"မိုးမခပင် ထိပ်ဖျား လမင်းကြီး သွားနေချိန်... နေဝင်ဆည်းဆာ အချိန်လေး ချိန်းဆိုခဲ့ဖူးတယ်..."
"ဒီလောက် ညနက်နေပြီကို ဘာတွေများ ပျော်စရာ ရှိဦးမှာလဲလို့ မောင်လေးကျန်း ပြောမလား..."
စကားပြောနေရင်း လင်းချင်းရီက သူမ ထိုင်ခုံမှ ထလာခဲ့သည်။
စားပွဲမျက်နှာပြင်ပေါ် လက်ထောက်ကာ ကျန်းနင်ကို ကြည့်ရင်း အနည်းငယ် ရှေ့သို့ ကိုင်းလာ၏။
သူမ၏ မျက်လုံးများထဲတွင် ဆောင်းဦးရေပြင်လို လှိုင်းလေးများ ထနေသကဲ့သို့ပင်။
"အာ..." ကျန်းနင်လည်း သူမ စကားများကိုကြားပြီး ခေတ္တမျှ ကြောင်အသွားသည်။
...
အဘယ်ကြောင့်ဆိုသော် လင်းချင်းရီ ရှေ့သို့ ကိုင်းလာပြီး စားပွဲပေါ် လက်ထောက်လိုက်ချိန်တွင် သူမ၏ အလှတရားများကို မရည်ရွယ်ဘဲ မြင်လိုက်ရသောကြောင့်ပင်။
သူ ခဏတာ အံ့အားသင့်သွားပြီးနောက် ဘာဖြစ်သွားမှန်း ချက်ချင်း သဘောပေါက်သွားကာ အနည်းငယ် နောက်ဆုတ်လိုက်သည်။
"အစ်မလင်း... ကျွန်တော့်ကို မနောက်ပါနဲ့..." ကျန်းနင်က ပြောလိုက်၏။
ထိုအခိုက်အတန့်တွင် လင်းချင်းရီလည်း တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။
သူမ မျက်နှာပေါ်တွင် ရှက်သွေးဖြာသွားသည့် အရိပ်အယောင်တစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားပြီး အနောက်ရှိ ထိုင်ခုံတွင် အလျင်အမြန် ပြန်ထိုင်လိုက်တော့သည်။
ထို့နောက် သူမ၏ ဝတ်စုံကို သေသပ်အောင် ပြင်ဆင်ပြီး အရှေ့ဘက် စကတ်စွန်းကို အနည်းငယ် မတင်လိုက်၏။
"ကောင်းပြီလေ... မောင်လေးကျန်းကို အစ်မ မစတော့ပါဘူး..." လင်းချင်းရီက အလေးအနက် ပြောလာသည်။
ထို့နောက် လင်းချင်းရီက ဆက်ပြောသည်။
"မောင်လေးကျန်းကို အရင်က အစ်မပြောခဲ့တာ မှတ်မိသေးလား..."
"ဘာကိစ္စလဲ..." ကျန်းနင်က နားမလည်စွာ မေးလိုက်၏။
"မောင်လေးကျန်းအတွက် နွေးထွေးတဲ့ ဇနီးသည်တစ်ယောက် ရှာပေးမယ် ဆိုတာလေ..." လင်းချင်းရီက ပြောသည်။
"အာ..." ထိုစကားကြားလျှင် ကျန်းနင်က ထပ်မံ ကြောင်အသွားပြန်သည်။
သူ့တုံ့ပြန်မှုကို မြင်လျှင် လင်းချင်းရီက ပြုံး၍...
“မောင်လေးကျန်းအတွက် မိန်းကလေးတစ်ယောက် အစ်မ ရှာပေးမယ်လို့ အရင်က ပြောခဲ့ဖူးတယ်လေ... အခု ရှာတွေ့ပြီ... အောက်မှာ စောင့်နေတယ်... မောင်လေးကျန်း သူ့ကို တွေ့ချင်လား..."
