“ ပေရွှမ်... ဒီတစ်ကြိမ် မင်း တောင်အောက်ဆင်းပြီး လေ့ကျင့်ခဲ့ရတဲ့ အတွေ့အကြုံက တကယ်ကို ထူးခြားတာပဲ “
သောင်းပြောင်းပညာရပ်ဌာန အတွင်းတွင်...
ယဲ့ပေရွှမ်၏ ပြောပြချက်ကို ကြားပြီးနောက် ချူဖုန်းသည် ခံစားချက်များစွာဖြင့်သသက်ပြင်းချလိုက်သည်။
ယဲ့ပေရွှမ် အနေဖြင့် အခွင့်အရေး အမျိုးမျိုး ရရှိလာမည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း၊ သူ၏ တပည့်နှစ်ယောက်က ထိုအရာများတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်လာလိမ့်မည်ဟု တစ်ခါမျှ မတွေးထားခဲ့ပေ။
“ ဆရာက ချီးကျူးလွန်းပါတယ်။ ဆရာ့ရဲ့ အကာအကွယ်သာ မရှိခဲ့ရင် ကျွန်တော် ဒီလို အခွင့်အရေးမျိုးတွေ ရခဲ့ရင်တောင် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မှာ မဟုတ်ပါဘူး “ ယဲ့ပေရွှမ် နှိမ့်ချစွာ ပြောလိုက်သည်။
ချူဖုန်းအကြောင်း သူ ပိုသိလာလေလေ ဆရာဖြစ်သူ၏ ခွန်အားကို ပိုမို နက်နက်ရှိုင်းရှိုင်း ခံစားရလေလေ ဖြစ်သည်။ သူ၏ ယခင်ဘဝက ကြီးမြတ်သော ဖြစ်တည်မှုများနှင့် အစွမ်းထက်သော ပုဂ္ဂိုလ်များစွာကို တွေ့ဆုံခဲ့ဖူးသော်လည်း သူ၏ဆရာကဲ့သို့ အသိပညာဗဟုသုတ ကြွယ်ဝသူ တစ်ယောက်ကို မတွေ့ဖူးခဲ့ချေ။
သူ၏ ယခင်ဘဝက ဆရာဖြစ်သူသည် ဝမ်တောက်ကျောင်းတော်သို့ အဘယ်ကြောင့် မဝင်ရောက်ခဲ့တာလဲဟု သူ တွေးမိသည်။
ချူဖုန်းက မေးလိုက်သည်။ “ ပေရွှမ်... မင်းရဲ့ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး နားမလည်တာ တစ်ခုခု ရှိနေလား “
ယဲ့ပေရွှမ်က ပြန်ဖြေသည်။ “ ဆရာ... ဟုန်မန်ဖန်ဆင်းခြင်းကျမ်း က အစွမ်းထက်ပေမဲ့ ဘာလို့ တိုက်ခိုက်ရေး နည်းစနစ်တွေ မပါရတာလဲ။ ရန်သူတွေကို ရင်ဆိုင်ရတဲ့ အကြိမ်တိုင်း ဟုန်မန် စွမ်းအင်ကိုပဲ သုံးနေရမှာလား “
ချူဖုန်းက ပြုံးပြီး ပြောလိုက်သည်။ “ မင်းက တကယ်ကို ကိုယ် ပိုင်ဆိုင်ထားတဲ့ ရတနာကို မသိတဲ့သူပဲ။ ဟုန်မန် ခရမ်းရောင်ချီ ဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ ကနဦး စွမ်းအားပဲ။ ဆိုလိုတာက ဟုန်မန် ခရမ်းရောင်ချီက အရာအားလုံးကို ဆင့်ကဲပြောင်းလဲပေးနိုင်တယ်။ အခု မင်းမှာ ဟုန်မန် ခရမ်းရောင်ချီ ရှိနေပြီဆိုတော့ အဲဒါကို အသုံးပြုပြီး ဘယ် နည်းစနစ်ကိုမဆို ပုံဖော်ဖန်တီးနိုင်တယ်။ မင်း စဉ်းစားလို့ရတဲ့ ဘယ်လို တိုက်ခိုက်ရေး နည်းလမ်းကိုမဆို ဟုန်မန် ခရမ်းရောင်ချီကို သုံးပြီး ပြောင်းလဲ ဖန်တီးနိုင်တယ် “
