ခြံဝင်းအတွင်း၌…
ကျန်းနင်က သူ့လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်၏။
ထိုအခိုက် သူ့ခန္ဓာကိုယ် အတွင်းရှိ ပြောင်းလဲမှုကို ချက်ချင်း သတိပြုမိသွားသည်။
သူ့ခွန်အားများ သိသိသာသာ ပိုမို တိုးတက်လာခဲ့လေသည်။
လက်သီး ဆုပ်လိုက်ရုံမျှဖြင့် သူ ထုတ်လွှတ်နိုင်သော စွမ်းအားများ အဆင့်တစ်ခုအထိ မြင့်တက်သွားကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရပေသည်။
“ကြေးနီလို မာကျောတဲ့ ငါ့အရေပြား အလွှာရဲ့ အသွင်ပြောင်းမှုက ငါ့ခွန်အားကို ပေါင်ရာချီလောက် ပိုတိုးလာစေတယ်… အခုဆို ငါ့စွမ်းအားက ပေါင်နှစ်ထောင် နီးပါးလောက် ရှိနေလောက်ပြီ”
...
သူက တီးတိုး ရေရွတ်လိုက်၏။
ထို့နောက် မြေပြင်ပေါ်မှ ကျောက်တုံး အပိုင်းအစ တစ်ခုအား ကောက်ယူ၍ လက်ဖဝါးထဲ ဆုပ်ကိုင်ကာ အားကုန် ညှစ်ချလိုက်တော့သည်။
ခွပ်…
ကျောက်တုံး ကြေမွသွားသော အသံက သူ့လက်ထဲမှ ထွက်ပေါ်လာ၏။
ခဏအကြာတွင် ကျန်းနင်က ညာဘက် လက်ဖဝါးကို ဖြန့်ကြည့်လိုက်ရာ အဖြူရောင် ကျောက်မှုန့်များသာ ကျန်ရစ်တော့သည်ကို တွေ့လိုက်ရသည်။
ဟူး…
သူ့ပါးစပ်မှ ပြင်းထန်သော လေတစ်ချက် မှုတ်ထုတ်လိုက်သည်နှင့် အဖြူရောင် အမှုန့်များ လေထဲသို့ လွင့်စဉ်သွားပြီးနောက် ပကတိအတိုင်း ချောမွေ့နေသော လက်ဖဝါးကို မြင်တွေ့လိုက်ရ၏။
သူ့လက်ဖဝါးထက်တွင် ခြစ်ရာ တစ်ချက်ပင် ထင်ဟပ်မနေချေ။
“ငါ့အရေပြားရဲ့ မာကျောမှုက အရင်ကထက် တကယ်ကို ပိုသန်မာလာတာပဲ… ဒါပေမဲ့ အသားအရေရဲ့ မာကျောမှု သက်သက်နဲ့တင် သာမန် ဓားတွေကို ခံနိုင်ရည် ရှိ၊ မရှိ ဆိုတာကိုတော့ မသိရသေးဘူး”
ကျန်းနင်က ထိုအထိ တွေးတောရင်း တီးတိုး ရေရွတ်မိသည်။
ထို့နောက် ခြံဝင်း ထောင့်တစ်နေရာဆီသို့ လှည့်၍ လျှောက်သွားတော့သည်။
ယခင်က သူ ချိုးဖဲ့ထားခဲ့သော သစ်သားနက် ဓားကျိုးမှာ ခြံဝင်းထောင့်တွင် ပြုတ်ကျလျက် ရှိနေပေသည်။
ထောင့်သို့ ရောက်သည်နှင့် ကျန်းနင်က အစောပိုင်းက ပစ်ချထားခဲ့သော ဓားကျိုးအား အလျင်အမြန်ပင် ကောက်ယူလိုက်၏။
“ဒီဓားကို သုံးပြီး ငါ့အရေပြားရဲ့ မာကျောမှုကို စမ်းကြည့်ရမယ်… ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ်ရဲ့ မှတ်တမ်းတွေ အရဆိုရင် အရေပြား သန့်စင်ခြင်း ကျွမ်းကျင်မှု အဆင့်မျှသာ ဖြစ်ပေမဲ့ ကြေးနီလို မာကျောတဲ့ အရေပြားလွှာ အဆင့်ကိုတော့ ရောက်နေပြီ”
