စကားဝိုင်းက ကောင်းလာသည့်အချိန်တွင် ယင်မင်း ပြုံးလိုက်ပြီး...
" ရဲ့ဟိုင် ငါမင်းကို မေးချင်တဲ့မေးခွန်းတစ်ခုရှိတယ် "
" ကောင်းပြီမေး "
" လက်ရှိ မင်းရဲ့ကျင့်ကြံအဆင့်က ဘယ်အဆင့်လဲ "
ယင်မင်း ထိုကဲ့သို့ မေးလိုက်သောအခါ လုဂျီပင်းနှင့် ကျန်သူများကလဲ ရဲ့ဟိုင်ကို တောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။ ထိုမေးခွန်းကို သူတို့လည်း မေးချင်ကြသည်။
ရဲ့ဟိုင်ပြုံးလိုက်ပြီး...
" ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) ပဲ "
" ဘာ... "
ယင်မင်း အလန့်တကြား ထအော်လိုက်၏။
လုဂျီပင်းနှင့် ကျန်သူများကလည်း ရဲ့ဟိုင်ကို မယုံကြည်နိုင်မှုများဖြင့် ကြည့်လိုက်ကြသည်။
" ဒါဆိုရင် မင်း .. "
ယင်မင်းသည် စကားကို ထိုမျှနှင့် ရပ်တန့်လိုက်ပြီး ဆက်မပြောသော်လည်း ရဲ့ဟိုင်က ဘာမေးချင်သည်ဆိုတာ ကောင်းကောင်းသိလေ၏။
" ဘာလဲ ငါက ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) နဲ့ အင်မော်တယ်အရှင်အဆင့် စွမ်းအားကို ဘယ်လိုလုပ်ရနေလဲဆိုတာကို သိချင်တာမလား၊ အဲ့တာက ငါ လျှို့ဝှက်နည်းစနစ်တစ်မျိုးကို အသုံးပြုခဲ့လို့ပါ "
" ရဲ့ဟိုင် နင် ကျိန်စာရဲ့လွှမ်းမိုးမှုအောက်မှာ ရှိနေတယ်ဆိုတာက တကယ်ပဲလား၊ အဲ့တာကြောင့် အဆင့်မတက်နိုင်သေးတာပေါ့ "
လန်ဟုန်ယွီ တီးတိုးမေးလိုက်သည်။
ရဲ့ဟိုင် ခေါင်းကိုခါယမ်းလိုက်ပြီး...
" ကျိန်စာက ငါ့အပေါ် သက်ရောက်မှုရှိခဲ့တယ်ဆိုပေမဲ့ ငါ့ရဲ့ကျင့်ကြံအဆင့်လမ်းကြောင်းကိုတော့ လုံးဝမထိခိုက်စေဘူး၊ ငါအဆင့်မတက်သေးတဲ့ အကြောင်းအရင်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း တကယ်အလုပ်များနေတာကြောင့်ပဲ၊ အဲ့တာကြောင့်မို့ ငါ အဆင့်တက်ဖို့တောင်မှ လုံးဝမကြိုးစားနိုင်ခဲ့ဘူး "
ရဲ့ဟိုင်တကယ်လဲ အရမ်းကို အလုပ်ရှုပ်နေခဲ့ခြင်းဖြစ်၏။
သူအလုပ်ရှုပ်နေသည့်အကြောင်းအရင်းက မှော်ဆေးဘုရင်၏ မှော်ဆေးပညာရပ်များနှင့် အင်မော်တယ်ဘုရင်အမျိုးမျိုး၏ မှော်နည်းစနစ်များကို လေ့လာနေသောကြောင့်ဖြစ်သည်။
ထို့အပြင် ရဲ့ဟိုင်သည် ရွှေအင်မော်တယ်အဆင့်၏ လေးနက်မှုအဓိပ္ပါယ်က ဘာလဲဆိုတာ ကောင်းကောင်းနားလည်လေ၏။ ထို့ကြောင့်သူ လုံးဝအကန့်အသတ်သို့ မရောက်မချင်း အဆင့်မတက်ရန်အတွက် ထိန်းထားကာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။
" ဒါဆိုရင်မင်း အမြန်ဆုံးအဆင့်တက်ဖို့ လုပ်ရမယ်ထင်တယ် "
ရှီယုတန် ရဲ့ဟိုင်ကို အလေးအနက် အမူအရာဖြင့် ကြည့်လိုက်ပြီး...
