အရှေ့ဘက်ခြံဝင်း…
ယန်ခိုင်နှင့် ကုန်းမင်ယွမ်တို့ ထွက်ခွာသွားပြီးနောက် ကျန်းနင်လည်း သူ့လေ့ကျင့်မှုများကို ဆက်လက် ပြုလုပ်ရန် ပြန်လာခဲ့သည်။
နဂါးကျားခွန်အား ဆေးလုံးကိုမူ သူ့အခန်းထဲတွင် ဂရုတစိုက် သိမ်းဆည်းထားလိုက်၏။
သူ့အရေပြားလေ့ကျင့်မှုမှာ ကြီးမားသော အောင်မြင်မှုအဆင့်သို့ မရောက်သေးသလို ကြေးနီကဲ့သို့ မာကျောသော အဆင့်သို့လည်း မရောက်သေးပေ။ ထို့ကြောင့် ဤနဂါးကျားခွန်အား ဆေးလုံးကို အသုံးပြုရန် မသင့်တော်သေးချေ။
နဂါးနှင့် ကျားတို့၏ ဖန်တီးမှု စွမ်းအားအောက်တွင် ပေါ်ပေါက်လာသော ဤဆေးလုံး၏ ဆေးစွမ်းမှာ အလွန် ပြင်းထန်လွန်းလှသည်။
အချိန်တိုအတွင်း သူ့ကြွက်သားများကို ကြီးမားသော အသွင်ပြောင်းလဲမှု ဖြစ်ပေါ်စေလိမ့်မည်။
...
ထိုကဲ့သို့ ရုတ်တရက် ပြင်းထန်သော အသွင်ပြောင်းလဲမှုကို အရေပြားနှင့် အမြှေးပါးများက လုံလောက်သော ခံနိုင်ရည် မရှိပါက ပြန်လည်ကုသ၍ မရနိုင်သော ဒဏ်ရာမျိုး ရသွားနိုင်သည်။
သူ့ခန္ဓာကိုယ်ပင် ပေါက်ကွဲထွက်သွားနိုင်ချေရှိ၏။
ဤကဲ့သို့သော အဖြစ်အပျက်မျိုး ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။
ထို့ကြောင့် ခွန်အားကို မလေ့ကျင့်မီ အရေပြားကို အရင်လေ့ကျင့်ရသည့်အဆင့် ရှိနေခြင်းပင်။
ဤအရာများ အားလုံးမှာ ရှေးလူကြီးများက တစ်ဆင့်ပြီးတစ်ဆင့် အတွေ့အကြုံများမှတစ်ဆင့် အကျဉ်းချုံး ကောက်ချက်ချထားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် နောက်ပိုင်းတွင် ကျန်းနင်က သူ့အရေပြားနှင့် အမြှေးပါးများ မာကျောလာစေရန် ဆက်လက် လေ့ကျင့်ပြီး သူ့ချီသွေးကြောများနှင့် သတ္တဝါငါးမျိုး လက်သီးသိုင်း၏ အတွေ့အကြုံ တန်ဖိုး တိုးလာစေရန် လက်သီးထိုး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။
ထိုကြားထဲတွင် စာဖတ်ခြင်းနှင့် စာရေးခြင်း စွမ်းရည် တိုးတက်လာစေရန် စာအုပ်များ ဖတ်ရှုခဲ့၏။
အစကတော့ ကျန်းနင်က စစ်ဆေးရေးရုံး မတည်ထောင်မီ ရက်အနည်းငယ် အလိုအထိ သိုင်းပညာကို အေးချမ်းစွာ လေ့ကျင့်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။
ထိုနေ့ည…
"မိန်းကလေးလွီ..."
သူ့ရှေ့တွင် အစိမ်းရောင် စကတ်ဝတ်ဆင်ထားသော မိန်းကလေးလွီ ပေါ်လာသည်ကို မြင်လျှင် ကျန်းနင် အံ့အားသင့်သွားသည့် အမူအရာကို ပြသလိုက်သည်။
မိန်းကလေးလွီက ကျက်သရေရှိစွာ ဦးညွှတ်လိုက်ပြီးနောက်...
"သခင်လေးကျန်း..."
