" ရဲ့ဟိုင်က ငါတို့ရဲ့ အရှေ့နတ်နန်းတော်နဲ့ လုံးဝအဆက်အသွယ်ဖြတ်ဖို့ ကြိုးစားနေတာလား "
ဘိုးဘေး ကူရန် မမေးပဲ မနေနိုင်တော့ချေ။
အတိတ်တုန်းက အရှေ့နတ်နန်းတော်သည် ရဲ့ဟိုင်အား ပိုင်နက်စတုရန်းမိုင်တစ်သန်းရှိသော ကျိယန်မြို့ကို ပေးအပ်ခဲ့ပြီး ဘူရီမြို့ကိုလည်း ထိုပိုင်နက်ထဲတွင်ပင် တည်ဆောက်ထားခဲ့၏။ ယခုရဲ့ဟိုင်က မြို့နှစ်မြို့လုံးကို အရှေ့နတ်နန်းတော်အား ပြန်လည်ပေးအပ်ခဲ့သည်။ ၎င်းက ဘာကိုဆိုလိုနေသနည်း။
ဘိုးဘေးကူယန်၏ အမေးစကားကိုကြားလျှင် ခွန်ယင်းအာမှ ...
" သခင်ငယ်ကအခု ကိုယ့်ရဲ့ ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်ထားပြီဆိုတော့ အကုန်လုံးနဲ့ အဆက်အသွယ်ဖြတ်လိုက်တာ အကောင်းဆုံးပါပဲလို့ ဆိုပါတယ် "
ထိုသို့ပြောပြီးသည်နှင့် ခွန်ယင်းအာ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး...
" အထူးသဖြင့် ကျွန်မတို့ယွမ်ဟန်ဂိုဏ်းက နှင်းတောင်တန်းဒေသတစ်ခုတည်းနဲ့ ကျေနပ်နေမှာမဟုတ်ဘူးလေ "
ထိုစကားက အရှေ့နတ်နန်းတော်မှ ခေါင်းဆောင်များအားလုံး၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေ၏။
ခွန်ယင်းအာသည် ယွမ်ဟန်ဂိုဏ်းက အခြားအဓိကနယ်မြေများကိုလည်း ဆက်လက်၍ သိမ်းပိုက်နေမည်ဖြစ်ကြောင်း အရှေ့နတ်နန်းတော်အား သွယ်ဝိုက်၍ ပြောဆိုသွားခြင်းပင်။
ရဲ့ဟိုင်၏ ခွန်အားများဖြင့်ဆိုလျှင် အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံး၌ မည်သူက ကိုယ့်ခွန်အားဖြင့်ကိုယ် ရပ်တည်နိုင်တော့မည်နည်း။
မည်သူကမှ သူ့ကို တားနိုင်မည်မဟုတ်ချေ။
" သခင်ငယ်ပြောခဲ့သမျှ အရာအားလုံး ပြောပြီးပြီဆိုတော့ ကျွန်မအခုချက်ချင်းပဲ ထွက်သွားပါတော့မယ် "
ခွန်ယင်းအာ စကားဆုံးသည်နှင့် ချာခနဲလှည့်ထွက်သွားသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ တစ်ချက်လေးတောင် ကြည့်ရှုခြင်းမရှိသလို လူတိုင်း၏ စကားပြောချင်နေသော အမူအရာများကိုလည်း လျစ်လျူရှုထားခဲ့၏။
လုံးဝကို တည်ငြိမ်ပြီး ပြတ်သားလှ၏။
လာသင့်သည့် အချိန်လာပြီး ပြောသင့်တာပြောပြီးသည့် အချိန်၌ တန်းကာထွက်သွားသည်။ အပိုစကားတစ်ခွန်းတောင် မထွက်ခဲ့ချေ။
အရှေ့နတ်နန်းတော်မှလူများ အကုန်လုံးကတော့ ခွန်ယင်းအာထွက်ခွာသွားပြီးနောက် ခံစားချက်များ ရောထွေးစွာဖြင့် ကျန်ခဲ့လေ၏။
" ဟား .. ဟား .. ဟား "
မဟာအကြီးအကဲချင် ရုတ်တရက်ထကာ ရယ်မောလိုက်သည်။ သို့သော် သူ၏ရယ်မောသံထဲတွင် ဝမ်းနည်းမှုနှင့် နာကျင်မှုနှင့် မုန်းတီးမှုများက အပြည့်ပါဝင်နေခဲ့၏။
