[ဒင်... ပိုင်ရှင်၏ တပည့်ဖြစ်သူ ချောင်ရို့ချန်သည် ဖရိုဖရဲခန္ဓာကျမ်း (အသေးစားအောင်မြင်မှု) အဆင့်သို့ ကို ရောက်ရှိသွားသည့်အတွက် ပိုင်ရှင်အား ဖရိုဖရဲခန္ဓာကျမ်း (ပြီးပြည့်စုံခြင်း)အဆင့် ဆုချီးမြှင့်လိုက်ပါသည်။]
[ဒင်... ပိုင်ရှင်၏ တပည့်ဖြစ်သူ ချောင်ရို့ချန်သည် အာဏာရှင်နတ်ဘုရားရုပ်ခန္ဓာ (အသေးစားအောင်မြင်မှု) အဆင့်သို့ ရောက်ရှိသွားပါတယ်။ ပိုင်ရှင်၏ နတ်ဘုရားရုပ်ခန္ဓာမှာ အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်သဖြင့် ပိုင်ရှင်အား တာအိုအနှစ်သာရ +၁၀ ဆုချီးမြှင့်ပါသည်။]
စနစ်၏ အသိပေးချက်ကို ကြားလိုက်ရချိန်တွင် ချူဖုန်း၏ မျက်နှာထက်၌ ဝမ်းသာရိပ်များ ယှက်သန်းသွားပြီး တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“အဲ့ဒီကောင်စုတ်လေး တာ့ချန်တစ်ယောက် နတ်ဘုရားရုပ်ခန္ဓာမှာ ဒီလောက်မြန်မြန် အသေးစားအောင်မြင်မှုအဆင့် ရောက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျင့်ကြံဖို့ အချိန်ပိုလိုမယ်လို့ ငါထင်ထားတာ။ ဒီတစ်ခေါက် ကံကြမ္မာသားတော်ကို နှိမ်နင်းတုန်းက သူတော်တော်လေး အခွင့်အရေး ရခဲ့ပုံပဲ။ ဒါပေမဲ့လည်း တာချန်း သန်မာလာပြီဆိုတော့ ယန်အာ သန်မာလာဖို့ကလည်း အချိန်တစ်ခုပဲ လိုတော့တာပေါ့။”
ဤသည်ကို တွေးမိရင်း ချူဖုန်း၏ စိတ်အခြေအနေမှာ အလွန်တရာ ကောင်းမွန်သွားတော့သည်။ ဒီညတော့ အောင်ပွဲခံသည့်အနေဖြင့် အရက်အနည်းငယ် ပိုသောက်ရပေဦးမည်။
မိုးကြိုးလျှိုမြောင်အတွင်း၌၊
တစ်လကြာ တံခါးပိတ်ကျင့်ကြံပြီးနောက်တွင် စုန့်ကျောက်ယီသည် ကောင်းကင်ဇာစ်မြစ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ချောင်ရို့ချန်နှင့်အတူ လျှိုမြောင်အတွင်း ဆက်လက်လေ့ကျင့်နေသည်။
“အစ်ကိုချန်၊ မိုးကြိုးစုဝေးလျှိုမြောင်ကနေ ထွက်ပြီးရင် ဘယ်ကိုသွားဖို့ စိတ်ကူးထားလဲဟင်”
ချောင်ရို့ချန်၏ မျက်နှာထက်တွင် စဉ်းစားနေသည့် အရိပ်အယောင်များ ပေါ်လာသည်။
“ငါကတော့ ငါ့ရဲ့ရုပ်ခန္ဓာကို ပြီးပြည့်စုံအောင်ကျင့်ဖို့အတွက် အန္တရာယ်များတဲ့ နေရာအမျိုးမျိုးကို သွားကြည့်ဖို့ စိတ်ကူးထားတယ်။ အဲ့ဒါမှလည်း ငါပိုပြီး သန်မာလာမှာ။”
ထိုစကားကို ကြားသောအခါ စုန့်ကျောက်ယီ၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားပြီး မေးလိုက်သည်။ “အစ်ကိုချန်၊ ကန်ဖုန်း ချောက်ကမ်းပါးအကြောင်း ကြားဖူးလား”
