ရှောင်မင်၏ ဤကဲ့သို့တစ်ယောက်တည်း ယွမ်ဟန်ဂိုဏ်းရှိရာသို့ နေ့ရောညပါ ခရီးထွက်လာပြီးနောက် ယွမ်ဟန်ဂိုဏ်းနှင့် မိုင် ( 100 ) ဝေးသောအကွာတွင် ချန်ယုဂိုဏ်းမှ ရှန်ဟွာနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်၏။
ရှန်ဟွာ၏ အခြေအနေကလဲ ရှောင်မင်နှင့်ဆင်တူသည်။ တစ်ခုတည်းသောခြားနားချက်မှာ သူမ၏ ဂိုဏ်းက ရဲ့ဟိုင်၏ ယွမ်ဟန်ဂိုဏ်းရှိရာနှင့် ပို၍နီးစပ်နေခြင်းပင်။ ထို့အပြင်ရှန်ဟွာသည် ရဲ့ဟိုင်က သူမရောက်လာသည်ကို သဘောမကျမည် စိုးရိမ်သောကြောင့် ရဲ့ဟိုင်အား သွားတွေ့ရန်အတွက် ချီတုံချတုံ ဖြစ်နေခဲ့သေး၏။
တကယ်တော့ ရဲ့ဟိုင်သည် သူမကို ကမ္ဘာမြေမှာကတည်းက နှစ်သက်ခဲ့ခြင်းမရှိပေ။ အေးစက်စက်သာ ဆက်ဆံခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း နောက်ဆုံးတွင် ရှန်ဟွာသည် သူမ၏ဂိုဏ်းက ယွမ်ဟန်ဂိုဏ်းကို အညံ့ခံလိုက်ပြီဖြစ်သဖြင့် ရဲ့ဟိုင်နှင့် တိတ်တဆိတ်တွေ့ဆုံရန်အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
တစ်ဖက်တွင် ဓားကိုခါးတွင်ချိတ်ထားသည့် လူငယ်လေးနှင့် ရှောင်မင်၏ပြောစကားများကို ဂိတ်စောင့်တော်တော်များများကလည်း ကြားလိုက်ကြလေသည်။
သူတို့အားလုံး ရှောင်မင်ကို သံသယများဖြင့် ကြည့်လိုက်၏။
" ကျေးဇူးပြုပြီး မင်းရဲ့ဖိတ်စာကိုပြပါ "
ဂိတ်စောင့်တစ်ယောက်က ရှောင်မင်နှင့်ရှန်ဟွာတို့နှစ်ယောက်ကိုကြည့်ကာ မျက်မှောင်ကုပ်၍ မေးလိုက်သည်။
" ငါ .. ငါ .. ငါတို့မှာ ဖိတ်စာမရှိဘူး "
တစ်ဖက်တွင် ရှောင်မင်မှာ သူ၏ကတုံးကို ပွတ်သပ်လိုက်ပြီး ရှက်ရွံ့သော အမူအရာဖြင့် ပြောလိုက်၏။
" ဒါဆိုရင်တော့ မင်းတို့ကို ဝင်ခွင့်မပြုနိုင်ဘူး "
အစောင့်ပြတ်ပြတ်သားသား ပြောလိုက်သည်။
" မဟုတ်ဘူး ရဲ့ဟိုင်က ငါနဲ့ ညီအစ်ကိုတစ်ယောက်ပဲ "
ရှောင်မင် အလောတကြီးဖြင့် ပြောလိုက်၏။
" ဒီစကားကို ငါနောက်တစ်ခေါက် မကြားချင်တော့ဘူး "
အစောင့်၏ မျက်နှာမှာ မဲသဲနေပြီး...