" ငါခုနက မင်းတို့ကိုပြောခဲ့တာ မှတ်မိသေးလား .. မင်းတို့အကုန်လုံးက အရှေ့နတ်နန်းတော်ရဲ့ အပြစ်သားတွေပဲ၊ အရှေ့နတ်နန်းတော်တစ်ခုလုံး နှစ်ပေါင်းများစွာတည်ရှိခဲ့တဲ့ ကောင်းချီးအကုန်လုံးကို ဖျက်ဆီးခဲ့တဲ့ အပြစ်သားတွေပဲ "
မဟာအကြီးအကဲချင်၏ ထိုစကားက မျိုးဆက်သစ်လူငယ်များအားလုံးကို ဒေါသများပြန်၍ ထွက်ပေါ်လာစေသည်။
" ချီးပဲ ရာထူးကို ယူထားပြီးတော့ ဒါလေးတောင် ဦးနှောက်က မတွေးနိုင်ကြဘူးလား "
" ခင်ဗျားတို့ အရည်အချင်းမရှိရင်လဲ ရာထူးကြီးမှာ အစောကြီးကတည်းက မနေကြနဲ့လေ "
" ခင်ဗျားတို့ အဆင့်မြင့်အကြီးအကဲတွေ အကုန်လုံးကို တစ်ကိုယ်လုံး အပိုင်းပိုင်းဖြတ်ပစ်ရမယ်၊ ဒါက အရှေ့နတ်နန်းတော် ကောင်းကင်ကိုမြင့်တက်သွားဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ၊ အခုတော့ လူယုတ်မာတွေကြောင့် ပျက်စီးသွားပြီ "
" တောက် .. ခင်ဗျားတို့ လုပ်တတ်တာဘာရှိလဲ နေ့စဥ်နေ့တိုင်း အိပ်ရာထဲမှာ မိန်းမတစ်ယောက်နဲ့ အောက်ပိုင်းကမြင်းပြီး ဒီနေ့ ငါဘယ်လောက် အမြတ်အစွန်းရတယ်ဆိုတာကို တွက်ချက်နေတာပဲ လုပ်တတ်တာမလား၊ အခုခင်ဗျားတို့ လုပ်လိုက်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ကြည့်လိုက်စမ်း "
" ဘိုးဘေး ဒီလူတွေအကုန်လုံးကို လုံးဝခွင့်မလွှတ်ပါနဲ့ "
တစ်ဖက်တွင် အရှေ့နတ်နန်းတော်မှ အကြီးအကဲများအားလုံးက လူငယ်မျိုးဆက်သစ်များ၏ ရိုင်းစိုင်းသော စကားများအောက်တွင် မျက်နှာများက မဲသဲလာကြ၏။
ထို့အပြင် ယခုအချိန်ကစပြီး သူတို့၏ အခွင့်အာဏာကလဲ ဂိုဏ်းတွင်မရှိတော့ဘူးဆိုတာကို နားလည်သွားကြသည်။
............
လျူကျင်းဖန်၏ လုပ်ရပ်များက မယုံကြည်နိုင်လောက်အောင် ကြောက်စရာကောင်းသည်ဟု ဆိုရမည်ဖြစ်၏။
သူသည် သုံးရက်အတွင်း တရားဥပဒေခန်းမ၏ ခေါင်းဆောင်တစ်ဝက်ကို ဖမ်းဆီးခဲ့ပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့ကျူးလွန်ခဲ့သော အကြိမ်တစ်ရာခန့် သေဒဏ်ပေးနိုင်လောက်သည့် ရာဇဝတ်မှုအပြစ်များကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့သည်။
ချူဂျောင်ဂျောင်သည် ထိုလူများကို သနားညှာတာခြင်းမရှိ ချက်ချင်းပင် လူတိုင်း၏ရှေ့၌ ခေါင်းဖြတ်သတ်ရန် အမိန့်ပေးလိုက်၏။
ဟုတ်သည်။ သေဒဏ်ပေးလိုက်ခြင်းပင်။
ဘိုးဘေးကူယန်နှင့် မတူဘဲ ချူဂျောင်ဂျောင်သည် သူတို့အား မရဏစစ်သည်တော်ခန်းမကို ဝင်ရောက်စေခြင်းမရှိပေ။ ချက်ချင်းသတ်ဖြတ်ခြင်းကတောင် လူထု၏ ဒေါသကို ဖြေဖျောက်ရန် မလုံလောက်ဟု သူမယုံကြည်သည်။
