လော့ရွှေမြစ်ဘေး တစ်နေရာ…
ယန်ခိုင် ထွက်ခွာသွားပြီးနောက်…
ကျန်းလီလည်း အရှေ့ဘက် ခြံဝင်းဆီသို့ ရောက်လာခဲ့သည်။
တိတ်ဆိတ်နေသော ညဉ့်နက်ယံတွင် အရှေ့ဘက် ခြံဝင်းမှ ဆူညံသံများကို ကျန်းလီ ကြားလိုက်ရသည် မဟုတ်ပါလား။
လျူဝမ်ဝမ်အား နှစ်သိမ့်ပေးပြီးနောက် သူက ဘယ်ဘက်လက်တွင် ဓားတစ်လက်ကို ကိုင်ဆောင်ကာ အလျင်အမြန် ထွက်လာခဲ့၏။
သူက ကျန်းနင် ရှိနေသော ခြံဝင်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။
...
လေထဲတွင် ပျံ့လွင့်နေသော သွေးနံ့များကို သူ ရလိုက်ပြီး မတ်တတ်ရပ်နေသော ကျန်းနင်၏ ပုံရိပ်ကိုလည်း မြင်လိုက်ရသည်။
"ညီလေး... ဘာတွေဖြစ်သွားတာလဲ"
ကျန်းနင်က…
"အစ်ကိုကြီး... စိတ်မပူပါနဲ့... ဒီနေ့ည ခိုးဝင်လာတဲ့ သူခိုး နှစ်ယောက်ကို ကျွန်တော် မောင်းထုတ်လိုက်တာပါ"
"ညီလေး... ဒဏ်ရာတွေဘာတွေ မရခဲ့ဘူး မဟုတ်လား"
"မရပါဘူး" ကျန်းနင်က ခေါင်းခါယမ်း၍ ကျန်းလီအား စိတ်အေးစေရန် ဆက်ပြောလိုက်သည်။
"အစ်ကိုကြီး... စိတ်မပူပါနဲ့... အခု ကျွန်တော့်ရဲ့ စွမ်းအားက သာမန်လူတွေ ခြိမ်းခြောက်လို့ရတဲ့အဆင့် မဟုတ်တော့ပါဘူး"
"အစ်ကိုကြီး အရင် ပြန်သွားလိုက်ပါ... မရီး စိတ်ပူနေမှာစိုးလို့ သွားချော့လိုက်ဦး"
ကျန်းလီက ကျန်းနင်အား သေချာထပ်မံ အကဲခတ်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများကို ဝေ့ဝဲ ကြည့်လိုက်၏။
ရဲမက်တစ်ယောက် အနေဖြင့် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော သူ၏ အတွေ့အကြုံများအရ တစ်စုံတစ်ခုကို ရိပ်မိသွားပြီး လုံးဝ စိတ်အေးသွားတော့သည်။
"ညီလေး ဘာမှမဖြစ်ဘူး ဆိုမှတော့ အစ်ကိုကြီး အရင် ပြန်နှင့်မယ်လေ"
အရုဏ်တက်ချိန်တွင်…
လော့ရွှေခရိုင်၏ အပြင်ဘက် တစ်နေရာ၌…
တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။
"ဘာကိစ္စလဲ"
"သခင်ကြီး... ကိစ္စကြီးတစ်ခု ဖြစ်လာလို့ပါ... ဆိုင်ရှင်ယန် အပြင်ဘက်မှာ စောင့်နေပါတယ်"
အချိန်အနည်းငယ် အကြာတွင်…
အိမ်တွင်းမှ ဖယောင်းတိုင် မီးရောင် လင်းထိန်လာပြီး တောက်ပသော အလင်းရောင်က ပြတင်းပေါက် ဇာကွက်များမှ တစ်ဆင့် ခြံဝင်းထဲသို့ ဖြာကျလာ၏။
နောက်တစ်ခဏ အတွင်းမှာပင်…
ကျီ...
