“သခင်လေးနဲ့ သခင်မလေးက နှလုံးသားဓားတာအို ကို ကျင့်ကြံတာလား၊ ဒါမှမဟုတ် ကောင်းကင်ဓားတာအို ကို ကျင့်ကြံတာလားဆိုတာ သိပါရစေ”
ဟွမ်ဆန်းက အလိုက်တသိ မေးမြန်းလိုက်သည်။
ရှောင်ယန်က ပြန်လည်မေးခွန်းထုတ်လိုက်၏။ “နှလုံးသားဓားဆိုတာ ဘာလဲ၊ ကောင်းကင်ဓားဆိုတာကရော ဘာလဲ။ ပြီးတော့ အဲ့ဒါက ငါတို့တည်းခိုမဲ့နေရာနဲ့ ဘာဆိုင်လို့လဲ”
ဟွမ်ဆန်းမှာ မှင်သက်သွားရသည်။ သူတို့၏ ဝတ်စားဆင်ယင်ပုံနှင့် အမူအရာကို ကြည့်ရုံဖြင့် ဤလူနှစ်ဦးမှာ သာမန်မဟုတ်သည်မှာ သိသာလှ၏။
အဓိကကျသော ဓားဂိုဏ်းကြီးနှစ်ခုအကြောင်းကို သူတို့ ဘယ်လိုလုပ် မသိဘဲ နေနိုင်ပါသနည်း။
သို့သော် သူသည် သူတို့ထံမှ ငွေစများကို လက်ခံထားပြီးဖြစ်ရာ မိမိ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ရိုးရိုးသားသားပင် ပြန်ဖြေလိုက်ရသည်။
“အရှင်၊ ဖုန်းလိုင်ဓားဆွေးနွေးပွဲဆိုတာက ရှေးယခင်ကတည်းက နှလုံးသားဓားနဲ့ ကောင်းကင်ဓားတို့ရဲ့ အားပြိုင်မှုကို အဓိကဗဟိုပြုထားတာပါ။ ကျန်တဲ့ တခြားဓားပညာရပ်တွေကိုတော့ ဒီဂိုဏ်းကြီးနှစ်ခုက အရေးမပါဘူးလို့ပဲ သတ်မှတ်ထားကြတာ။”
သူသည် သခင်လေး၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်လိုက်သည်။ ကန့်ကွက်လိုသည့်ဟန် မတွေ့ရသဖြင့် သူ ဆက်ပြောပြ၏။
“နှလုံးသားဓားဆိုတာက စိတ်ဆန္ဒကို ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ပါတယ်။ သူတို့ရဲ့ အမြင်ကတော့ မိမိရဲ့ တာအိုနှလုံးသား က ပိုပြီး ခိုင်မာလေလေ၊ မိမိရဲ့ ဓားချက်က ပိုပြီး တားဆီးမရနိုင်လေလေပဲ ဖြစ်ပါတယ်။”
“ကောင်းကင်ဓားကတော့ ကောင်းကင်၊ မြေကြီးနဲ့ ခပ်သိမ်းသော အရာဝတ္ထုတို့ရဲ့ နိယာမတွေကို လေ့လာစောင့်ကြည့်ဖို့ အလေးပေးပါတယ်။ အဲ့ဒီကနေတစ်ဆင့် မိမိရဲ့ ဓားပညာကို မြှင့်တင်ဖို့ ဉာဏ်အလင်းကို ရှာဖွေတာပါ။ အရာခပ်သိမ်းရဲ့ အနှစ်သာရကို နားလည်သဘောပေါက်သွားတဲ့အခါ ဓားတာအိုဟာ ပြိုင်ဘက်ကင်း ဖြစ်လာတယ်လို့ ယူဆကြတယ်။”
နားထောင်ပြီးနောက် ရှောင်ယန်က ခပ်ဖွဖွ ပြုံးလိုက်၏။
“ဒီဖုန်းလိုင်ဓားဆွေးနွေးပွဲက တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းတာပဲ။ အဲ့ဒီလမ်းစဉ် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံပြီး ပြိုင်ဘက်ကင်းဓားလမ်းစဉ်ကို လျှောက်လှမ်းတဲ့သူကော မရှိဘူးလား”