"ကျွန်မတို့ရဲ့ အဆောက်အအုံတာဝန်ခံက သခင်လေးနဲ့ ကိစ္စတချို့ ဆွေးနွေးဖို့ ရှာနေပါတယ်... သခင်လေး လာတွေ့ပေးနိုင်မလား မသိဘူး..."
"ရတာပေါ့... ကျုပ် လိုက်ခဲ့ပါ့မယ်..." ကျန်းနင်က ခေါင်းညိတ်လိုက်သည်။
မိန်းကလေးလွီ ပြောသည့် အဆောက်အအုံတာဝန်ခံ ဆိုသည်မှာ ဒုတိယ အဆောက်အအုံ တာဝန်ခံ လင်းချင်းရီကို ဆိုလိုကြောင်း သူ သိထားပြီးသားဖြစ်သည်။
လော့ရွှေခရိုင်ရှိ ဝမ်ဟွာ အဆောက်အအုံတွင် ယခင်က အဆောက်အအုံ တာဝန်ခံသုံးယောက် ရှိခဲ့ပြီး အဓိက တစ်ယောက်နှင့် ဒုတိယနှစ်ယောက် ဖြစ်သည်။
သို့သော် အဓိက အဆောက်အအုံတာဝန်ခံမှာ နှစ်ပေါင်းများစွာ ပေါ်မလာခဲ့ဘဲ ဝမ်ဟွာ အဆောက်အအုံတွင် မရှိလောက်တော့ပေ။
ယခင်က ရှန်ချုံးယွမ်နှင့် လင်းချင်းရီတို့ကသာ အမြဲတမ်း တာဝန်ယူခဲ့ကြသည်။
ရှန်ချုံးယွမ် ပြောင်းရွှေ့သွားပြီးနောက် ယခုအခါ လော့ရွှေခရိုင်ရှိ ဝမ်ဟွာ အဆောက်အအုံ တစ်ခုလုံးကို လင်းချင်းရီ တစ်ယောက်တည်းကသာ စီမံခန့်ခွဲနေခြင်း ဖြစ်၏။
ထို့ကြောင့် မိန်းကလေးလွီ ပြောသော အဆောက်အအုံတာဝန်ခံ ဆိုသည်မှာ သေချာပေါက် လင်းချင်းရီပင် ဖြစ်ပေမည်။
ထို့နောက်…
ကျန်းနင်က...
"မိန်းကလေးလွီ... ခြံဝင်းအပြင်ဘက်မှာ ခဏလောက် စောင့်ပေးပါ... ကျုပ် ရေမိုးချိုးပြီးမှ မိန်းကလေးလွီနောက် လိုက်ခဲ့ပါ့မယ်..."
"ဟုတ်ကဲ့ပါ သခင်လေးကျန်း... သခင်လေးကို အပြင်ကနေ စောင့်နေပါ့မယ်..." မိန်းကလေးလွီက ပြန်ဖြေလိုက်သည်။
ဝမ်ဟွာ အဆောက်အအုံ…
မိန်းကလေးလွီနှင့်အတူ ကျန်းနင် ရောက်လာချိန်တွင် ညရှစ်နာရီ ထိုးနေလေပြီ။
မှောင်မိုက်နေပြီ ဖြစ်သော်ငြား ဝမ်ဟွာ အဆောက်အအုံ တည်ရှိရာ လမ်းမပေါ်တွင် မီးရောင်များဖြင့် လင်းထိန်ကာ စည်ကားနေဆဲဖြစ်သည်။
"သခင်လေးကျန်း... ကျွန်မနောက်ကနေ အပေါ်ထပ်ကို လိုက်ခဲ့ပါ..." မိန်းကလေးလွီက လက်ဟန်ဖြင့် ညွှန်ပြလေသည်။
ခဏအကြာ…
ကျန်းနင်က အမိုးပေါ်ရှိ ထပ်ခိုးသို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် ထပ်ခိုးမှာ တိတ်ဆိတ်နေပြီး လင်းချင်းရီလည်း ရှိမနေပေ။
ကျန်းနင်၏ စူးစမ်းနေသော အကြည့်ကိုမြင်လျှင် မိန်းကလေးလွီက စကားစလာ၏။
"သခင်လေးကျန်း... ဒီမှာ ခဏလောက် စောင့်ပြီး အောက်က ညရှုခင်းကို ကြည့်နေပါဦး... ကျွန်မ သခင်မကို သွားခေါ်လိုက်ပါဦးမယ်..."