“ဒါပေမဲ့ ဒီကျင့်စဉ်နဲ့ သန့်စင်ထားတဲ့ အရေပြားလွှာက တခြား အဆင့်တူတွေထက် မာကျောမှုပိုင်းမှာ သုံးဆယ့်ငါး ရာခိုင်နှုန်းလောက် ပိုမို ခိုင်ခံ့တယ်လေ”
ထိုသို့ တွေးတောရင်း ကျန်းနင်က ဓားကျိုးအား လက်ထဲ ဆုပ်ကိုင်၍ ထက်ရှသော ဓားသွားဖြင့် သူ့လက်မောင်းပေါ် ညင်သာစွာ ပွတ်ဆွဲလိုက်တော့သည်။
လက်မောင်းထက်ရှိ အရေပြား ချိုင့်ဝင်သွားသည်ကို ချက်ချင်း မြင်လိုက်ရပြီးနောက် ခပ်ရေးရေး နာကျင်မှုတစ်ခုက သူ့ထံ တိုးဝင်လာ၏။
ဓားသွားက အရေပြားကို ဖြတ်သန်းသွားပြီးနောက် ချိုင့်ဝင်နေသော အသားများမှာ မူလအတိုင်း ချက်ချင်း ပြန်လည် ပြည့်ဖြိုးလာကာ မည်သည့် ဒဏ်ရာမျှ ကျန်ရစ်ခဲ့ခြင်း မရှိချေ။
လက်မောင်းပေါ်တွင် အဖြူရောင် အစင်းရာ မှိန်မှိန်လေး တစ်ခုသာ ကျန်ရစ်ခဲ့သည်။
သူ့လက်ချောင်းများဖြင့် ထိုအဖြူရောင် အစင်းရာပေါ် ပွတ်သပ်လိုက်ရာ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။
“တကယ်ကို ထူးခြားတာပဲ”
လက်မောင်းပေါ်ရှိ အပြောင်းအလဲကို ကြည့်ရင်း ကျန်းနင်၏ အမူအရာမှာ ချက်ချင်း လင်းလက်သွား၏။
ထို့နောက် ဓားကျိုးကို သုံး၍ လက်မောင်းပေါ် နောက်တစ်ကြိမ် ထပ်မံ ပွတ်ဆွဲလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ အရင်ကထက် အားကို ပိုမို ထည့်လိုက်လေသည်။
ခဏအကြာမှာပင်…
လက်မောင်းမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။
ထိုသည်မှာ ထက်ရှသော ဓားသွားက အရေပြားကို ထိုးဖောက် ဖြတ်တောက်သွားသည့် ခံစားချက်ပင်။
သို့သော် နောက်တစ်ခဏ၌…
ဓားသွားထံမှ ပြင်းထန်သော ခုခံမှု တစ်လွှာကို ခံစားလိုက်ရသည်။ ထိုခုခံအားကြောင့်ပင် ဓားသွားမှာ ရှေ့သို့ ဆက်လက် တိုးဝင်နိုင်ခြင်း မရှိတော့ချေ။
“ဒါ သေချာပေါက် အရေပြားလွှာရဲ့ အာနိသင်ပဲ ဖြစ်ရမယ်” ကျန်းနင်က တီးတိုး ရေရွတ်မိလေသည်။
ထို့နောက် ဓားကျိုးကို လက်မောင်းပေါ်မှ ပြန်ရုပ်သိမ်းလိုက်ရာ ဘယ်ဘက် လက်မောင်းထက်ရှိ သေးငယ်သော ပြတ်ရှရာ တစ်ခုကို မြင်တွေ့လိုက်ရ၏။
ထိုသည်မှာ ဓားကျိုးဖြင့် စမ်းသပ်ထားသဖြင့် ကျန်ရစ်ခဲ့သော အရာမှန်း သိသာလှသည်။
သို့သော် ဤပြတ်ရှရာမှာ အလွန်အမင်း ဆိုးရွားနေခြင်း မရှိပေ။
ဒဏ်ရာမှ သွေးများ ပန်းထွက်လာခြင်း မရှိဘဲ သွေးစက် အနည်းငယ်သာ ဖြည်းဖြည်းချင်း စိမ့်ထွက်လာသောကြောင့်ပင်။
“ကြည့်ရတာ အရေပြားလွှာရဲ့ မာကျောမှုက အပေါ်ယံ အရေပြားထက် အများကြီး ပိုအားကောင်းနေပုံပဲ”