ထိုနေရာတွင် ရှိနေသူများထံမှ အသက်ပြင်းပြင်း ရှူသွင်းသံများ အလိုအလျောက် ထွက်ပေါ်လာသည်။
ယဲ့ပေရွှမ်ပင်လျှင် ဟုန်မန် ခရမ်းရောင်ချီ က ဤမျှ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူက မေးလိုက်သည်။ “ ဆရာ... ဆရာပြောတဲ့စကားအရဆိုရင် ကျွန်တော်က ဟုန်မန် ရဲ့ အဓိပ္ပာယ်ကို နားလည်သဘောပေါက်နေသရွေ့၊ မဟာ တာအိုသုံးထောင်ကနေ ဆင်းသက်လာတဲ့ နည်းစနစ်တွေကို ကျွမ်းကျင်နိုင်တယ် ဆိုတဲ့ သဘောလား “
“ ကောင်းတယ်၊ သင်ပေးလို့လွယ်တဲ့ ကလေးပဲ “ ချူဖုန်းက ချီးကျူးလိုက်သည်။
ယဲ့ပေရွှမ်က ဆက်ပြောသည်။ “ ဒါဆိုရင် ဒီ ဟုန်မန် ရဲ့ အဓိပ္ပာယ်ကို ကျွန်တော် ဘယ်လို နားလည်အောင် လုပ်ရမလဲ “
“ မင်း နားလည်ဆင်ခြင်ဖို့ စကားတစ်ခွန်း သင်ပေးမယ် “ ချူဖုန်း ခဏရပ်လိုက်၏။ ယဲ့ပေရွှမ်နှင့် ထိုနေရာရှိ လူတိုင်းက သေချာ နားထောင်နေကြသည်ကို သတိပြုမိလိုက်သည်။ “ တာအို က တစ် ကို မွေးဖွားတယ်၊ တစ်က နှစ် ကို မွေးဖွားတယ်၊ နှစ်က သုံး ကို မွေးဖွားတယ်၊ သုံးက အရာအားလုံးကို မွေးဖွားတယ် “
ယဲ့ပေရွှမ်က ဤစကားကို ထပ်ခါတလဲလဲ တီးတိုးရေရွတ်လိုက်ပြီး၊ ကြီးကျယ်ခမ်းနားသော အရာတစ်ခုကို ဆုပ်ကိုင်မိသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း လောလောဆယ်တွင်မူ ၎င်းကို အပြည့်အဝ နားမလည်နိုင်သေးပေ။
သို့သော် သူ၏ နားလည်နိုင်စွမ်းနှင့် အတွေ့အကြုံများအရ အပြင်စည်းတပည့်ပြိုင်ပွဲ မတိုင်မီ ဟုန်မန် ၏ အဓိပ္ပာယ်ကို နားလည်သဘောပေါက်လာမည်ဟု ယုံကြည်ထားသည်။
“ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ “
ချူဖုန်း ခေါင်းအသာညိတ်လိုက်သည်။ “ ပေရွှမ်... မင်းက အခုမှ ပြန်ရောက်တာ ဆိုတော့ ငါတို့ သောင်းပြောင်းပညာရပ်ဌာနက လူသစ် တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ဒါက တပည့်သစ် နျဲ့ရှို့ယွမ် ပဲ။ သူက ပြင်ပရေးရာဌာန ကနေ ငါတို့ဆီ ပြောင်းလာတာ “
ထိုနာမည်ကို ကြားသောအခါ ယဲ့ပေရွှမ်က ထိုလူကို အလိုလို ကြည့်လိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။ “ တပည့် ယဲ့ပေရွှမ် က ဦးလေးကျိုးချီ ကို ဂါရဝပြုပါတယ် “
သူ၏ ဂုဏ်သတင်းက ယဲ့ပေရွှမ်၏ နားဆီသို့ ရောက်ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် နျဲ့ရှို့ယွမ်မှာ အနည်းငယ် တုံ့ဆိုင်းသွားသည်။
သူက ညင်သာစွာ ဦးညွှတ်လိုက်သည်။ “ ရှို့ယွမ် က စီနီယာအစ်ကိုယဲ့ ကို ဂါရဝပြုပါတယ် “