"ကောင်းပြီလေ..." ကျန်းနင်က မိန်းကလေးလွီ၏ အစီအစဉ်ကို သဘောတူကြောင်း ခေါင်းညိတ်ပြသည်။
ထို့နောက် အမိုးဖွင့် လသာဆောင် ဘေးတွင် ဝင်ထိုင်လိုက်သည်။
မိန်းကလေးလွီက သူ့အတွက် ရေခဲလက်ဖက်ရည် တစ်အိုးနှင့် သစ်သီးအချို့ ပြင်ဆင်ပေးပြီးနောက် ထွက်ခွာသွားတော့သည်။
ယခုအခါ ကျန်းနင်က အမိုးဖွင့် လသာဆောင် ဘေးတွင် ထိုင်ကာ အောက်ဘက်ရှိ လူစည်ကားသော လမ်းမကြီးကို ငုံ့ကြည့်နေမိသည်။
ညရှစ်နာရီ ထိုးနေပြီ ဖြစ်သော်လည်း အောက်ဘက်ရှိမြင်ကွင်းမှာ အလွန် စည်ကားနေဆဲဖြစ်ပြီး ဖြတ်သန်းသွားလာနေသော အမျိုးသား၊ အမျိုးသမီး များစွာ ရှိနေသည်။
လမ်းပေါ်တွင်လည်း အရောင်အသွေး စုံလင်သော မီးအိမ်များဖြင့် လှပစွာ အလှဆင်ထား၏။
မော့ကြည့်လိုက်လျှင်တော့ လင်းလက် တောက်ပနေသော လမင်းကြီးကို မြင်တွေ့နိုင်သည်။
သူက ရေခဲလက်ဖက်ရည် သောက်ရင်း သစ်သီးများကို စားကာ လင်းချင်းရီ ပေါ်လာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
ညနက်မှ လင်းချင်းရီက သူ့ကို လာရှာသည်မှာ ဆွေးနွေးစရာ အရေးကြီး ကိစ္စများ ရှိနေ၍ ဖြစ်ပေလိမ့်မည်။
အချိန်အနည်းငယ် အကြာတွင်…
ဒေါက်... ဒေါက်... ဒေါက်...
လှေကားထစ်များပေါ်မှ ရှင်းလင်းသော ခြေသံများ ထွက်ပေါ်လာသည်။
"သူ လာပြီ..."
ဤရှင်းလင်းသော ခြေသံများကို ကြားလိုက်ရသည်နှင့် လင်းချင်းရီမှန်း ကျန်းနင် သိလိုက်၏။
ခဏအကြာတွင်…
လင်းချင်းရီ၏ ပုံရိပ်က သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုအချိန်တွင် လင်းချင်းရီက အစိမ်းရောင် ခြေမျက်စိအထိ ရှည်သော စကတ်ကို ဝတ်ဆင်ထားပြီး အပေါ်မှ ပိတ်ပါးလွှာ တစ်ထပ် လွှမ်းခြုံထားသည်။
ရာသီဥတု အလွန် ပူပြင်းသဖြင့် လင်းချင်းရီ၏ အဝတ်အစားများမှာ မထူထဲပေ။ ပို၍ တိတိကျကျ ပြောရလျှင် အလွန် ပါးလွှာလှသည်။
နူးညံ့သော အဝတ်အထည်က သူမ၏ အသားအရေနှင့် တင်းကျပ်စွာ ကပ်နေပြီး ခံ့ညားပြီး ကျက်သရေရှိလှသည့် ခန္ဓာကိုယ်အလှကို အလွန်ရှင်းလင်းစွာ ဖော်ပြနေ၏။
လင်းချင်းရီ၏ အနောက်တွင်တော့ မိန်းကလေးလွီက တစ်လှမ်းချင်းစီ လိုက်ပါလာဆဲဖြစ်သည်။
ကျန်းနင်ကို မြင်လျှင် လင်းချင်းရီက လက်မြှောက်၍ အချက်ပြလိုက်ရာ မိန်းကလေးလွီလည်း လသာဆောင် ဝင်ပေါက်တွင် ချက်ချင်း ရပ်တန့်သွားတော့သည်။
ကျန်းနင်က လက်ဖက်ရည်ပန်းကန်ကို ကိုင်ထားရင်း လင်းချင်းရီဘက်သို့ လှည့်ကာ ပြုံးပြသည်။
ထိုသည်ကိုမြင်လျှင် လင်းချင်းရီကလည်း အပြုံးဖြင့် တုံ့ပြန်လာ၏။
"မောင်လေးကျန်းရဲ့ စိတ်နေသဘောထားက မကြာခင်ကမှ ပြောင်းလဲသွားသလို ခံစားနေရတာ ဘာလို့လဲ မသိဘူး..." လင်းချင်းရီက ကျန်းနင်ရှေ့သို့ ရောက်လာပြီး စူးစမ်းလိုစိတ်ဖြင့် ပြောလိုက်သည်။
ကျန်းနင်က ရယ်မော၍...