"မောင်လေးကျန်းလည်း ငယ်တော့တာ မဟုတ်ဘူး... လက်ထပ်ဖို့ အချိန်တန်နေပြီလေ..."
ထိုစကားများကြောင့် ကျန်းနင်တစ်ယောက် ချွေးအေးများပင် ပြန်လာတော့သည်။
အိမ်ထောင်ဖက် ရှာပေးခြင်း၏ ကြောက်မက်ဖွယ်ကောင်းမှုက မည်သည့်ကမ္ဘာတွင်မဆို ရှောင်လွှဲ၍ မရနိုင်ပုံပေါ်၏။
"မောင်လေးကျန်း ဘာမှမပြောရင် သဘောတူတယ်လို့ပဲ သတ်မှတ်လိုက်မယ်နော်..." လင်းချင်းရီက ကျန်းနင် ငြင်းဆန်မည့် အခွင့်အရေးကို ဖြတ်တောက်လျက် ပြတ်သားစွာ ပြောလိုက်သည်။
နောက်တစ်ခဏတွင်…
သူမက လသာဆောင် ဝင်ပေါက်တွင် ရပ်နေသော မိန်းကလေးလွီကို လက်ဟန်ဖြင့် ခေါ်လိုက်သည်။ "မိန်းကလေးလွီ... ဒီကို လာခဲ့..."
အစိမ်းရောင် စကတ်ဝတ်ဆင်ထားသော မိန်းကလေးလွီက လျင်မြန်သော ခြေလှမ်းငယ်များဖြင့် ပြေးလာခဲ့၏။
"သခင်မ..." သူမက အရိုအသေ ပေးလိုက်သည်။
"သွားပြီး ကျားအာကို ခေါ်လာခဲ့..." လင်းချင်းရီက ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မ..." နောက်ထပ် အရိုအသေတစ်ကြိမ် ပေးပြီးနောက် မိန်းကလေးလွီက လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်းနင်က ဟနေသော ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
'ထားလိုက်ပါတော့...'
သူ့စိတ်ထဲတွင် ခေါင်းခါယမ်းလိုက်မိ၏။
သူမနှင့် အရင်တွေ့ကြည့်ခြင်းက ဘာမှမနစ်နာနိုင်ပေ။
တကယ်လို့ သင့်တော်တဲ့ အိမ်ထောင်ဖက် ဖြစ်နေခဲ့လျှင် လက်ထပ်ပြီး ကလေးယူဖို့ကလည်း မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ချေ။
ခဏအကြာ…
မိန်းကလေးလွီက သူတို့ရှေ့သို့ ပြန်ရောက်လာပြီး နောက်တွင်တော့ နူးညံ့သိမ်မွေ့သော ရုပ်ရည်ရှိသည့် မိန်းကလေးတစ်ယောက် လိုက်ပါလာခဲ့သည်။
သူမ၏ မျက်လုံးများက အလွန် ဆွဲဆောင်မှုရှိပြီး နှုတ်ခမ်းများက သွေးကဲ့သို့ နီရဲကာ နဖူးတွင် အနီရောင် အစက်ကလေး တစ်ခု ရှိနေသည်မှာ... သေသပ်လှပစွာ ပြင်ဆင်ထားကြောင်း ညွှန်ပြနေ၏။
ကျန်းနင်အနေဖြင့် ဤမိန်းကလေး၏ ရုပ်ရည်မှာ သူ တစ်သက်လုံး မြင်ဖူးသမျှ အမျိုးသမီးများထဲတွင် ထိပ်တန်း ဆယ်ယောက် စာရင်းဝင်သည်ဟု ဆိုရပေမည်။
လင်းချင်းရီနှင့် နှိုင်းယှဉ်လျှင်ပင် သူမ၏ အလှတရား ရှစ်ဆယ် ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည်။
သို့သော်လည်း ကျန်းနင် ရင်ထဲတွင် မည်သည့် လှုပ်ခတ်မှုမျှ မခံစားရပေ။
အဘယ်ကြောင့်ဆိုသော် ဤမိန်းကလေးမှာ အလွန် ရိုးရှင်းလွန်းလှသဖြင့် သူ့အကြိုက်နှင့် မကိုက်ညီသောကြောင့်ဖြစ်သည်။
သူမ မျက်နှာကို ဖုံးကွယ်ထားလျှင် အရှေ့နှင့် အနောက်ပင် ခွဲခြား၍ ရမည်မထင်ချေ။
တစ်ချိန်တည်းမှာပင်…
လင်းကျားအာ၏ အကြည့်များကလည်း ကျန်းနင်ဆီသို့ ရောက်ရှိလာခဲ့သည်။
သူမက အနည်းငယ် မဲ့ပြုံး ပြုံးလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်၏။
'သူ့ရုပ်ရည်က မဆိုးပါဘူး...'
