ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။
ကမ္ဘာလောကကြီးကို အကြောက်တရား သွတ်သွင်းပေးခဲ့သူများမှာ သူတို့ပင် ဖြစ်သည်။ သူတို့၏ အမည်ကို ကြားလိုက်ရုံနှင့် လူသားတို့ တုန်လှုပ်ချောက်ချားစေရန် ပြုလုပ်ခဲ့သူများ ဖြစ်သည်။ သို့သော် တစ်နေ့တွင် သူတို့ကိုယ်တိုင် လူသားတစ်ယောက်ကြောင့် ဤမျှအထိ ထိတ်လန့်သွားရလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးတောခဲ့မိကြပေ။
ယခုအခိုက်အတန့်တွင် သူတို့အားလုံးမှာ လုံးဝကို သွေးပျက်နေကြပြီ ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်များမှာလည်း မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေကြတော့သည်။
“ဆက်တိုက်ကြလေ”
ယဲ့ဖန်က တည်ငြိမ်စွာ ပြောလိုက်ရင်း မိစ္ဆာများကို ဝေ့ကြည့်လိုက်သည်။
*ဆက်တိုက် ဟုတ်လား*
မိစ္ဆာများ၏ အမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားသည်။ သူတို့ကို အရူးများဟု ထင်နေသလား။
သေတွင်းမှန်း သိသိကြီးနှင့် ရှေ့ကို တက်ရဲဦးမည်လော။ သူတို့သည် ယဲ့ဖန် မဟုတ်သကဲ့သို့ ယဲ့ဖန်ကဲ့သို့ သတ္တိမျိုးလည်း ရှိမနေကြပါ။
ထို့အပြင် သူတို့တွင် ယဲ့ဖန်ကဲ့သို့ စွမ်းရည်မျိုးလည်း လုံးဝ မရှိကြပါချေ။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ ထူးဆန်းသော တိတ်ဆိတ်မှုကြီးထဲသို့ ပြန်လည် နစ်မြုပ်သွားပြန်သည်။ ခုနကတင် တောက်လောင် ခါစရှိသေးသော မိစ္ဆာတို့၏ တိုက်ခိုက်လိုစိတ်မှာ ယဲ့ဖန်၏ လက်ချက်ကြောင့် တစ်ဖန် ပြန်လည် ငြိမ်းသတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
“မင်းရဲ့ သာလွန်တဲ့ စွမ်းရည်တွေကို ငါတစ်ချက်လောက် မြည်းစမ်းကြည့်ပါရစေ”
လူတစ်ယောက်သည် ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် တိုးထွက်လာသည်။
သူ၏ ဆံပင်များမှာ ဖြူဖွေးနေပြီး သာမန် ဝတ်ရုံကိုသာ ဝတ်ဆင်ထားကာ ခြေဗလာဖြင့် လမ်းလျှောက်လာသည်။ ကြည့်ရသည်မှာ တောင်ပေါ်တွင် အေးအေးလူလူ ကျင့်ကြံနေသော ရသေ့တစ်ပါးနှင့် တူလှပြီး လောကီအာရုံများမှ ကင်းလွတ် နေသည့် ထူးခြားသော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
“မိစ္ဆာမင်းသား ပါလား”
မိစ္ဆာများမှာ ချက်ချင်းပင် အံ့သြတုန်လှုပ်သွားကြတော့သည်။
သူတို့အရှေ့၌ ရှိနေသူမှာ အခြားသူမဟုတ်၊ တစ်နယ်လုံးတွင် ကျော်ကြားလှသည့် ရှီးလင်၏ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးပင် ဖြစ်သည်။ သူသည် မွေးဖွားလာချိန်မှစ၍ အာရုံစိုက်မှု အများဆုံး ခံခဲ့ရသူဖြစ်ပြီး၊ ထိုဒေသကို လွှမ်းမိုးကာ ရှီးလင်း၏ အုပ်စိုးရှင်တစ်ဦး ဖြစ်လာရန် ကံကြမ္မာပါလာသူပင်။