ချောင်ရို့ချန် စိတ်ထဲတွင် ပြန်လည်စဉ်းစားကြည့်ပြီးမှ ရေရွတ်လိုက်သည်။ “ကန်ဖုန်း ချောက်ကမ်းပါး... ဟို စိမ့်စန်းဝါချောက်နက် အတွင်းဘက်က နေရာကို ပြောတာလား”
စုန့်ကျောက်ယီက ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်၊ အဲ့ဒီနေရာပဲ။ ကောင်းကင်ဇစ်မြစ်နယ်ပယ်ကို မရောက်ခင်တုန်းက ညီမ အဲ့ဒီကို မသွားနိုင်ခဲ့ဘူး။ စိမ့်စန်းဝါ ချောက်နက်ကနေ တိုက်ခတ်လာတဲ့ ပြင်းထန်တဲ့ လေတွေက ဝိညာဉ်ကို ထိခိုက်စေနိုင်တယ်လေ။ ကောင်းကင်ဇစ်မြစ်နယ်ပယ်အောက်က ကျင့်ကြံသူတွေ ကန်ဖုန်း ချောက်ကမ်းပါးထဲ ဝင်သွားရင် သေဖို့ပဲ ရှိတာ။”
ထိုစကားကို နားထောင်ပြီးနောက် ချောင်ရို့ချန်က ပြောလိုက်သည်။
“အဲ့ဒါက ကျင့်ကြံဖို့ တကယ့်နေရာကောင်းပဲ။ ငါတို့ လမ်းကြောင်းပြောင်းပြီး ကန်ဖုန်း ချောက်ကမ်းပါးကို သွားကြတာပေါ့။ အဲ့ဒီမှာ ငါ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ပါတယ်။ နောက်တစ်ခါ စီနီယာအစ်ကိုနဲ့ တွေ့တဲ့အခါကျရင် သူ့ကို ယှဉ်တိုက်နိုင်ချင်ပြီ။”
စုန့်ကျောက်ယီက ခေါင်းလေးစောင်းကာ မေးလိုက်သည်။ “အစ်ကိုချန်က ဘာလို့ စီနီယာအစ်ကိုကြီးနဲ့ အမြဲတိုက်ချင်နေရတာလဲ။ ဆက်ဆံရေး မကောင်းလို့လား”
ချောင်ရို့ချန်၏ ဖြူစင်သောမျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး အရှက်ပြေ ချောင်းနှစ်ချက် ဟန့်လိုက်သည်။
“ဟွတ်... ဟွတ်... စီနီယာအစ်ကိုနဲ့ ငါက ဆက်ဆံရေး ကောင်းပါတယ်။ ဒါပေမဲ့ သူက လူငယ်မျိုးဆက်ထဲမှာ အသန်မာဆုံးဖြစ်နေတော့ သူ့ကိုကလွဲရင် တခြားဘယ်သူ့ကိုမှ ငါစိန်ခေါ်ဖို့ မထိုက်တန်သလို ဖြစ်နေလို့။”
ချောင်ရို့ချန်၏ အကြည့်များ ခိုင်မာလာသည်ကို မြင်သောအခါ စုန့်ကျောက်ယီက လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အားပေးလိုက်သည်။
“အစ်ကိုချန် သေချာပေါက် လုပ်နိုင်မှာပါ။ အစ်ကိုက ညီမရဲ့ ရင်ထဲမှာတော့ အသန်မာဆုံးပဲ။”
ချောင်ရို့ချန်က ဘာမှ ထပ်ရှင်းမပြဘဲ အနည်းငယ် ပြုံးပြလိုက်သည်။ သူ ပို၍ သန်မာလာရမည်ဟူသော စိတ်ပိုင်းဖြတ်မှုမှာ ပို၍ပင် ခိုင်မာလာတော့၏။
မိုင်ပေါင်း ထောင်ချီဝေးကွာသော အရှေ့ပင်လယ်ရှိ ချင်ကျောင်းကျွန်း ဆိပ်ကမ်း၌၊
တည်ငြိမ်သော မျက်နှာထားနှင့် ထက်မြက်သော မျက်လုံးများရှိသည့် လူငယ်ကျင့်ကြံသူတစ်ဦးမှာ နှာနှစ်ချက် ဆက်တိုက်ချေ လိုက်မိသည်။
“ဟတ်ချိုး ဟတ်ချိုး”
“စီနီယာအစ်ကို၊ အဆင်ပြေရဲ့လား”