တံခါးမှာ ပွင့်သွားလေသည်။
ခြောက်သွေ့နေသော အရေပြားများဖြင့် အဘိုးအိုတစ်ဦးက အိမ်အပြင်ဘက်ရှိ အစေခံရှေ့တွင် ပေါ်လာ၏။
ထိုအဘိုးအိုမှာ အနည်းငယ် ခါးကိုင်းနေပြီး သူ့ခေါင်းပေါ်ရှိ ငွေရောင် ဆံပင်များက တောက်ပသော လရောင်အောက်တွင် အထူး သိသာ ထင်ရှားနေသည်။
သူက ခါးပတ် ကြိုးကို ချည်နှောင်ရင်း မေးလိုက်၏။
"ဘာတွေဖြစ်လာလို့ ယန်ခိုင်က သန်းခေါင်ယံကြီး ရုတ်တရက် ရောက်လာရတာလဲ"
"အသေးစိတ်တော့ ကျွန်တော်လည်း သေချာ မသိဘူး... ဒါပေမဲ့ ဆိုင်ရှင်ချိုးရဲ့ အလောင်းကိုတော့ မြင်လိုက်ရတယ်" အစေခံက ရိုးသားစွာ အစီရင်ခံလိုက်သည်။
"ဘာ..." အဘိုးအို၏ လက်များ အလိုအလျောက် တုန်ယင်သွားရသည်။
ထို့နောက် သူက အမိန့်ပေးလိုက်၏။
"ငါ့ကို အဲနေရာ မြန်မြန်ခေါ်သွားပေးစမ်း"
ဤအခိုက်အတန့်တွင် သူက ခါးပတ်ကိုပင် သေသေချာချာ မချည်နှောင်နိုင်တော့ဘဲ ကမန်းကတန်း ချည်နှောင်၍ အလျင်အမြန် ထွက်လာခဲ့လေပြီ။
အိမ်ကြီး၏ အနောက်ဘက် ခြံဝင်းသို့ ရောက်ရှိလာချိန်တွင်…
အဘိုးအိုက ခြံဝင်းထဲ ခြေချလိုက်သည်နှင့် သွေးနံ့များကို ရလိုက်၏။
ထိုအချိန်တွင် ယန်ခိုင် ခြံဝင်းထဲ၌ ရပ်နေသည်ကို မြင်လိုက်ရပြီး ယန်ခိုင်၏ ခြေရင်းတွင် လဲလျောင်းနေသော အလောင်း တစ်လောင်းကိုလည်း တွေ့လိုက်ရသည်။
"အဘိုးကုန်း..." ယန်ခိုင်က အဘိုးအို ပေါ်လာသည်ကို မြင်လျှင် အလျင်အမြန် ဦးညွှတ် နှုတ်ဆက်လေသည်။
အဘိုးအိုက လက်ကာပြ၍…
"ယဉ်ကျေးမှုတွေ ထားလိုက်တော့..."
"ယန်ခိုင်... ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာ သေချာ ပြောပြစမ်း" အဘိုးအိုက မေးလိုက်၏။
ထိုစကားကြားလျှင် ယန်ခိုင်လည်း ယနေ့ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြတော့သည်။
ဤနေရာသို့ လာရာလမ်းတွင် သူက အမှန်တရားကိုသာ ပြောပြရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်၏။
လက်နက်သွန်းလုပ်ရေးဆိုင် အနေဖြင့် မည်သို့ တုံ့ပြန် လုပ်ဆောင်ရမည် ဆိုသည်ကိုမူ အကြောင်းစုံ သိပြီးနောက် အဘိုးကုန်း၏ ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်ပေလိမ့်မည်။
မည်သို့ပင် ဆိုစေကာမူ လက်နက်သွန်းလုပ်ရေးဆိုင် တစ်ခုလုံး၏ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော အခြေခံအုတ်မြစ်မှာ အဓိကအားဖြင့် အဘိုးကုန်း၏ ပံ့ပိုးမှုများကြောင့်သာ မဟုတ်ပါလား။