သူသည် ဒဏ္ဍာရီလာ မိစ္ဆာသူတော်စင် ဒေါင်းမင်းကြီး၏ သွေးဆက် သားမြေးတစ်ဦး ဖြစ်သည်။ မိစ္ဆာများနှင့် နတ်ဘုရားများ စစ်ပွဲအတွင်း ဒေါင်းမင်းကြီး၏ မျိုးနွယ်စုတစ်ခုလုံး အသက်ပျောက်ခဲ့ရရာ ဤသူမှာ သူ၏ တစ်ဦးတည်းသော အရိုးအနှစ် သားမြေးပင် ဖြစ်တော့သည်။
ပြိုင်ဘက်ကင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် ဒေါင်းမင်းကြီးသည် မိစ္ဆာအားလုံး၏ မူလအစ ဖြစ်ခဲ့သည်။
မိစ္ဆာမျိုးနွယ်စုတွင် အင်မော်တယ် ဧကရာဇ်အဆင့်နှင့်အထက် ရှိသူများသာလျှင် မဟာမိစ္ဆာများဟု ခေါ်ဆိုရန် အရည်အချင်း ပြည့်မီကြပြီး ဒေါင်းမင်းကြီးမှာမူ ထိုမဟာ မိစ္ဆာများထဲတွင် အကြီးမားဆုံးသော မိစ္ဆာဘုရင်ပင် ဖြစ်ခဲ့သည်။
သူသည် ရှေးခေတ်ကာလက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသော အသက်အရှည်ဆုံးနှင့် အနက်နဲဆုံး နတ်ဘုရား ပညာရပ်တစ်ခု ဖြစ်သည့် ဒေါင်းမင်း နတ်ဘုရားကျင့်စဉ်ကို ပိုင်ဆိုင်ထားခဲ့သည်။ ထိုအချိန်က ၎င်းသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးထားခဲ့ပြီး သူတော်စင်များကိုပင် ခွေးတစ်ကောင်ကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိခဲ့သည်။
ဒေါင်းမင်းကြီး၏ သွေးဆက်များတွင် စွမ်းအားဆိုသည်မှာ မွေးရာပါကဲ့သို့ ရိုးရှင်းလှပေသည်။ ထို့ကြောင့်လည်း မိစ္ဆာမင်းသားသည် မွေးဖွားစဉ်ကတည်းက လူအများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး ငယ်စဉ်ကတည်းက ထူးကဲသော ပါရမီကို ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မိုင်ပေါင်းသန်းချီ ကျယ်ပြောလှသော ရှီးလင်တစ်ခွင်တွင် သူ့ကို မသိသူ မရှိသလောက်ပင်။
သူ၏ အဆင့်အတန်းမှာ အလွန်တရာ မြင့်မြတ်လှပေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဘိုးဘေးများမှာ သူတို့ခေတ် သူတို့အခါက အလွန် ကြီးကျယ်သော ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြပြီး မိစ္ဆာမျိုးနွယ်စု၏ အင်အား အကြီးဆုံး အဖြစ် အသိအမှတ်ပြုခံခဲ့ရကာ လူမျိုးစုအားလုံး၏ ရိုသေလေးစားမှုကို ခံခဲ့ရသူများ ဖြစ်သောကြောင့်ပင်။ သူတို့၏ အောင်မြင်မှုများမှာလည်း မိစ္ဆာမျိုးနွယ်စုအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိခဲ့သည်။
ထို့ကြောင့် မိစ္ဆာသူတော်စင်များပင်လျှင် လေးစားမှုပြသည့်အနေဖြင့် မိစ္ဆာမင်းသားကို ဦးညွှတ်အရိုအသေ ပေးကြရသည်။
မိစ္ဆာမင်းသားသည်လည်း သူ၏ ဘိုးဘေးများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ခြင်း မရှိပါ။ ယခုအခါ ရှီးလင်၏ လူငယ် မျိုးဆက်သစ်များထဲတွင် သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။
သူသည် သူတော်စင်များနှင့်ပင် ရင်ဘောင်တန်းနိုင်စွမ်း ရှိသည်။
ရှီးလင်၏ မိစ္ဆာသူတော်စင်များက တစ်ချိန်က ခန့်မှန်းခဲ့ကြသည်မှာ အကယ်၍ မိစ္ဆာမင်းသားသာ သူတော်စင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက၊ ကိုးပြည်နယ် လောကကြီးမှာ သေချာပေါက် မိစ္ဆာမျိုးနွယ်စု၏ လက်အောက်သို့ ရောက်ရှိ သွားလိမ့်မည် ဟူ၍ပင်။