“ငါ့ရဲ့ စမ်းသပ်ချက်အရဆိုရင် အကြိမ်တစ်ရာ သန့်စင်ထားတဲ့ သံနဲ့ သွန်းလုပ်ထားတဲ့ ဓားကို ပေါင်တစ်ရာလောက် အားသုံးပြီး ခုတ်မယ်ဆိုရင် အပေါ်ယံ အရေပြားကိုပဲ ဖောက်ထွင်းနိုင်မှာ… အောက်က အရေပြားလွှာကိုတော့ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”
ဤအချိန်တွင် ကျန်းနင်မှာ အရေပြား သန့်စင်ခြင်း ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိပြီးနောက် သူ့ခန္ဓာကိုယ်၏ ကာကွယ်နိုင်စွမ်း မည်မျှ မြင့်မားနေပြီကို အကြမ်းဖျင်း နားလည် သဘောပေါက်သွားလေသည်။
တစ်ကိုယ်လုံးအနှံ့ ဆက်စပ်နေသော အရေပြားလွှာများမှာ ယခုအခါ သူ့အား ကာကွယ်ပေးထားသည့် သံချပ်ကာ အရေပြား တစ်ခုအလား ဖြစ်နေ၏။
ဤအခြေအနေအရ သာမန်လူများ ဓားကိုင်၍ တိုက်ခိုက်လာလျှင်ပင် သူ့အရေပြားလွှာကို ထိုးဖောက်နိုင်ဖို့ မဆိုထားနှင့်၊ အပေါ်ယံ အရေပြားကိုပင် ထိခိုက်အောင် ပြုလုပ်နိုင်ရန် ခက်ခဲပေလိမ့်မည်။
“အရေပြား သန့်စင်ခြင်း ကျွမ်းကျင်မှုဆိုတာ တကယ့်ကို အသွင်ပြောင်းလဲမှု တစ်ရပ်ပဲ”
ကျန်းနင်က စိတ်ထဲမှ ကြိတ်၍ ဝမ်းသာနေမိသည်။
ထို့နောက် ဓားကျိုးကို ခြံဝင်း ထောင့်တစ်နေရာဆီသို့ ပြန်လည် လွှင့်ပစ်လိုက်ပြန်သည်။
ယခုအခါ ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ် ကျင့်စဉ်မှ အတွေ့အကြုံ တန်ဖိုးများ ဆက်လက် ရရှိနိုင်ခြင်း ရှိ၊ မရှိကိုသာ စမ်းသပ်ရန် လိုအပ်တော့၏။
လင်းချင်းရီ၏ ပြောစကားများနှင့် ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ် ကျမ်းစာ အပိုင်းအစများ၏ မှတ်တမ်းများ အရဆိုလျှင်။
ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ်မှာ ဝရဇိန် ဘုရားကျောင်း၏ ထိပ်တန်း သိုင်းပညာရပ်တစ်ခု ဖြစ်ပေသည်။
ပြီးပြည့်စုံခြင်း အဆင့်အထိ ကျင့်ကြံနိုင်ပါက ဒဏ္ဍာရီလာ မသေနိုင်သော ရွှေရောင် ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ပေမည်။ ထိုအဆင့်ရှိ သိုင်းပညာရှင် တစ်ယောက်ကို မည်သည့် ဓား၊ မည်သည့် နတ်လက်နက်နှင့်မျှ ဖျက်ဆီး၍ မရနိုင်သောကြောင့် ဝရဇိန် ခန္ဓာကိုယ်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
ထိုသည်ကပင် အရေပြား သန့်စင်ခြင်း၏ အမြင့်ဆုံးသော အဆင့်အတန်းတစ်ခု ဖြစ်၏။
လက်ရှိ သူ ပိုင်ဆိုင်ထားသော ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ် ကျမ်းစာမှာ ဝရဇိန် ဘုရားကျောင်းက တမင်သက်သက် ဖြန့်ဝေထားခြင်းဖြစ်ရာ ကြေးနီကဲ့သို့ မာကျောသော အရေပြား သန့်စင်ခြင်း ကျွမ်းကျင်မှု အဆင့်အထိသာ မှတ်တမ်းတင်ထားလေသည်။