'သူ့အရည်အချင်းကလည်း အသင့်အတင့် ရှိတယ်...'
'သူ့နောက်ခံက အရမ်း နိမ့်ကျနေတာ နှမြောစရာပဲ... လင်းမိသားစုရဲ့ တရားဝင် သမီးဖြစ်တဲ့ ငါ့လို ဂုဏ်သရေရှိ အဆင့်အတန်းမျိုးနဲ့ သူက ဘယ်လိုလုပ် ထိုက်တန်မှာလဲ...'
ကျန်းနင်၏ နောက်ခံအကြောင်း သိရှိပြီး သူ့အချက်အလက်များကို ဖတ်ရှုပြီးနောက် လင်းကျားအာမှာ သူ့အပေါ် စိတ်ဝင်စားမှု လုံးဝ မရှိတော့ပေ။
သူမ စိတ်ထဲတွင် ငြင်းဆန်မှုများဖြင့်သာ ပြည့်နှက်နေ၏။
သူမ မျက်လုံးထဲတွင် သူမနှင့် ကျန်းနင်မှာ ကမ္ဘာနှစ်ခုမှ ဖြစ်သည်။
သူမ မိသားစုမှာ တုန်းလင်မြို့မှ လာခြင်းဖြစ်ပြီး ထိုနေရာရှိ လင်းမိသားစုမှာ ထိပ်တန်း မိသားစုဟု ဆိုကြသဖြင့်... တကယ့် ဂုဏ်သရေရှိ မျိုးရိုးပင် ဖြစ်သည်။
ထို့အပြင် သူမက ဘေးထွက် မျိုးဆက် မဟုတ်ဘဲ လင်းမိသားစု၏ တိုက်ရိုက် သွေးမျိုးဆက်ကို ဆက်ခံထားသူ ဖြစ်သည်။
ထိုကဲ့သို့ အဆင့်အတန်းမျိုးဖြင့် သာမန်အရပ်သား တစ်ယောက်အဖြစ် မွေးဖွားလာသော ကျန်းနင်ကို သူမက ဘယ်လိုလုပ် အဆင့်လျှော့ပြီး လက်ထပ်နိုင်မည်နည်း။
သူက တရားဝင် ရာထူးတစ်ခုမှ မရှိသော သာမန်အရပ်သား တစ်ယောက်မျှသာ ဖြစ်ကြောင်း ဆိုနေစရာပင် မလိုတော့ချေ။
ကျန်းနင်တွင် သိုင်းပညာ အရည်အချင်းအချို့ ရှိကြောင်းကိုတော့ လင်းကျားအာ ကိုယ်တိုင် ဝန်ခံပါသည်။
သို့သော် လက်ရှိ မဟာရှနန်းတွင်းတွင် သိုင်းပညာ အရည်အချင်း သက်သက်ဖြင့် လူတစ်ယောက်၏ ကံကြမ္မာ သတ်မှတ်ချက်ကို ချိုးဖျက်ရန် မလုံလောက်ကြောင်း သူမ ကောင်းကောင်း သိထား၏။
သိုင်းဂိုဏ်းများ အတွင်း၌ဖြစ်စေ၊ နန်းတွင်း ရာထူးများကို ချုပ်ကိုင်ထားသော ဂုဏ်သရေရှိ မိသားစုများ ကြားတွင်ဖြစ်စေ ကံကြမ္မာကို ပြောင်းလဲရန် သိုင်းပညာ အရည်အချင်းထက် ပိုမို လိုအပ်ပေသည်။
ရာနှင့်ချီ၊ ထောင်နှင့်ချီသော သမိုင်းကြောင်းရှိသည့် ဂိုဏ်းများတွင်...
