သုံးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ၊ ပြင်ဆင်ထားသော ချေပစကားများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး တစ်ခဏမျှ ပြောစရာ စကားစမဲ့သွားစေသည်။
၎င်းကို မြင်သောအခါ ချောင်ရို့တိရှေ့သို့ ထွက်လာပြီး ထပ်ပြောလိုက်သည်။ “ ဂျူနီယာညီလေးယဲ့... မင်းက တာ့ချန်ရဲ့ ဂျူနီယာညီလေးဆိုတာ ငါတို့ မသိခဲ့ဘူး။မိသားစုက မိသားစုကို မမှတ်မိတဲ့ ကိစ္စမျိုး ဖြစ်သွားတယ်။ မင်း ရန်ငြိုးမထားဘူးလို့ မျှော်လင့်ပါတယ် “
သူ ပြောရင်းဆိုရင်း သိုလှောင်အိတ်ထဲမှ ကြွေပုလင်း တစ်လုံးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
“ ဂျူနီယာညီလေးယဲ့... ဒီထဲမှာ ထိပ်တန်းအဆင့် အနှစ်သာရ စုစည်းခြင်း ဆေးလုံးတွေပါတယ်။ ငါတို့ နှစ်ယောက်ဆီက လျော်ကြေးအဖြစ် သတ်မှတ်ပေးပါ “
ယဲ့ပေရွှမ် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး သရော်လိုက်သည်။ “ စီနီယာအစ်ကိုတို့ နှစ်ယောက်က ဂျူနီယာညီမလေးတွေ ရှေ့မှာ ကြွားဖို့ ကျွန်တော့်ကို အသုံးချရဲတယ်ပေါ့လေ “
ချောင်ရို့တိ အလျင်အမြန် ရှင်းပြလိုက်သည်။ “ တကယ်က အဲဒီလို မဟုတ်ဘူး။ အဲဒီ အမျိုးသမီး နှစ်ယောက်နဲ့ ငါတို့ ဘာအဆက်အသွယ်မှ မရှိပါဘူး။ တကယ်လို့ မင်း စိတ်ဆိုးနေတုန်းပဲ ဆိုရင် သူတို့ကို ဒီကို ခေါ်လာပြီး မင်းကို ဒူးထောက် တောင်းပန်ခိုင်းဖို့ ငါတို့ စီစဉ်ပေးလို့ ရပါတယ် “
အကယ်၍ အခြားတစ်ယောက်ယောက်က ဤသို့ပြောခဲ့လျှင် ယဲ့ပေရွှမ် ယုံကြည်မည် မဟုတ်ပေ။ သို့သော် ယခင် စကားပြောဆိုမှုများအရ ချောင်ရို့တိသည် သူ၏ ဒုတိယ စီနီယာအစ်ကို နှင့် မျိုးဆက် တူညီကြောင်း သိထားသည်။
သူ့လို လူမျိုးအတွက် သာမန် အပြင်စည်း တပည့် နှစ်ယောက်ကို ပညာပေးခြင်းသည် တကယ့်ကို အသေးအဖွဲ ကိစ္စတစ်ခု ဖြစ်သည်။
ရန်ရှုကး ထပ်ပြောလိုက်သည်။ “ ဂျူနီယာညီလေး... အဲဒီ အမျိုးသမီးကို ငါ ပညာပေးပြီးပြီ။ တကယ်လို့ မလုံလောက်သေးဘူး ဆိုရင် တစ်ခွန်းပဲ ပြောလိုက်။ မင်း ဘာပဲလိုချင်လိုချင် ငါ လုပ်ပေးမယ် “
သူတို့က ထိုသို့ပြောနေပြီဖြစ်ရာ ယဲ့ပေရွှမ် က ဆက်လက်၍ အပြစ်ရှာ မနေနိုင်တော့ပေ။ ဘဝနှစ်ခု ရှင်သန်ခဲ့ဖူးသူ တစ်ယောက်အနေဖြင့် ကျင့်ကြံခြင်းဆိုသည်မှာ တိုက်ခိုက်ခြင်း သက်သက်သာ မဟုတ်ဘဲ လူမှုဆက်ဆံရေးများ၌လည်း ကျွမ်းကျင်လိမ္မာရန် လိုအပ်ကြောင်း သူ နားလည်ထားသည်။
“ ခင်ဗျားတို့ နှစ်ယောက်စလုံးက ဒီလောက်အထိ ပြောနေမှတော့ ဆေးလုံးတွေကို ကျွန်တော် လက်ခံလိုက်ပါ့မယ်။ နားလည်မှုလွဲတယ်လို့ပဲ သတ်မှတ်လိုက်ကြတာပေါ့ “
ယဲ့ပေရွှမ် ဆေးလုံးများကို ယူလိုက်သောအခါ ချောင်ရို့တိ ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ လင်းလက်သွားသည်။
“ ဂျူနီယာညီလေးယဲ့... မင်းက တကယ်ကို သဘောထား ကြီးမြတ်တာပဲ။ တကယ်လို့ မင်း တစ်ခုခု လိုအပ်ရင် ဆေးပညာဌာနက ငါ့ဆီကိုသာ လာရှာလိုက်ပါ “