ယခုအခါ အရေပြား သန့်စင်ခြင်းပိုင်း၌ သူ့တိုးတက်မှုမှာ ထိုကျမ်းစာ အပိုင်းအစ၏ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုရမည်။
ပုံမှန်အားဖြင့် အရေပြား လေ့ကျင့်ခြင်း လမ်းစဉ်တွင် ထပ်မံ တက်လှမ်းလိုပါက ဝရဇိန် ဘုရားကျောင်းသို့ ဝင်ရောက်ပြီး ၎င်းတို့၏ စစ်ဆေးမှုများကို အောင်မြင်အောင် ဖြတ်ကျော်ကာ တပည့်တစ်ယောက် ဖြစ်လာမှသာ ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ်၏ နောက်ဆက်တွဲ ကျင့်စဉ်များကို ရရှိနိုင်ပေလိမ့်မည်။
ဤသည်ကပင် ဝရဇိန် ဘုရားကျောင်းက ထိပ်တန်း ကျင့်စဉ်၏ အပိုင်းအစကို ဖြန့်ဝေထားရခြင်း အကြောင်းရင်း ဖြစ်နိုင်၏။
ပုံမှန်ဆိုလျှင် ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ်အား ကျင့်ကြံရာတွင် သူ့စွမ်းရည်ဖြင့် ဝရဇိန် ဘုရားကျောင်း၏ စမ်းသပ်မှုများကို ဖြတ်ကျော်၍ တပည့်တစ်ယောက် ဖြစ်လာရန်မှာ မခက်ခဲလှချေ။
သို့သော် လောက၏ ထိပ်တန်း ဂိုဏ်းကြီးတစ်ခု ဖြစ်သည့်အားလျော်စွာ သူ့စွမ်းဆောင်ရည်များကို ပြသနိုင်လျှင်ပင် ဤထိပ်တန်း သိုင်းပညာရပ်၏ နောက်ဆက်တွဲ ကျင့်စဉ်များကို ရယူနိုင်ရန် လွယ်ကူမည် မဟုတ်ကြောင်း စိတ်ကူးကြည့်၍ ရနိုင်လေသည်။
မည်သို့ပင် ဆိုစေကာမူ ဤကဲ့သို့ ထိပ်တန်း သိုင်းပညာရပ် တစ်ခုကို အလွယ်တကူ သင်ကြားခွင့်ပေးမည် မဟုတ်ပါလား။
ထို့အပြင် ဝရဇိန် ဘုရားကျောင်း၏ တင်းကျပ်လွန်းသော စည်းမျဉ်း စည်းကမ်းများကို ကြည့်ခြင်းအားဖြင့် ကျန်းနင်မှာ ထိုဘုရားကျောင်းသို့ ဝင်ရောက်ရန် မည်သည့် ရည်ရွယ်ချက်မှ မရှိခဲ့ပေ။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အခက်အခဲများနှင့် ရင်ဆိုင်ရပြီး လမ်းဆုံးသွားသည့် အခြေအနေမျိုး ကြုံလာရမှသာလျှင် သူ ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ်ကို ဆက်လက် ကျင့်ကြံရန်နှင့် ဘုရားကျောင်း၏ အကာအကွယ်ကို ရယူရန် စဉ်းစားမိပေလိမ့်မည်။
နောက်တစ်ခဏတွင်…
ကျန်းနင်က စိတ်ထဲ၌ ကြိတ်တွေးလိုက်၏။
“အခုလောလောဆယ်တော့ ဒီကျင့်စဉ်ကနေ အတွေ့အကြုံ တန်ဖိုးတွေ ဆက်ရနိုင်သေးလား ဆိုတာကို အရင် စမ်းသပ်ကြည့်ရမယ်… အဲဒါမှ အရေပြား သန့်စင်ခြင်း လမ်းစဉ်မှာ ဆက်လက် တိုးတက်နိုင်ခြင်း ရှိ၊ မရှိ သိရမှာပဲ”
End
***