မိစ္ဆာမင်းသား ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ရှိနေကြသော မိစ္ဆာများအားလုံးမှာ အောင်ပွဲ၏ အရုဏ်ဦးကို မြင်တွေ့လိုက်ရသကဲ့သို့ ယုံကြည်ချက်များ တဟုန်ထိုး မြင့်တက်လာကြတော့သည်။
မိစ္ဆာများမှာ ချက်ချင်းပင် ရိုသေလေးစားစွာဖြင့် လမ်းဖယ်ပေးလိုက်ကြပြီး အားလုံးက မိစ္ဆာမင်းသားကို ကြည်ညို လေးစားသော အကြည့်များဖြင့် ဝိုင်းဝန်းကြည့်ရှုနေကြတော့သည်။
သူတို့၏ မျက်နှာအမူအရာများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေကြသည်။
“မိစ္ဆာမင်းသား၊ သတိထားပါ၊ ဒီလူက ရိုးရိုးရှင်းရှင်းတော့ မဟုတ်ဘူး”
အဝါရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအို မသေမျိုးက သတိပေးလိုက်သည်။
မိစ္ဆာမင်းသားသည် ခေါင်းညိတ်လိုက်ပြီး မိစ္ဆာများ၏ ရှေ့တွင် ရပ်တည်ကာ ယဲ့ဖန်ကို အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်သည်။
“မင်းက ငါတို့မျိုးနွယ်စုရဲ့ ကြီးကျယ်ခမ်းနားတဲ့ စုဝေးပွဲကို ကျူးကျော်ဝင်ရောက်လာရုံမကဘဲ ငါ့ရဲ့ မျိုးနွယ်တူ တွေကိုပါ သတ်ဖြတ်ပစ်တာ၊ ဒါက နည်းနည်း လွန်လွန်းမနေဘူးလား”
“ဒါဆိုရင်လည်း ငါ မင်းကို သတ်လိုက်မယ်”
ယဲ့ဖန်သည် အာဏာရှင်ဆန်ဆန်ပင် တစ်ခွန်းမျှ ထပ်မပြောတော့ဘဲ နေနှင့်လကိုပင် ပုံဖော်နိုင်စွမ်းရှိသည့် အရှိန်အဝါဖြင့် မိစ္ဆာမင်းသားထံသို့ တဟုန်ထိုး ပြေးဝင်သွားကာ လေထဲတွင် လက်သီးဖြင့် ပြင်းထန်စွာ ထိုးချ လိုက်တော့သည်။
*ဟမ်*
မိစ္ဆာမင်းသား၏ မျက်နှာမှာ ချက်ချင်းပင် မှောင်ကျသွားသည်။ သူသည် ယခင်က ဤကဲ့သို့သော စိန်ခေါ်မှုကို မည်သည့် အခါကမျှ မကြုံဖူးခဲ့ပါချေ။ တစ်ဖက်လူက သူ၏ သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်သွားပြီ ဖြစ်ရာ သူ၏ ဒေါသများမှာလည်း တမဟုတ်ချင်း တောက်လောင်လာတော့သည်။
“အသိဉာဏ်နည်းတဲ့ လူမိုက်၊ သူတော်စင် အဆင့်အောက်မှာဆိုရင် ငါ ဘယ်သူ့ကိုမှ မကြောက်ဘူး။ အခု ငါ့ကို တိုက်ခိုက်တာက မင်းဘဝမှာ အကြီးမားဆုံး မှားယွင်းမှု ဖြစ်လာလိမ့်မယ်”
“ဝုန်း”
သူ၏စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် မိစ္ဆာမင်းသား၏ လက်ထဲတွင် မှင်ကဲ့သို့ အနက်ရောင် တောက်နေသော ဓားကြီးတစ်လက် ပေါ်လာသည်။ ၎င်းမှာ အနက်ရောင် နဂါးတစ်ကောင်ကဲ့သို့ပင် ဖြစ်ပြီး မိစ္ဆာမင်းသား၏ ကိုယ်ပိုင် အရှိန်အဝါများနှင့် ပေါင်းစပ်သွားသည့် ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါများကို ထုတ်လွှတ် နေတော့သည်။
မိစ္ဆာနတ်ဘုရားဓား။