"ကျွန်တော်က ဘာပြောင်းလဲသွားလို့လဲ... အစ်မလင်းကသာ တစ်နေ့ထက် တစ်နေ့ ပိုလှလာတာပါ..."
သူ့စကားကြောင့် လင်းချင်းရီက ခပ်ရေးရေး ပြုံးလိုက်မိသည်။
ထို့နောက် သူမ၏ စကတ်ရှည်ကို သပ်ရပ်အောင် ပြင်ဆင်ပြီး ကျန်းနင်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ...
"မောင်လေးကျန်း… မင်း အရင်ကထက် ပိုယုံကြည်မှု ရှိလာတယ်လို့ ခံစားရတယ်..."
လင်းချင်းရီ၏ စကားကိုကြားလျှင် ကျန်းနင် ရင်ထဲ အနည်းငယ် အံ့အားသင့်သွားသည်။
လင်းချင်းရီ၏ အကဲခတ်နိုင်စွမ်းကို အံ့ဩသွားခြင်းပင်။
မနေ့ညကတင် သူက လက်နက်ပန်းပဲဖို၏ တာဝန်ခံ ချိုးရှီလုံကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ပြီး ယနေ့တွင် ကုန်းမင်ယွမ်ကပင် စေတနာလာပြခဲ့သဖြင့် သူ့ယုံကြည်မှုမှာ အမှန်တကယ် များစွာ တိုးတက်လာခဲ့သည် မဟုတ်ပါလား။
ချိုးရှီလုံ ဖြစ်စေ၊ ကုန်းမင်ယွမ် ဖြစ်စေ။
နှစ်ယောက်လုံးမှာ ယခင်က သူ မထိတွေ့နိုင်သော ပုဂ္ဂိုလ်များသာ ဖြစ်ခဲ့ကြသည်။
ယနေ့တွင်မူ ကုန်းမင်ယွမ်ကဲ့သို့ လူကြီးတစ်ယောက်ကပင် မနေ့ညက ကိစ္စကို ဖုံးကွယ်ပေးရန် လက်ဆောင်များ ကိုယ်တိုင် ယူဆောင်လာပြီး စေတနာလာပြခဲ့၏။
သူ့စိတ်နေသဘောထားက ဘယ်လိုလုပ် မပြောင်းလဲဘဲ နေမည်နည်း။
"အစ်မလင်းက တကယ် သေချာ အကဲခတ်တာပဲ... မကြာခင်က ကျွန်တော့်ရဲ့ ခွန်အား နည်းနည်း တိုးတက်လာတာ မှန်ပါတယ်..."
ထိုစကားကြားလျှင် လင်းချင်းရီက အံ့အားသင့်သွားသည့် အမူအရာကို ပြသလိုက်သည်။
"ရက်အနည်းငယ်ပဲ ရှိသေးတာကို မင်းက နည်းနည်း တိုးတက်လာတယ်လို့ ပြောတယ်ဆိုတော့... အရေပြား လေ့ကျင့်မှု တိုးတက်တာ တော်တော် ကောင်းတဲ့ပုံပဲ..."
ကျန်းနင်က ဝန်ခံခြင်း၊ ငြင်းဆိုခြင်း မပြုဘဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။
ထို့နောက် ကျန်းနင်က…
"ဒီနေ့ ညနက်မှ အစ်မလင်းက ကျွန်တော့်ကို ဘာလို့ ဖိတ်တာလဲ ဆိုတာ သိလို့ရမလား..."
ထိုအခိုက်အတန့်တွင် လင်းချင်းရီ၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားတော့သည်။
End
***