“အားရစရာကြီးဟေ့”
“ဒီလို ခံစားချက်မျိုး မရတာ တော်တော်တောင် ကြာပြီ”
ချောင်ရို့ချန် က စိတ်လှုပ်ရှားစွာဖြင့် နှစ်ကြိမ်တိုင်တိုင် အော်ဟစ်မိလိုက်သည်။ နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာတော့၏။
နတ်ဘုရားအလင်းတန်းများနှင့်အတူ သူ၏ ဖိအားများမှာ အပြင်သို့ ပေါက်ကွဲထွက်လာပြီး အရှိန်အဝါမှာလည်း ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ကန်စပ်တွင် ကြည့်ရှုနေကြသော ဘေးလူများမှာ တစ်ယောက်ပြီးတစ်ယောက် အံ့ဩတကြီး ရေရွတ်ကုန်ကြသည်။
“ရှူး…”
“ဒီကောင်လေးက ဘယ်သူလဲဟ ကောင်းကင်မိုးကြိုးပစ်ခံရတာတောင် ဘာဒဏ်ရာမှ မရတဲ့အပြင် ပိုလို့တောင် စိတ်လှုပ်ရှားလာသေးတယ်။”
“ကောင်းကင်းမိုးကြိုးနဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်တဲ့ ကျင့်စဉ်မျိုးက သိပ်မရှိဘူး။ ဒါ့အပြင် ဒီလူက နတ်ဘုရားခန္ဓာကိုယ်ကိုပါ နိုးထစေခဲ့တာဆိုတော့ ဝမ်တောက်ကျောင်းတော်က ပါရမီရှင်ပဲ ဖြစ်ရမယ်”
“မင်းပြောတာက သူက ပြိုင်ဘက်ကင်း လက်သီးအရှင်ချောင်ရို့ချန် ပေါ့”
အနီးနားရှိ လူများသည် ဤစကားကို ကြားလိုက်ရသောအခါ သူတို့၏ အထင်အမြင်သေးသော အကြည့်များမှာ ရိုသေလေးစားမှုများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကြ၏။
အာဏာရှင်လက်သီးသည် ပြိုင်ဘက်ကင်းဓားသမား ရှောင်ယန် နှင့်အတူ သောင်းပြောင်းပညာရပ်ဌာန ၏ ပြိုင်ဘက်ကင်း အမွှာပါရမီရှင်များအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။
ဤကဲ့သို့သော ပါရမီရှင်တစ်ဦး၏ ကျင့်ကြံမှုကို ဤနေရာတွင် ကိုယ်တိုင် မြင်တွေ့ရခြင်းမှာ သူတို့အတွက် နောက်နောင် ကြွားလုံးထုတ်စရာ ဖြစ်လာမည့် ရှားပါးသော အခွင့်အရေးတစ်ခုပင်။
ကောင်းကင်ယံရှိ လိပ်ခဲနေသော မိုးတိမ်များမှာ ပိုမိုထူထပ်လာပြီး လျှပ်စီးများမှာလည်း ပိုမိုကြမ်းတမ်းလာ၏။
လျှပ်စီးတစ်ခုချင်းစီမှာ တစ်ခုထက်တစ်ခု ပိုမိုအားကောင်းလာသည်။
ရက်အနည်းငယ် ကုန်လွန်သွားသည်။ ချောင်ရို့ချန်၏ ဝတ်ရုံမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ အရေပြားမှာ နေရာတိုင်းတွင် ကျွမ်းတူးနေပြီဖြစ်သည်။
ကိုးရက်မြောက်သောနေ့တွင်၊
မိုးတိမ်များ ပျောက်ကွယ်သွားပြီး ကန်ရေပြင်မှာလည်း ပြန်လည် တည်ငြိမ်သွားခဲ့၏။
ကန်ရေပြင်ပေါ်တွင် လောင်ကျွမ်းနေသော လူသားပုံသဏ္ဌာန် ရုပ်အလောင်းတစ်ခုသာ ကျန်ရစ်တော့သည်။