ဟွမ်ဆန်းက ခေါင်းခါပြသည်။ “ရှိတော့ ရှိပါတယ်၊ ဒါပေမဲ့ လူတစ်ယောက်ရဲ့ စွမ်းအင်က အကန့်အသတ်ရှိတယ်လေ။ နှလုံးသားဓားဖြစ်ဖြစ်၊ ကောင်းကင်ဓားဖြစ်ဖြစ် အထွတ်အထိပ်ထိ ကျင့်ကြံနိုင်ရင် ရလဒ်ကတော့ လမ်းစဉ်နှစ်ခုစလုံး ကျင့်ကြံတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ကျင့်ကြံသူ အများစုကတော့ လမ်းစဉ်တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲ ကျင့်ကြံကြတာ။ တစ်ခါတလေကျရင် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး လမ်းစဉ်နှစ်ခုစလုံးကို စမ်းကျင့်တဲ့သူတွေ ရှိပေမဲ့ ဘာတစ်ခုမှ မယ်မယ်ရရ မဖြစ်ဘဲ အဆုံးသတ်သွားတတ်ကြတာချည်းပါပဲ။”
“မင်းက လမ်းပြတစ်ယောက် ဖြစ်နေပြီးတော့ အများကြီး သိနေတာပဲလား” ရှောင်ယန်က နောက်ပြောင်လိုက်၏။
ဟွမ်ဆန်းက ရှက်ပြုံး ပြုံးလိုက်၏။ “ဒါတွေက ဖုန်းလိုင်ကျွန်းမှာ လျှို့ဝှက်ချက်တွေ မဟုတ်ပါဘူး။ အခက်ခဲဆုံးက နည်းစနစ်မဟုတ်ဘဲ မိမိရဲ့ တာအိုကို ဘယ်လိုခိုင်မာအောင် လုပ်မလဲဆိုတာပါ။ ကျွန်တော်ကတော့ ပါရမီမရှိတော့ ပါးစပ်နဲ့ပဲ ပြောနိုင်တာပေါ့။”
ရှောင်ယန် ရယ်မောလိုက်သည်။ “တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ငါက အဲ့ဒီလမ်းစဉ် နှစ်ခုစလုံးကို ကျင့်ကြံတဲ့သူတွေထဲက တစ်ယောက်ပဲ။ ကဲ... အခု ငါတို့ တည်းခိုမဲ့နေရာကို ခေါ်သွားပေးနိုင်ပြီလား”
“…”
ဟွမ်ဆန်းမှာ စကားပင် မဆိုနိုင်တော့ပေ။ ရှေ့က သခင်လေးမှာ ထူးခြားသော နောက်ခံအသိုင်းအဝိုင်းရှိမည်မှာ ယခုတော့ ပို၍ သေချာသွားပြီဖြစ်သည်။
သာမန်ဂိုဏ်းတစ်ခုခုဆိုလျှင် တပည့်များကို နှလုံးသားဓားနှင့် ကောင်းကင်ဓား နှစ်မျိုးလုံး ကျင့်ကြံခွင့် လုံးဝပေးမည်မဟုတ်ပေ။
သူသည် စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်သည်။ “သခင်လေး၊ တည်းခိုမဲ့နေရာအတွက် ဘာလိုအရာမျိုး အလိုရှိပါသလဲ”
ရှောင်ယန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။ “တိတ်ဆိတ်ရင် ရပြီ။ ငါ အနှောင့်အယှက်ဖြစ်တာကို မကြိုက်ဘူး။ ဈေးနှုန်းက ပြဿနာမဟုတ်ဘူး။”
ဟွမ်ဆန်းက ချက်ချင်းပင် ပြုံးရွှင်သွား၏။ “ကျွန်တော့်နောက်ကို လိုက်ခဲ့ပါခင်ဗျာ။”
နာရီဝက်ခန့် ကြာပြီးနောက်....
