ကျန်းယီမင်က ခေါင်းညိတ်၍...
"ဟုတ်ကဲ့... သူတို့က လက်နက်ပန်းပဲဖိုက လာတာလို့ ပြောတယ် ဦးလေး"
"ဪ... သူတို့ကိုး..." ကျန်းနင်က နေရာမှ ဆတ်ခနဲ ထရပ်လိုက်၏။
အခြေအနေကို သူ ရိပ်မိပြီးသားပင်။
လက်နက်ပန်းပဲဖိုမှ လူများမှာ မနေ့ညက ကိစ္စကြောင့် ဤနေရာသို့ ရောက်လာခြင်း ဖြစ်ပေလိမ့်မည်။
ထို့နောက် ဘေးဘက်သို့ လျှောက်သွားပြီး နဂါးချောက်ကမ်းပါး ဝိညာဉ်လက်နက်အား ကောက်ယူလိုက်ကာ...
"ယီမင်... သွားကြစို့..."
...
ကျန်းနင်က ပင်မခန်းမဆောင်ဆီသို့ ဦးဆောင် ထွက်လာခဲ့လေသည်။
'လက်နက်ပန်းပဲဖိုက လူတွေ ရောက်လာပြီဆိုတော့... ပြဿနာ လာရှာတာများလား...'
'တကယ်လို့ ပြဿနာလာရှာတာ ဆိုရင်လည်း ဓားချင်းယှဉ်ရမှာကို ဝန်လေးနေမည် မဟုတ်ပေ။ အဲဒီလောက် အသိဉာဏ်လေးတော့ သူတို့ဆီမှာ ရှိဖို့ မျှော်လင့်ရတာပဲ...'
ခန်းမဆောင်ကြီး အတွင်းဝယ်…
ကျန်းနင်၏ ပုံရိပ် ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်...
"အဘိုးကုန်း... သူက ကျန်းနင်ပါပဲ..." ယန်ခိုင်က မတ်တတ်ထရပ်၍ သူ့ဘေးရှိ ဆံပင်ဖြူ အဘိုးအိုအား တီးတိုး ပြောလိုက်၏။
ထိုစကားကြားလျှင် အဘိုးကုန်းလည်း မတ်တတ်ထရပ်လိုက်ပြီး သူ့အကြည့်က ကျန်းနင်ထံ ကျရောက်သွားကာ ခေါင်းအစ ခြေအဆုံး အကဲခတ် လေ့လာတော့သည်။
ထို့နောက် ကျန်းနင်၏ ဘယ်ဘက်လက်ထဲရှိ ဓားရှည်ပေါ်သို့ အကြည့် ရောက်သွားပြန်၏။
"ဒါက ယန်ခိုင် ပြောပြဖူးတဲ့ ဝိညာဉ်လက်နက် ဖြစ်ရမယ်..."
"ငါသိထားသလောက် ဝိညာဉ်လက်နက်တွေက ကိုယ်ပိုင် အသိစိတ် ရှိကြတယ်... သူက ဒီဓားကို ဓားအိမ်ထဲကနေ ဆွဲထုတ်နိုင်ခဲ့တယ်ဆိုတော့ ဒီလက်နက်ထဲက ဝိညာဉ်ရဲ့ အသိအမှတ်ပြုတာကို ခံလိုက်ရတာ သေချာတယ်..."