ရောက်ရှိနေသော ကျင့်ကြံသူများသည် ကန်ပေါ်ရှိ လျှပ်စီးဝိညာဉ်ကြာပန်း ကို လုယူရန် အလျင်မလိုကြသေးပေ။
ထိုအစား အသင့်စောင့်နေကြသော မိစ္ဆာသားရဲတစ်စုသည် ကန်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းဝင်ရောက်သွားကြ၏။
ထိုသားရဲများထဲတွင် နတ်ဘုရားအဆင့် မိစ္ဆာသားရဲ အချို့ပင် ပါဝင်နေသည်။
လောဘတက်နေသော သားရဲအချို့မှာ ကန်ပေါ်ရှိ ချောင်ရို့ချန်ကို တစ်လုပ်တည်း မျိုချပစ်ရန် သူတို့၏ သွေးဆာနေသော ပါးစပ်ကြီးများကို ဖြဲလိုက်ကြသည်။
“သတိထား”
ကန်စပ်ရှိ ကျင့်ကြံသူတစ်ဦးက ချောင်ရို့ချန် သားရဲများ၏ ဝါးမျိုခြင်းကို ခံရတော့မည်ကို မကြည့်ရက်နိုင်သဖြင့် အော်ဟစ်သတိပေးလိုက်သည်။ သူကိုယ်တိုင် ဝင်မကူညီနိုင်သဖြင့် သတိပေးလိုက်ခြင်းပင်။
၎င်းကို မြင်လိုက်ရသောအခါ စုန့်ကျောက်ယီ၏ နှလုံးမှာ လည်ချောင်းဝအထိ ခုန်တက်သွားခဲ့၏။ သူမသည် အစ်ကိုချန်ကို သားရဲများ၏ ပါးစပ်မှ ကယ်တင်ရန် မသိစိတ်ဖြင့် ကန်ဆီသို့ ပျံသန်းသွားမိသည်။
အရေးကြီးသော အခိုက်အတန့်တွင်၊
ချောင်ရို့ချန်က ရုတ်တရက် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ဝုန်း
လက်သီးချက်၏ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ကန်ဆီသို့ ပျံသန်းလာသော မိစ္ဆာသားရဲတစ်စုမှာ ကြီးမားလှသော လက်သီးအရှိန်အဝါကြောင့် ချက်ချင်းပင် အပိုင်းပိုင်း ပြတ်ထွက်ကုန်ကြ၏။
ဝေဟင်၌ ရှိနေသော ကျန်သားရဲများမှာလည်း ဤလူသားကို ကြောက်ရွံ့သွားကြသဖြင့် ကန်စပ်သို့ ဦးလှည့်ကာ ထွက်ပြေးကုန်ကြတော့သည်။
ဖျစ်...ဖျစ်...
ချောင်ရို့ချန် ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော လောင်ကျွမ်းနေသည့် အရေခွံများမှာ ကွဲအက်ကာ မြေပေါ်သို့ စတင် ကျဆင်းလာသည့် အသံများ ထွက်ပေါ်လာသည်။
“ဟမ့်”
ချောင်ရို့ချန်က ခပ်တိုးတိုး နှာမှုတ်လိုက်ရာ ကျွမ်းတူးနေသော အရေပြားများမှာ ကွာကျသွားပြီး ဝတ်ရုံနက်တစ်ခုက သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
မည်သူမျှ သတိမထားမိလိုက်သည်မှာ ဝတ်ရုံအောက်ရှိ ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းပနေသော မျက်နှာလေးပင်။
ပိုမိုပြည့်စုံလာသော သူ၏ ခန္ဓာကိုယ်ကို ခံစားကြည့်ရင်း ချောင်ရို့ချန်က ရေရွတ်လိုက်သည်။ “ဖရိုဖရဲ ခန္ဓာကျမ်းက နောက်ဆုံးတော့ အဆင့်တက်သွားပြီပဲ။ မဟုတ်ဘူး... နတ်ဘုရားခန္ဓာလည်း အဆင့်တက်သွားတယ်။ ငါ့ရဲ့ ခွန်အားက အရင်ကထက် အများကြီး ပိုအားကောင်းလာပြီ။”