“ကျေးဇူးတင်ပါတယ် “
ယဲ့ပေရွှမ်က သူတို့ထံသို့ လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
ရန်ရှုက ပြောလိုက်သည်။ “ ဂျူနီယာညီလေးယဲ့... ဒါက ပဋိပက္ခကနေတစ်ဆင့် သူငယ်ချင်းတွေ ဖြစ်သွားတာလို့ သတ်မှတ်လို့ ရမယ် ထင်တယ်။ ဒီအခွင့်အရေးကို ယူပြီး တောင်ခြေမှာ အတူတူ သောက်ကြရင်ရော “
ယဲ့ပေရွှမ်က ငြင်းဆိုလိုက်သည်။ “ စီနီယာအစ်ကိုရန်ရဲ့ ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် တောင်ပေါ်ကို အခုလေးတင် ပြန်ရောက်တာဆိုတော့ ဆရာ့ကို အရင်ဆုံး သွားပြီး ဂါရဝပြုသင့်တယ်။ ပြိုင်ပွဲ ပြီးသွားရင် ကျွန်တော်ကပဲ ခင်ဗျားတို့ နှစ်ယောက်ကို ပြန်တိုက်ပါ့မယ် “
“ ဒါဆိုလည်း သဘောတူတယ် “
“ ကောင်းပါပြီလေ “
ယဲ့ပေရွှမ် ဒေါသမထွက်တော့သည်ကို မြင်သောအခါ ထိုနှစ်ယောက်သည် နောက်ဆုံးတွင် စိတ်အေးသွားပြီး ထွက်ခွာသွားကြသည်။
ယဲ့ပေရွှမ်သည် သူတို့ ပျောက်ကွယ်သွားသည်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။ “ ဒီလူတွေက ဘာလို့ ပုံပြင်စာအုပ်တွေထဲက ဇာတ်ကောင်တွေလို မပြုမူကြတာလဲ။ ဒီလိုမျိုး အလွယ်တကူ နောက်ဆုတ်သွားတော့ ငါက ဘယ်လိုလုပ်ပြီး အောင်မြင်တဲ့ ခံစားချက်ကို ရနိုင်မှာလဲ “
သူ စကားပြော၍ ပြီးဆုံးသွားချိန်မှာပင် ရင်းနှီးနေသော အသံတစ်ခု သူ၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။
“ ဘာလဲ၊ မင်းက သူတို့ပြင်းပြင်းထန်ထန် တစ်ခုခု ပြောပြီးမှ သူတို့ မျက်နှာကို ဖြတ်ရိုက်ဖို့ မျှော်လင့်နေတာလား “
၎င်းကို ကြားသောအခါ ယဲ့ပေရွှမ် အလျင်အမြန် လှည့်ပြီး အရိုအသေပေးလိုက်သည်။ “ တပည့်က ဆရာ့ကို ဂါရဝပြုပါတယ် “
“ နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”
ချူဖုန်းသည် စောစောက အတွင်းစည်း တပည့် နှစ်ယောက် မြောင်တောင် ပေါ်သို့ တက်လာသည်ကို သတိထားမိသွားပြီး လာရောက် စစ်ဆေးကြည့်ရာ အပြန်အလှန် ပြောဆိုမှု တစ်ခုလုံးကို မျက်မြင်တွေ့လိုက်ရသဖြင့် နောက်ပြောင်လိုက်ခြင်းဖြစ်သည်။
သူ၏ ဆရာဖြစ်သူက ရယ်ချင်ပက်ကျိ စိုက်ကြည့်နေခြင်းက ယဲ့ပေရွှမ်ကို အနည်းငယ် အနေရခက်သွားစေသည်။ သူ ခေါင်းကုတ်ကာ ပြောလိုက်သည်။ “ ဆရာ... အရင်က ကျွန်တော် တကယ်ပဲ အဲဒီလို လုပ်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ဆရာက အရမ်း အစွမ်းထက်လွန်းတော့ သူတို့က ကျွန်တော့်ကို အခွင့်အရေးတောင် မပေးဘူး “
“ ဟားဟားဟား... “
ချူဖုန်း အသံထွက် ရယ်မောလိုက်သည်။ “ ဒီတစ်ကြိမ် တောင်အောက်ဆင်းသွားတုန်းက မင်း ဘာတွေ ကြုံတွေ့ခဲ့ရလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ လာ... ခြံဝင်းထဲ ပြန်သွားကြစို့။ မင်းရဲ့ ခရီးစဉ် အကြောင်း အားလုံး ငါ့ကို ပြောပြပါဦး “
ယဲ့ပေရွှမ်က လေးစားစွာ ပြန်ဖြေလိုက်သည်။ “ ဟုတ်ကဲ့ပါ ဆရာ “
***