၎င်းမှာ သူတော်စင်တစ်ပိုင်း အဆင့်ရှိ လက်နက်တစ်ခု ဖြစ်ပြီး တစ်ချိန်က ဂိုဏ်းကြီးတစ်ခု၏ အခြေခံအုတ်မြစ် ဖြစ်ခဲ့ဖူးသည်။ ထိုဂိုဏ်းကြီး ပျက်သုဉ်းသွားပြီးနောက်တွင် ဤလက်နက်မှာ မိစ္ဆာမင်းသား၏ လက်ထဲသို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာမင်းသားက ဤသူတော်စင် တစ်ပိုင်းအဆင့် လက်နက်ကို ထုတ်သုံးလိုက်သည်ကို မြင်သောအခါ ပရိသတ်မှာ အနည်းငယ် စိတ်ပျက်သွားကြသည်။ သူ၏ အစစ်အမှန် လူသတ် တိုက်ကွက်မှာ အခုထိ ထွက်မလာသေးသည် မဟုတ်ပါလား။
ဒေါင်းမင်းကြီး မျိုးနွယ်စု၏ အကြောက်ရွံ့ဆုံး ဖြစ်သော ဘိုးဘွားပိုင် လက်နက်ကို အခုထိ ထုတ်မသုံးရသေးသည်မှာ သေချာသည်။ သူတို့သည် ဒေါင်းမင်းကြီး မျိုးနွယ်စု၏ စစ်မှန်သော စွမ်းအားကို ယခုထိတိုင် မမြင်တွေ့ရသေးပေ။
သူတော်စင် တစ်ပိုင်းနှင့် သူတော်စင်။ စကားလုံးအားဖြင့် တစ်လုံးသာ ကွာခြားသော်လည်း လက်တွေ့တွင်မူ ကမ္ဘာ နှစ်ခုကဲ့သို့ပင် ကွာခြားလှသည်။
ဤသူတော်စင် တစ်ပိုင်းအဆင့် လက်နက်၏ စွမ်းအားမှာ အဆင့်မြင့် သူတော်စင်လက်နက်နှင့် ယှဉ်ပါက များစွာ လျော့နည်း လှပေသည်။
“အစ်မကြီး၊ အရမ်း စိတ်ပူနေတာ မဟုတ်ဘူးလား၊ ငါတို့ ရှီးလင်မှာ ပါရမီရှင်တွေ အများကြီးရှိတယ်၊ ပြီးတော့ မိစ္ဆာမင်းသားကလဲ သူ့ရဲ့ တိုက်ကွက်ကို စတင်လိုက်ပြီလေ၊ သူက အဆင့်မြင့် သူတော်စင်လက်နက်ကိုလဲ သုံးဖို့ ကျန်သေးတယ်၊ မဟုတ်ရင် ဒီကောင်လေးကို သတ်တာက ခွေးတစ်ကောင်ကို သတ်သလိုမျိုး လွယ်ကူမှာပါ”
ဝူမုထျန်းလျိုက ဝင့်ကြွားစွာ ပြောလိုက်သည်။ မိစ္ဆာမင်းသားမှာ မိစ္ဆာမျိုးနွယ်စု၏ ထူးချွန်ထက်မြက်သော ပါရမီရှင်၊ ရှေးဟောင်းမျိုးဆက်မှ ဆင်းသက်လာသူတစ်ဦးပင် ဖြစ်သည်။
သူသည် မင်းသားသွေးကို ပိုင်ဆိုင်ထားပြီး မိစ္ဆာအမြောက်အမြားက သူ့ကို လမ်းပြကြယ်တစ်စင်းကဲ့သို့ လေးစား ကြသည်။
သူ လုံးဝ ရှုံးနိမ့်စရာ အကြောင်းမရှိပေ။
“အဲ့ဒီအတိုင်းပဲ ဖြစ်ပါစေ”
ဝူမုဖန်သိုက်လည်း မိစ္ဆာမင်းသားအနေဖြင့် ယဲ့ဖန်ကို အနိုင်ယူနိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။ သို့မဟုတ်ပါက သူတို့၏ ကျိုးပျက် တိမ်တိုက် ကောင်းကင်မြစ်တွင် လွတ်မြောက်ရန် လမ်းစ မရှိတော့ပေ။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်ရခြင်းမှာ လုံးဝ မျှော်လင့်ချက်မဲ့နေပေသည်။
မိစ္ဆာမင်းသားသည် ရှေ့သို့ တိုးလာပြီး ယဲ့ဖန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“မင်းရဲ့ နောက်ဆုံးစကားတွေကို ပြောထားလိုက်၊ မဟုတ်ရင် မင်းမှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”
အလွန် မောက်မာလှသည်။ ယုံကြည်မှု လွန်ကဲလှသည်။
မသိလျှင် ယဲ့ဖန်သည် သေဆုံးပြီးသား လူတစ်ယောက်ကဲ့သို့ပင်။
၎င်းကို မြင်သောအခါ ရှိနေသော မိစ္ဆာအားလုံးမှာ ရက်စက်စွာ ပြုံးလိုက်ကြသည်။ မိစ္ဆာမျိုးနွယ်စုထဲတွင် မိစ္ဆာမင်းသား တစ်ပါးသာလျှင် ဤမျှ ဂုဏ်ယူဝံ့ကြွားနိုင်ပေသည်။