ပြောပြီးနောက် သူသည် သူ၏လက်ကို ကြည့်ကာ ဝိညာဉ်စွမ်းအားကို အနည်းငယ် လှုံ့ဆော်လိုက်ရာ လက်ဖဝါးပေါ်တွင် လျှပ်စီးများ ထွက်ပေါ်လာသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။
ဒီခရီးက တကယ်ကို တန်ပါတယ်။ ဟိုကောင်စုတ်လေး လုံရန် က တကယ်ကို လူကောင်းလေးပဲ။
ထိုသို့ တွေးပြီးနောက် ချောင်ရို့ချန်သည် သူ၏နောက်မှ လျှပ်စီးဝိညာဉ်ကြာပန်းကို အသာအယာ ဆွဲယူလိုက်သည်။
ရောက်ရှိနေသူအားလုံး ၎င်းကို မြင်သော်လည်း မည်သူမျှ ဝင်ရောက်လုယူရန် မဝံ့ရဲကြချေ။ သူတို့သည် ရှေ့မှ ဝတ်ရုံနက်ကို ရိုသေစွာသာ ကြည့်နေကြသည်။
အားလုံး၏ အကြည့်အောက်တွင် ချောင်ရို့ချန်သည် စုန့်ကျောက်ယီရှိရာသို့ လွင့်ပျံလာပြီး လျှပ်စီးဝိညာဉ်ကြာပန်းကို သူမအား ပေါ့ပေါ့ပါးပါးပင် ပေးလိုက်လေ၏။
“ဒါက မင်းအတွက် လက်ဆောင်လေးပါ ရှောင်ယီ သဘောကျရဲ့လား”
“ကျေးဇူးတင်ပါတယ် အစ်ကိုချန်၊ ဒါပေမဲ့ ဒါကို ကျွန်မ လက်မခံနိုင်ဘူး”
စုန့်ကျောက်ယီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“မင်း မကြိုက်လို့လား”
ရတနာတစ်ပါးကို ငြင်းပယ်သူမျိုး ချောင်ရို့ချန် တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။
စုန့်ကျောက်ယီက ခေါင်းယမ်းလိုက်သည်။ “မကြိုက်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်မမှာ ယင်ကိုးပါးနတ်ဘုရားခန္ဓာရှိနေလို့ပါ။ လျှပ်စီးဝိညာဉ်ကြာပန်းမှာ လျှပ်စီးစွမ်းအားတွေ အများကြီး ပါဝင်နေတော့ ကျွန်မရဲ့ ပင်ကိုယ်သဘာဝနဲ့ ဆန့်ကျင်နေတယ်။”
“ဪ... ဒါဆိုရင် နောက်မှ သင့်တော်တာတစ်ခုတွေ့ရင် ငါ ပေးမယ်” ချောင်ရို့ချန်က အနည်းငယ် နောင်တရဟန်ဖြင့် ပြောလိုက်သည်။ သူတို့ သိကျွမ်းလာတာ ဤမျှကြာပြီ ဖြစ်သော်လည်း သူမကို ကောင်းမွန်သော အရာတစ်ခုမှ မပေးဖူးသေးချေ။
ထိုစဉ် အနီးနားမှ လူအိုတစ်ယောက်၏ အသံတစ်ခု ထွက်ပေါ်လာသည်။
“ကျင့်ကြံသူ ချောင်၊ ကျွန်တော့်မှာ ယင်ဝိညာဉ်ပန်း တစ်ပွင့် ရှိပါတယ်၊ ဒါကလည်း သန့်စင်ရတနာတစ်ပါးပါပဲ။ မင်းလက်ထဲက လျှပ်စီးဝိညာဉ်ကြာပန်းနဲ့ လဲလှယ်လို့ ရမလားလို့ သိချင်မိတယ်။”
ချောင်ရို့ချန်နှင့် အခြားသူများက အသံလာရာသို့ ကြည့်လိုက်ရာ သူတို့အား နွေးထွေးစွာ ပြုံးပြနေသော အလွန်အမင်း တည်ငြိမ်အေးချမ်းသည့် အရှိန်အဝါရှိသော အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