ရှောင်ယန်နှင့် သူ၏ အဖော်ဖြစ်သူတို့မှာ ချင်းယို ဟုခေါ်သော ဥယျာဉ်ခြံဝင်းတစ်ခုသို့ ရောက်ရှိလာကြသည်။
ဟွမ်ဆန်းက ပြောလိုက်သည်။ “အရှင်၊ ဒါက ဖုန်းလိုင်ကျွန်းမှာ အလှဆုံးနဲ့ အတိတ်ဆိတ်ဆုံး နေရာတွေထဲက တစ်ခုပါ။ ဒါပေမဲ့ ပိုင်ရှင်က ထူးဆန်းတဲ့ စည်းကမ်းတစ်ခု ထုတ်ထားပါတယ်၊ နေရာကို မကြည့်ရသေးခင် ဝိညာဉ်ကျောက်တုံးတွေကို အရင်ပေးချေရပါမယ်။ အကယ်၍ မကြိုက်လို့ တည်းမနေဘူးဆိုရင်လည်း ကျောက်တုံးတွေကို ပြန်ထုတ်ပေးမှာ မဟုတ်ဘူး။”
ရှောင်ယန်က ဆိုသည်။ “ပြဿနာမရှိဘူး”
ဟွမ်ဆန်းမှာ ခြံဝင်းထဲသို့ အမြန်ပြေးဝင်သွား၏။ မကြာမီ ရှောင်ယန်နှင့် လွီယွဲ့အာတို့မှာ သီးသန့်နေအိမ်လေးတစ်ခုအတွင်းသို့ ပြောင်းရွှေ့နေထိုင်ကြသည်။
ခြံဝင်းထဲတွင် ဝါးပင်များ ပြည့်နှက်နေပြီး ရေကန်ငယ်လေးတစ်ခုလည်း ရှိရာ အမှန်တကယ်ပင် ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။
သခင်မလေး စိတ်ကျေနပ်နေသည်ကို မြင်ရသောအခါမှ ဟွမ်ဆန်းလည်း သက်ပြင်းချနိုင်တော့သည်။ “သခင်လေး၊ တခြား ဘာများ ခိုင်းစရာ ရှိပါသေးလဲ”
ရှောင်ယန်က လက်ယမ်းပြလိုက်၏။ “ဘာမှမရှိတော့ဘူး။ မင်း သွားလို့ရပြီ။”
ဟွမ်ဆန်းက ခေါင်းညိတ်လိုက်သော်လည်း အရေးကြီးသည့်အရာတစ်ခုကို သတိရဟန်ဖြင့် သတိပေးစကား ပြောလိုက်သည်။
“သခင်လေးရှောင်၊ တကယ်လို့ တစ်ယောက်ယောက်က နှလုံးသားဓားလား ကောင်းကင်ဓားလားလို့ လာမေးရင် တစ်ခုခုကိုပဲ ရွေးပြောလိုက်တာ ပိုကောင်းပါလိမ့်မယ်။ ဒီနေရာမှာ လမ်းစဉ်နှစ်ခုစလုံး ကျင့်ကြံတာကို လက်မခံကြဘူးခင်ဗျ။”
“အကြံပေးတာ ကျေးဇူးတင်ပါတယ်”
ရှောင်ယန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ အမှန်စင်စစ် ဓားသမားတစ်ယောက်သည် နောက်ဆုံးတွင် သူ၏ ဓားဖြင့်သာ စကားပြောရမည် မဟုတ်ပါလား။
နှလုံးသားဓားဖြစ်စေ၊ ကောင်းကင်ဓားဖြစ်စေ ရှောင်ယန်အတွက်မူ ၎င်းတို့မှာ ပြိုင်ဘက်ကင်းဓားလမ်းစဉ်ဆီသို့ ဦးတည်မည့် ခြေနင်းကျောက်တုံးများမျှသာ။
အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားသည်။
ရက်အနည်းငယ် ကြာပြီးနောက်၊ ကိုးလပိုင်း ကိုးရက်နေ့၊ တောင်တက်ပွဲတော်နေ့တွင် ဖုန်းလိုင်ဓားဆွေးနွေးပွဲ စတင်လေတော့သည်။
ထိုနေ့ အစောပိုင်းတွင် ရှောင်ယန်နှင့် လျှိုယွဲ့အာတို့သည် စောစောထကာ ဖုန်းလိုင်တောင်သို့ ဦးတည်ထွက်ခွာခဲ့ကြသည်။