ယဲ့ပေရွှမ်မှာ တစ်ခဏမျှ ပြောစရာစကားမဲ့သွားသည်။
သူ၏ဘေးတွင် ရွှီချိုက်ချန်က စီနီယာအစ်ကို မှင်တက်နေသည်ကို မြင်သောအခါ ပြုံးလျက် ပြောလိုက်သည်။ “ စီနီယာအစ်ကိုယဲ့... ဦးလေးကျိုးချီ က ဆရာ့ဆီမှာ တပည့်ခံထားပြီးပြီ။ ကျွန်တော်တို့ ကိုယ့်ကိစ္စကိုပဲ ဂရုစိုက်ကြတာပေါ့ “
“ ကောင်းပြီလေ “
ယဲ့ပေရွှမ်က ၎င်းကို အနည်းငယ် အဓိပ္ပာယ်မရှိဟု ထင်သော်လည်း သူ အနေမရခက်ခဲ့ပေ။
ချူဖုန်း၏ အကြည့်က သူတို့နှစ်ဦးပေါ်တွင် ကျရောက်သွားသည်။ “ နောက်ထပ် နှစ်ဝက်ကြာရင် အပြင်စည်း ပြိုင်ပွဲ စတင်တော့မယ်။ မင်းတို့ နှစ်ယောက် သေချာ ပြင်ဆင်ထားသင့်တယ်၊ ပြီးတော့ ငါတို့ရဲ့ သောင်းပြောင်းပညာရပ်ဌာန ကို လုံးဝ အရှက်မကွဲစေနဲ့ “
“ တပည့် နာခံပါ့မယ် “
ပြန်လည် ဖြေကြားပြီးနောက် သူတို့ နှစ်ဦးစလုံးသည် လာမည့် အပြင်စည်း ပြိုင်ပွဲကို မျှော်လင့်စောင့်စားနေမိတော့၏။
သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်ရောက်ပြီးနောက် ယဲ့ပေရွှမ်သည် တာအိုတည်ဆောက်ခြင်းအဆင့်(၅)သို့ တက်ရန် ချက်ချင်း တံခါးပိတ် ကျင့်ကြံတော့သည်။
ချူဖုန်းသည် တပည့်များ၏ ကျင့်ကြံခြင်းကို ဝင်ရောက် စွက်ဖက်ခြင်း မပြုဘဲ သူ၏ ပူပင်သောက ကင်းမဲ့သော ဘဝကို အမြဲတမ်းလိုပင် ဆက်လက် ဖြတ်သန်းနေခဲ့သည်။
…
လီသောင်းချီ ကွာဝေးသော နေရာရှိ ကျီလေ့တောင်ကြား တွင်။
ချောင်ရို့ချန်သည် စုန့်ကျောက်ယီနှင့်အတူ တောင်ကြား တစ်လျှောက် ပေါ့ပေါ့ပါးပါး လျှောက်သွားနေသည်။ စုန့်ကျောက်ယီက ကောင်းကင်ယံမှ မိုးကြိုးပစ်ချမှုများကို ကြည့်ကာ ချောင်ရို့ချန်၏ အနားသို့ အတော်လေးကပ်ထားသည်။
မိန်းကလေး၏ အကြောက်တရားကို ခံစားလိုက်ရသဖြင့် ချောင်ရို့ချန်က ပြုံးပြီး ပြောလိုက်သည်။ “ ရှောင်ယီ... စိတ်မပူနဲ့။ စီနီယာအစ်ကို ဒီမှာ ရှိနေမှတော့ ဒီမိုးကြိုးတွေက မင်းကို သေချာပေါက် မထိခိုက်စေရဘူး “
စုန့်ကျောက်ယီ ခေါင်းအသာညိတ်လိုက်သည်။ “ အစ်ကိုချန် ရှိနေမှတော့ ကျွန်မ ဘာကိုမှ မကြောက်ပါဘူး။ ဒါပေမဲ့ အစ်ကိုချန်... ကျွန်မတို့ နောက်ထပ် ဘယ်ကို သွားကြမလဲ “
ချောင်ရို့ချန်က ပြောလိုက်သည်။ “ အရင်ဆုံး မိုးကြိုးတွေ ထူထပ်တဲ့ နေရာတစ်ခုကို ရှာမယ်။ ငါ့ရဲ့ ဖရိုဖရဲခန္ဓာကျမ်း တိုးတက်လာဖို့ မိုးကြိုးနဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ စီစဉ်ထားတယ် “
“ မိုးကြိုးနဲ့ သန့်စင်တာက... အရမ်းကြီး နာကျင်တယ်မလား “