*အခုအချိန်မှာ ဒီကောင်လေးတော့ အဆုံးသတ်သွားတော့မှာ အမှန်ပဲ*
သို့သော် ယဲ့ဖန်မှာမူ မည်သို့မျှ ဂရုမစိုက်ဘဲ မိစ္ဆာမင်းသားကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“အသက် တစ်ကြိမ်စာ ရှူချိန်အတွင်းမှာ မင်း မထွက်သွားရင်... မင်း သေရမယ်”
အေးဆေးတည်ငြိမ်လှသည်။ သာမန်စကားတစ်ခွန်း ပြောနေသကဲ့သို့ပင်။
သူ၏ စကားသည် လူတိုင်း၏ နားထဲသို့ မည်မျှအထိ ရိုက်ခတ်သွားမည်ကို သူ မသိခဲ့ပေ။
*အသက် တစ်ကြိမ်စာ ရှူချိန်အတွင်းမှာ မိစ္ဆာမင်းသားကို သတ်ပစ်မယ် ဟုတ်လား*
*ဒီကောင် တော်တော် မောက်မာတာပဲ*
*သူက မိစ္ဆာမင်းသားကို သာမန်လူတစ်ယောက်လို့ ထင်နေတာလား*
*ဒီကောင် သေတွင်းတူးနေတာပဲ*
“လူသားတွေက ဒီလောက်အထိ မောက်မာကြတာလား”
မိစ္ဆာမင်းသားက လှောင်ပြုံး ပြုံးလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ၏ မိစ္ဆာစွမ်းအားများ ပေါက်ကွဲ ထွက်လာပြီး ပြင်းထန်သော လေပြင်းများနှင့်အတူ ရောယှက်သွားတော့သည်။
ယဲ့ဖန်မှာမူ လက်ဗလာဖြင့် ရှေ့သို့ တိုးလာပြီး နှုတ်ခမ်းထောင့်တွင် အထင်သေးသော အပြုံးတစ်ခု ပေါ်ပေါက် လာသည်။
“မိစ္ဆာမျိုးနွယ်စု၊ မင်းတို့မှာ အမှိုက်တစ်စကိုတောင် မင်းတို့ရဲ့ အရှင်သခင်အဖြစ် ကိုးကွယ်ရလောက်အောင်အထိ အရည်အချင်း မဲ့နေကြတာလား”
*အမှိုက် ဟုတ်လား*
အားလုံး အသက်ရှူမှားသွားကြသည်။
*ဒီလူသားက မိစ္ဆာမျိုးနွယ်စုရဲ့ ကျော်ကြားတဲ့ ပါရမီရှင် မိစ္ဆာမင်းသားကို အမှိုက်လို့ ခေါ်ရဲတာလား*
*မောက်မာလွန်းတယ်*
*အရှက်မဲ့လွန်းတယ်*
မိစ္ဆာမင်းသား၏ မျက်နှာမှာ ချက်ချင်းပင် သုန်မှုန်သွားပြီး သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ တဖျတ်ဖျတ် တောက်လာတော့သည်။
သူသည် မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါ များဖြင့် သူ၏ အနက်ရောင်ဓားကြီးကို ကောင်းကင်ယံသို့ ထိုးညွှန်ကာ အငြိုးအတေးကြီးစွာဖြင့် အောက်သို့ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်တော့သည်။
မိစ္ဆာနတ်ဘုရားဓားသည် နဂါးတိုင်ကြီးတစ်ခုကဲ့သို့ ထူထဲလှပြီး ကောင်းကင်ယံကြီးကို အပိုင်းပိုင်း ပိုင်းဖြတ် လိုက်သကဲ့သို့ မိုးကြိုးမည်းကြီး တစ်ခုအလား ပြင်းထန်စွာ ထိုးစိုက်ကျလာတော့သည်။
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြရသည်။ မိစ္ဆာမင်းသား၏ အာဏာရှင်ဆန်သော စွမ်းအားမှာ ပြိုင်ဘက်ကင်း လှပြီး သူ၏ဓားချက်အောက်တွင် ကောင်းကင်နှင့် မြေကြီးပင် တုန်လှုပ်သွားရသည်။
“ဟ … မိစ္ဆာမင်းသားရဲ့ ကျင့်စဉ်အဆင့်က တစ်ဖန် ပြန်ပြီး တိုးတက်လာပြန်ပြီ၊ ဒီစွမ်းအားက ဟိုးအရင်ခေတ်က ဒေါင်းမင်းကြီးနဲ့တောင် တူလောက်အောင် ခန့်ညားလှတယ်”