“ခင်ဗျားရဲ့ ယင်ဝိညာဉ်ပန်းကို ကျွန်တော် ကြည့်လို့ ရမလား အကြီးအကဲ” ချောင်ရို့ချန်က မငြင်းဘဲ မေးလိုက်သည်။
လျှပ်စီးဝိညာဉ်ကြာပန်းမှာ သူ့အတွက် အသုံးဝင်လှသည် မဟုတ်။
သူ ကျိလဲ့တောင်ကြား သို့ လာဖြစ်ခဲ့သည်မှာ ရှောင်ယီကြောင့်လည်း ပါဝင်နေသဖြင့် သူမ၏ ကြိုးစားမှုကို အလကား မဖြစ်စေချင်ပေ။
“ရတာပေါ့၊ ဒါပေမဲ့ ဒီနေရာကတော့ လဲလှယ်ဖို့ သိပ်မကောင်းဘူး ထင်တယ်”
အဘိုးအိုက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြည့်ရင်း ပြောလိုက်သည်။
ချောင်ရို့ချန်က ပြုံးလိုက်သည်။ “ဒါပေါ့။”
ထိုအဘိုးအို လှည့်ကွက်သုံးမည်ကို သူ မကြောက်ပေ။ အကယ်၍ လှည့်ကွက်သုံးခဲ့လျှင် သူသည် ယင်ဝိညာဉ်ပန်းနှင့် အခြားရတနာများကို အလကား ရရှိသွားပေလိမ့်မည်။
“ဒါဆိုရင် ကျင့်ကြံသူ ချောင်၊ တိတ်ဆိတ်တဲ့ နေရာတစ်ခုလောက် ရှာပေးပါဦး”
အဘိုးအိုက တောင်းဆိုလိုက်သည်။
“ကောင်းပြီ၊ ကျွန်တော့နောက်ကို လိုက်ခဲ့”
ချောင်ရို့ချန်က ပြောကာ စုန့်ကျောက်ယီနှင့် ဝိညာဉ်ကျားကို ခေါ်ဆောင်၍ ပျံသန်းထွက်ခွာသွားသည်။ ကြည့်ရှုနေကြသော လူအုပ်ကြီးထဲမှ အချို့မှာ မကောင်းသော ရည်ရွယ်ချက်များဖြင့် အမြတ်ထုတ်နိုင်ရန် အဝေးမှ လိုက်ပါသွားကြသည်။
တစ်နာရီကြာပြီးနောက် ချောင်ရို့ချန်သည် အဘိုးအိုကို ဂူတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။
အဘိုးအိုက ပတ်ဝန်းကျင်ကို ကြည့်ရှုပြီး မည်သူမျှ မရှိသည်ကို သိရသောအခါ သူ၏ သိုလှောင်လက်စွပ်ထဲမှ အဖြူရောင် ပန်းတစ်ပွင့်ကို ထုတ်ယူလိုက်သည်။
၎င်း၏ အညှာမှာ အမည်းရောင်ဖြစ်ပြီး ပန်းထွက်ပေါ်လာသည်နှင့် ဂူအတွင်းရှိ အပူချိန်မှာ ဆယ်ဒီဂရီကျော်ခန့် ကျဆင်းသွားကာ မသိစိတ်ဖြင့် တုန်ရင်သွားစေသည်။
“ကျင့်ကြံသူ ချောင်၊ ဒီပန်းကို မင်း သိလား” အဘိုးအိုက ပြုံးလျက် မေးလိုက်၏။
ချောင်ရို့ချန်က တည်ငြိမ်စွာ ပြန်ဖြေသည်။
“ယင်ဝိညာဉ်ပန်း။ အလွန်အမင်း ယင်ဓာတ်အားကောင်းပြီး အရမ်းအေးစက်တဲ့ သေခြင်းတရား အငွေ့အသက်ရှိတဲ့ နေရာတွေမှာပဲ ပေါက်တတ်တယ်။ အညှာက အမည်းရောင်၊ အရွက်က အစိမ်းရင့်ရောင် ဖြစ်ပြီး ပွင့်ချပ်တွေကတော့ ဖြူစင်တယ်။ သွေးတစ်စက်လောက် စုပ်ယူလိုက်တာနဲ့ ပွင့်ချပ်တစ်ခုက အနီရောင် ပြောင်းသွားပြီး အေးစက်တဲ့ ယင်အရှိန်အဝါတွေကို ထုတ်လွှတ်ပေးတယ်။”
အဘိုးအိုက ချောင်ရို့ချန်ကို လက်မထောင်ပြလိုက်သည်။ “ကျင့်ကြံသူ ချောင်၊ ဝမ်တောက်ကျောင်းတော်က ချောင်မိသားစုရဲ့ ထိပ်တန်းတပည့်တစ်ယောက် ဖြစ်နေတာ မဆန်းပါဘူး။ ဆေးဖက်ဝင် အပင်တွေအပေါ် မင်းရဲ့ အသိပညာက ထူးခြားလွန်းတယ်။”