" မကြာသေးခင် အချိန်က ကောင်းကင်နဲ့ မြေကြီးကြားမှာ ရတနာတွေ ပိုမိုများပြား ထွက်ပေါ်လာခဲ့ပြီ၊ အချို့ဆိုရင် ရွှေအင်မော်တယ်အဆင့်မှာ အကန့်အသတ်ကိုတောင်မှ ရောက်ရှိသွားတော့မယ်တဲ့၊ မင်းသာထပ်ပြီး စောင့်နေမယ်ဆိုရင် သူတို့ကို လိုက်မီတော့မှာမဟုတ်ဘူး "
" ကောင်းပြီ "
ရဲ့ဟိုင် မိတ်ဆွေများက စေတနာဖြင့် သတိပေးလာသဖြင့် ခေါင်းညိတ်ကာ လက်ခံလိုက်၏။
ထို့နောက် သူတို့အုပ်စုက များပြားလှသည့် စကားများကို ဆက်လက်ပြောဆိုနေကြပြီး သုံးရက်ကြာသောအခါ လူ ( 5 ) ယောက်လုံး ထွက်ခွာသွားကြသည်။
ထိုလူများထွက်ခွာသွားသည်နှင့် ရဲ့ဟိုင်သည် ဂိုဏ်း၏ထောက်လှမ်းရေးခန်းမနှင့် ကျင့်ကြံရေးခန်းမမှလူများကို အစုလိုက်အပြုံလိုက် လေ့ကျင့်မှုအား ပြုလုပ်ပေးလေ၏။
ထိုလူများအကုန်လုံးကို ရဲ့ဟိုင်က မိုးကောင်းကင်အင်မော်တယ်နန်းတော်ထဲသို့ ပို့ဆောင်ကာ ကျင့်ကြံစေခဲ့ခြင်းပင်။
လက်ရှိအချိန်တွင် မိုးကောင်းကင် အင်မော်တယ်နန်းတော်ကို ထုတ်ဖော်အသုံးပြုရန်အတွက် ရဲ့ဟိုင်တွင် စိတ်ပူစရာ ဘာမှမရှိတော့ဘူးဖြစ်သည်။
မိုးကောင်းကင် အင်မော်တယ်နန်းတော်ကဲ့သို့ ရတနာမျိုးဆိုသည်မှာ သာမန်ဂိုဏ်းအဖွဲ့အစည်းများက ပိုင်ဆိုင်နိုင်သော ရတနာမဟုတ်ချေ။ အင်မော်တယ်အရှင်အဆင့်ရှိသော ဂိုဏ်းများသာ ပိုင်ဆိုင်နိုင်သော ရတနာဖြစ်၏။
သို့သော် လက်ရှိအချိန်တွင် ရဲ့ဟိုင်ကလဲ အင်မော်တယ်အရှင်အဆင့်စွမ်းအားကို ပိုင်ဆိုင်ထားပြီး အင်မော်တယ်အရှင် သားရဲတစ်ကောင်လည်း ဂိုဏ်းတွင်ရှိသည်။ ထို့ကြောင့် မည်သူမဆို ၎င်းနန်းတော်ကို တပ်မက်ရဲသည်နှင့် သေမင်းနှင့်တွေ့ဆုံသွားမည်ဖြစ်၏။
ဤသို့ဖြင့်ရဲ့ဟိုင်က ဂိုဏ်းကိုတည်ထောင်ပြီး လူများကို လေ့ကျင့်ပေးနေသည့်အချိန်တွင် ကျိယန်မြို့နှင့် ဘူရီမြို့မှ လူများကလည်း စနစ်တကျဖြင့် နှင်းတောင်တန်းရှိရာသို့ ရွှေ့ပြောင်းလာခဲ့ကြသည်။
ထိုအချိန်တွင် ခွန်ယင်းအာဦးဆောင်သော စစ်သား ( 6 ) သောင်းသည် စစ်သင်္ဘော ( 6 ) စင်းနှင့်အတူ နှင်းတောင်တန်းဒေသတစ်ခုလုံးကို လှည့်ပတ်ကာ သိမ်းပိုက်နေလေသည်။
ထိုကဲ့သို့သိမ်းပိုက်နေစဥ်အတွင်း ယွမ်ဟန်ဂိုဏ်းသည် အခြားမိသားစုနှင့် ဂိုဏ်းများမှ ထူးချွန်သော ပါရမီရှင်များကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် ဂိုဏ်းထဲသို့ စုဆောင်းကာ ခေါ်ဆောင်လာခဲ့၏။