“သူ့ကို ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ မျှော်လင့်ချက်လို့ ခေါ်တာ မမှားဘူး၊ ငါတို့က သူ့ထက် အဆပေါင်းများစွာ အသက် ပိုကြီးပေမဲ့၊ သူ့ကိုသာ ရင်ဆိုင်ရမယ်ဆိုရင် ဆယ်ပွဲတောင် ခံနိုင်မှာ မဟုတ်ဘဲ သေချာပေါက် အသက် ဆုံးရှုံးရမှာပဲ”
“ငါတို့က ကိုယ့်ကိုယ်ကို ပါရမီရှင်တွေလို့ ခေါ်ဆိုပြီး ဂုဏ်ယူနေခဲ့ကြတာ၊ မိစ္ဆာမင်းသားနဲ့ ယှဉ်လိုက်တော့ ငါတို့ဟာ အသုံးမကျတဲ့သူတွေပါလား၊ တကယ့်ကို ရှက်စရာကောင်းလိုက်တာ”
အစွမ်းထက်လှသော မိစ္ဆာအုပ်စုမှာ တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြပြီး သူတို့၏ စကားလုံးတိုင်းတွင် ချီးကျူး ဂုဏ်ပြုမှုများဖြင့် ပြည့်နှက်နေသည်။
ယဲ့ဖန် ကံဆိုးသွားပြီဟု သတ်မှတ်လိုက်ကြပုံရသည်။
“ဟားဟားဟား၊ မိစ္ဆာမင်းသားကို စိန်ခေါ်ရဲတဲ့ ဒီကောင်လေးကတော့ အသက်ရှင်ရတာ ငြီးငွေ့နေတာပဲ၊ သူ ဘယ်လို သေမလဲ ကြည့်ရသေးတာပေါ့”
ဝူမုထျန်းလျိုမှာလည်း စိတ်လှုပ်ရှားနေသည်။ အဆုံးစွန်ထိ သူသည် ထိုမြှားဒဏ်ရာအတွက် လက်စားချေ နိုင်တော့မည် ဖြစ်သည်။
သို့သော် ထိုစဉ်မှာပင် ယဲ့ဖန်သည် သူ၏ လက်ဝါးဖြင့် ရှေ့သို့ တွန်းထုတ်လိုက်ပြီး ဝင်ရောက်လာသော ဧရာမ ဓားအလင်းတန်းကို တားဆီးလိုက်သည်။ ထို့နောက် လက်ချောင်းငါးချောင်းကို စုစည်းကာ ရုတ်တရက် ဆုပ်ကိုင်လိုက်တော့သည်။
“ဂျွတ်”
ကမ္ဘာမြေကိုပင် တုန်လှုပ်စေနိုင်သည့် ထိုဓားအလင်းတန်းကြီးမှာ ယဲ့ဖန်၏ လက်ချောင်းငါးချောင်းကြားတွင် အစိတ်စိတ် အမွှာမွှာ ကြေမွသွားတော့သည်။
တိတ်ဆိတ်ခြင်း။
ထိုအခိုက်အတန့်တွင် နေရာတစ်ခုလုံးမှာ သုသာန်အလား တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
မိစ္ဆာများမှာ သူတို့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး အသိစိတ်ပင် လွတ်သွားကြရသည်။
အားလုံးမှာ မှင်တက်သွားကြပြီး အချိန် အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မဟနိုင်ဘဲ ဖြစ်နေကြရသည်။
*ဒါ*
*ထင်ယောင်ထင်မှား ဖြစ်နေတာလား*
*မိစ္ဆာမင်းသားရဲ့ လောကကို တုန်လှုပ်စေနိုင်တဲ့ တိုက်ခိုက်မှုက ဒီမိစ္ဆာကောင်ရဲ့ တိုက်ကွက် တစ်ခုတည်းနဲ့ ပိတ်ဆို့တာကို ခံလိုက်ရတာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
မိစ္ဆာမင်းသားကိုယ်တိုင်ပင် ထိုအခိုက်အတန့်တွင် မှင်တက်ဆွံ့အသွားရသည်။ သူ၏ ဓားချက်သည် အင်မော်တယ် ဧကရာဇ်ကိုပင် ဒူးထောက်စေခဲ့ပြီး သူတော်စင်ကိုပင် သက်ပြင်းချစေခဲ့သည်။
သို့သော် ယခုမူ ဤလူက ထိုဓားချက်ကို မျက်စိတစ်မှိတ်အတွင်းမှာပင် ခြေမှုန်းပစ်လိုက်လေသည်။ ထို့အပြင် လက်ဗလာ သက်သက်ဖြင့်သာ။
လက်ဗလာ သက်သက်ဖြင့် မိစ္ဆာဓားကို တုန်လှုပ်သွားစေခဲ့ခြင်းပင်။
ဤလူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ မိစ္ဆာတစ်ကောင်ထက်ပင် ပိုမိုသန်မာနေချေပြီ။
တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားပါပေ။