ယန်ခိုင်၏ ပြောပြချက်များကို နားထောင်ပြီးနောက် အဘိုးကုန်းမှာ အတွေးနက်သွားတော့သည်။
ခဏအကြာတွင်…
အဘိုးကုန်းက…
"လက်ဆောင်တချို့ ပြင်ဆင်ထားလိုက်... မနက်ဖြန် မင်းနဲ့အတူ တောင်းပန်ဖို့ ငါကိုယ်တိုင် လိုက်ခဲ့မယ်"
"တောင်းပန်ဖို့ ဟုတ်လား" ယန်ခိုင်က အနည်းငယ် အံ့အားသင့်သွားသည်။
အဘိုးကုန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်၍…
"အင်း... ဘယ်သူ မှားတယ် မှန်တယ် ဆိုတာကို အသာထား... အဲဒီလူကို သွားပြီး မစော်ကားမိစေနဲ့... လအနည်းငယ်အတွင်းမှာ ဓားစွမ်းအားကို ကျွမ်းကျင်လာတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး"
"ပြီးတော့ တချို့နေရာတွေမှာ ငါတို့ဘက်က တကယ် မှားခဲ့တာပဲ... ချိုးရှီလုံ မှားတာလေ"
"ပေးပြီးသား ပစ္စည်းကို ပြန်တောင်းတယ်ဆိုတာ ဘယ်လိုမှ အကြောင်းပြချက် မရှိဘူး"
အဘိုးကုန်းက ချက်ချင်းပင် ပြတ်သားစွာ ပြောလိုက်လေသည်။
ထိုစကားကြားလျှင် ယန်ခိုင်က အကြိမ်ကြိမ် ခေါင်းညိတ်ပြ၍…
"အဘိုးကုန်း... ဒါဆို ကျွန်တော် သွားပြင်ဆင်လိုက်ရမလား" ယန်ခိုင်က မေးလိုက်၏။
"မလိုဘူး..." အဘိုးကုန်းက ခေါင်းခါယမ်း၍ ဆက်ပြောသည်။
"ငါ့ဆီမှာ နဂါးနဲ့ ကျားခွန်အားဖြည့်ဆေး တစ်လုံးရှိတယ်... အဲဒါက လက်ဆောင်ပေးဖို့ အသင့်တော်ဆုံးပဲ"
ထို့နောက် သူက ယန်ခိုင်ကို လှမ်းကြည့်၍ ဆက်ပြောလာ၏။
"လက်နက်သွန်းလုပ်ရေးဆိုင်နဲ့ ပတ်သက်ပြီး... ချိုးရှီလုံ သေသွားပြီ ဆိုတော့ မင်းက ဆိုင်ရှင်အသစ် ဖြစ်လာလိမ့်မယ်... ဆိုင်ကို မင်းပဲ ဆက်ပြီး ဦးစီးတော့"
ယန်ခိုင်က တွေဝေစွာဖြင့်…
"ကျွန်တော်လား..."
"ကျွန်တော်... စီမံနိုင်ပါ့မလား" ယန်ခိုင်က မေးလိုက်သည်။
"မနိုင်လည်း လုပ်ရမှာပဲ... လက်ရှိ ဆိုင်မှာ သိုင်းပညာ အဋ္ဌမအဆင့် ဆိုလို့ မင်း တစ်ယောက်တည်းပဲ ရှိတော့တာ... မင်းကလွဲရင် ဘယ်သူမှ ဦးဆောင်နိုင်မှာ မဟုတ်ဘူး... ပြီးတော့ ဒီကျေးဇူးကြွေးက အဓိကအားဖြင့် မင်းနဲ့ သက်ဆိုင်နေတာ... သူက အဲဒီ ဝိညာဉ်လက်နက်ကို ဆွဲထုတ်နိုင်ခဲ့တယ် ဆိုတော့ သူ့ဆီမှာ သာမန်လူတွေဆီမှာ မရှိတဲ့ ထူးခြားချက်တွေ သေချာပေါက် ရှိရမယ်"
"အဲဒီ ကောင်လေးရဲ့ အနာဂတ်က အကန့်အသတ် မရှိဘူး... မင်း ဆိုင်ရှင် ဖြစ်လာတာ အကောင်းဆုံး ရွေးချယ်မှုပဲ"
"အဘိုးကုန်းက ကျွန်တော့်ကို ဒီလောက် ယုံကြည်မှတော့... အစွမ်းကုန် ကြိုးစားပါ့မယ်" ယန်ခိုင်က ပြောလေ၏။
အဘိုးကုန်းက ခေါင်းညိတ်၍…
"အင်း..."