ထိုမျှ ရှည်လျားသော အချိန်ကာလတစ်လျှောက် မျိုးဆက်များစွာ ဖြတ်သန်းပြီးနောက် အတွင်းပိုင်းတွင် မျိုးရိုးအမည် အနည်းငယ်ကသာ ကြီးစိုးထားကြသည်။
ဤမျိုးရိုးအမည် အနည်းငယ်၏ မျိုးဆက်များမှလွဲ၍ အခြားတပည့်များမှာ အဓိက သွေးမျိုးဆက်များနှင့် ထိတွေ့ရန် ခဲယဉ်းလှ၏။
သူတို့၏ အရည်အချင်းများ မည်မျှပင် သာလွန်နေပါစေ။
နန်းတွင်းရှိ အရေးကြီး ရာထူး အသီးသီးတွင်လည်း ထိုနည်းတူပင် ဖြစ်သည်။
နေရာအနှံ့မှ မိသားစုများက မျိုးဆက်ဆယ်ဆက်၊ ဒါဇင်နှင့်ချီသော မျိုးဆက်များ၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုများဖြင့် အထွတ်အထိပ်သို့ ရောက်ရန် လမ်းကြောင်းကို လုံခြုံအောင် တည်ဆောက်ထားပြီး ဖြစ်ကြသည်။
ထို့ကြောင့် လင်းကျားအာက ကျန်းနင်၏ နောက်ခံကို သိရှိသွားသည်နှင့် သူ့အပေါ် တွေးတောမှု အားလုံးကို ဖယ်ရှားပစ်ခဲ့ခြင်း ဖြစ်သည်။
သူမ လက်ထပ်ချင်သော ယောက်ျားမျိုးမှာ ရှင်းလင်းလှ၏။ ညီအစ်မများကြားတွင် သူမကို ပေါ်လွင်စေနိုင်မည့်သူမျိုး...
သူ့တည်ရှိမှုက သူမ၏ ညီအစ်မများကို မနာလို ဝန်တိုမှုများဖြင့် ကြည့်လာစေမည့်သူမျိုး...
သနားကြင်နာမှုများဖြင့် မဟုတ်ပေ။
ကျန်းနင်၏ နောက်ခံမှာ အလွန် သာမန်ဆန်လွန်းလှသည်။ သူ၏သိုင်းပညာ အရည်အချင်းမှာ အသင့်အတင့် ရှိသည်ဆိုလျှင်တောင်မှ...
ဤကဲ့သို့သော အသင့်အတင့် အရည်အချင်းမျိုးက သူမ မျက်လုံးထဲတွင် အောက်ခြေ လူတန်းစားများ ကြား၌ ရုန်းကန်ရန်သာ သင့်တော်ပေမည်။
သို့သော် အဆင့်တစ်ခုသို့ ရောက်သွားသည်နှင့် ပိုမို မြင့်မားသော နေရာသို့ တက်လှမ်းရန် များစွာ ခက်ခဲသွားလိမ့်မည်။
ထိုကဲ့သို့သော မျက်မြင်မရ လှောင်အိမ်မျိုးမှ ရုန်းထွက်ရန်မှာ အလွန်ခက်ခဲလှ၏။
အနည်းဆုံးတော့ ကိုယ်ပိုင် အောင်မြင်မှုတချို့ မရှိဘဲနဲ့ မဖြစ်နိုင်ချေ။
သို့သော်...