ဤသို့ဖြင့် သုံးလကြာသောအခါ ယွမ်ဟန်ဂိုဏ်းက နှင်းတောင်တန်းဒေသတစ်ခုလုံးသို့ လုံးလုံးလျားလျားပင် သိမ်းပိုက်နိုင်သွားခဲ့သည်။ ဤဒေသထဲတွင်ရှိသော ဂိုဏ်းများနှင့် မိသားစုအဖွဲ့အစည်းများ အကုန်လုံးက ယွမ်ဟန်ဂိုဏ်း၏ လက်အောက်ခံများ ဖြစ်သွားကြလေ၏။
ထိုအချိန်တွင် ကျင့်ကြံသူများက ရဲ့ဟိုင် ယွမ်ဟန်ဂိုဏ်းကို တရားဝင်ကြေညာပြီး တည်ထောင်တော့မည်ဟု စိတ်ထဲထင်ထားကြသည်။ သို့သော် မည်သူမှ မမျှော်လင့်ထားသည့်အရာမှာ ရဲ့ဟိုင်သည် နှင်းတောင်တန်းဒေသနှင့် အနီးအနားတွင်ရှိသော မိုးဒေသဆီသို့ အင်အားတစ်သိန်းရှိသည့် စစ်တပ်ကြီးကို စေလွှတ်လိုက်ခြင်းဖြစ်၏။
မိုးဒေသတွင် အင်မော်တယ်အရှင် တစ်ပါးတောင်မရှိချေ။ ထို့ကြောင့် အင်မော်တယ်အရှင် တိမ်ကျားသစ်ဦးဆောင်သော စစ်သည်တစ်သိန်းကို ခုခံနိုင်စွမ်းပင်မရှိဘဲ လက်နက်ချ အညံ့ခံခဲ့ရသည်။
ဤသို့ဖြင့် ယွမ်ဟန်ဂိုဏ်းသည် အင်အားအလုံးအရင်းဖြင့် သုံးလကြာ မိုးဒေသတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ချီဒေသနှင့် လန်ဒေသများကို တစ်ပြိုင်နက်တည်း ထပ်မံတိုက်ခိုက်ခဲ့၏။
ဤတစ်ကြိမ်တွင်တော့ နှစ်လအတွင်း ဒေသနှစ်ခုလုံးကို လုံးဝအရှင်း လက်အောက်သို့ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်က အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ဤသို့ဖြင့် အရှေ့ပိုင်းကုန်းမြေတိုက်ကြီးမှ ဂိုဏ်းအဖွဲ့အစည်းများနှင့် မိသားစုကြီးများအကုန်လုံး ယွမ်ဟန်ဂိုဏ်းက ဘယ်ချိန်သူတို့ဆီ ရောက်လာမည်ဆိုတာကို ကြောက်ရွံ့နေကြချိန် ရဲ့ဟိုင်က ဒေသအသီးသီးသို့ ဖိတ်စာများ ပေးပို့ခဲ့လေ၏။
ထိုဖိတ်စာက ယွမ်ဟန်ဂိုဏ်းကို အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတွင် တရားဝင်တည်ထောင်လိုက်သည့် အခမ်းအနားသို့ လူတိုင်းအားတက်ရောက်ရန် ဖိတ်ကြားထားခြင်းဖြစ်သည်။
" ရဲ့ဟိုင် နောက်ဆုံးတော့ ပြန်ပြီးငြိမ်ဖို့ စဥ်းစားလိုက်ပြီပေါ့ "
" မငြိမ်လို့လဲ မရတော့ဘူးလေ .. သူကတစ်နှစ်တောင် မပြည့်သေးတဲ့အချိန်အတွင်း အဓိကနယ်မြေကြီးအကုန်လုံးကို လက်အောက်ခံအဖြစ် သိမ်းပိုက်ပြီးသွားပြီ၊ ယွမ်ဟန်ဂိုဏ်းကတကယ်ပဲ အဲ့လောက်တောင် အားကောင်းနေတာလား "