ဖုန်းလိုင်တောင်သည် ဖုန်းလိုင်ကျွန်း၏ ဗဟိုချက်တွင် တည်ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း သိန်းနှင့်ချီသည့် အချိန်က ဖုန်းလိုင်ဓားနတ်ဘုရား သည် ဤနေရာတွင် တာအိုစင်မြင့်တစ်ခုကို တည်ထောင်ခဲ့ရာ ကမ္ဘာတစ်ဝန်း ကျော်ကြားခဲ့၏။
ကံမကောင်းစွာဖြင့် ဖုန်းလိုင်ဓားနတ်ဘုရားသည် တပည့်တစ်ဦးတစ်ယောက်မျှ လက်မခံခဲ့ဘဲ သူ၏ ဓားဆန္ဒများကိုသာ တောင်ထိပ်ပေါ်တွင် ကျန်ရစ်စေခဲ့ပြီး အခြားသူများကို လာရောက်လေ့လာစေခဲ့သည်။
မည်သူမဆို သူ၏ ဓားဆန္ဒကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်နိုင်ပါက ဖုန်းလိုင်ဓားနတ်ဘုရား၏ အမွေအနှစ်ကို ဆက်ခံရရှိမည်ဖြစ်၏။
အစပိုင်းတွင် ကျင့်ကြံသူ အများအပြားသည် ဤအမွေအနှစ်အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။
သို့သော် တဖြည်းဖြည်းနှင့် လူတိုင်း နားလည်လာသည်မှာ သူတို့ သေအောင် တိုက်ခိုက်ကြစေကာမူ ဓားနတ်ဘုရား၏ အမွေအနှစ်ကို မရရှိနိုင်ခြင်းပင်။
ထို့ကြောင့် သူတို့သည် သူတို့၏ ဓားလမ်းစဉ်များက ဓားနတ်ဘုရား၏ အသိအမှတ်ပြုမှုကို ရနိုင်မလားဟူသည်ကို စမ်းသပ်ရန် နှစ်တစ်ရာလျှင် တစ်ကြိမ် ဤနေရာတွင် ဓားပြိုင်ပွဲကျင်းပရန် သဘောတူခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဖုန်းလိုင်ဓားဆွေးနွေးပွဲ၏ ကျော်ကြားမှုမှာ ပို၍ပင် ကြီးမားလာခဲ့၏။
၎င်းသည် ကျွန်းတစ်ထောင်နယ်မြေ၏ အကြီးကျယ်ဆုံးသော ပွဲတော်များထဲမှ တစ်ခု ဖြစ်လာပြီး ရွှမ်ကျိုးမှ ကျင့်ကြံသူများပင် လာရောက် ဆင်နွှဲကြသည်။
ရှောင်ယန်နှင့် လျှိုယွဲ့အာတို့ ဖုန်းလိုင်တောင်ခြေသို့ ရောက်ရှိချိန်တွင် လူအုပ်ကြီးမှာ ပြည့်နှက်နေပြီ ဖြစ်သည်။ တောင်တက်လမ်းဘေးတွင် ဆိုင်းဘုတ်နှစ်ခုကို စိုက်ထူထား၏။
ဆိုင်းဘုတ်တစ်ခုတွင် ‘ပွဲကြည့်ပရိသတ်များ ညာဘက်သို့ သွားပါ’ ဟု ရေးထားပြီး၊ အခြားတစ်ခုတွင်မူ ‘ဓားဆွေးနွေးပွဲတွင် ပါဝင်မည့် ကျင့်ကြံသူများ ဘယ်ဘက်ရှိ ဓားစမ်းသပ်ကျောက်တုံးတွင် မိမိတို့၏ ဓားဆန္ဒကို လာရောက်စမ်းသပ်ပါ’ ဟု ရေးသားထားသည်။
ရှောင်ယန်၏ အဆင့်အတန်းမှာ မြင့်မားလှသော်လည်း သူသည် အခြားသူများကို ဗိုလ်ကျတတ်သူမျိုး မဟုတ်ပေ။ သူတို့နှစ်ဦးသည် ဓားစမ်းသပ်နေသည့် ကျင့်ကြံသူများ၏ တန်းစီရာနောက်တွင် လိုက်ပါတန်းစီခဲ့ကြ၏။