မကြာမီ အစ်ကိုချန်က မိုးကြိုးများထဲတွင် ခန္ဓယ်ကိုယ်သန့်စင်ရတော့မည်ဟု တွေးမိရုံဖြင့် စုန့်ကျောက်ယီ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
ချောင်ရို့ချန် ရယ်မောလိုက်သည်။ “ ဒါက မိုးကြိုးနဲ့ သန့်စင်ရုံ သက်သက်ပါ။ ငါ့အတွက်တော့ အဲဒါက ဘာမှမဟုတ်ပါဘူး “
သူ စကားပြောနေစဉ် သူ၏ အကြည့်များက လီဒါဇင်ပေါင်းများစွာ ကွာဝေးသော ရေကန်တစ်ခုပေါ်သို့ ကျရောက်သွားသည်။
မိုးကြိုးများက ရေကန်ထဲသို့ အဆက်မပြတ် ပစ်ချနေပြီး၊ မျက်နှာပြင်ပေါ်တွင် အပြာရောင် အလင်းတန်းများ လင်းလက်သွားသည်။ ထိုအချိန်တိုင်း ရေကန် အတွင်းရှိ မိုးကြိုး၏ စွမ်းအားများ ပိုမို ထူထပ်လာသည်။
ရေကန်ဘေးတွင် ကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲ အများအပြား ခပ်ခွာခွာ ရပ်နေကြပြီး၊ မိုးကြိုးပစ်ခံရမည်ကို စိုးရိမ်သဖြင့် မည်သူကမျှ ကန်းစပ်သို့ မချဉ်းကပ်ရဲကြပေ။
ချောင်ရို့ချန်သည် ရေကန်၏ ဗဟိုချက်ဆီသို့ ကြည့်လိုက်ရာ၊ ထိုနေရာတွင် ကြာပန်းတစ်ပွင့်သည် မိုးကြိုး၏ သန့်စင်သော စွမ်းအားများထဲတွင် သန့်စင်ခံနေသည်ကို တွေ့လိုက်ရသည်။
မိုးကြိုး ပစ်ချလိုက်တိုင်း ကြာပန်းတွင် အရွက်သစ် တစ်ရွက် ထွက်ပေါ်လာသည်။
“ နောက်ဆုံးတော့ နေရာကောင်း တစ်ခု ရှာတွေ့သွားပြီ “
သူ လှည့်ကာ သူ၏ဘေးရှိ စိတ်ဝိညာဉ် ကျားကို ပုတ်လိုက်သည် “ ကြောင်ကြီး... ရှောင်ယီကို သေချာ စောင့်ရှောက်ထား။ ဒီ ကျီလဲ့တောင်ကြား ထဲက မိုးကြိုးတွေက ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာကို သွားကြည့်လိုက်ဦးမယ် “
စိတ်ဝိညာဉ် ကျားက ခေါင်းညိတ်လိုက်ပြီး၊ ‘ ကျုပ်ကိုသာ အပ်ထားလိုက် ‘ ဟု ပြောနေသည့်အလား ရင်ဘတ်ကို လက်ဖဝါးဖြင့် ဖွဖွလေး ပုတ်ပြလိုက်သည်။
ချောင်ရို့ချန်က စုန့်ကျောက်ယီကို ပြောလိုက်သည်ာ။ “ ရှောင်ယီ... ဒီကနေ မရွှေ့နဲ့နော်။ ငါ ခဏနေရင် ပြန်လာခဲ့မယ်။ တကယ်လို့ တစ်ယောက်ယောက်က မင်းကို ဒုက္ခပေးရင် ငါ့နာမည်ကိုသာ အကျယ်ကြီး အော်ခေါ်လိုက် “
“ ဟုတ်ကဲ့ပါ “
စုန့်ကျောက်ယီက ခေါင်းအသာညိတ်လိုက်သည်။” အစ်ကိုချန်... စိတ်မပူပါနဲ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပါ့မယ် “
ထို့နောက် ချောင်ရို့ချန်သည် လေထဲသို့ ခုန်တက်ကာ ရေကန်၏ မျက်နှာပြင်ဆီသို့ ပျံသန်းသွားသည်။
သူ၏ ထွက်ပေါ်လာမှုက အကြည့်များစွာကို ချက်ချင်း ဆွဲဆောင်သွားသည်။