ချက်ချင်းဆိုသလိုပင် မိစ္ဆာမင်းသား၏ မျက်နှာမှာ ရုတ်တရက် အလွန်အမင်း သုန်မှုန်သွားပြီး ယဲ့ဖန် အပေါ် ထားရှိသော သူ၏အကြည့်မှာ အထင်သေးမှုများ မရှိတော့ဘဲ လေးနက် တည်ကြည်မှုများဖြင့် ပြည့်နှက် သွားတော့သည်။
ဤသူသည်... ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ဦးပင်။
“မင်းရဲ့ ဓားချက်က ထူးခြားမနေပါဘူး”
ယဲ့ဖန်က ထိုကဲ့သို့ ဝေဖန်ပြောဆိုရဲသည့် သတ္တိရှိနေဆဲပင်။
၎င်းက မိစ္ဆာမင်းသား၏ မျက်နှာကို ပို၍ပင် အကျည်းတန်သွားစေပြီး လုံးဝ အရှက်ရသွားသလို ခံစားလိုက် ရစေသည်။
“ဒါဆိုရင်... ငါ့ရဲ့ ဓားချက်ကိုရော မြည်းစမ်းကြည့်မလား”
ယဲ့ဖန်က ချက်ချင်းပင် လှောင်ပြုံး ပြုံးလိုက်ပြီး သူ၏ လက်ချောင်းများကို အလျားလိုက် ထိုးညွှန်လိုက်ရာ ဓား အရှိန်အဝါ တစ်ခုမှာ ဟိန်းထွက်သွားတော့သည်။
*ဘာ*
ဤမြင်ကွင်းက မိစ္ဆာအားလုံးကို မှင်တက်သွားစေသည်။
*လက်ချောင်းကို ဓားအဖြစ် ပြောင်းလဲလိုက်တာလား*
၎င်းမှာ အရာအားလုံးကို ဓားအဖြစ် အသုံးချနိုင်သည့် ဓားပညာရပ်၏ အမြင့်ဆုံး အဆင့်အတန်းပင် ဖြစ်သည်။
*ဒါက ဒဏ္ဍာရီလာ ဓားပညာရပ်ရဲ့ အထွတ်အထိပ် မဟုတ်လား*
*ငါတို့ အရှေ့က ဒီလူက တကယ်ပဲ အမြင့်မြတ်ဆုံး ဓားသခင် တစ်ယောက် ဖြစ်နေတာလား*
“ဘုန်း”
နောက်တစ်စက္ကန့်တွင် ပြင်းထန်ပြီး စူးရှလှသော အရှိန်အဝါတစ်ခုမှာ တစ်နယ်လုံးသို့ ပျံ့နှံ့သွားရာ ဆိတ်သုဉ်း မြေရိုင်းကြီး တစ်ခုလုံးမှာ ရေခဲတိုက်တစ်ခုထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
ထိုအေးစက်မှုမှာ အလွန်ပင် ထူးဆန်းလှသည်။
အရိုးထဲအထိ စိမ့်ဝင်အောင် အေးစက်လှသည်။ စူးရှလှသည်။
အေးစက်နေသော ဓားသွားတစ်ခုက မိမိ၏ အရေပြားပေါ်သို့ ဖိကပ်ထားသကဲ့သို့ပင်။
၎င်းက ရှိနေသော မိစ္ဆာအားလုံးကို မိမိတို့၏ လည်ချောင်းထဲသို့ ဓားတစ်လက် အထိုးခံလိုက်ရသကဲ့သို့ အလွန်အမင်း သက်တောင့်သက်သာမရှိမှုကို ခံစားရစေပြီး၊ အတိုင်းအဆမဲ့ ကြောက်ရွံ့သွားစေတော့သည်။
ဤတိုက်ကွက်သည် အင်မော်တယ် ဧကရာဇ် တစ်ပါးကို အလွယ်တကူ သတ်ဖြတ် နိုင်စွမ်းရှိကြောင်း မည်သူမျှ သံသယ မရှိကြပါချေ။
ထိုအခိုက်အတန့်တွင် မိစ္ဆာမင်းသားသည် ချက်ချင်းပင် ထိတ်လန့် တုန်လှုပ်သွားလေသည်။
သူသည် ဓားကျင့်စဉ် တစ်ခုတည်းကိုသာ အဓိကထား ကျင့်ကြံခဲ့သူမဟုတ်သော်လည်း သူ၏ ဓားပညာမှာ ရှီးလင် တစ်ခွင်လုံးတွင် ပြိုင်ဘက်ကင်းလှပေသည်။
အမှန်စင်စစ် ကိုးပြည်နယ် တစ်လောကလုံးမှာပင် သူ့ကို ယှဉ်နိုင်သူ အနည်းငယ်သာ ရှိသည်။
သို့သော် ယခု သူ၏မျက်စိရှေ့တွင် မြင်တွေ့နေရသည့်အရာမှာ လုံးဝကို မယုံကြည်နိုင်စရာပင်။
သူ့ရှေ့မှ ဤလူ၏ ဓားပညာမှာ သူ၏ပညာထက်ပင် သာလွန်နေသည်လား။
သူ၏ ဂုဏ်ယူ ဝံ့ကြွားမှုများမှာ ခြေမွ ဖျက်ဆီးခံလိုက်ရသလို သူ ခံစားလိုက်ရသည်။