ရှေ့နားဆီမှ ရံဖန်ရံခါတွင် အံ့ဩဘနန်း အော်ဟစ်သံများ ထွက်ပေါ်လာသော်လည်း သက်ပြင်းချသံများက ပို၍ များပြားနေသည့်ပုံပင်။
တစ်နာရီခန့် ကြာပြီးနောက်တွင် ရှောင်ယန်နှင့် လွီယွဲ့အာတို့ အလှည့်သို့ ရောက်လာသည်။
“ဂျူနီယာညီမလေး၊ မင်း အရင်သွားပါ”
ရှောင်ယန် ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
“ကောင်းပါပြီ။”
လွီယွဲ့အာသည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ရိုးရှင်းသော်လည်း ထက်မြက်သော ဓားတစ်စင်းကို ထုတ်ယူကာ သူမ၏ ဓားဆန္ဒများကို ဓားစမ်းသပ်ကျောက်တုံးအတွင်းသို့ ထည့်သွင်းလိုက်သည်။
ချန်း
ဓားမြည်သံနှင့်အတူ ကိုးပေခန့် ရှည်လျားသော ဓားရာတစ်ခု ကျောက်တုံးပေါ်တွင် ပေါ်ပေါက်လာခဲ့၏။
“ဓားဆန္ဒ အထွတ်အထိပ်အဆင့်ပဲ”
“ဒီမိန်းကလေးက ဒီလောက်ငယ်ငယ်လေးနဲ့ ဓားဆန္ဒ အထွတ်အထိပ်အဆင့် ရောက်နေတာလား၊ သူက ဂိုဏ်းကြီးတစ်ဂိုဏ်းက ပါရမီရှင် ဖြစ်ရမယ်။ ဘယ်ဂိုဏ်းကလဲ မသိဘူး”
ဤသည်ကို မြင်သောအခါ ရှောင်ယန်က ချီးကျူးလိုက်သည်။
“ညီမလေး၊ မင်း တော်တော်လေး တိုးတက်လာတာပဲ”
လွီယွဲ့အာက ခပ်ဖွဖွ ပြုံးလိုက်၏။ “စီနီယာအစ်ကိုရဲ့ သင်ကြားပြသပေးမှုကြောင့် အခုလို ဖြစ်လာတာပါ”
ရှောင်ယန်က ဘာမှ ထပ်မပြောတော့ဘဲ သူ၏ လက်ညှိုးနှင့် လက်ခလယ်ကို ဓားသဏ္ဌာန်ပြုကာ ဓားစမ်းသပ်ကျောက်တုံးကို အသာအယာ ခုတ်ပိုင်းလိုက်သည်။
ကိုးပေရှည်သော ဓားရာတစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။
အလွန်တရာ လွယ်ကူချောမွေ့ပြီး ထက်ရှလှသဖြင့် အနီးနားရှိ လူတိုင်းမှာ မှင်သက်သွားကြရသည်။
ယခင်ကလည်း ဓားမပါဘဲ ဓားဆန္ဒကို ပြသနိုင်သူများ ရှိခဲ့ဖူးသော်လည်း ရှောင်ယန်ကဲ့သို့ တင့်တယ်လှပပြီး ထက်ရှသည့်သူမျိုး တစ်ယောက်မှ မရှိခဲ့ဖူးချေ။
ဓားစမ်းသပ်ကျောက်တုံးကို စောင့်ကြပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျောက်စိမ်းပြားနှစ်ခုနှင့် ကျောက်စိမ်းပေလွှာ နှစ်ခုကို သူတို့ထံ အလျင်အမြန် ကမ်းပေးလိုက်သည်။
“ဓားစမ်းသပ်ကျောက်တုံး စစ်ဆေးမှုကို အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ။ မိတ်ဆွေ တာအိုကျင့်ကြံသူတို့ တောင်ပေါ်ကို ဆက်တက်နိုင်ပါပြီ။”
“ကျေးဇူးတင်ပါတယ်။”