"ရှေးခေတ်တုန်းကဆိုရင် ဒါကို လက်နက်က သခင်ကို ရွေးချယ်တယ်လို့ သတ်မှတ်ကြတာပဲ... လက်နက်ပိုင်ရှင်ကလွဲပြီး တခြား ဘယ်သူကိုင်ကိုင် အသုံးဝင်မှာ မဟုတ်ဘူး" အဘိုးကုန်းက သူ့ဘာသာ တီးတိုး ရေရွတ်နေမိသည်။
တစ်ချိန်တည်းမှာပင်…
ကျန်းနင် ခန်းမဆောင် တံခါးပေါက်ကို ဖြတ်ကျော်ဝင်ရောက်လာသည်နှင့် သူ့အကြည့်က ယန်ခိုင်ဘေးရှိ အနည်းငယ် ကိုင်းညွတ်နေသော ခန္ဓာကိုယ်ပိုင်ရှင် ဆံပင်ဖြူ အဘိုးအိုထံ တန်းတန်းမတ်မတ် ကျရောက်သွားခဲ့၏။
ထိုခဏ၌ပင် ကျန်းနင် သဘောပေါက်လိုက်သည်။
ထိုသူမှာ လက်နက်ပန်းပဲဖိုကို တည်ထောင်ခဲ့သူ ကုန်းမင်ယွမ် ဖြစ်ပေလိမ့်မည်။
ယခုအခါ သာမန် အရပ်အမောင်းမျိုးသာ ရှိတော့သည့်တိုင်။
ဤလူကြီးမှာ တစ်ချိန်က လော့ရွှေခရိုင်တွင် ဂုဏ်သတင်း ကြီးမားစွာ တည်ဆောက်နိုင်ခဲ့ပြီး သူ့တူရိုက်သိုင်းက အဆင့်တူ သိုင်းပညာရှင်များကြား ပြိုင်ဘက်ကင်းခဲ့သည် မဟုတ်ပါလား။
တာနယ်တစ်ထောင် အလေးချိန်ရှိသော တူကြီးကို ကိုင်ဆောင်ထားလျှင် အဋ္ဌမအဆင့် သိုင်းပညာရှင်များကြား၌ အနိုင်ယူ၍မရသော တည်ရှိမှုတစ်ခု ဖြစ်ခဲ့၏။
သူ့အထွတ်အထိပ် အချိန်များ၌ လော့ရွှေခရိုင်၏ ထိပ်တန်း ကျွမ်းကျင်သူ တစ်ယောက်ပင်။
အဓိက ဂိုဏ်းကြီးသုံးဂိုဏ်းမှ ခေါင်းဆောင်များပင် လက်နက်ပန်းပဲဖို၏ စတိုးတာဝန်ခံဟောင်း ဖြစ်သူအား ရန်စရန် သတ္တိမရှိခဲ့ကြချေ။
သို့သော် ယခုအချိန်တွင် ကျန်းနင်က တစ်ဖက်လူ၏ နောက်ခံကို သိရှိထားသော်ငြား ရင်ထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင် တစ်စွန်းတစ်စမျှ မရှိပေ။
အကြောင်းမှာ လက်နက်ပန်းပဲဖို၏ တာဝန်ခံဟောင်းမှာ အိုမင်းရင့်ရော်နေပြီဖြစ်ပြီး သူ့ချီသွေးကြောများလည်း ကျဆင်းနေပြီ ဖြစ်သောကြောင့်ပင်။
ကုန်းမင်ယွမ်၏ အသက်အရွယ်ဖြင့် သူ့အထွတ်အထိပ် ခွန်အား၏ တစ်ဝက်ကို ထိန်းသိမ်းထားနိုင်လျှင်ပင် ချီးကျူးစရာ ကောင်းလှပြီ ဖြစ်သည်။
အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ခံနိုင်ရည်မှာလည်း ယခင်ကထက် များစွာ လျော့ကျသွားမည်ဖြစ်ရာ အချိန်ကြာမြင့်စွာ တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ကျန်းနင်မှာ လုံးဝ အကြောက်အလန့် မရှိခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ယခု ထိုနှစ်ယောက်လုံးမှာ လက်နက်မဲ့ ရောက်လာခဲ့ခြင်းပင်။ ယန်ခိုင် ဖြစ်စေ၊ ကုန်းမင်ယွမ် ဖြစ်စေ နှစ်ယောက်လုံးမှာ တူရိုက်သိုင်းဖြင့်သာ နာမည်ကျော်ကြားကြ၏။
သူတို့ ကျွမ်းကျင်သော လက်နက်များ မပါဘဲ လက်ဗလာဖြင့် ပေါ်လာခြင်းက အလွန်ဆုံး သူတို့ခွန်အား၏ သုံးဆယ်၊ လေးဆယ် ရာခိုင်နှုန်းခန့်သာ ထုတ်ဖော်နိုင်ပေလိမ့်မည်။
ထိုစဉ်…
ကျန်းလီက ကျန်းနင် ရောက်လာသည်ကို မြင်လျှင် အလျင်အမြန် မတ်တတ်ထရပ်၍ မိတ်ဆက်ပေးလိုက်သည်။
"ညီလေး... ဒီဂုဏ်သရေရှိ ဧည့်သည်တော် နှစ်ယောက်က လက်နက်ပန်းပဲဖိုက လာတာ... ဒီနေ့ မင်းဆီကို သီးသန့် လာလည်ကြတာပဲ"
ကျန်းနင် အနားသို့ ရောက်လာသည်ကိုမြင်လျှင် ယန်ခိုင်ကလည်း အလျင်အမြန် မိတ်ဆက်ပေးတော့သည်။
"ညီလေးကျန်းနင်... သူက အဘိုးကုန်းလေ... လက်နက်ပန်းပဲဖိုရဲ့ တာဝန်ခံဟောင်းပေါ့..."
ကုန်းမင်ယွမ်က ပြုံး၍...
"မျက်မြင်ကိုယ်တွေ့ဆိုတာ ယုံကြည်စရာ အကောင်းဆုံးပဲ... ဒီနေ့ မင်းနဲ့ တွေ့ရတာ... တစ်နေ့နေ့ ကောင်းကင်ကို ပျံတက်မယ့် နဂါးပျောက်တစ်ကောင်ရဲ့ အလားအလာမျိုး မင်းဆီမှာ ရှိနေတာကို ငါ မြင်နိုင်တယ်..."
ဤနေရာတွင် ကျန်းနင်က ဖြည်းညှင်းစွာ ပြုံးလိုက်၏။
အဘယ်ကြောင့်ဆိုသော် ယန်ခိုင်နှင့် ကုန်းမင်ယွမ်တို့၏ လာရောက်မှုမှာ ရည်ရွယ်ချက်ကောင်းဖြင့် ဖြစ်ကြောင်း သူ သဘောပေါက်သွားသောကြောင့်ဖြစ်သည်။
သူတို့က စေတနာဖြင့် လာမှတော့ သူလည်း သူစိမ်းတစ်ယောက်လို ဆက်ဆံနေစရာ အကြောင်းမရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ ရန်သူတစ်ယောက် တိုးလာသည်ထက် မိတ်ဆွေတစ်ယောက် တိုးလာခြင်းက အမြဲတမ်း ပိုကောင်းသည် မဟုတ်ပါလား။
ရန်သူတွေ သိပ်များနေလျှင် အိပ်ရာဝင်သည့်တိုင် ငြိမ်းချမ်းစွာ အိပ်ပျော်နိုင်မည် မဟုတ်ချေ။
"လက်နက်ပန်းပဲဖိုရဲ့ တာဝန်ခံဟောင်း... နာမည်ကျော် အဘိုးကုန်းမင်ယွမ်ကိုး..." ကျန်းနင်က ဦးညွှတ်၍ နှုတ်ဆက်လေသည်။
ထို့နောက် ကျန်းနင်က မေးလိုက်သည်။
"ဒီနေ့ လာရောက်တဲ့ အကြောင်းရင်းကို သိလို့ရမလား"
အဘိုးကုန်းက ကြင်နာသော မျက်နှာထားဖြင့်...