ထိုတွေ့ဆုံမှုကို လင်းချင်းရီက ဖန်တီးပေးခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း လင်းကျားအာ သိထားသည်။
လင်းချင်းရီအပေါ် အထင်ကောင်း ကျန်ရစ်စေချင်လျှင် ဤကမ်းလှမ်းမှုကို လွယ်လွယ်ကူကူ မငြင်းဆန်သင့်ကြောင်း သူမ ကောင်းကောင်း သဘောပေါက်၏။
မဟုတ်ပါက လင်းချင်းရီက သူမအပေါ် အငြိုးအာဃာတတစ်ခုခု ထားသွားလျှင် ယခင်က သူမ တမင်တကာ ကြိုးပမ်း အားထုတ်ခဲ့သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
"အဒေါ့်ကို နှုတ်ဆက်ပါတယ်..."
လင်းကျားအာက ဂုဏ်သရေရှိ မိသားစုမှ အမျိုးသမီးတစ်ဦး၏ ပုံစံအတိုင်း လင်းချင်းရီကို အရိုအသေပေးလျက် ပြောလိုက်သည်။
လင်းချင်းရီက ခေါင်းညိတ်၍...
"ကျားအာ... ဘယ်လိုလဲ... အဒေါ့်အမြင် မမှားဘူး မဟုတ်လား..."
လင်းကျားအာက အနည်းငယ် ပြုံးပြ၍...
"အဒေါ် ပြောတာ မှန်ပါတယ်... သခင်လေးကျန်းက တကယ်ကို အရည်အချင်းရှိသူ တစ်ယောက်ပါပဲ... ပြီးတော့ သူ့ရဲ့ သိုင်းပညာ အရည်အချင်းကလည်း တော်တော်လေး ထူးချွန်တယ်လေ... သမီးတောင် လေးစားနေခဲ့တာ..."
စကားပြောနေစဉ် လင်းကျားအာက ကျန်းနင်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လေသည်။
"သခင်လေးကျန်းကို တွေ့ရတာ ဝမ်းသာပါတယ်..."
ထို့နောက် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။
"ကျွန်မ နာမည်က လင်းကျားအာပါ... တုန်းလင်မြို့ လင်းမိသားစုကပါ... သခင်လေးကျန်း ကျွန်မကို ကျားအာလို့ ခေါ်လို့ ရပါတယ်..."
ကျန်းနင်က မတ်တတ်ထရပ်၍...
"မိန်းကလေး ကျားအာ... ထိုင်ပါဦး..."
"ကျေးဇူးတင်ပါတယ် သခင်လေးကျန်း..." လင်းကျားအာက ထပ်မံ အရိုအသေ ပေးလိုက်သည်။
လင်းချင်းရီက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ပြီးနောက် မတ်တတ်ထရပ်လိုက်ကာ... "မင်းတို့နှစ်ယောက် စကားပြောကြဦး... ငါ လုပ်စရာလေးတွေ ရှိသေးလို့..."
စကားဆုံးသည်နှင့် တစ်ပြိုင်နက်...
လင်းချင်းရီက မတ်တတ်ထရပ်ပြီး ထွက်ခွာသွားရာ လသာဆောင် တစ်ခုလုံးတွင် ကျန်းနင်နှင့် လင်းကျားအာ နှစ်ယောက်တည်းသာ ရုတ်တရက် ကျန်ရစ်ခဲ့တော့သည်။
နှစ်ယောက်သား ခဏတာ တိတ်ဆိတ်သွားကြ၏။
လင်းကျားအာက တိတ်ဆိတ်မှုကို အရင် စတင် ဖြိုခွဲလိုက်သည်။
"သခင်လေးကျန်း... ကျွန်မတို့ လမ်းလျှောက်ရင်း စကားပြောကြမလား..."