ရှောင်ယန် နှာချနေသည်ကို မြင်သောအခါ လွီယွဲ့အာက စိုးရိမ်တကြီး မေးလာသည်။
ရှောင်ချန်က ခေါင်းခါပြလိုက်၏။ “ဘာမှမဖြစ်ပါဘူး။ ဟိုကောင် တာ့ချန်က ငါ့ကို ပြန်ချဖို့ ကြံနေပြန်ပြီ ထင်ပါရဲ့။”
လွီယွဲ့အာ၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်သွားသည်။ “စီနီယာအစ်ကိုက ဘာလို့ အစ်ကိုချန်အပေါ် အာဃာတတွေ ဒီလောက်ရှိနေရတာလဲ။ နေ့တိုင်း သူ့ကို ရိုက်ဖို့ပဲ တွေးနေတာ”
ရှောင်ယန်က ပြုံးလိုက်သည်။
“ဒီလောကမှာ ငါ့ရဲ့ ဓားချက်အနည်းငယ်ကို တောင့်ခံနိုင်တဲ့ ရွယ်တူတန်းတူဆိုတာ အတော်လေး ရှားတယ်။ ငါက နေ့တိုင်း ဆရာ့ဆီသွားပြီး အရိုက်နှက်ခံနေလို့လည်း မဖြစ်ဘူးမလား”
လျှိုယွဲ့အာမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ “စီနီယာအစ်ကိုနဲ့ အစ်ကိုချန်တို့က ဆက်ဆံရေး တကယ်ကောင်းတာပဲနော်။”
ရှောင်ယန်က ထပ်မရှင်းပြတော့ဘဲ ဆိပ်ကမ်းရှိ ဖုန်းလိုင်ကျွန်း သို့ ဦးတည်မည့် သင်္ဘောကြီးဆီသို့ လျှောက်သွားသည်။
လွီယွဲ့အာက အပြုံးကို သိမ်းဆည်းကာ နောက်မှ ကပ်လိုက်လာသည်။ သင်္ဘောခပေးပြီးနောက် သူတို့နှစ်ဦး သင်္ဘော၏ တတိယထပ်ရှိ သီးသန့်အခန်းတစ်ခုသို့ ဝင်လိုက်ကြ၏။
ခရီးသည်များ တစ်ဦးပြီးတစ်ဦး တက်လာကြစဉ် သင်္ဘောပေါ်မှ အိုမင်းရင့်ရော်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“လေးစားအပ်ပါသော ဧည့်သည်တော်တို့ခင်ဗျာ၊ နောက်မှတ်တိုင်က ဖုန်းလိုင်ကျွန်း ဖြစ်ပါတယ်။ လမ်းခရီးမှာ မုန်တိုင်းထန်တဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းရမှာဖြစ်လို့ မိမိတို့အခန်းထဲကနေ အပြင်ကို ပေါ့ပေါ့ဆဆ မထွက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ တစ်ခုခု လိုအပ်ရင် အခန်းထဲက ခေါင်းလောင်းကို တီးပေးပါ။
အကယ်၍ ခွင့်ပြုချက်မရှိဘဲ အခန်းပြင် ဒါမှမဟုတ် ကုန်းပတ်ပေါ် ထွက်သွားလို့ တစ်ခုခုဖြစ်ခဲ့ရင် ကျုပ်တို့လေနှင်သင်္ဘော က တာဝန်ယူမှာ မဟုတ်ပါဘူး။”
ထိုလူအိုကြီး ပြောပြီးသည်နှင့် ကျယ်လောင်သော အသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။
“ကျောက်ကြိုးမပြီး... ရွက်လွှင့်စေ”
မကြာမီတွင် သင်္ဘောကြီးသည် အရှေ့ပင်လယ်နက်ထဲသို့ ဦးတည်ကာ ဆိပ်ကမ်းမှ ထွက်ခွာလာတော့၏။
အခန်းတွင်း ရောက်သည်နှင့် ရှောင်ယန်နှင့် လွီယွဲ့အာတို့သည် တင်ပျဉ်ခွေ ထိုင်လိုက်ကြကာ ကျင့်ကြံခြင်းကို စတင်ကြသည်။
ခုနစ်ရက် ကြာပြီးနောက်တွင် ပြင်းထန်သော ဆူညံသံတစ်ခုကြောင့် သူတို့ နိုးလာကြ၏။