"ဒီနေ့ ယန်ခိုင်နဲ့ ငါက တောင်းပန်ဖို့ သီးသန့် လာခဲ့ကြတာပါ... မနေ့ညက ချိုးရှီလုံနဲ့ ယန်ခိုင်တို့ ခွင့်ပြုချက် မရှိဘဲ မင်းအိမ်ထဲ ဝင်လာခဲ့တဲ့အတွက်... ငါ အနူးအညွတ် တောင်းပန်ပါတယ်..."
စကားပြောနေရင်း အဘိုးကုန်းက ကျန်းနင်အား ဦးညွှတ်လိုက်သည်။
ကျန်းနင်က မည်သည့် တုံ့ပြန်မှုမှမပြဘဲ ကြည့်နေရင်း...
"ကျုပ်ကတော့ အဘိုးကုန်း ဒီနေ့ ချိုးရှီလုံအတွက် နာမည်လာဖျက်တယ်လို့ ထင်နေခဲ့တာ..."
အဘိုးကုန်းက အလျင်အမြန် ခေါင်းခါယမ်း၍...
"ညသန်းခေါင်ကြီး သူများအိမ်ထဲ ဝင်လာတာလေ... ညီလေး သူ့အသက်ကို ယူလိုက်တာ လုံးဝ တရားပါတယ်... ချိုးရှီလုံက သူနဲ့ ထိုက်တန်တဲ့ နိဂုံးကို ရသွားတာပါပဲ... အဲဒါက မှန်ကန်ပါတယ်"
ထိုစကားများကိုကြားလျှင် ဘေးနားရှိ ကျန်းလီမှာ ထိတ်လန့်သွားပြီး မျက်လုံးများ အလိုလို ပြူးကျယ်သွားတော့သည်။
မနေ့ညက ကျန်းနင်နှင့် ပြောခဲ့သော စကားများက သူ့စိတ်ထဲ ရှင်းလင်းစွာ ရှိနေဆဲပင်။
မနေ့ညက ကျန်းနင် ပြောပြချက်အရဆိုလျှင် အမှောင်ထုကို အကာအကွယ်ယူ၍ အိမ်၏ အရှေ့ဘက်ခြံဝင်းထဲသို့ သူခိုးနှစ်ယောက် ခိုးဝင်လာခဲ့သည် ဟူ၍ဖြစ်သည်။
ညက ထိုစကားများကို ကြားစဉ် သူက သာမန် သူခိုးလေး နှစ်ယောက်ဟုသာ တကယ် ထင်မှတ်ခဲ့မိသည်။
မည်သို့ပင်ဖြစ်စေ ရုန်းရင်းဆန်ခတ်ဖြစ်မှုက အလွန်မြန်ဆန်စွာ ပြီးဆုံးသွားခဲ့သည် မဟုတ်ပါလား။
သူ အခင်းဖြစ်ပွားရာ နေရာသို့ မရောက်သေးခင် ဆူပူမှုဖြစ်စေသူများမှာ ပျောက်ကွယ်သွားခဲ့လေပြီဖြစ်သည်။
ခြံဝင်းထဲ တွယ်ကပ်နေသော သွေးနံ့များနှင့် လုံးဝ အထိအခိုက် မရှိသော ကျန်းနင်ကို ကြည့်ခြင်းအားဖြင့် သူ့ညီဖြစ်သူက ကျူးလွန်သူများကို ရှင်းလင်းလိုက်ပြီ ဖြစ်ကြောင်း ထင်ရှားနေ၏။
ယခု သူ့ရှေ့ရှိ လူနှစ်ယောက်၏ စကားဝိုင်းကို နားထောင်နေရချိန်တွင် သူ မည်သို့ နားမလည်ဘဲ နေမည်နည်း။
မနေ့ညက အိမ်ထဲ ခိုးဝင်လာသူများမှာ သာမန် သူခိုးလေးများ လုံးဝ မဟုတ်ခဲ့ပေ။
သူတို့မှာ လက်နက်ပန်းပဲဖို၏ တာဝန်ခံ ချိုးရှီလုံနှင့် ဒုတိယ တာဝန်ခံ ယန်ခိုင်တို့ ဖြစ်ကြသည်။