"ရတာပေါ့..." ကျန်းနင်က ပြန်ဖြေလေသည်။
သူတို့နှစ်ယောက် မီးရောင်များ လင်းထိန်နေသော လမ်းမကြီးတစ်လျှောက် လမ်းလျှောက်လာကြသည်။
လက်သီးဆုပ် နှစ်လုံးစာခန့် အကွာအဝေးထား၍ ယှဉ်တွဲ လျှောက်လှမ်းလာကြခြင်းပင်။
လင်းကျားအာက ခေါင်းလှည့်၍ ကျန်းနင်၏ ရှင်းလင်းသော မျက်နှာဘေးတိုက် မြင်ကွင်းကို ခိုးကြည့်လိုက်ရာ လမ်းမီးရောင်အောက်တွင် သူ့မျက်နှာသွင်ပြင်က ဆွဲဆောင်မှုရှိစွာ ပေါ်လွင်နေ၏။
"နှမြောစရာပဲ..." လင်းကျားအာက စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
သို့သော် ယခုအချိန်တွင် ကျန်းနင်၏ အာရုံက ဘေးရှိ လင်းကျားအာ အပေါ်တွင် မရှိဘဲ အနောက်မှ လင်းချင်းရီ အပေါ်တွင်သာ ရှိနေခဲ့၏။
'အတင်းပြောတာက အမျိုးသမီးတွေရဲ့ သဘာဝပဲ ဖြစ်ရမယ်...'
ကျန်းနင်က စိတ်ထဲတွင် တိတ်တဆိတ် ဝေဖန်လိုက်သည်။
သူ၏ ထူးခြားသော အာရုံခံစားမှုများက လင်းချင်းရီတစ်ယောက် အနောက်သိပ်မဝေးသော နေရာမှ လိုက်ပါလာကြောင်း အစောကတည်းက သတိပေးနေခဲ့သည် မဟုတ်ပါလား။
ယခုအချိန်တွင် လင်းချင်းရီက သူတို့နှင့် ခြေလှမ်း ဆယ်လှမ်းခန့် အကွာအဝေးတွင်သာ ရှိနေသည်။
ဤအကွာအဝေးဆိုသည်မှာ သူ နောက်လှည့်ကြည့်လိုက်ရုံဖြင့် လင်းချင်းရီ၏ ပုံရိပ်ကို အလွယ်တကူ မြင်တွေ့နိုင်သည်ဟု အဓိပ္ပာယ်ရ၏။
ပြီးတော့ လင်းချင်းရီလို အရည်အချင်းမျိုးရှိသူ တစ်ယောက်အတွက် သူတို့ စကားဝိုင်းကို ခိုးနားထောင်ရန်မှာ အလွန်လွယ်ကူပေလိမ့်မည်။
ထိုစဉ်...
လင်းကျားအာက ဖြည်းညှင်းစွာ စကားစလာသည်။
"ရိုးရိုးသားသား ပြောရရင် သခင်လေးကျန်း... ရှင့်ကို ကျွန်မ စိတ်ကူးထဲက စံပြခင်ပွန်းလောင်းလို့ မထင်ပါဘူး..."
ထို့နောက် ကျန်းနင်က သူမကို မျက်လုံးထောင့်မှနေ၍ လှမ်းကြည့်နေသည်အား သူမ သတိထားမိလိုက်သည်။
သူမက ဆက်ပြောသည်။
"ကျွန်မ စိတ်ကူးထဲက ခင်ပွန်းလောင်းက ကျွန်မကို တကယ့် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တန်ဖိုးတွေရော၊ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေပါ ပေးနိုင်ရမယ်... ကျွန်မကို ဂုဏ်ယူစေပြီး မာနတွေ ပြည့်ဝနေစေရမယ်..."