ရှောင်ယန် မျက်လုံးဖွင့်လိုက်ပြီး အခန်းပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။
ပြင်ပတွင် မည်းမှောင်နေသော တိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းထားပြီး တောင်ကုန်းသဖွယ် မြင့်မားသော လှိုင်းလုံးကြီးများက ထိုးတက်နေလေ သည်။ လေနှင်သင်္ဘောတွင် ကာကွယ်ရေး အစီရင်ခံစနစ်များ ရှိသော်ငြားလည်း
ပင်လယ်ပြင်ကျယ်ကြီးထဲတွင် ရုန်းကန်နေရသော သစ်ရွက်ခြောက်လေးတစ်ရွက်ကဲ့သို့ လှိုင်းလုံးကြီးများကြား ယိမ်းထိုးနေ၏။
“စီနီယာအစ်ကို၊ ကြည့်ဦး မုန်တိုင်းကြီး ဒီဘက်ကို လာနေပြီ”
လျှိုယွဲ့အာ၏ အသံက ရှောင်ယန်၏ နားထဲသို့ ရုတ်တရက် ရောက်လာသည်။ သူ ဗီဇအရ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အရှေ့တောင်ဘက်မှ သင်္ဘောဆီသို့ ဦးတည်ရိုက်ခတ်လာသော မုန်တိုင်းကြီးကို မြင်လိုက်ရသည်။
သင်္ဘောသည် ထိန်းချုပ်မရဘဲ အရှေ့တောင်ဘက်သို့ မျောပါသွားနေသည်ကို ရှောင်ယန် အတိုင်းသား ခံစားနေရ၏။
မကြာမီ သင်္ဘောပေါ်တွင် ဆူညံပွက်လောရိုက်သွားသည်။ လွီယွဲ့အာမှာ ပေရာကျော် မြင့်မားသော ရေဆင်နှာမောင်းကြီးကို ကြည့်ကာ ကြောက်လန့်တကြား မျက်နှာဖြူလျော့သွားသည်။
အားလုံး စိုးရိမ်နေကြစဉ် လူရိပ်တစ်ခုမှာ သင်္ဘောပေါ်မှ အမြင့်သို့ ခုန်တက်သွားပြီး ရေဆင်နှာမောင်းကြီးကို ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
“ပင်လယ်လှန်ခြင်း”
ထန်း
ဓားချက် ကျရောက်သွားသည်နှင့် မုန်တိုင်းကြီးမှာ ချက်ချင်းပင် နှစ်ခြမ်းကွဲသွားပြီး ဟိန်းဟောက်သံနှင့်အတူ ပင်လယ်ထဲသို့ လွင့်ပါးသွားတော့၏။
ထိုလူရိပ်မှာ ဘာမှမဖြစ်ခဲ့သလိုပင် သင်္ဘောပေါ်သို့ အေးအေးဆေးဆေး ပြန်လည် ဆင်းသက်လာသည်။
ထိုဓားချက်ကို မြင်သောအခါ ရှောင်ယန်က ပြောသည်။ “နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူပဲ”
လွီယွဲ့အာက ပြော၏။ “သင်္ဘောတစ်စင်းမှာ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ လေနှင်သင်္ဘောရဲ့ နောက်ကွယ်က အင်အားက မသေးဘူးပဲ။”
ရှောင်ယန်က ပြုံးကာ ပြောလိုက်သည်။ “ဒီအရှေ့ပင်လယ်မှာ စီးပွားရေးလုပ်ဖို့ဆိုတာ သာမန်လူတွေတော့ မဖြစ်နိုင်ဘူးလေ။ တံငါသည်အိုကြီး ပြောတာအရဆိုရင် ဒီပင်လယ်ကို ဖြတ်ပြီးတာနဲ့ ဖုန်းလိုင်ကျွန်းကို ရောက်ပြီ။ ငါတို့ နောက်ထပ် ရက်အနည်းငယ်လောက် ဆက်ပြီး ကျင့်ကြံကြတာပေါ့။”
“အင်း။”