ဤနှစ်ယောက်မှာ လော့ရွှေခရိုင်ရှိ လူအများစု၏ မျက်လုံးထဲတွင် ဩဇာလွှမ်းမိုးမှု ရှိသူများအဖြစ် သတ်မှတ်ခံထားရသူများပင်။
ထို့အပြင် စကားဝိုင်းထဲမှ သတင်းအချက်အလက်များကိုလည်း သိလိုက်ရ၏။
လက်နက်ပန်းပဲဖို၏ တာဝန်ခံ ချိုးရှီလုံမှာ မနေ့ညကပင် ကျန်းနင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း ပေါ်လွင်နေလေသည်။
ထိုအကြောင်းကို တွေးမိသည်နှင့် ကျန်းလီ၏ နှလုံးသားမှာ ပြင်းထန်သော ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
သူ့ညီအရင်းက ဘယ်အချိန်ကများ ဒီလောက်ထိ စွမ်းအားကြီးမားသွားခဲ့သနည်း။
အဋ္ဌမအဆင့် သိုင်းပညာရှင် တစ်ယောက်ဖြစ်သော ချိုးရှီလုံကို မနေ့ညက အတိုတောင်းဆုံး အချိန်လေး အတွင်းမှာ သူ့ညီဖြစ်သူက အဆုံးသတ်ပေးလိုက်တာလား။
မနေ့ညက ဆူညံသံမှာ ခဏတာမျှသာ ကြာမြင့်ခဲ့ကြောင်း သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
လျူဝမ်ဝမ်ကို ချော့မော့ပြီး ဓားကိုင်ကာ သူ ပြေးထွက်လာချိန်တွင် အရာအားလုံး အေးချမ်းသွားခဲ့ပြီ ဖြစ်ပြီး ခြံဝင်းထဲ၌ ကျန်းနင် တစ်ယောက်တည်းသာ ရှိနေခဲ့၏။
ကျန်းနင်က...
"ဒါဆို ဒီဓားကကော... အဘိုးကုန်းက ဘယ်လို သဘောထားလဲ မသိဘူး"
ထိုသို့ပြောရင်း သူ့လက်ထဲရှိ မည်းနက်နေသော ဓားအိမ်ကို မြှောက်ပြလေသည်။
ကုန်းမင်ယွမ်က ပြန်ဖြေသည်။
"ဝိညာဉ်လက်နက် တစ်ခုမှာ သူ့ကိုယ်ပိုင် အသိစိတ် ရှိတယ်... သူက မင်းကို ရွေးချယ်ပြီးမှတော့ ယန်ခိုင်ကလည်း ဒီဝိညာဉ်လက်နက်ကို မင်းဆီ ပေးချင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောပြီးသားပဲ... ဒါကြောင့် ဒီဓားက မင်း ပိုင်တာပါ..."
ကျန်းနင်က လက်ယှက်၍ ဦးညွှတ်လိုက်ပြီး…
"အဘိုးကုန်းက အရမ်းသဘောထားကြီးတာပဲ... ကျုပ် လေးစားပါတယ်..."
ကုန်းမင်ယွမ်က နွေးထွေးစွာ ပြုံး၍...
"ပေးပြီးသား ပစ္စည်းတစ်ခုကို ပြန်တောင်းနေစရာ အကြောင်းမှ မရှိတာ..."
ထို့နောက် သူ့ကိုယ်ပေါ်မှ ပိုးထည်သေတ္တာငယ် တစ်လုံးကို ထုတ်ယူကာ ဆက်ပြောလိုက်သည်။
"ငါ့ရဲ့ ဒီနေ့ လာရောက်မှုက ကမန်းကတန်း ဖြစ်သွားတော့ သိပ်ပြီး မပြင်ဆင်နိုင်ခဲ့ဘူး... နဂါးကျားခွန်အား ဆေးလုံး တစ်လုံးလောက်ပဲ ယူလာနိုင်ခဲ့တယ်..."