ထိုလုပ်ရပ်က အရှေ့နတ်နန်းတော်တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။
သို့သော် ချူဂျောင်ဂျောင်၏ လုပ်ရပ်က မျိုးဆက်သစ်လူငယ်များအားလုံး၏ နှစ်သက်မှုကို ရရှိခဲ့သည်။
ထိုကဲ့သို့ ကြီးမားသော ပြစ်မှုများကို ရှာဖွေရှင်းလင်းထုတ်ပြီးနောက် လျူကျင်းဖန်သည် ဂိုဏ်းမှအကျင့်ပျက်ခြစားမှုများကို စတင်၍ ထပ်မံစုံစမ်းခဲ့၏။ နှစ်ပတ်အတွင်း ဂိုဏ်းခေါင်းဆောင်များ၏ သုံးပုံနှစ်ပုံက အပြစ်ရှိကြောင်းကို တွေ့ရှိခဲ့သည်။
ဤအရာက မည်မျှတောင်မှ ဝမ်းနည်းဖွယ် ကောင်းလိုက်နေသနည်း။ ဒါတောင်မှ အပြစ်မရှိသောသူများက အစစ်အမှန်အာဏာကို မဆုပ်ကိုင်ထားနိုင်၍ပင်။ သူတို့သာ အစစ်အမှန်အာဏာကို ဆုပ်ကိုင်ထားမည်ဆိုလျှင် ဂိုဏ်း၏သုံးပုံနှစ်ပုံမဟုတ်ဘဲ သုံးပုံလုံးက အပြစ်သားများ ဖြစ်နေကြပေမည်။
လျူကျင်းဖန်၏ ထိုရှာဖွေတွေ့ရှိချက်က ချူဂျောင်ဂျောင်ကို တော်တော်လေး စိတ်ပျက်သွားစေ၏။ နောက်တက်လာသည့် သူများကလဲ ဤကဲ့သို့ လူများသာ ဖြစ်နေမည်ဆိုလျှင် ဂိုဏ်းကလုံးဝကို သမိုင်းမှတ်တမ်းကနေ ပျောက်ကွယ်သွားမည်ဖြစ်သည်။
" အကြီးအကဲလျူ ဒီလူတွေကို ဘာလုပ်သင့်လဲ "
" အချို့ကိုသတ်၊ အချို့ကိုရိုက်နှက်အပြစ်ပေးပြီးတော့ .. အချို့ကိုတော့ ချုပ်နှောင်ထားသင့်ပါတယ် "
လျူကျင်းဖန်က ထိုသို့ပြောပြီးသည်နှင့် အမူအရာက လေးနက်သွားပြီး...
" အကြီးမားဆုံးပြစ်မှု ကျူးလွန်သူအချို့ကို အရင်လိုပဲ ကွပ်မျက်တာ အကောင်းဆုံးပဲ၊ ပြစ်မှုနည်းတဲ့ သူတွေကိုတော့ ရာထူးကနေဖယ်ရှားပြီး မရဏစစ်သည်တော်ခန်းမကို သွားခိုင်းလိုက်ပါ၊ ပြစ်မှုအနည်းဆုံးလူတွေကိုတော့ ချုပ်နှောင်ထားပြီး သူတို့ရဲ့အပြစ်ဒဏ်ကြေသွားတာနဲ့ အရှေ့နတ်နန်းတော်ကနေ နှင်ထုတ်ရပါမယ် "
တစ်ဖက်တွင် ချူဂျောင်ဂျောင် တိတ်ဆိတ်သွား၏။
ဤလုပ်ရပ်များအောက်၌ အရှေ့နတ်နန်းတော်၏ ဖွဲ့စည်းတည်ဆောက်ပုံက သန့်ရှင်းသွားပြီဖြစ်သော်လည်း အင်အားကတော့ တော်တော်လေး လျော့နည်းသွားပြီဆိုတာကို သူမသိသည်။ သို့သော် ဤလူများဆက်ရှိနေလျှင်လည်း ဂိုဏ်းကပုပ်ဆွေးသွားပြီး ပြန်အဖက်ဆယ်လို့ရတော့မည် မဟုတ်ဘူးဖြစ်၏။
နောက်ဆုံးတွင် ချူဂျောင်ဂျောင် သက်ပြင်းချလိုက်ပြီး...
" ကောင်းပြီ ဒီကိစ္စအားလုံး မင်းနဲ့ငါ လွှဲပေးလိုက်မယ် "
သူမထိုသို့ပြောပြီးသည်နှင့် တစ်ကိုယ်လုံးက အားလျော့သွားခဲ့ပြီး နှင်းတောင်တန်းရှိရာဒေသသို့ လှမ်းကာမျှော်ကြည့်လိုက်လေသည်။ လက်ရှိအချိန်တွင် ထိုလူက ဘာတွေများလုပ်နေမည်နည်း။
..........