" နောက်တစ်ခါထပ်ကြားလို့ကတော့ မင်းငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ "
တစ်ဖက်တွင် ရှောင်မင်က တစ်စုံတစ်ခုပြန်ပြောရန် ကြံရွယ်သော်လည်း ရှန်ဟွာကသူ့ကို တားဆီးလိုက်သည်။ ရှန်ဟွာ ရှောင်မင်ကို ညှင်သာစွာ ခေါင်းခါယမ်းပြလိုက်၏။
" ယွမ်ဟန်ဂိုဏ်းရဲ့ ဖိတ်စာကို မင်းလိုမျိုး နိမ့်ကျတဲ့လူတစ်ယောက်က ရနိုင်မယ်လို့ ထင်နေတာလား "
ဓားကိုခါးတွင်ချိတ်ထားသော လူငယ်က ထိုသို့ပြောပြီးသည်နှင့် သူ၏လက်ထဲတွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသော ဖိတ်စာတစ်စောင်က ထွက်ပေါ်လာသည်။
" တွေ့လား သောက်ကတုံး .. ဒါကယွမ်ဟန်ဂိုဏ်းရဲ့ ဖိတ်စာပဲ၊ ဖိတ်စာသာမရှိဘူးဆိုရင် မင်းက ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူဆိုရင်တောင်မှ ဒီတံခါးကနေဝင်ဖို့ အရည်အချင်းမရှိဘူး "
ထိုလူငယ်၏ လက်ထဲတွင် ကိုင်ထားသော ရွှေရောင်ဖိတ်စာကိုကြည့်ပြီး ရှောင်မင်နှင့် ရှန်ဟွာတို့၏ မျက်မှာက ညှိုးငယ်သွား၏။
ဖိတ်စာမရှိလျှင် အထဲသို့ ဝင်လို့မရဘူးလား။
ဤသို့သာဆိုလျှင် သူတို့ရဲ့ဟိုင်နှင့် တွေ့နိုင်တော့မည် မဟုတ်ချေ။ ခက်ခက်ခဲခဲပင် လာခဲ့ရသောခရီးက အလကားဖြစ်သွားချေပြီ။
သူတို့နှစ်ယောက် ထိုကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်နေသည့်အချိန်တွင်...
" မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့လို့ရတယ် "
တိုးညှင်းသော အသံလေးတစ်ခုက ထွက်ပေါ်လာသည်။
ရှောင်မင်နှင့် ရှန်ဟွာတို့နှစ်ယောက်လုံး ပြောသူအား လှည့်ကြည့်လိုက်လျှင် ဖြူဖျော့သောမျက်နှာနှင့် ရုပ်ရည်ချောမောသော အမျိုးသသမီးငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။
သူမက အလွန်လှပသော်လည်း မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေသည်။
" ညီမတန် ဒီလူလိမ်နှစ်ယောက်ကို ဘာလို့စေတနာထားနေဦးမှာလဲ "
ကောင်မလေးဘေးနားတွင် ရပ်နေသော ချောမောသည့်လူငယ်လေးက မျက်မှောင်ကုပ်ကာ ပြောလိုက်၏။
" ဒီနှစ်ယောက်ပြောတာက အမှန်အတိုင်းဖြစ်ရင် ဖြစ်နေမှာပဲလေ၊ ပြီးတော့ သူတို့နှစ်ယောက်ကို အထဲခေါ်သွားရတာက ဘာအခက်အခဲမှ ရှိတာလဲမဟုတ်ဘူးမှလား "