ပြောနေရင်း ကုန်းမင်ယွမ်က ပိုးထည်သေတ္တာငယ်ကို ကျန်းနင်ရှေ့သို့ လှမ်းပေးလိုက်၏။
"ကျေးဇူးပြုပြီး တောင်းပန်မှု တစ်ခုအနေနဲ့ ဒီလက်ဆောင်ငယ်လေးကို လက်ခံပေးပါ... မင်း လက်ခံမယ်လို့ မျှော်လင့်ပါတယ်..."
နဂါးကျားခွန်အား ဆေးလုံး…
ထိုစကားကို ကြားလိုက်ရသည်နှင့် ကျန်းနင်၏ မျက်လုံးများထဲ အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားသည်။
ဤဆေးလုံး အကြောင်းကို သူ အရင်က ကြားဖူးထားပြီး နာမည်ကျော်ကြားလှ၏။
နဂါးကျားဂိုဏ်းမှ ဖန်တီးထားသော ဆေးလုံးအမျိုးအစား တစ်ခုပင်။
အလွန်အဖိုးတန်သော ဆေးဖက်ဝင် ပစ္စည်းများနှင့် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြု၍ ဖန်တီးထားသဖြင့် ဆေးလုံးထဲတွင် နဂါးနှင့် ကျားတို့ထံမှ နက်နဲသော စွမ်းအားများ ပါဝင်နေသည်။
ထို့ကြောင့် နဂါးကျားခွန်အား ဆေးလုံးဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။
ဆေးလုံးကို စားသုံးလိုက်လျှင် အလွန်တိုတောင်းသော အချိန်အတွင်း ခွန်အားကို များစွာ တိုးတက်လာစေနိုင်သည်။
အဋ္ဌမအဆင့် သိုင်းပညာရှင်တိုင်းအတွက် အလွန်တရာ အဖိုးတန်လှ၏။
ကြွက်သားခွန်အားကို လေ့ကျင့်ရာတွင် အချိန်များစွာ သက်သာစေနိုင်ပြီး သိုင်းပညာ တိုးတက်မှုကိုလည်း မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။
ဆေးလုံးမှာ နာမည်ကြီးရသည့် အကြောင်းရင်းက အဋ္ဌမအဆင့် သိုင်းပညာ၏ နတ်ဘုရား စွမ်းအား နယ်ပယ်ထဲတွင် အဆင့်ငယ် တစ်ခုကို တက်လှမ်းနိုင်စေသည်ဟု ဆိုကြသောကြောင့်ပင်။
ပုံမှန်အားဖြင့် ဤနယ်ပယ်သို့ စတင် ဝင်ရောက်ချိန်တွင် သိုင်းပညာရှင်များမှာ အောင်မြင်သော ခွန်အား လေ့ကျင့်မှုအပြီး၌ သူတို့ခွန်အားကို ပေါင် ငါးရာအထိ တိုးမြှင့်နိုင်ကြသည်။
ထို့ကြောင့် နတ်ဘုရား စွမ်းအား နယ်ပယ်သို့ ကနဦး ဝင်ရောက်ခါစ သိုင်းပညာရှင် အများစုမှာ ပေါင် တစ်ထောင့်ငါးရာမှ နှစ်ထောင်ကြား ခွန်အားကို ပိုင်ဆိုင်ကြ၏။
နတ်ဘုရား စွမ်းအား နယ်ပယ် အောင်မြင်မှု အသေးစားဆိုလျှင် ပေါင် နှစ်ထောင်အထက်မှ နှစ်ထောင့်ငါးရာ အထိ ခွန်အားကို ပိုင်ဆိုင်သည်ဟု အဓိပ္ပာယ်ရသည်။