နှင်းတောင်တန်းဒေသကို မြို့နှစ်မြို့မှလူများ ပြောင်းရွှေ့နေသည်ဆိုသည်မှာ ရိုးရှင်းသောကိစ္စမဟုတ်ချေ။
ထို့ကြောင့် ရဲ့ဟိုင်သည် ကျိယန်မြို့နှင့် ဘူရီမြို့မှ ကျင့်ကြံသူများအား ချက်ချင်းပြောင်းလာရန်မပြောဘဲ အချိန်လုံလောက်စွာပေးခဲ့၏။
ကြားအချိန်ကာလအတွင်း ရဲ့ဟိုင်သည် သူအသစ်တည်ထောင်လိုက်သော ယွမ်ဟန်ဂိုဏ်းကို ရွှီမိသားစုတည်နေရာတွင်ပင် တည်ဆောက်ခဲ့လေသည်။
ရွှီမိသားစုတည်နေရာက နှင်းတောင်တန်း၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိခြင်းဖြစ်၏။ မြေအောက်တွင် ဝိညာဥ်သွေးကြောတစ်ခုတောင်မှ ရှိနေသေးသည်။ ထို့ကြောင့် ဤနေရာတွင် ကျင့်ကြံခြင်းက အပြင်တွင်ကျင့်ကြံခြင်းထက် အားထုတ်မှုတစ်ဝက်ဖြင့် နှစ်ဆထိရောက်မှုရှိသည်ဟု ဆိုလိုနေ၏။
ယွမ်ဟန်ဂိုဏ်းကို သတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ တည်ဆောက်နေသည့်အချိန်တွင် ရဲ့ဟိုင် ထိုက်လျံဒေသမှ သူ၏ သူငယ်ချင်းများဖြစ်သော လုဂျီပင်း၊ လန်ဟုန်ယွီ၊ ကျန်းဘိုဂျွန်၊ ယင်မင်းနှင့် ရှီယုတန်တို့ကို ခန်းမတစ်ခုထဲတွင် ဧည့်ခံနေခဲ့သည်။
ကျန်းဘိုဂျွန်သည် ရဲ့ဟိုင်က သူ့အပေါ်ဆက်ဆံပုံနှင့် လုဂျီပင်းတို့ကျန်လေးယောက်ကို ဆက်ဆံပုံက ကွဲပြားခြားနားသည်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရလေ၏။
ဤအရာကလဲ ကျန်းဘိုဂျွန် သူ၏အမှားဆိုတာ ကောင်းကောင်းသိသည်။
ထိုနေ့တွင် ယင်မင်းသည် သူ၏ကိုယ်ပိုင်ဂိုဏ်းကိုသာမက လုဂျီပင်းနှင့် ကျန်သူများကိုပါ အကြောင်းကြားရန်အတွက် အရေးပေါ်သတင်းပို့ ကျောက်စိမ်းပြားကို အသုံးပြုခဲ့၏။
လုဂျီပင်းနှင့် ကျန်သူများက သူတို့၏ဂိုဏ်းများကို ကူညီပေးရန်အတွက် ချက်ချင်းပင် တိုက်တွန်းခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် မည်သည့်ဂိုဏ်းကမှ တုံ့ပြန်ခြင်းမရှိခဲ့ပေ။
သို့သော် လုဂျီပင်းနှင့် ကျန်သူများသည် သူတို့၏ ကိုယ်ပိုင်အကာအကွယ်လူများနှင့် မိသားစုမှတပ်များကို စေလွှတ်ခဲ့ပြီး ရဲ့ဟိုင်ဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ခဲ့၏။
ကံမကောင်းစွာဖြင့် ထိုအထဲတွင် ကျန်းဘိုဂျွန်ကတော့ ဤသို့ပြုလုပ်ရန်ထက် လျစ်လျူရှုထားရန်သာ ရွေးချယ်ခဲ့သည်။
အခြားလူများကဲ့သို့ပင် ကျန်းဘိုဂျွန်က ရဲ့ဟိုင်သည် သူ၏အထွတ်အထိပ် အခြေအနေကနေ ကျရှုံးသွားပြီဟု ခံစားမိလေ၏။ သူ့အနေဖြင့် ရဲ့ဟိုင်ကို မျက်နှာသာပေးရန်က မထိုက်တန်တော့ချေ။
ထို့ကြောင့်လည်း ယနေ့တွင် ကျန်းဘိုဂျွန်သည် ရဲ့ဟိုင်၏ အေးစက်စွာ ဆက်ဆံခြင်းကို ခံနေရခြင်းဖြစ်လေသည်။
***