လွီယွဲ့အာ ခေါင်းညိတ်လိုက်ပြီး နှစ်ဦးသား ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်ကြသည်။
မုန်တိုင်း ဖြစ်ရပ်မှာ လေနှင်သင်္ဘောအတွက်တော့ မတော်တဆမှု အသေးအဖွဲလေးတစ်ခုသာ။
သုံးရက်အကြာတွင် လေနှင်သင်္ဘော၏ အရှိန်မှာ သိသိသာသာ နှေးကွေးသွား၏။
မွန်းတည့်အချိန်တွင် ထိုအိုမင်းသောအသံ ထပ်မံထွက်ပေါ်လာပြန်သည်။
“မိတ်ဆွေ တာအိုကျင့်ကြံသူတို့ခင်ဗျာ၊ ဖုန်းလိုင်ကျွန်းကို ရောက်ရှိပါပြီ။ လေနှင်သင်္ဘောရဲ့ နောက်တစ်ခေါက် အသွားခရီးက နောက်ထပ်ခြောက်လအကြာမှ ရှိမှာပါ။ သင်္ဘောစီးဖို့ လိုအပ်တဲ့သူတွေ အချိန်မမေ့ကြပါနဲ့။”
စကားဆုံးသည်နှင့် သင်္ဘော၏ ကာကွယ်ရေး အစီရင်ခံစနစ်များ ပိတ်သွားပြီး ဧရာမ သံကျောက်ဆူးကြီးမှာ ပင်လယ်ထဲသို့ ကျဆင်းသွားသည်။
ခဏအတွင်းမှာပင် လေနှင်သင်္ဘောသည် ဆိပ်ကမ်းဘေးတွင် ရပ်တန့်သွားတော့၏။
ရှောင်ယန်နှင့် လွီယွဲ့အာတို့ အတူတကွ သင်္ဘောပေါ်မှ ဆင်းလာကြသည်။ သူတို့သည် အထူးတလည် ရုပ်ဖျက်ခြင်းမျိုး မလုပ်သော်လည်း သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ထားကြရာ လူအုပ်ကြားတွင် အခြားသော ကောင်းကင်ဇစ်မြစ်အဆင့် ကျင့်ကြံသူများကဲ့သို့ပင် ရောနှောနေသည်။
ဆိပ်ကမ်းအပြင်ဘက်သို့ ရောက်သည်နှင့် လျင်မြန်ဖြတ်လတ်ပုံရသော တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူတို့ထံ ပြုံးရွှင်စွာ ချဉ်းကပ်လာ၏။
“လေးစားအပ်ပါသော ဧည့်သည်တော်တို့၊ ဖုန်းလိုင်ဓားဆွေးနွေးပွဲ ကို လာတက်ကြတာ ထင်ပါတယ်”
ရှောင်ယန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ “တက်တာဖြစ်ဖြစ်၊ မတက်တာဖြစ်ဖြစ် ဘာဖြစ်လဲ”
“…”
ထိုကျင့်ကြံသူမှာ ခဏတာ မှင်သက်သွားပြီးနောက် ပြောလာသည်။
“ကျွန်တော့်နာမည်က ဟွမ်ဆန်းပါ။ ဒီဖုန်းလိုင်ကျွန်းက ဒေသခံလမ်းပြတစ်ယောက်ပါ၊ ဒီနေရာအကြောင်း အကုန်သိပါတယ်။ တစ်ရက်ကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၁၀) တုံး ပေးရုံနဲ့ ခင်ဗျားတို့ လိုချင်တာမှန်သမျှ စီစဉ်ပေးနိုင်ပါတယ်။ တည်းခိုဖို့နေရာကနေ ခင်ဗျားတို့ သိချင်တာတွေအထိ အကုန်လုပ်ပေးနိုင်ပါတယ်။”
ရှောင်ယန်က သူ၏ သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံး (၁၀) တုံးကို အသာအယာ ထုတ်ယူကာ ပစ်ပေးလိုက်သည်။ “အရင်ဆုံး ငါတို့ကို တည်းခိုမဲ့နေရာဆီ ခေါ်သွားပေး၊ ပြီးတော့ ဓားဆွေးနွေးပွဲအကြောင်းလည်း ရှင်းပြဦး။”
***