ရှောင်ယန်က ကျောက်စိမ်းပြားနှင့် မှတ်တမ်းလွှာများကို ယူကာ လျှိုယွဲ့အာနှင့်အတူ ဖုန်လိုင်တောင်ပေါ်သို့ တက်လှမ်းခဲ့ကြ၏။
ဓားကျင့်ကြံသူအားလုံးမှာ ပျောက်ကွယ်သွားသော သူတို့၏ ကျောပြင်ကို ကြည့်ကာ ရိုသေလေးစားသော အကြည့်များဖြင့် ကျန်ရစ်ခဲ့ကြသည်။
ဖုန်းလိုင်တောင်ထိပ်မှ ရှုခင်းမှာ အတိုင်းအဆမရှိ လှပလွန်းလှသည်။ ရှောင်ယန်နှင့် လျှိုယွဲ့အာတို့သည် ကမ္ဘာလှည့်ခရီးသည် နှစ်ဦးကဲ့သို့ အေးအေးဆေးဆေး လမ်းလျှောက်လာကြရာ တောင်ထိပ်သို့ ရောက်ရန် တစ်နာရီခန့် အချိန်ယူခဲ့ရ၏။
သူတို့ ရောက်ရှိချိန်တွင် တောင်ထိပ်၌ လူများ ပြည့်နှက်နေပြီ။
ရှောင်ယန်သည် သိသာထင်ရှားသော ဆိုင်းဘုတ်နှစ်ခုကို ချက်ချင်း မြင်လိုက်ရသည်။ ‘ကောင်းကင်ဓား’ နှင့် ‘နှလုံးသားဓား’ တို့ ဖြစ်ကြသည်။
သူသည် ထိုဆိုင်းဘုတ်များကို လျစ်လျူရှုကာ နေရာထိုင်ခင်း ရှာရန် ဆက်လက်ကြည့်ရှုနေစဉ် ဓားတာအိုဟု ရိုးရိုးရှင်းရှင်း ရေးထားသော ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုဆိုင်းဘုတ်အောက်တွင် လူအနည်းငယ်သာ ရှိသည်။ သူက လွီယွဲ့အာကို ကြည့်ကာ ပြုံးလိုက်၏။
“ညီမလေး၊ လူနည်းတဲ့နေရာကိုပဲ သွားကြရအောင်”
“အင်း။”
လွီယွဲ့အာက ခေါင်းညိတ်ပြကာ ရှောင်ယန်၏ နောက်မှ လိုက်လာသည်။
သူတို့နှစ်ဦးသည် တိတ်ဆိတ်သော ထောင့်တစ်နေရာကို ရှာဖွေတွေ့ရှိသွားပြီးနောက် သူတို့၏ နတ်ဘုရားအာရုံ များကို ကျောက်စိမ်းမှတ်တမ်းလွှာထဲသို့ ထည့်သွင်းကာ ဖုန်းလိုင်ဓားဆွေးနွေးပွဲ၏ စည်းကမ်းချက်များကို ဖတ်ရှုလိုက်ကြ၏။
ဓားကျင့်ကြံသူ တစ်ဦးစီတိုင်းတွင် ရှုံးနိမ့်ခွင့် သုံးကြိမ်စီ ရှိသည်။ အကယ်၍ ထိုရှုံးနိမ့်ခွင့်များ မကုန်ဆုံးမီအတွင်း တိုက်ပွဲပေါင်း ဆယ်ကြိမ် မအောင်မြင်ပါက ပြိုင်ပွဲမှ ထွက်ခွာရမည်ဖြစ်သည်။
တိုက်ပွဲ ဆယ်ကြိမ် အောင်မြင်သူများသည် နောက်ထပ် သုံးရက်အကြာတွင် ကျင်းပမည့် နောက်ဆုံးစစ်ထုတ်ပွဲသို့ တက်လှမ်းခွင့် ရရှိမည် ဖြစ်သည်။
ထိုပွဲတွင် အနိုင်ရသူ ဆယ်ဦးကို ရွေးချယ်ပြီး ၎င်းတို့သည် တာအိုနားလည်မှု ချောက်ကမ်းပါးသို့ သွားရောက်ကာ တာအိုကို နားလည်သဘောပေါက်အောင် ကျင့်ကြံခွင့် ရရှိမည် ဖြစ်၏။
တောင်ထိပ်ပေါ်တွင် လူများ ပိုမို စုဝေးလာသည်နှင့်အမျှ မွန်းတည့်အချိန်၌ ဖုန်းလိုင်ဓားဆွေးနွေးပွဲကို တရားဝင် စတင်လိုက်လေတော့သည်။
***