“လဲလှယ်ဖို့ စစ်ဆေးကြည့်ကြရအောင်” ချောင်ရို့ချန် စကားအရှည် မပြောချင်သဖြင့် ဖြတ်လိုက်သည်။
အဘိုးအိုက ခေါင်းညိတ်ကာ ယင်ဝိညာဉ်ပန်းကို ချောင်ရို့ချန်ထံ ကမ်းပေးလိုက်၏။
ချောင်ရို့ချန်က လျှပ်စီးဝိညာဉ်ကြာပန်းကို ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်စဉ် သူ၏ အခြားတစ်ဖက်သော လက်မှာ ဓားကျောက်စိမ်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ကြာပန်းကို လက်ခံရရှိပြီးနောက် အဘိုးအိုသည် ချောင်ရို့ချန်နှင့် စုန့်ကျောက်ယီကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
“ရှောင်ယီ၊ ယင်ဝိညာဉ်ပန်းကို လူတစ်ယောက်ရဲ့ သွေးနဲ့ပဲ အရောင်ပြောင်းလို့ ရတယ်။ မင်း အရင် စစ်ဆေးကြည့်လိုက်ဦး”
ချောင်ရို့ချန်က ပန်းကို စုန့်ကျောက်ယီထံ ပေးလိုက်၏။
“ကျေးဇူးတင်ပါတယ် အစ်ကိုချန်။”
စုန့်ကျောက်ယီသည် သူမ၏ လက်ချောင်းကို လှီးလိုက်ပြီး ယင်ဝိညာဉ်ပန်း၏ ပွင့်ချပ်ပေါ်သို့ သွေးတစ်စက် ချလိုက်သည်။ ပွင့်ချပ်မှာ သူမ၏ သွေးကို လျင်မြန်စွာ စုပ်ယူသွားပြီး ဆွဲဆောင်မှုရှိသော အနီရောင်သို့ ပြောင်းလဲသွားသည်။
ဂူအတွင်းရှိ အပူချိန်မှာ နောက်ထပ် ဆယ်ဒီဂရီကျော်မျှ ထပ်မံ ကျဆင်းသွားပြန်သည်။
အဘိုးအိုက လက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။ “ကျင့်ကြံသူ ချောင်၊ ပန်းကို စစ်ဆေးပြီးပြီဆိုတော့ ကျွန်တော် သွားပါတော့မယ်။”
“အင်း”
ချောင်ရို့ချန်က ခေါင်းအသာညိတ်ပြကာ အဘိုးအို ပျောက်ကွယ်သွားသည်ကို ကြည့်နေမိ၏။
သူက ခပ်တိုးတိုး ရေရွတ်လိုက်သည် “နှမြောစရာပဲ။”
၎င်းကို ကြားသောအခါ စုန့်ကျောက်ယီက မသိစိတ်ဖြင့် မေးလိုက်သည်။ “အစ်ကိုချန်၊ ဘာကို နှမြောတာလဲ”
ချောင်ရို့ချန်က ပြုံးလိုက်သည်။ “ဒီတာအိုပေါင်းစည်းခြင်းအဆင့် ရှိတဲ့ အဘိုးကြီးက ငါတို့ကို တိုက်ခိုက်မလာတာကို နှမြောတာ။ မဟုတ်ရင် သူ့ဆီက ရတနာတွေက ငါတို့ဟာ ဖြစ်နေမှာ။”
ထိုအချိန်တွင် ဂူအပြင်ဘက်မှ တစ်စုံတစ်ယောက် လဲကျသွားသကဲ့သို့ ဗုန်းခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။
သူတို့နှစ်ဦး အချင်းချင်း ပြုံးပြလိုက်ကြသည်။
“ရှောင်ယီ၊ မင်း ဒီယင်ဝိညာဉ်ပန်းကို စပြီး သန့်စင်လိုက်တော့”
“ကောင်းပါပြီ။”
စုန့်ကျောက်ယီသည် ပြန်ဖြေပြီးနောက် ပန်းကိုယူကာ သီးသန့်ကျင့်ကြံရန် ပြင်ဆင်လိုက်တော့၏။
***