အမျိုးသမီးငယ် ထိုသို့ပြောပြီးသည်နှင့် ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး သွေးများက ထွက်လာသဖြင့် လက်ကိုင်ပုဝါဖြင့် ပါးစပ်ကို အလျင်အမြန် အုပ်လိုက်ရသည်။
" ဝမ်ဝမ် .. သမီး အဆင်ပြေရဲ့လား "
အဝေးတွင် လူအချို့နှင့် စကားပြောနေသော သက်လတ်ပိုင်းအရွယ် တန်ဂိုဟိုင် အလျင်အမြန်ပင် အပြေးအလွှား ရောက်ရှိလာလေ၏။
" အဆင်ပြေပါတယ် .. အဖေ စိတ်မပူပါနဲ့ "
တန်ဝမ်ဝမ် သူမ၏ လက်ကိုင်ပုဝါကို ဖယ်လိုက်ပြီး မချိပြုံး ပြုံးပြလိုက်လေသည်။
" ဝမ်ဝမ်ရဲ့ အခြေအနေက မကောင်းသေးဘူးလား "
တန်ဂိုဟိုင်နှင့် စကားပြောနေသော သက်လတ်ပိုင်းအရွယ်လူအချို့ကလဲ ချက်ချင်း အနားကပ်လာပြီး မျက်မှောင်ကုပ်ကာ မေးလိုက်ကြ၏။
" ဟုတ်တယ် .. မကောင်းသေးဘူး "
တန်ဂိုဟိုင် သက်ပြင်းချကာ ပြောလိုက်သည်။
" အဓိကနယ်မြေကြီးတွေက မှော်ဆေးပညာရှင်တွေ ဒီကိုရောက်နေပြီ .. အရှေ့နတ်နန်းတော်ရဲ့ မဟာအကြီးအကဲချင်ကလဲ ဒီရောက်နေတယ်လို့ကြားတယ်၊ အစ်ကိုတန် မင်းသူ့ကိုသွားတွေ့နိုင်ရင် ဝမ်ဝမ့်ရောဂါကို ကုသနိုင်သွားမှာပဲ "
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဝင်ရောက်ကာ ပြောဆိုလိုက်၏။
" မဖြစ်နိုင်ဘူး .. မဟာအကြီးအကဲချင်ရဲ့ အဆင့်အတန်းက ဘာလဲဆိုတာကို မင်းလဲသိနေတာပဲ ၊ ငါ့လိုမျိုးနွယ်စုခေါင်းဆောင် တစ်ယောက်က သူ့ကိုဘယ်လိုလုပ်တွေ့နိုင်မှာလဲ "
တန်ဂိုဟိုင် စိတ်ပျက်အားလျော့စွာဖြင့် ခေါင်းကိုထပ်မံ ခါယမ်းလိုက်သည်။
တန်ဂိုဟိုင်၏ ထိုစကားက လုံးဝကို ကျိုးကြောင်းစီလျော်မှုရှိလေ၏။ လက်ရှိအချိန်တွင် သူက ရွှေအင်မော်တယ်အဆင့်သာ ရှိနေသေးသည်။ သို့သော် မဟာအကြီးအကဲချင်လို လူက သူ့ကိုအဘယ့်ကြောင့် ဂရုစိုက်မည်နည်း။
" စိတ်မပူနဲ့ ဦးလေး .. ကျွန်တော့်ရဲ့ အစ်ကိုက ဦးလေးကို ယွမ်ဟန်ဂိုဏ်းရဲ့ မှော်ဆေးပညာရှင်တစ်ယောက်နဲ့ မိတ်ဆက်ပေးနိုင်စွမ်းရှိတယ် "
ထိုအချိန်တွင် ချောမောသောလူငယ်လေးက ဝင်ရောက်ပြောဆိုလိုက်၏။
" သူက အင်မော်တယ်သခင်အဆင့် မှော်ဆေးပညာရှင်လား "
တန်ဂိုဟိုင် အလျင်အမြန်ပင် ဝမ်းသာအားရ မေးလိုက်လေသည်။