ကြောက်မက်ဖွယ် ကောင်းလှသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိစ္ဆာမင်းသားထံသို့ တဟုန်ထိုး ပိုင်းဖြတ်ချ လိုက်တော့သည်။
မိစ္ဆာမင်းသားမှာလည်း ချက်ချင်းပင် ဒေါသအမျက်ချောင်းချောင်း ထွက်သွားရသည်။
သူသည်လည်း သူ၏ဓားကို မီးကုန်ယမ်းကုန် ဝှေ့ယမ်းကာ ပြန်လည် တုံ့ပြန်လိုက်သည်။
သူတော်စင် တစ်ပိုင်း အဆင့် လက်နက်မှာ ၎င်း၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး လွှမ်းမိုးထားသော မိစ္ဆာ စွမ်းအင်များနှင့် ယဲ့ဖန်၏ ဓားချက်တို့မှာ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကြတော့သည်။
သို့သော် အဆုံးသတ်တွင်မူ... ၎င်းသည် နတ်ဆိုး ဧကရာဇ်၏ အရှိန်အဝါနှင့် စွမ်းပကားကို လုံးဝ မယှဉ်နိုင်ခဲ့ပါချေ။
ကြောက်မက်ဖွယ်ကောင်းပြီး နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။ တောက်ပသော မီးပွားများမှာ နေရာအနှံ့သို့ လွင့်စဉ်သွားကြသည်။
မိစ္ဆာမင်းသားသည် အမှန်တကယ်ပင် ဓားလွယ်ခုတ် ပိုင်းဖြတ်ခံလိုက်ရပြီး လေထဲတွင် အကြိမ်ကြိမ် လွင့်ထွက် သွားကာ လူးလိမ့်သွားပြီးမှ နောက်ဆုံးတွင် ရပ်တန့်သွားတော့သည်။
“ဘာ … မိစ္ဆာမင်းသား၊ သူ... သူက အရေးနိမ့်သွားတာလား”
အားလုံးမှာ မှင်တက်သွားကြရသည်။ မိစ္ဆာအားလုံးမှာ အသိစိတ်ပင် လွတ်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် အတိုင်းအဆမဲ့သော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေတော့သည်။
သူတို့ လုံးဝ မယုံကြည်နိုင်ကြပါ။ ယင်းက အိပ်မက်တစ်ခုလိုပါပင်။
ထိုသူမှာ မိစ္ဆာမင်းသား မဟုတ်ပါလား။
မည်သူမျှ သူ့ကို ဤမျှအထိ သုံးမရအောင် ဖြစ်သွားသည်ကို မမြင်ဖူးခဲ့ကြသလို ဤမျှ မြန်မြန်ဆန်ဆန် အရေးနိမ့် သွားလိမ့်မည်ဟုလည်း မထင်ထားခဲ့ကြပါချေ။ ထိပ်တိုက်ရင်ဆိုင်မှုများတွင် မိစ္ဆာမင်းသားသည် မည်သည့်အခါကမျှ ကြောက်ရွံ့ခြင်း မရှိခဲ့ဖူးပါချေ။
သူတို့ရှေ့မှ မြင်ကွင်းက လူတိုင်းကို ကျောချမ်းသွားစေတော့သည်။
သို့သော် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာများက ဆိုက်ရောက်လာဦးမည် ဖြစ်သည်။
“ဝေါ့”
မိစ္ဆာမင်းသားမှာ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် သူ၏မျက်နှာမှာ ရဲရဲနီသွားပြီး ပါးစပ်မှ သွေးတစ်လုတ်ကို အရှိန်ဖြင့် အန်ထုတ်လိုက်ရတော့သည်။
သူ ဒဏ်ရာရသွားလေပြီ။ ထို့အပြင် တိုက်ကွက် တစ်ချက်တည်းနှင့်တင် ဒဏ်ရာရသွားခြင်း ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ရှိနေသော လူတိုင်း၏ မျက်နှာများမှာ သေလူကဲ့သို့ ပြာနှမ်းကုန်ကြပြီး သူတို့၏ မျက်လုံး များမှာလည်း ပေါက်ထွက်မတတ် ပြူးကျယ်သွားကြတော့သည်။
ထို့နောက်တွင် အော်ဟစ်သံများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။
“မိစ္ဆာမင်းသား ဒဏ်ရာရသွားပြီ”
***