"မနက်ဖြန် မင်းနဲ့အတူ ဆိုင်ကို သွားပြီး အစီအစဉ်တွေ ချပေးမယ်... ပြီးတော့ နေ့လယ်ကျရင် မင်းနဲ့ငါ ကျန်းနင်ရဲ့ အိမ်ကို သွားကြတာပေါ့" အဘိုးကုန်းက ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အဘိုးကုန်း..." ယန်ခိုင်က ပြန်ဖြေလေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင်…
နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့လေပြီ။
[ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ် အတွေ့အကြုံ +၁]
[...]
ကျန်းနင်က သူ၏ အရေပြား ခံနိုင်ရည် ကန့်သတ်ချက်ကို ရောက်ရှိသွားပြီဟု ခံစားလိုက်ရချိန်တွင် အရေပြား သန့်စင်ခြင်း လုပ်ငန်းစဉ်ကို နောက်ဆုံး၌ ရပ်တန့်လိုက်တော့သည်။
[ကျွမ်းကျင်မှု] ။ ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ် (အဆင့်မြင့် ၈၅၃/၂၀၀၀)
"နီးနေပြီ... အရေပြား သန့်စင်ခြင်း အဆင့်မြင့် ဖြစ်လာဖို့ သိပ်မလိုတော့ဘူးပဲ" ကျန်းနင်က တိတ်တဆိတ် တွေးတောမိသည်။
ထို့နောက် သူက ဘေးသို့ ရွှေ့သွားပြီး သစ်ပင်အဆီအနှစ် ပုလင်း တစ်ပုလင်းကို ကောက်ယူကာ ပါးစပ်ထဲ လောင်းထည့်လိုက်၏။
အေးမြသော ခံစားချက် တစ်ခုက သူ့တစ်ကိုယ်လုံးသို့ ဖြည်းညှင်းစွာ ပျံ့နှံ့သွားပြီး သူ့အား ပိုမို လန်းဆန်းသွားစေသည်။
ထို့နောက် သူက အရိပ်ရသော နေရာတစ်ခုတွင် ထိုင်လိုက်ပြီး စာအုပ်တစ်အုပ်ကို ကောက်ယူကာ ဖြည်းညှင်းစွာ လှန်လှော ကြည့်ရှုနေလိုက်သည်။
သူ့အမြင်တွင် စာဖတ်ခြင်းနှင့် စာရေးခြင်းမှ ရရှိသော အတွေ့အကြုံ တန်ဖိုး တိုးတက်လာမှုမှာလည်း ထပ်တူ အရေးပါသည် မဟုတ်ပါလား။
သူက နေ့စဉ်နှင့်အမျှ ကျွမ်းကျင်မှု အတွေ့အကြုံ တန်ဖိုးများ တိုးတက်လာစေရန် အလေ့အကျင့် လုပ်ထားပြီး ဖြစ်သလို သူ့ကိုယ်သူ တဖြည်းဖြည်း တိုးတက်လာသည်ကို ကြည့်ရခြင်းကလည်း ကြည်နူးစရာ ကောင်းလှပေသည်။
တောက်... တောက်... တောက်...
ခြေသံအချို့ ချဉ်းကပ်လာ၏။
"ဦးလေး..." အသံတစ်သံက သူ့နားထဲသို့ ဝင်ရောက်လာသည်။
ကျန်းနင်က မော့ကြည့်လိုက်ပြီးနောက် ပြုံးလိုက်၏။
ရောက်လာသူမှာ ကျန်းလီ၏ သားကြီး၊ သူ၏ တူအရင်းဖြစ်သူ ကျန်းယီမင်ပင် ဖြစ်သည်။
"ယီမင်... ဘာကိစ္စရှိလို့ ဒီကို လာရတာလဲ... တစ်ခုခု အကူအညီ လိုလို့လား" ကျန်းနင်က မေးလိုက်သည်။
"ဦးလေး… ဧည့်သည် ရောက်နေတယ်... အဖေက ဦးလေးကို လာခေါ်ခိုင်းလိုက်လို့" ကျန်းယီမင်က ခေါင်းခါယမ်း၍ ပြောလိုက်၏။
ကျန်းနင်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ အပြည့်ဖြင့်…
"ငါ့ဆီကို ဧည့်သည် ရောက်နေတယ် ဟုတ်လား..."
"လာတဲ့သူက ဘယ်သူဆိုတာရော ပြောပြသေးလား"ကျန်းနင်က ပြန်မေးလိုက်လေသည်။
End
***