" အင်မော်တယ်အရှင်အဆင့် တိမ်ကျားသစ်တစ်ကောင်က ဦးဆောင်ပြီးတော့ လိုက်ပြီးတိုက်ခိုက်နေတာလေ .. သူ့ရဲ့ပြိုင်ဘက် ဘယ်သူက ရှိနိုင်မှာလဲ၊ ဒါ့အပြင် တိမ်ကျားသစ်ထက် ပိုကြောက်စရာကောင်းတဲ့ ရဲ့ဟိုင်ကလဲ အနောက်မှာရှိတယ်ဆိုတာကို မမေ့နဲ့ "
" အနာဂါတ်မှာ ရဲ့ဟိုင်က အရှေ့ပိုင်းကုန်းမြေတိုက်ကြီး တစ်ခုလုံးကို လုံးဝပေါင်းစည်းပြီး အုပ်ချုပ်နိုင်မယ်လို့ထင်တယ် "
" ဒါပေါ့ ရဲ့ဟိုင်လက်ရှိ သူသိမ်းပိုက်ထားတဲ့ ဒေသကြီးတွေရဲ့ စွမ်းအားကို ပေါင်းစပ်လိုက်မယ်ဆိုရင် သူကနောက်ထပ် အနီးအနားက နယ်မြေနဲ့ဒေသတွေကို အချိန်မရွေးထပ်ပြီးတော့ သိမ်းပိုက်နိုင်စွမ်း ရှိလာမှာအမှန်ပဲ "
" ဒါနဲ့ ရဲ့ဟိုင်ရဲ့ ယွမ်ဟန်ဂိုဏ်းက အရှေ့နတ်နန်းတော်နဲ့ ဆက်သွယ်မှု ဖြတ်တောက်ထားတယ်ဆိုတာကို မင်းတို့အားလုံး သတိမပြုမိဘူးလား၊ ယွမ်ဟန်ဂိုဏ်းနဲ့ အရှေ့နတ်နန်းတော်ကြား အဓိကနယ်မြေကြီးနှစ်ခု ခြားနားနေပြီး အဲ့ဒီနယ်မြေနှစ်ခုလုံးကလည်း တစ်ခုနဲ့တစ်ခု ကြားခံဇုန်အဖြစ် တည်ရှိနေကြတာလေ "
" ယွမ်ဟန်ဂိုဏ်းရဲ့ စွမ်းအားနဲ့ဆိုရင် အဲ့ဒီနယ်မြေနှစ်ခုကို ဖြတ်ကျော်ဝင်ရောက်ဖို့ဆိုတာ ဘာပြဿနာမှမရှိဘူး၊ ဒါပေမဲ့ ရဲ့ဟိုင်က အရှေ့နတ်နန်းတော်နဲ့ အဆက်အသွယ် မပြုလုပ်ဖို့ ရည်ရွယ်ထားပုံရတယ်၊ သူကလုံးဝကို နယ်မြေနှစ်ခုချိတ်ဆက်မှု မပြုလုပ်ခဲ့ဘူး .. သီးသန့်စီပဲ ခွဲခြားပြီးနေခဲ့တယ် "
" အရှေ့နတ်နန်းတော်အနေနဲ့ဆိုရင် လက်ရှိအင်အားအရ အနာဂါတ်မှာ ဆက်ပြီးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရဲ့ဟိုင်ရှိတဲ့ ဘက်ခြမ်းက နယ်မြေတွေကို သိမ်းပိုက်မှရမှာ၊ ခုတော့ သူတို့သိမ်းပိုက်ထားတဲ့ ဒေသကြီးလေးခုကလွဲရင် အခြားနယ်မြေတွေကို ထပ်ပြီး မသိမ်းပိုက်နိုင်တော့မှာ အသေချာပဲ၊ ဒီအတိုင်းဆိုရင် အရှေ့နတ်နန်းတော်က အချိန်တိုအတွင်း ထပ်ပြီးတိုးတက်လာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး "
" ဒါက အရှေ့နတ်နန်းတော်ကို ဘယ်သူက မျက်စိအမြင် ကန်းခိုင်းထားလို့လဲ၊ ရဲ့ဟိုင်က အရှေ့နတ်နန်းတော်ကို အကူအညီတောင်းခိုင်းပေမဲ့ သူတို့က ရဲ့ဟိုင်ကို တန်ဖိုးမထားဘဲ စစ်တပ်ကို မစေလွှတ်ခဲ့ဘူး၊ အထူးသဖြင့် တိုက်ပွဲစတဲ့အချိန်ထိ ရဲ့ဟိုင်ကို အကြောင်းကြားဆက်သွယ်ခြင်းတောင် မပြုလုပ်ခဲ့ဘူးလေ .. ငါသာရဲ့ဟိုင်ဖြစ်နေလို့ကတော့ အရှေ့နတ်နန်းတော်က အခုချိန်မှာ တည်ရှိတော့မှာမဟုတ်ဘူး "
***