နတ်ဘုရား စွမ်းအား နယ်ပယ် အောင်မြင်မှု ကြီးမားခြင်းက ပေါင် နှစ်ထောင့်ငါးရာကျော် ခွန်အားကို ပိုင်ဆိုင်ပြီး ထိပ်တန်း ပညာရှင်များ ဆိုလျှင် ပေါင် သုံးထောင်အထိပင် ရှိကြပေမည်။
မွေးရာပါ အရိုးသန္ဓေ အခြေအနေနှင့် နောက်ပိုင်း လေ့ကျင့်သော ကျင့်စဉ် နည်းလမ်းများ အပေါ် မူတည်၍ ခွန်အား ကွာခြားမှုများ ရှိနိုင်သည်။
မွေးရာပါ အရိုးသန္ဓေ ပိုကောင်းလေလေ ခွန်အား အကန့်အသတ်၏ အလားအလာ ပိုမြင့်မားလေလေဖြစ်သည်။
မွေးရာပါ နတ်ဘုရား စွမ်းအား နှင့် မွေးဖွားလာသူ အချို့လိုပင်။
ကျန်းနင် သိထားသလောက်ဆိုလျှင် ကုန်းမင်ယွမ်၏ အထွတ်အထိပ် ကာလများက ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်ခဲ့သည်။
သူ့အထွတ်အထိပ် အချိန်တွင် ပေါင် လေးထောင် ခွန်အားကို ပိုင်ဆိုင်ပြီး ပေါင် တစ်ထောင် တူကြီးကို ကိုင်ဆောင်ကာ ဤနယ်ပယ်တွင် အနိုင်ယူ၍မရသော အင်အား တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရ၏။
ယခု ကျန်းနင်လည်း ကုန်းမင်ယွမ် လှမ်းပေးသော ပိုးထည်သေတ္တာကို ယူလိုက်သည်။
သေတ္တာအတွင်းသို့ တစ်ချက် ဖွင့်ကြည့်ပြီးနောက် ချက်ချင်းပင် ပြန်ပိတ်လိုက်တော့သည်။
ကျန်းနင်က ဦးညွှတ်၍...
"အဘိုးကုန်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်... တကယ်လို့ နောင်တစ်ချိန် လက်နက်ပန်းပဲဖိုက ကျုပ်အကူအညီ လိုလာရင် ပြောသာပြောပါ... ကျုပ် အဘိုးကုန်းကို ကျေးဇူးဆပ်ဖို့ အကြွေးတင်သွားပါပြီ..."
ထိုစကားကြားလျှင် ကုန်းမင်ယွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
"မင်းက တော်တော် သဘောထားပြည့်ဝတာပဲ..."
ထို့နောက် အဘိုးကုန်းက ဆက်ပြောသည်။
"ဒီအချိန်ကစပြီး ယန်ခိုင်က လက်နက်ပန်းပဲဖိုရဲ့ တာဝန်ခံအဖြစ် တာဝန်ယူလိမ့်မယ်... မင်း တစ်ခုခု လိုအပ်ရင် ယန်ခိုင်ကိုသာ သွားရှာလိုက်ပါ..."
"လက်နက်ပန်းပဲဖိုမှာ အကြီးအငယ် ကိစ္စအဝဝ အားလုံးကို အခုကစပြီး ယန်ခိုင်ကပဲ တာဝန်ယူ ဖြေရှင်းပေးလိမ့်မယ်..."
"ကောင်းပါပြီ..." ကျန်းနင်က တုံ့ပြန်လိုက်သည်။
မကြာမီမှာပင် သူ့ရည်ရွယ်ချက် အောင်မြင်သွားသည်ကို မြင်လျှင် ကုန်းမင်ယွမ်က စကားစလာ၏။
"ဒါဆိုလည်း... ဒီအဘိုးကြီးကို အရင်ပြန်ခွင့်ပြုပါဦး... မင်းရဲ့ လေ့ကျင့်မှုကို မနှောင့်နှေးစေချင်တော့ဘူး..."
End
***