" ကျွန်တော့်ရဲ့ အစ်ကိုအကြီးဆုံးက အင်မော်တယ်သခင်အဆင့် မှော်ဆေးပညာရှင်နဲ့တော့ တွေ့ဖို့အတွက် အရည်အချင်းမရှိဘူး၊ ဒါပေမဲ့ ရွှေအဆင့်မှော်ဆေးပညာရှင်ကိုတော့ အကူအညီတောင်းပေးနိုင်တယ် "
ချိုင်ယဲ့လုံ ခေါင်းခါယမ်းကာ ပြောလိုက်၏။
" ကျေးဇူးတင်ပါတယ် .. သခင်လေး "
တန်ဂိုဟိုင်သည် ရွှေအဆင့်မှော်ဆေးပညာရှင်ဟု ကြားလိုက်သောအခါ စိတ်ပျက်သွားမိသော်လည်း ချိုင်ယဲ့လုံကို ကျေးဇူးတင်ကြောင်း ပြောလိုက်ဆဲဖြစ်သည်။
" ဝမ်ဝမ်သာ နေကောင်းလာမယ်ဆိုရင် .. အဲ့တာက ကျုပ်တို့အတွက် ဘာမှမဟုတ်ဘူး "
ချိုင်ယဲ့လုံ တန်ဂိုဝမ်ကို ချစ်ခင်မြတ်နိုးသော အမူအရာဖြင့်ကြည့်ကာ ပြောလိုက်၏။
" တစ်ခြားလူတွေအတွက် မဖြစ်နိုင်ပေမဲ့ .. ရဲ့ဟိုင်က ငါ့ရဲ့ အစ်ကိုပဲ .. ငါမင်းတို့ကို ယွမ်ဟန်ဂိုဏ်းရဲ့ အင်မော်တယ်သခင်အဆင့် မှော်ဆေးပညာရှင်တစ်ယောက်နဲ့ ကုသပေးဖို့အတွက် တောင်းဆိုပေးမယ် "
တစ်ဖက်တွင် ရှောင်မင်က ထိုမြင်ကွင်းကိုကြည့်ပြီး ဝင်ရောက်ကာ ပြောဆိုလိုက်သည်။
ရှောင်မင် ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် အကုန်လုံးက သူ့ကိုလှည့်ကာ ကြည့်လာကြလေ၏။
" ထွက်သွားစမ်း "
ချိုင်ယဲ့လုံ ဒေါသတကြီးဖြင့် အော်လိုက်သည်။ သူက ဤနေရာတွင် တန်ဝမ်ဝမ်ကို မိမိ၏ လေးနက်သော ချစ်ခြင်းမေတ္တာတရားများ ထုတ်ဖော်ပြသနေခြင်းဖြစ်၏။ ဒါကို ရှောင်မင်၏ ဤကဲ့သို့ ဝင်ရောက်ပြောဆိုလိုက်မှုက လက်ရှိအခြေအနေအား ပျက်စီးသွားစေလေသည်။
" ကောင်လေး .. နောက်ကို မင်းအဲ့စကားကို ထပ်မပြောနဲ့တော့ .. "
တန်ဂိုဟိုင် လေးနက်သော အမူအရာဖြင့်...
" မင်းသာဆက်ပြီး ဒီလို ပြောနေမယ်ဆိုရင် .. မင်းအတွက် ဘေးဥပါဒ်ကပ်ဘေးကြီး ဖြစ်လာလိမ့်မယ် "
ရှောင်မင် သူ့ကိုယ်သူ ခုခံကာကွယ်ရန် ပါးစပ်ဟလိုက်သော်လည်း ဘေးနားတွင်ရှိသော ရှန်ဟွာက အလျင်အမြန်ပင် အနောက်သို့ ဆွဲထားလိုက်၏။
" နင်ထပ်မပြောနဲ့တော့ .. ထပ်ပြောရင် သူတို့ အထဲ ခေါ်သွားမှာ မဟုတ်တော့ဘူး "
ထိုစကားကြားသောအခါ ရှောင်မင်လည်း ပါးစပ်ကိုပိတ်လိုက်သည်။
" ကောင်းပြီ .. အထဲဝင်ကြရအောင် "
တန်ဝမ်ဝမ် ပတ်ပတ်လည်မှ အဆင်မပြေသော လေထုကို သတိထားမိသောအခါ မချိပြုံးပြုံးလိုက်ပြီး အထဲကိုဝင်ရန်အတွက် သတိပေးလိုက်လေ၏။
***