ထိုနေရာရှိ ကျင့်ကြံသူများနှင့် သားရဲများ အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။။ ‘ဒီလူက ရူးနေတာလား’ သူတို့ တွေးမိကြသည်။
မိုးကြိုးမုန်တိုင်းထဲမှ မိုးကြိုး စိတ်ဝိညာဉ်မြင့်မြတ်ကြာပန်း ကို ခူးဆွတ်ရန် ကြိုးစားနေသည်။ သို့သော် ကြာပန်းက မကြီးထွားသေးပေ။
နောက်တစ်ခဏတွင် ထိုလူက ရေကန်၏ မျက်နှာပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ ထိုစဉ် ကောင်းကင်ယံမှ မိုးကြိုးများသည် သူ့အပေါ် တိုက်ရိုက် ပစ်ချလိုက်သည်ကို မြင်သောအခါ အကုန် မှင်တက်သွားကြရှာသည်။
ကြီးထွားရန်အတွက် မိုးကြိုးများကို စုပ်ယူနေခဲ့သော မိုးကြိုးစိတ်ဝိညာဉ်မြင့်မြတ်ကြာပန်းမှာ ယခုအခါ သနားစရာကောင်းလောက်အောင် မိုးကြိုး၏ စွမ်းအား ဆယ်ပုံတစ်ပုံ အောက်ကိုသာ ရရှိတော့သည်။
တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။ ရေကန်ဘေးရှိ ကျင့်ကြံသူများနှင့် သားရဲများ အားလုံး ဤမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
ရေပေါ်ရှိ အမျိုးသားကို သူတို့ အားလုံး မှင်တက်စွာ စိုက်ကြည့်နေကြသဖြင့် ကျယ်လောင်သော မိုးကြိုးသံများက သူတို့၏ နားထဲသို့ ရောက်မလာသကဲ့သို့ ပင်။
ဒိုင်း
ချောင်ရို့ချန်၏ လုပ်ရပ်များက မိုးကြိုးများကို ဒေါသထွက်သွားစေပုံရသည်။ မိုးကြိုးများစွာက သူ့ကို တပြိုင်နက်တည်း ပစ်ချလာကြသည်။
သူ၏ ရင်ဘတ်ထဲတွင် တင်းကျပ်မှုကို ခံစားလိုက်ရသော်လည်း ခပ်ဖွဖွပြုံးလိုက်ပြီး ကောင်းကင်ယံသို့ အော်ဟစ်လိုက်သည်။ “ မလုံလောက်သေးဘူး။ ဒီထက် ပိုပြင်းပြင်း ပစ်ချစမ်း “
“ … “
သူ၏ အော်ဟစ်သံက လူတိုင်းကို လက်တွေ့ဘဝသို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ သူတို့က ချောင်ရို့ချန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။
ကောင်းကင်မိုးကြိုးကို အသုံးပြုပြီး ခန္ဓာကိုယ်ကို သန့်စင်နေသော လူထူးဆန်းက ဘယ်ကများ ရောက်လာသနည်း ဟု သူတို့ တွေးမိကြသည်။
ဘုန်း
ကျယ်လောင်သော မိုးခြိမ်းသံကြီးနှင့်အတူ ခရမ်းရောင် မိုးကြိုးတစ်ခု ကျဆင်းလာသည်။
မိုးကြိုးက ချောင်ရို့ချန်ကို ချက်ချင်း လွှမ်းခြုံသွားသည်။
ဖွီး...
ချောင်ရို့ချန်သည် ရုတ်တရက် သွေးဟောင်း တစ်လုတ်ကို အန်ထုတ်လိုက်သည်။
၎င်းကို မြင်သောအခါ လူတိုင်း၏ နှလုံးသားမှာ ချက်ချင်း သက်သာရာ ရသွားကြသည်။
သို့သော် နောက်တစ်စက္ကန့်တွင် နေရာမှာပင် မှင်တက်အေးခဲသွားကြသည်။
***