"ရှင်နဲ့ ကျွန်မက ကမ္ဘာနှစ်ခုက လူတွေပါ... ကျွန်မက တုန်းလင်မြို့ရဲ့ ထင်ရှားတဲ့ လင်းမိသားစုက လာတာလေ... ရှင့်နောက်ခံက အရမ်း သာမန်ဆန်လွန်းတယ်... ကျွန်မရဲ့ အဆင့်အတန်းထက် နိမ့်ကျတဲ့သူကို မလက်ထပ်ချင်ဘူး..."
"ကျွန်မက ဇိမ်ကျကျ နေလာခဲ့တာဆိုတော့ ဘဝရဲ့ နောက်ဆုံးအချိန်တွေကိုလည်း ရိုးရိုးရှင်းရှင်းနဲ့ မဖြတ်သန်းချင်ဘူး..."
"ကျွန်မ ရှင်နဲ့ တွေ့ဖို့ သဘောတူခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းက အဒေါ့်ရဲ့ စေတနာကို ငြင်းဆန်ဖို့ ခက်ခဲနေလို့ပါ... ရှင် ဒါကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်... ပြီးတော့ သခင်လေးကျန်း အနေနဲ့ နောက်ကျရင် ကျွန်မရဲ့အဒေါ်ကို မျက်နှာမပျက်ရအောင် ကူညီပေးမယ်လို့လည်း မျှော်လင့်ပါတယ်..."
ထိုစကားများ အားလုံးကို ကြားပြီးနောက် ကျန်းနင်က စကားစလာ၏။
"မိန်းကလေး ကျားအာ... ခင်ဗျားက တော်တော် ပွင့်လင်းတာပဲ..."
ထို့နောက် ကျန်းနင်က ပြုံးလိုက်ပြီး...
"ကံကောင်းတာက... မိန်းကလေး ကျားအာကလည်း ကျုပ်ရဲ့ စံပြအိမ်ထောင်ဖက် မဟုတ်ပါဘူး..."
ထိုစကားကြားလျှင် လင်းကျားအာက မသိမသာ နှုတ်ခမ်းမဲ့လိုက်သည်။
ဒါက ကျန်းနင်၏ မာနကြောင့် ပြောနေခြင်းသာ ဖြစ်ကြောင်း သူမ သိထား၏။
ယောက်ျားတွေက သူတို့ မာနကို ဂရုစိုက်ကြတယ်လေ... သူမ၏ မျက်နှာချင်းဆိုင် ငြင်းပယ်ခြင်း ခံလိုက်ရသဖြင့် ကျန်းနင်မှာ သဘာဝကျကျပင် ရှက်ရွံ့သွားပေလိမ့်မည်။ ထို့ကြောင့် သူမက သူ့စကားများကို သိပ်ပြီး အလေးအနက် မထားတော့ချေ။
သူမက ယောက်ျားများစွာနှင့် တွေ့ဆုံဖူးပြီး ထိုသူများ အားလုံးမှာ သူမကို မြင်မြင်ချင်း မျက်နှာလိုမျက်နှာရလုပ်ရန် စိတ်အားထက်သန်ခဲ့ကြသည်။
ဒါတွေ အားလုံးက သူမ၏ ရုပ်ရည်နှင့် ဆွဲဆောင်မှုကြောင့်သာဖြစ်သည်။
သူမ အဒေါ်၏ အလှတရား တချို့ကို အမွေရထားပြီး လင်းမိသားစု၏ မျိုးဆက်သစ်များကြားတွင် သူမ၏ အလှတရားနှင့် ဆွဲဆောင်မှုမှာ အထင်ရှားဆုံး ဖြစ်သည်။
ယနေ့တွင် သူမက သီးသန့် အလှပြင်ဆင်ထားပြီး သူမ၏ အလှတရားကို ပိုမို တောက်ပလာစေကြောင်း ဆိုနေစရာပင် မလိုချေ။
ဘယ်လိုသာမန်ယောက်ျားမျိုးက သူမကို ဆန့်ကျင်နိုင်မှာလဲ။
End
***